မြန်မာနိုင်ငံ၏ နဝမမြောက်သမ္မတ ဦးထင်ကျော် ဖြတ်သန်းခဲ့သော နေ့ရက်များ

မြန်မာနိုင်ငံ၏ နဝမမြောက်သမ္မတ ဦးထင်ကျော် ဖြတ်သန်းခဲ့သော နေ့ရက်များ
Published 26 March 2018

၂၀၁၆ ခုနှစ် မတ် ၃၀ ရက်တွင် သမ္မတအိမ်တော်၌ သမ္မတဦးထင်ကျော်သည် ယခင်သမ္မတဦးသိန်းစိန်ထံမှ အာဏာလွှဲပြောင်းရယူနေစဉ် (ဓာတ်ပုံ - မျိုးမင်းထက်)

မြန်မာနိုင်ငံ၏ နဝမမြောက်သမ္မတဖြစ်သည့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ၂၀၁၈ ခုနှစ် မတ် ၂၁ ရက်တွင် သမ္မတရာထူး တာဝန်က နုတ်ထွက်ခဲ့သည်။

ဦးထင်ကျော် နိုင်ငံတော်သမ္မတတာဝန်က နုတ်ထွက်သွားပြီးနောက် သူ၏လုပ်ငန်းတာဝန် ထမ်းဆောင်မှုများအပေါ် ဝေဖန်မှုများ ရှိခဲ့သော်လည်း သမ္မတတာဝန်ကို သစ္စာရှိရှိဖြင့် ရိုးသားစွာကြိုးပမ်းထမ်းဆောင်ခဲ့သည်ဟု မှတ်ချက်ပြုမှုများရှိခဲ့သည်။

သမ္မတဟောင်းဦးထင်ကျော်ကို ၁၉၄၆ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် ဦးဝန် (စာရေးဆရာ မင်းသုဝဏ်)၊ ဒေါ်ကြည်ကြည်တို့မှ မွေးဖွားခဲ့ပြီး ဒုတိယမြောက်သားဖြစ်ကာ အခြေခံပညာကို လက်ရှိနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ Methodist Hight School အထက(၁)ဒဂုံတွင် တက်ရောက်ခဲ့ပြီး ၁၉၆၇ ခုနှစ်တွင် စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးပညာဘွဲ့နှင့်  ၁၉၆၈ ခုနှစ်တွင် မဟာဘွဲ့ရရှိခဲ့သူ ဖြစ်သည်။

ထိုသို့ မဟာဘွဲ့တက်ရောက်စဉ် တက္ကသိုလ်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇၀ ပြည့်နှစ်တွင် အင်္ဂလန်နိုင်ငံရှိ University of Computer Centre သို့ ပြောင်းရွှေ့ ပညာသင်ယူခဲ့ပြီးနောက် ၁၉၇၁-၁၉၇၂ ခုနှစ်တွင်  Institute of Computer Science, University of Landon ၊ ၁၉၇၄ -၁၉၇၅ ခုနှစ်တွင် M.Sc (Computer Science) (RASU) ၊ ၁၉၇၄ ခုနှစ်တွင် Asia Electronic Union (Tokyo) စသည်တို့တွင် ပညာသင်ယူခဲ့ကာ ၁၉၇၅ ခုနှစ်တွင် ဌာနခွဲမှူး အကြီးစား စက်မှုလုပ်ငန်း၊ ၁၉၈၀ မှ ၁၉၉၂ ခုနှစ်အထိ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးအဆင့်ဖြင့် နုတ်ထွက်ခဲ့သည်။

အစိုးရဝန်ထမ်းအဖြစ်မှ နုတ်ထွက်ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ သံတမန်ရေးအရာရှိအဖြစ် ဆောင်ရွက်ခဲ့ကာ  နောက်ပိုင်းတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦး အဖြစ်လည်း ဦးထင်ကျော်က တာဝန်ထမ်း ဆောင်ခဲ့သည်။

သမ္မတဟောင်းဦးထင်ကျော်သည်  ‘ဒလဘန်း’  ကလောင်ဖြင့် စာအုပ်များလည်း ရေးခဲ့သည်။

ထို့ပြင် ဦးထင်ကျော်၏ဇနီးမှာ NLD ပါတီခေါင်းဆောင်တစ်ဦးဖြစ်သည့် ကွယ်လွန်သူ အငြိမ်းစား ဗိုလ်မှူးကြီးဦးလွင်၏သမီး လက်ရှိသုံးခွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင် ဖြစ်သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်ခဲ့သည် သမ္မတကိုးဦးတွင်  ပထမဆုံးသမ္မတသည် စဝ်ရွှေသိုက်ဖြစ်ပြီး ကျန်သမ္မတများမှာ ဒေါက်တာဘဦး၊ မန်းဝင်းမောင်၊ ဦးနေဝင်း၊ ဦးစန်းယု၊ ဦးစိန်လွင်၊ ဒေါက်တာမောင်မောင်၊ ဦးသိန်းစိန်၊ ဦးထင်ကျော်တို့ ဖြစ်ကြသည်။

 

နိုင်ငံတော်သမ္မတ ဦးထင်ကျော်

ဦးထင်ကျော် နိုင်ငံတော်သမ္မတဖြစ်လာပုံမှာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်သူလူထု၏ ဆန္ဒမဲအများအပြားဖြင့် ပြိုင်ဘက်နိုင်ငံရေးပါတီများကို အပြတ်အသတ်အနိုင်ရရှိခဲ့သည်။

ထိုသို့ ပြည်သူများ၏ ထောက်ခံမှုဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့သည့်အတွက် လွှတ်တော်ထဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်အများစု ရောက်ရှိလာခဲ့ပြီး နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ခွင့် ရရှိလာသည်။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုအများစု နိုင်ငံတော်သမ္မတအဖြစ် မြင်လိုကြသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၅၉ ပုဒ်မခွဲ (စ) အရ သမ္မတဖြစ်ခွင့် မရှိခဲ့ပေ။

ထို့ကြောင့် ပါတီကို ဦးဆောင်နေသည့် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ငယ်သူငယ်ချင်း၊ ရိုးသားပြီး ယုံကြည်ရသူတစ်ဦးဖြစ်သည့် ဦးထင်ကျော်ကို နိုင်ငံတော်၏အကြီးအကဲ သမ္မတအဖြစ် ရွေးချယ်ခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ကိုးဦးမြောက်သမ္မတအဖြစ် ဦးထင်ကျော် ကို ၂၀၁၆ ခုနှစ် မတ် ၁၅ ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ရွေးချယ်တင်မြှောက်ခဲ့ကြပြီး  ၂၀၁၆ ခုနှစ် မတ် ၃၀ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌  ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် နိုင်ငံတော်သမ္မတတာဝန်ကို ယခင်သမ္မတ ဦးသိန်းစိန်ထံမှ လွှဲပြောင်းရယူခဲ့သည်။

နိုင်ငံတော်သမ္မတဦးထင်ကျော် လွှတ်တော်၌  ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ပထမဆုံးပြောကြားခဲ့သည့် မိန့်ခွန်းတွင် အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖြစ်ပေါ်ရေးကို ရှေးရှုသည့်ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ပေါ်ပေါက်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ပြောကြားသည်။

မြန်မာနိုင်ငံ၏ အရပ်သားသမ္မတ စစ်စစ်ကို ရွေးချယ်တင်မြှောက်နိုင်ခဲ့သည့်အတွက် လူထုက ပျော်ရွှင်ဂုဏ်ယူခဲ့ကြသလို နိုင်ငံတကာကလည်း ချီးကျူးဂုဏ်ပြုခဲ့ကြသည်။

 

ဘာတွေဆောင်ရွက်ခဲ့လဲ

ဦးထင်ကျော် နိုင်ငံတော်သမ္မတ ဖြစ်လာပြီးနောက်  ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်က ပထမဆုံးရေးဆွဲအတည်ပြု ပြဋ္ဌာန်းခဲ့သည့် ဥပဒေမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေဖြစ်ပြီး ၎င်းဥပဒေ ကို ၂၀၁၆ခုနှစ် ဧပြီ ၆ရက်တွင် ပြဋ္ဌာန်းခဲ့ကာ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံ၏ အဓိက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် သမ္မတဦးထင်ကျော်ထက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ကာ ဆောင်ရွက်လာသည်ဟု ရှုမြင်ကြသည်။ သို့သော်လည်း သမ္မတဦးထင်ကျော်၏ နိုင်ငံအတွက် ရိုးသားစွာ တာဝန်ထမ်းဆောင်ခဲ့မှုများကိုလည်း သတိချပ်စေချင်သည်။

ဦးထင်ကျော် နိုင်ငံတော်သမ္မတတာဝန် စတင်ထမ်းဆောင်ပြီး မကြာမီကာလအတွင်း တစ်နိုင်ငံလုံးရှိ အကျဉ်ထောင်းအသီးသီးတွင် အကျဉ်းချခံနေရသည့် နိုင်ငံရေးအကျဉ်းသား၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ အပါအဝင် အကျဉ်းသားများကို ပြစ်ဒဏ်လွတ်ငြိမ်းပြုခဲ့ဖူးသည်။

သမ္မတဦးထင်ကျော် တာဝန်ထမ်းဆောင်သည့် နှစ်နှစ်အတွင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး တစ်ခါမျှ မခေါ်ယူခဲ့ကြောင်း သတင်းများအရ သိရသည်။

နိုင်ငံတစ်နိုင်ငံ၏ အကြီးအကဲမှာ သမ္မတဖြစ်ပြီး နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တိုးတက်ကောင်းမွန်အောင် သမ္မတကသာ အဓိကဦးဆောင်ကြပြီး လူထုဘေးကင်းလုံခြုံ ကာ နိုင်ငံ့အရေးကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နိုင်မှသာ အရည်အချင်းရှိသည့် သမ္မတဟု ဆို၍ရသည်။

သမ္မတ တာဝန်ထမ်းဆောင်သည့် နှစ်နှစ်အတွင်း တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တိုးတက်မှု ရှိ မရှိ၊ ပြည်သူလူထု အဆင်ပြေမှု ရှိ မရှိ စာဖတ်ပရိသတ် ပြည်သူလူထုသာ အသိဆုံးဖြစ်မည်။ သမ္မတ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ထင်ထင်ရှားရှား ပြောစရာများစွာမရှိဟု သုံးသပ်မှုများ ရှိခဲ့သည်။

သမ္မတဦးထင်ကျော် တာဝန်ထမ်းဆောင်သည့် ကာလအတွင်း နိုင်ငံ၏ ဆယ်စုနှစ်များစွာ ကြာမြင့်နေသည့် ပြဿနာတစ်ခုဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘော တူစာချုပ် (NCA) တွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့က ပါဝင်လက်မှတ်ရေးထိုး လာခဲ့ကြသည်။ သို့သော်လည်း ငြိမ်းချမ်းရေးကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ကာ ဆောင်ရွက်နေသည်။

ထိုသို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမို ကရက်တစ်အစည်းအရုံး (LDU) တို့မှ ပါဝင်လက်မှတ်ရေးထိုးပွဲ အခမ်းအနား၌ နိုင်ငံတော်သမ္မတ ဦးထင်ကျော်လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတနှစ်ဦးဖြစ်သည့် ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူ၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် အတူ တက်ရောက်လက်မှတ်ရေးထိုးခဲ့သည်။

သမ္မတဦးထင်ကျော်အနေဖြင့် လုပ်ပိုင်ခွင့် အပြည့်အဝဖြင့် တာဝန်ထမ်းဆောင်သည့် သမ္မတအဖြစ် မမြင်ကြောင်းနှင့် တိုင်းပြည်၏ကိစ္စအားလုံးကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဓိက ဆောင်ရွက်နေသည့်အတွက် သမ္မတဦးထင်ကျော်၏ ဆောင်ရွက်ချက်များမှာ မှေးမှိန်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က သုံးသပ်သည်။

“အားလုံးလည်း သိတဲ့အတိုင်းပဲ။ သမ္မတက သူကတကယ့် လုပ်ပိုင်ခွင့်အပြည့်အဝနဲ့ တာဝန်ကိုထမ်းဆောင်ခဲ့တဲ့ သမ္မတအနေနဲ့ ကျွန်တော်တို့ မမြင်ဘူးလေ။ အဲဒီတော့ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ သူ့ဟာသူဆုံးဖြတ်ချက် ချပြီးတော့ လုပ်ကိုင်ဆောင်ရွက်သွားတဲ့ကိစ္စ သိပ်ထူးထူးခြားခြား မတွေ့ရဘူးပေါ့။ ရှားရှားပါးပါး ပြောရမယ်ဆိုရင်တော့ ကလေးစာပေ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေလောက်ပဲ လုပ်သွားတာ အဲဒါတွေပဲ မြင်ရပြီးတော့ကျန်တဲ့ ကိစ္စတွေကတော့ ဒါကတော့ လုပ်ရိုးလုပ်စဉ်တွေဖြစ်တဲ့ ဥပဒေကြမ်းတွေကို အတည်ပြု လက်မှတ်ရေးထိုးတဲ့ ကိစ္စတွေသာ သမ္မတရုံးကမှ ဆောင်ရွက်တဲ့ကိစ္စတွေ တွေ့ရတယ်။ ဆိုတော့ အစိုးရတစ်ဖွဲ့လုံးရဲ့ လုပ်ဆောင်ချက်လောက်ပဲ  အဓိကမြင်ရပြီးတော့မှ တကယ့်သမ္မတရဲ့ ထူးထူးခြားခြား ဆောင်ရွက်တဲ့ဟာတွေက ထင်သာမြင်သာ သိပ်မတွေ့ရဘူး။ လုံးဝမရှိ ဘူးရယ်လို့ ကျွန်တော် မဆိုလိုပါဘူး။ နိုင်ငံခြားခရီးစဉ်တွေ သွားခဲ့တယ်။ သွားခဲ့တဲ့အခါ အောင်မြင်တဲ့ခရီးစဉ်တွေ သုံးသပ်လို့ရတယ်ဆို ပေမယ့်လည်း တကယ့်သမ္မတရဲ့ တာဝန်ထမ်းဆောင်တဲ့ ကာလအတွင်းမှာ လုံးဝတိုင်းပြည်အတွက် အပြောင်းအလဲ ဖြစ်စေလောက်တဲ့ သမ္မတရဲ့ ဆောင်ရွက်ချက်ဆိုပြီးတော့  လက်ဆုပ်လက်ကိုင်ပြရလောက်တဲ့ အနေအထားအထိ သိပ်တော့မတွေ့ရဘူးလို့ သုံးသပ်ရပါတယ်” ဟု ဦးစိုင်းသီဟကျော်က ပြောကြားသည်။

ထို့ပြင် ဦးစိုင်းသီဟကျော်က “ဒါကလည်း သမ္မတတစ်ယောက်ကို သူလုပ်နိုင်တာ မလုပ်နိုင်တာဆိုတာထက် အားလုံးလည်း သိပြီးဖြစ်တဲ့အတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည်က သမ္မတရာထူး ရယူနိုင်ဖို့ အခက်အခဲ ဖြစ်တဲ့အတွက်ကြောင့် တာဝန်ယူရတယ်ဆိုတာ အားလုံးသိပြီးဖြစ်တယ်။ ဒါကြောင့်မို့လည်း တိုင်းပြည်ကိစ္စ ဆောင်ရွက်ရတဲ့အပိုင်း အားလုံးက ဒေါ်အောင်ဆန်းစုကြည်က ဆောင်ရွက်တဲ့ကိစ္စဖြစ်နေတော့ သမ္မတရဲ့ ဆောင်ရွက်ချက် နည်းနည်းမှိန်နေတဲ့အခါမှာ တွေ့ရတာပေါ့” ဟု သုံးသပ်သည်။

သမ္မတဦးထင်ကျော်၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း က “သူ့ဆောင်ရွက်ချက်တွေကတော့သူ့ရဲ့ သက်တမ်းနှစ်နှစ်အတွင်းမှာ ဘာမှ ပေါ်ပေါ်လွင်လွင် ထင်ထင်ရှားရှား လုပ်ဆောင်ခဲ့တာရယ်လို့ ဘာမှမမြင်တွေ့ရဘူးလေ။ နိုင်ငံတော်အခြေပြမိန့်ခွန်းကိုတောင်မှ မပြောနိုင်ခဲ့ဘူး။ ဒါပေမဲ့ သူက သမ္မတရဲ့အပေါ်မှာ နေမယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါရမီကိုတော့ ကောင်းကောင်းဖြည့်ပေးခဲ့တာပေါ့” ဟု သုံးသပ်ပြောကြားသည်။

ဦးထင်ကျော်သည် သမ္မတတာဝန်ထမ်း ဆောင်စဉ်အတွင်း တိုင်းပြည်အတွက် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလို ကိုယ်ဘာပေးနိုင်မလဲဆိုတာကို စဉ်းစားကြောင်းနှင့်  တိုင်းပြည်ကနေ ဘာရနိုင်မလဲဆိုတာကို တစ်ခါမှ မစဉ်းစားကြောင်း ဇနီးဖြစ်သူ ဒေါ်စုစုလွင်က ဆိုသည်။

 

သမ္မတ၏ နိုင်ငံတကာသို့ ခြေဆန့်မှုများ

မည်သို့ပင်ဖြစ်စေ သမ္မတဦးထင်ကျော် လုပ်ငန်းဆောင်ရွက်မှု ထင်ထင်ရှားရှားပြောစရာ များစွာမရှိဟု ဝေဖန်မှုများရှိခဲ့သော်လည်း သမ္မတတာဝန်ထမ်းဆောင်သည့် နှစ်နှစ်အတွင်း ပြည်တွင်း၌ ပြုလုပ်ခဲ့သည့် အခမ်းအနားများကို တက်ရောက်ခြင်း၊ နိုင်ငံတကာမှ တာဝန်ရှိဧည့်သည်များကို လက်ခံတွေ့ဆုံ ဆွေးနွေးမှုများလည်း တွေ့ရပြီး နိုင်ငံတကာ ချစ်ကြည်ရေးခရီး၊ ကမ္ဘာ့စီးပွားရေးဖိုရမ်၊ ရုရှား- အာဆီယံ ဆက်ဆံရေး နှစ် (၂၀) ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး၊ ကမ္ဘာ့အင်အား ကြီးနိုင်ငံများ၏ ခေါင်းဆောင်များနှင့်လည်း သွားရောက်တွေ့ဆုံမှုများကိုလည်း သတိပြုသင့်သည်။

နိုင်ငံတော်သမ္မတဦးထင်ကျော် တာဝန်ထမ်းဆောင်စဉ် နှစ်နှစ်ကာလအတွင်း နိုင်ငံတကာ ခရီးစဉ်များအဖြစ် (၁၂) ကြိမ်ခန့်သွားခဲ့ပြီး ပထမဆုံးနိုင်ငံတကာခရီးစဉ်မှာ လာအိုနိုင်ငံဖြစ်ပြီး လာအိုနိုင်ငံသမ္မတနှင့်ဇနီးတို့၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ထို့အတူပင် သမ္မတဦးထင်ကျော်၏ သမိုင်းဝင်ခရီးစဉ်ဖြစ်သည့် ရုရှား-အာဆီယံ ဆက်ဆံရေး နှစ် (၂၀) ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန်အတွက် ၂၀၁၆ ခုနှစ် မေလအတွင်းက အင်အားကြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သွားရောက်ခဲ့သည်။

သမိုင်းဝင်ခရီးစဉ်အတွင်း သမ္မတဦးထင်ကျော်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ  မစ္စတာဗလာဒီမာပူတင်နှင့် မြန်မာ-ရုရှားနှစ် နိုင်ငံအကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

ထိုသို့ တွေ့ဆုံခဲ့ရာတွင် ၁၉၄၈ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့သည့် မြန်မာ-  ရုရှား နှစ်နိုင်ငံဆက်ဆံရေးကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်မှုများကို နီးနီးကပ်ကပ်ဖြင့် ဆက်လက်မြှင့်တင်ဖော်ဆောင်ရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် ချစ်ကြည်ရေးအသင်းများကို နှစ်နိုင်ငံလုံးတွင် တည်ထောင်ပြီး ယဉ်ကျေးမှုနှင့် စီးပွားရေးဆိုင်ရာ  ပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်ရေး၊ မြန်မာနိုင်ငံတွင် ရုရှားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရေးနှင့် ပြည်သူအချင်းချင်း ပိုမိုထိတွေ့ဆက်ဆံခွင့် ရရှိအောင်ဖော်ဆောင်ရေးဆိုင်ရာကိစ္စများကို အထူးအလေးထား ဆွေးနွေးခဲ့ကြကြောင်း သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။

အဆိုပါထိပ်သီးအစည်းအဝေး ကာလအတွင်း သမ္မတဦးထင်ကျော်သည် အာဆီယံခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်ကိုလည်း တွေ့ရသည်။

ထို့အတူပင် နိုင်ငံတော်သမ္မတဦးထင်ကျော်၏ သမိုင်းဝင်ခရီးစဉ်တစ်ခုဖြစ်သည့် ၂၀၁၆ ခုနှစ် ဇူလိုင်လအတွင်းက မွန်ဂိုလီးယားနိုင်ငံ၌ ကျင်းပသည့် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အာရှ-ဥရောပထိပ်သီး အစည်းအဝေးဖွင့်ပွဲ အခမ်းအနားတွင် မွန်ဂိုလီးယား နိုင်ငံသမ္မတ အယ်လ်ဘတ်ခ်ဒေါ့ဂျ်ဇတ်ခ် ဟီးလ်ယာဒ်၊ ဥရောပကောင်စီဥက္ကဋ္ဌ ဒေါ်နယ်တက်စ်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ဆလိုဗက်ဝန်ကြီးချုပ် မစ္စတာရောဘတ်ဖီလ်ကိုးနှင့် နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မူရေးလ်မက်ခါလီတို့က မိန့်ခွန်းပြောကြားကြသည်။

နိုင်ငံတော်သမ္မတဦးထင်ကျော်က (၁၁) ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးအစည်း အဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ၏ ညှိနှိုင်းရေးမှူးအဖြစ် အဖွင့်စကား ပြောကြားခွင့်ရ သည့်အတွက် များစွာဂုဏ်ယူမိကြောင်း၊ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူပြီး သုံးလတာကာလအတွင်း အာရှ-ဥရောပ ထိပ်သီး အစည်းအဝေးကို ပထမဆုံးအကြိမ် တက်ရောက်လာခြင်းဖြစ်ကြောင်း၊ ASEM အဖွဲ့၏ သက်တမ်းမှာ ဆယ်စုနှစ်သုံးခုအတွင်း ဝင်ရောက်လာပြီဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ချိတ်ဆက်မှု၊ စဉ်ဆက်မပြတ်သော ဖွံ့ဖြိုးတိုးတက်မှုအတွက် ၂၀၃၀ ပြည့်နှစ် လုပ်ငန်းစဉ်၊ အစဉ်အလာမဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်မှောင်ခိုတိုက်ဖျက်ရေး၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အပါအဝင် ဘုံအကျိုးစီးပွား နယ်ပယ်များအပေါ် အလေးထားမှုကို တိုးချဲ့လုပ်ဆောင်သင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် သမ္မတဦးထင်ကျော်သည် အိမ်နီးချင်း အင်အားကြီးနိုင်ငံတစ်ခုဖြစ်သည့် အိန္ဒိယနိုင်ငံသို့ ၂၀၁၆ ခုနှစ် သြဂုတ်လ အတွင်းက အိန္ဒိယသမ္မတနိုင်ငံသမ္မတ မစ္စတာ ပရာနာ့ဗ်မူခါဂျီး၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်။ ခရီးစဉ်အတွင်း အိန္ဒိယသမ္မတနိုင်ငံ သမ္မတ မစ္စတာ ပရာနာ့ဗ်မူခါဂျီး၊ အိန္ဒိယဝန်ကြီးချုပ် မစ္စတာ နာရန်ဒရာမိုဒီတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါခရီးစဉ်အတွင်း တိုင်းရင်းဆေး ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊ ပြန်ပြည့်မြဲစွမ်းအင်နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ မြန်မာနိုင်ငံရှိ သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး၏ တမူး-ကျီကုန်း-ကလက်၀ အပိုင်းရှိ တံတားများနှင့် ချဉ်းကပ် လမ်းတည်ဆောက်ရေး၊ အဆင့်မြှင့်တင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ၊ မြန်မာနိုင်ငံရှိ သုံးနိုင်ငံ အဝေးပြေး လမ်းမကြီး၏ ပလက်ဝ-ယာကြီး ကားလမ်းအပိုင်း တည်ဆောက်ရေး၊ အဆင့်မြှင့်တင် ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာတို့ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်ကို တွေ့ရသည်။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (မဲခေါင်ဒေသ) သို့လည်း ၂၀၁၆ ခုနှစ် အောက်တိုဘာလ အတွင်းက ဦးထင်ကျော် တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

ယင်းအပြင် သမ္မတဦးထင်ကျော် တာဝန်ထမ်းဆောင်သည့် နှစ်နှစ်အတွင်း အိမ်နီးချင်းနိုင်ငံလည်းဖြစ်သည့် ကမ္ဘာ့အင်အားကြီး တရုတ်နိုင်ငံသို့လည်း ၂၀၁၇ ခုနှစ် ဧပြီလ အတွင်းက ချစ်ကြည်ရေးခရီးသွားရောက် ခဲ့သည်။ ခရီးစဉ်အတွင်း မြန်မာ-တရုတ် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကို နိုင်ငံတော်သမ္မတဦးထင်ကျော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်တို့ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

သမ္မတဦးထင်ကျော်၏ တရုတ်ခရီးစဉ်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအကြား ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ပစ္စည်းများအား တရားမဝင်တူးဖော်ခြင်း၊ မှောင်ခိုတင်သွင်းရောင်းချခြင်း ကိစ္စရပ်များကို ကာကွယ်ဟန့်တားနိုင်ရေးအတွက် သဘောတူညီမှုစာချုပ်၊ ရေနံစိမ်းသယ်ယူပို့ဆောင်ရေး သဘောတူစာချုပ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရတို့အကြား စီးပွားရေးနှင့် အတတ်ပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်စာချုပ်တို့ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။

နှစ်နှစ်အတွင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပခဲ့သည့် Universal Health Coverage Forum 2017 ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်းဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာရှင်ဇိုအာဘေးက ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုခဲ့ကာ ဂျပန်နိုင်ငံ၏ အကူအညီများလည်း ရရှိခဲ့သည်။

သမ္မတဦးထင်ကျော်အတွက် အဆိုပါ ဂျပန်ခရီးစဉ်သည် လုပ်ငန်းသဘောဖြင့် တာဝန်ထမ်းဆောင်သွားရောက်သည့် နောက်ဆုံး နိုင်ငံတကာခရီးစဉ်တစ်ခုအဖြစ်လည်း သတ်မှတ်နိုင်သည်။

ဦးထင်ကျော်သည် သမ္မတတာဝန် စတင်ထမ်းဆောင်သည့် ၂၀၁၆ ခုနှစ်အတွင်းတွင် လာအို၊ ရုရှား၊ မွန်ဂိုလီးယား၊ အိန္ဒိယ၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံတို့ကိုသွားရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ကမ္ဘောဒီးယား၊ တရုတ်၊ ထိုင်း၊ ဂျပန်၊ စင်ကာပူနိုင်ငံတို့ကို သွားရောက်ခဲ့သည်။

နိုင်ငံတော်သမ္မတဦးထင်ကျော်၏ နိုင်ငံတကာ ခရီးစဉ်များနှင့်ပတ်သက်၍ အောင်မြင်မှုရရှိသည့် ခရီးစဉ်များလည်းရှိကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က မှတ်ချက်ပြုသည်။

 

နိုင်ငံတော်သမ္မတနားမည်ဟု သတင်းထွက်

နိုင်ငံတော်သမ္မတဦးထင်ကျော်သည် ဆေးစစ်ခံယူမှုများပြုလုပ်ခဲ့ရာ၌ အူလမ်းကြောင်းတွင် (Colonic Polyp) တွေ့ရှိရ၍ ထိုင်းနိုင်ငံ၌ ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်းက လိုအပ်သည့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ခဲ့ရာ ခွဲစိတ်ကုသမှုအောင်မြင်မှု ရှိခဲ့ကြောင်း သမ္မတရုံးက သတင်းတစ်ရပ် ထုတ်ပြန်ခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတ၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ မေးခွန်းထုတ်မှုများရှိလာခဲ့ပြီး သမ္မတကြီး ကျန်းမာပါစေဟု ဆုတောင်းပေးမှုများလည်း ရှိခဲ့သည်။ တစ်ပြိုင်နက်တည်းမှာလည်း နိုင်ငံတော်သမ္မတ ဦးထင်ကျော် သမ္မတတာဝန်မှ အနားယူမည်ဟု ကောလာဟလများလည်း ပျံ့လွင့်လာခဲ့သည်။

ထိုသို့ မေးခွန်းထုတ်မှု၊ ကောလာဟလများနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ရုံးကတော့ သမ္မတဦးထင်ကျော်သည် ကျန်းမာရေးကောင်းပြီး အနားယူမည်ဆိုသည့် သတင်းများမှာ မဟုတ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်။

ထို့အတူပင် သမ္မတဦးထင်ကျော်သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် ကျန်းမာရေး စစ်ဆေးမှုခံယူရန်အတွက် စင်ကာပူနိုင်ငံသို့ သွားရောက်ခဲ့သည်။

နှစ်နှစ်ပြည့်ရန် ကိုးရက်အလို

မြန်မာနိုင်ငံ၏ အရပ်သားစစ်စစ် သမ္မတဦးထင်ကျော်သည် သမ္မတတာဝန်ကို ၂၀၁၆ ခုနှစ် မတ် ၃၀ ရက်မှ စတင်ရယူခဲ့ပြီး နှစ်နှစ်ပြည့်ရန် ကိုးရက်အလို ၂၀၁၈ ခုနှစ် မတ် ၂၁ ရက်နေ့တွင် သမ္မတရာထူးတာဝန်က နုတ်ထွက်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် လက်ရှိအလုပ်တာဝန်များမှ အနားယူလိုသောကြောင့် ၂၀၁၈ ခုနှစ် မတ် ၂၁ ရက်မှစ၍ နိုင်ငံတော်သမ္မတရာထူးက နုတ်ထွက်သွားပြီးဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၃ ပုဒ်မခွဲ(ခ)နှင့်အညီ လစ်လပ်သွားသည့် နိုင်ငံတော်သမ္မတရာထူးကို အလုပ်လုပ်ရက် ခုနစ်ရက်အတွင်း ဖြည့်စွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။

အများစုက ကျန်းမာရေးကြောင့် နုတ်ထွက်သွားသည်ဟု ထင်ကြေးပေးနေကြသော်လည်း ဦးထင်ကျော်အနေဖြင့် သမ္မတတာဝန်မှ အနားယူရန် ကြိုတင်စီစဉ်ထားခြင်းဖြစ်ပြီး ကျန်းမာရေးကြောင့် အနားယူခြင်း မဟုတ်ကြောင်း ဇနီးဖြစ်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်က ပြောကြားသည်။

မည်သို့ပင်ဖြစ်စေ သမ္မတတာဝန်ကို မှန်မှန်ကန်ကန်ဖြင့် ရိုးသားစွာ ကြိုးစားထမ်းဆောင်ခဲ့သည့် ဦးထင်ကျော်ကို ကျန်းမာပါစေဟု ဆုတောင်းမေတ္တာပို့မှုလည်း အများအပြားရှိခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်စုစုလွင်က ကျေးဇူးတင်ကြောင်းနှင့် ဦးထင်ကျော်၏ ကျန်းမာရေးကို စိတ်မပူကြရန် ပြောကြားသည်။

“အခုထွက်တဲ့ကိစ္စ၊ အနားယူတဲ့ကိစ္စက ကျန်းမာရေးအတွက် မဟုတ်ပါဘူး။ ဒါပေမဲ့ လူတွေ တော်တော်များများကတော့ လွန်ခဲ့တဲ့ ခြောက်လကျော်လောက်က သူခွဲစိတ်မှု ခံယူထားတာ ရှိပါတယ်။ အဲဒီအတွက် သူကျန်းမာရေး အားနည်းခဲ့ပါတယ်။ တကယ်တော့ သူစားသင့်၊ စားထိုက်၊ နေသင့်၊ နေထိုက်တဲ့ ပုံတော့ အန်တီစကား နားမထောင်ဘဲနေတာတော့ အမှန်ပဲ။ နောက်တစ်ခုက ပူတာအိုခရီးက ပြန်လာတဲ့အခါကျတော့ တော်တော်လေး ဝမ်းတွေပျက်၊ နေမကောင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ တစ်လကျော်လောက်က ဆေးရုံမှာသွားပြီး ဆေးပြန်စစ်တော့ အားလုံးကောင်းပါတယ်။ သူလည်း အခုဝိတ်ပြန်တက်လာတယ်။ အန်တီ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် အန်တီတို့ ဒီလိုနားဖို့ဆိုတာ ရုတ်တရက်ကြီး လုပ်တာမဟုတ်ပါဘူး။ စောစောကတည်းက ကြိုပြီးတော့ စီစဉ်တာပါ” ဟု ဒေါ်စုစုလွင်က ဆိုသည်။

ဦးထင်ကျော်သည် သမ္မတလုပ်ရန် ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ကြောင်း၊ သို့သော် သမ္မတတာဝန်ကို ပေးသည့်အတွက် အလွန်ဆုံး သုံးလ၊ ခြောက်လလောက်သာ သူ့၏ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် လုပ်ပေးရလိမ့်မည်ဟု မျှော်လင့်ခဲ့ကြောင်း ဇနီးဖြစ်သူ ဒေါ်စုစုလွင်က ပြောကြားသည်။

လက်ရှိမှာတော့ သမ္မတဦးထင်ကျော်သည် သမ္မတရာထူးတာဝန်မှ နုတ်ထွက်သွားပြီဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကလည်း သမ္မတသစ်ရွေးချယ်တင်မြှောက်ဖို့အတွက် စိုင်းပြင်းနေကြပြီ ဖြစ်သည်။

ဦးထင်ကျော် သမ္မတရာထူးက နုတ်ထွက်သွားပြီးနောက် ၎င်းသည် ရိုးသားပြီး တိုင်းပြည်အပေါ် သစ္စာရှိသူ၊ အာဏာ မယစ်မူးသူ၊ ကိုယ်ကျိုးမဖက်သူအဖြစ် ချီးကျူးဂုဏ်ပြုမှုများ ရှိခဲ့ကြသည်။

“အဂတိကိစ္စကတော့ ဘာမှမကြားရဘူး။ ဒီအပေါ်မှာ သုံးသပ်ဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့ သိရတဲ့အနေအထားတွေကတော့ တော်တော်လေး ရိုးရိုးအေးအေးလေးနဲ့ သူ့တာဝန်ကို ထမ်းဆောင်စဉ်ကာလအတွင်းမှာ တကယ့်ကို ရိုးရိုးသားသားနဲ့ တာဝန်ထမ်းဆောင်သွားတယ်လို့ မြင်ရပါတယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က မှတ်ချက်ပြုသည်။

ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက သမ္မတဟောင်း ဦးထင်ကျော်နှင့်ပတ်သက်၍ “ပညာတတ်တစ်ယောက် ဖြစ်ပါတယ်။ အလွန်ရိုးသားပြီးတော့ အေးဆေးတည်ငြိမ်တဲ့ သဘောလည်းရှိပါတယ်။ ပြဿနာတွေကို သိပ်ပြီးတော့ အဖြစ်မခံချင်တဲ့ပုံစံနဲ့ နေထိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ အကောင်းဆုံး ပေးဆပ်မယ်ဆိုတဲ့ စိတ်သဘောထားနဲ့ နေတယ်လို့ ကျွန်တော်မြင်ပါတယ်။ လုပ်ပိုင်ခွင့်တွေက ဒေါ်အောင်ဆန်းစုကြည်ဆီကို ရောက်နေပေမယ့် သူ့မှာ မစ္ဆရစိတ်မရှိဘူး။ သူ့သက်တမ်းတစ်လျှောက်လုံးမှာ အခုနပြောသလိုပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ပိုင်ခွင့် မြင့်မားဖို့အတွက်ပဲ သူ့ရဲ့သမ္မတသက်တမ်းကို ပေးဆပ်သွားတယ်လို့ပဲ ကျွန်တော်ထင်တယ်” ဟု သုံးသပ်ပြောကြားသည်။

ဦးထင်ကျော်၏ သမ္မတတာဝန်ထမ်းဆောင်သည့် ကာလအတွင်း အဂတိတရား ကင်းရှင်းမှုနှင့်ပတ်သက်၍ ဇနီးဖြစ်သူ ဒေါ်စုစုလွင်က ရဲရဲတင်းတင်း အာမခံခဲ့မှုတစ်ခုဟု ယူဆရသည့် ပြောဆိုမှုတစ်ခုရှိခဲ့သည်။

“ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ထားသည့် ပိုင်ဆိုင်မှုကိစ္စနဲ့ ပတ်သက်လို့ အိတ်လည်း ပိတ်ထားစရာ မလိုပါဘူး။ အန်တီတို့ ပိုင်ဆိုင်မှုက အန်တီတို့ ပွင့်ပွင့်လင်းလင်းပဲ ရှိပါတယ်။ အဲဒီတော့ အဲဒီအိတ်ကို ဖွင့်ချင်တဲ့ သူရှိရင်လည်း ကြိုက်တဲ့သူ ဖွင့်ပါလို့ အန်တီပြောချင်ပါတယ်” ဟု ဒေါ်စုစုလွင်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ သမိုင်းတွင် နဝမမြောက် သမ္မတဖြစ်သည့် ဦးထင်ကျော်၏ သမ္မတတာ ဝန်ထမ်းဆောင်စဉ်အတွင်း ဖြတ်သန်းဆောင်ရွက်ခဲ့သော နေ့ရက်များကို မှတ်တမ်းတင်ရေးသား လိုက်ပါသည်။

Most Read

Most Recent