ပညာရေးဗဟိုချုပ်ကိုင်မှုကြားက နောက်ကျောဓားနှင့်ထိုးမည့်သူများ

ပညာရေးဗဟိုချုပ်ကိုင်မှုကြားက နောက်ကျောဓားနှင့်ထိုးမည့်သူများ
Published 31 August 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ရန်ကုန်မြို့ရှိ တက္ကသိုလ်များမှ ကျောင်းသားကျောင်းသူများ၏ ရသစာပေစကားဝိုင်း သြဂုတ် ၂၈ ရက်က ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)

ပညာရေးသည် ကမ္ဘာကြီးကို ပြုပြင် ပြောင်းလဲနိုင်မည့် အစွမ်းထက်ဆုံးလက်နက် ဖြစ်သည်ဟု တောင်အာဖရိကသမ္မတဟောင်းနှင့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် နယ်လ်ဆင်မန်ဒဲလား မိန့်ကြားခဲ့သည်ကို အမှတ်ရမိသည်။ ကမ္ဘာကြီးကိုပင် ပြောင်းလဲနိုင်စွမ်းရှိသည့် ပညာရေးကို ထိရောက်တွင်ကျယ် သုံးနိုင်မည်ဆိုလျှင် မြန်မာ့ဒီမိုကရေစီပြုရေးသည် ပိုခရီးတွင်နိုင်မည်ဖြစ်သည်။ ပညာရေးဟု ဆိုရာတွင် ဒီမိုကရေစီပညာရေး၊ ဗဟိုချုပ်ကိုင်မှုနှင့် ကြိုးနီစနစ်ကင်းသော ပညာရေးကသာ အပြောင်းအလဲ အစစ်အမှန်နှင့် ဒီမိုကရေစီပြုရေးတို့ကို ကျားကန်နိုင်မည်ဖြစ်သည်။

ခေတ်ပြိုင် မြန်မာ့ဒီမိုကရေစီခရီးရှည်တွင် ဗြူရိုကရေစီစနစ်ဟုလည်းကောင်း၊ ကြိုးနီစနစ်ဟုလည်းကောင်း လူသိများသည့် ဗဟိုချုပ်ကိုင်မှုစနစ်သည် ရှေ့တန်းရောက်သထက် ရောက်လာနေသည်။ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ပညာရေး စသည့် နယ်ပယ်ကဏ္ဍ ပေါင်းစုံတွင် ဗဟိုချုပ်ကိုင်မှုကို လျှော့ချနိုင်မှသာ ဒီမိုကရေစီစနစ်သည် အခြေခိုင်မည်ဖြစ်သည်။ ဗဟိုချုပ်ကိုင်မှုကို လျှော့ချလာနိုင်သည်နှင့်အမျှ အထက်ပုဂ္ဂိုလ်ကြီးများဖြစ်သည့် ခေါင်းဆောင်ကြီးများ၊ အကြီးအကဲများနှင့် အောက်ခြေကျောမွဲ ပြည်သူလူထုအကြား အလှမ်းဝေးကွာမှုသည်လည်း ကျဉ်းမြောင်းလာမည်ဖြစ်သည်။

သြဂုတ် ၂၄ ရက်နေ့ နေပြည်တော်၌ ကျင်းပခဲ့သည့် ၂၀၁၈ ခုနှစ် ပညာရေးဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေးနှီးနှောဖလှယ်ပွဲ (အဆင့်မြင့်ပညာကဏ္ဍ) တွင် မအူပင်တက္ကသိုလ်မှ ကထိကဆရာတစ်ဦးသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ပညာရေးဆိုင်ရာ ပြဿနာများ တင်ပြရန် ကြိုးပမ်းမှုနှင့်စပ်လျဉ်း၍ အစီအစဉ်တွင် မပါရှိသဖြင့် မတင်ပြသင့်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ ကထိက ဆရာတစ်ဦးက အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြလိုသည့် ပြဿနာသုံးရပ်သည် ပညာရေးကဏ္ဍ၊ ပညာရေး အပြောင်းအလဲတို့နှင့် နှီးနွှယ်ပတ်သက်နေသည့် စိန်ခေါ်မှုများ မလွဲမသွေ ဖြစ်နိုင်သည့်အလျောက် နားထောင်နိုင်ခဲ့မည်ဆိုလျှင် အကျိုးရှိလိမ့်မည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။

အစိုးရနှင့် လွှတ်တော်အကြီးအကဲများ အနေဖြင့် ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို အပြောသက်သက်မဟုတ်၊ အလုပ်နှင့် သက်သေပြ၊ ကိုယ်စားပြုနိုင်ဖို့ဆိုလျှင် ရောက်ရာအရပ်တွင် အောက်ခြေကျောမွဲပြည်သူများနှင့် တွေ့ဆုံ၍ နားထောင်ပေးနိုင်ရန် သော့ချက်ကျမည် ဖြစ်သည်။ သို့မှသာ အစိုးရနှင့် ပြည်သူအကြား အလှမ်းကွာဟမှုကို လျှော့ချနိုင်ပြီး ဗဟိုချုပ်ကိုင်မှု လျှော့ချရေးကိုလည်း ကျွဲကူးရေပါ ဖော်ဆောင်နိုင်မည်ဖြစ်သည်။ အစီအစဉ်ထဲ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အချုပ်အခြာ အာဏာပိုင်ရှင် နိုင်ငံသားတစ်ဦး သို့မဟုတ် တက္ကသိုလ်ဆရာတစ်ဦး၏ တင်ပြချက်ကို အချိန်ပေး နားထောင်နိုင်မည်ဆိုလျှင် အကျိုးမဲ့ အချည်းနှီးဖြစ်နိုင်ခြေ နည်းလိမ့်မည်ဟု သုံးသပ်မိသည်။

အစီအစဉ်ထဲမပါရင် မမေးသင့်ဘူးဆိုသည့် အတိုင်ပင်ခံပုဂ္ဂိုလ်၏ စကားသည် နိုင်ငံတော်အကြီးအကဲများနှင့် တွေ့ခိုက်ဆုံခိုက် တိုက်ရိုက်တင်ပြဖို့ ဆန္ဒရှိသူများအတွက် အဟန့်အတားသဖွယ် ဖြစ်လိမ့်မည်ဟု ဆိုနိုင်သည်။ ပျက်သထက် ပျက်နေခဲ့သည့် ခေတ်အဆက်ဆက်တွင် ပြဿနာများ၊ စိန်ခေါ်မှုများကို မခြွင်းမချန် အသိပေး၊ တင်ပြမည့်သူများကို အစီအစဉ်ထဲ ထည့်သွင်းလေ့မရှိသည့် အလေ့အထများက အားကောင်းနေဆဲဖြစ်သည်။ သို့ဖြစ်၍ ဒီပုတ်ထဲကဒီပဲ ထုံးကအားကောင်းနေဆဲဟု ဆိုရမည်ဖြစ်သည်။ အကယ်စင်စစ် သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် အစိုးရအဖွဲ့ဝင်များ အနေဖြင့် ကျောမွဲပြည်သူ့ဒုက္ခ၊ ကျောမွဲပြည်သူ့ဘဝတို့နှင့် နီးစပ်ဖို့ဆိုလျှင် အပြောကောင်းဖို့ထက်၊ စိတ်ရှည်လက်ရှည် အချိန်ပေး နားထောင်နိုင်ဖို့က ပိုအရေးကြီးသည်ဟု ထင်မြင်မိသည်။

ဗဟိုချုပ်ကိုင်ထားတာကို မကြိုက်လို့ ပြောချင်တာ၊ အမိန့်စာတွေကို ထုတ်လိုက်၊ ပြန်ပယ်ဖျက်လိုက် လုပ်တာမျိုးတွေကို တင်ပြချင်တာ၊ စာတင်တာကို အယုံအကြည်မရှိလို့ တွေ့ခွင့်ရတုန်း တင်ပြချင်တာပါဟု တက္ကသိုလ်ကထိကဆရာက ပုဂ္ဂလိကသတင်းစာတွင် ထုတ်ဖော်ပြောခဲ့သည်။ ဗဟိုချုပ်ကိုင်မှုကို မကြိုက်ခြင်းသည် ဒီမိုကရေစီကို နှစ်သက်ခြင်းပင်ဖြစ်သည်။ ဗဟိုချုပ်ကိုင်မှု မြင့်မားလွန်းနေမည်ဆိုလျှင် ဒီမိုကရေစီခေတ်၊ စနစ်တို့နှင့် အလှမ်းဝေးနေဦးမည်ဖြစ်သည်။ ကထိက ဆရာတင်ပြချင်သည့် ဗဟိုချုပ်ကိုင်ထားသည့် အနေအထားကို နားထောင်၊ သိရှိနိုင်မှသာ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးသည် အပြောသက်သက်မဟုတ် အလုပ်ဖြစ်လာမည်ဖြစ်သည်။ ပညာရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနများနှင့် အစိုးရရုံးများတွင် ဗဟိုချုပ်ကိုင်မှုများ၊ ကြိုးနီစနစ်များကို စောင့်ကြည့်၊ လျှော့ချရမည်မှာ အုပ်ချုပ်သူတို့၏တာဝန်ပင် ဖြစ်သည်။ ကထိကဆရာပြောသကဲ့သို့ အမိန့်စာများကိုထုတ်လိုက်၊ ပြန်ဖျက်လိုက် လုပ်သည်မှာ ကြောင်းကျိုးဆီလျော်မှုမရှိသည့် အပြင်၊ အစိုးရနှင့် အာဏာပိုင်များအပေါ် ယုံကြည်မှုကိုလည်း ပျက်ပြားနိုင်စေမည်ဖြစ်သည်။

အစိုးရအနေဖြင့် အပြောသက်သက်မဟုတ်၊ လက်တွေ့ကျကျ ပြည်သူလူထု ပါဝင်နိုင်ရေး လမ်းဖွင့်ပေးပြီး၊ ပြည်သူကို မျက်နှာမူလာနိုင်မည်ဆိုလျှင် ဗဟိုချုပ်ကိုင်မှု လျှော့ချရေးသည် ပိုမိုရုပ်လုံးပေါ်လာနိုင်ပြီး ဒီမိုကရေစီတံခါးများကို ဖွင့်လှစ်ပေးနိုင်မည် ဖြစ်သည်။ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ပြည်သူလူထုနှင့် နီးစပ်နိုင်လေလေ၊ ဗဟိုချုပ်ကိုင်မှုကို လျှော့ချနိုင်ဖို့ အလေးသာလေလေဖြစ်သည်။ ပညာရေးတွင် ဗဟိုချုပ်ကိုင်မှု လျှော့ချနိုင်မှသာ ဒီမိုကရေစီ ပညာရေးက အသက်ဝင်လာမည်ဖြစ်သည်။ ပညာရေး အပါအဝင် နယ်ပယ်ကဏ္ဍ ပေါင်းစုံတွင် ဗဟိုချုပ်ကိုင်မှု မြင့်မားနေမည်ဆိုလျှင် မြန်မာ့ဒီမိုကရေစီ ခရီးရှည်သည် ကြန့်ကြာသည်ထက်၊ ကြန့်ကြာနေဦးမည်ဖြစ်သည်။

စကားမစပ်၊ ပညာရေး ဗဟိုချုပ်ကိုင်မှု လျှော့ချရေးဟုဆိုရာတွင် စီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ်ပိုင်ခွင့်များ၊ လုပ်ပိုင်ခွင့်များကို ဗဟိုအစိုးရသည် ဒေသဆိုင်ရာအစိုးရများ၊ တက္ကသိုလ်များ၊ ကျောင်းများသို့ လွှဲအပ်ဖော်ဆောင်စေခြင်းပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြည်ထောင်စုအစိုးရနှင့် ပညာရေးဝန်ကြီးဌာနသည် စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ တက္ကသိုလ်များ၊ သိပ္ပံများ၊ ကျောင်းများသို့ မည်၍ မည်မျှလွှဲအပ်ထားပါသလဲဟု မေးခွန်းထုတ်မည်ဆိုလျှင် ဖြေရခက်ခဲလိမ့်မည်ဖြစ်သည်။ တက္ကသိုလ်အချို့ကို ကိုယ်ပိုင်စီမံအုပ်ချုပ် ခွင့်ပြုထားသည်ဟု ကြားသိရသော်ငြားလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ်များ၊ သိပ္ပံများ၊ ကျောင်းများက ယနေ့တိုင် ပျောက်ဆုံးနေဆဲပင်ဖြစ်သည်။

ပညာရေးတွင် ဗဟိုချုပ်ကိုင်မှုကို လျှော့ချလာနိုင်မှသာ ရပ်မိရပ်ဖများ အပါအဝင် ဒေသခံ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည် မြင့်တက်လာမည်ဖြစ်ပြီး၊ ပွင့်လင်းမြင်သာမှု ရှိသော၊ ခရီးတွင်အလုပ်ဖြစ်သော၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိသော ပညာရေးစနစ်သည် အသက်ဝင်လာမည်ဖြစ်သည်။ သို့မှသာ ကျောင်းသားကျောင်းသူများ၏ လိုအပ်ချက်များနှင့် ဟန်ချက်ညီညီ ဖော်ဆောင်နိုင်မည့်စနစ်သည် အားကောင်းလာမည်ဖြစ်ပြီး ရပ်မိရပ်ဖများနှင့် ပြည်သူလူထု ပူးပေါင်းပါဝင် ဆုံးဖြတ် ဖော်ဆောင်နိုင်မည့် ပညာရေးစနစ်သည် အားကောင်းလာမည်ဖြစ်သည်။ မိန့်ခွန်းများတွင်၊ အစီရင်ခံစာများတွင်၊ စာရွက်ပေါ်တွင် ဒီမိုကရေစီ၊ ဒီမိုကရေစီ အထပ်ထပ် ဖော်ပြနေပြီး လက်တွေ့ဘဝထဲတွင် ဗဟိုချုပ်ကိုင်မှုများ၊ ကြိုးနီစနစ်များ၊ တစ်သဝေမတိမ်း နာခံမှုများ ကြီးစိုးနေမည်ဆိုလျှင် ရှေ့ရေးကတော့ ရင်လေးဖွယ်ရာပင်ဖြစ်သည်။

တက္ကသိုလ်ကထိကဆရာသည် ဗဟိုချုပ်ကိုင်မှုကို မနှစ်မြို့၊ ဒီမိုကရေစီပညာရေးကို လိုလားသူဖြစ်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အရှိအရှိအတိုင်း အသိပေး တင်ပြလိုစိတ် ပြင်းပြသူတစ်ဦးဖြစ်သည်ဟု သုံးသပ်နိုင်သည်။ ဧရာဝတီတိုင်းဒေသကြီးတွင် သတင်းကြီးနေသော ကျောင်းသားလွှတ်တော်ကိစ္စ၊ တွဲဖက်ပါမောက္ခများကို ပညာရေးကောလိပ်များတွင် ကျောင်းအုပ်ကြီးများ ခန့်အပ်ပြီး အိမ်ကြက်ချင်း အိုးမည်းသုတ်မည့်ကိစ္စ၊ တက္ကသိုလ်စာစစ်ခများ ပြင်ဆင်သတ်မှတ်သည့် ကိစ္စတို့ကို နမူနာပြုလျက် ပညာရေးဝန်ကြီးဌာနတွင်း အာဏာရှင်ဆန်ဆန် ပြုမူဆောင်ရွက်နေမှုများကို ကထိကဆရာက သူ့အနေဖြင့် အမေ ကဲ့သို့ တန်ဖိုးထားရပါသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြအသိပေးခွင့် လုံးလုံးမရရှိခဲ့သည်မှာ ဒီမိုကရေစီပြုရေးနှင့် ဒီမိုကရေစီ ပညာရေးအတွက် အနုတ်လက္ခဏာဟုပင် မှတ်ယူမိသည်။

အချုပ်အနေဖြင့်ဆိုသော် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးခေါင်းဆောင်ကြီး၊ ငယ်၊ လတ်တို့အနေဖြင့် ပြည်သူနှင့်အတူ ပြည်သူ့အားကိုယူလျက် ရှေ့ခရီးဆက်ဖို့ စိတ်ပိုင်းဖြတ်ထားသည်ဆိုလျှင် အောက်ခြေကျောမွဲပြည်သူများ အပါအဝင် ပြည်သူလူထု အလွှာပေါင်းစုံက အသံဗလံပေါင်းစုံကို နားထောင်နိုင်ဖို့ သော့ချက်ကျမည်ဖြစ်သည်။ အားနည်းချက်များ၊ လိုအပ်ချက်များ၊ ယိုပေါက်ဖိတ်ပေါက်များကိုဖုံးဖိ၍ အားလုံးကောင်းနေသယောင်၊ တိုးတက်ပြောင်းလဲနေသယောင် ဟန်ဆောင်ကောင်းသူကြီးများသည် အကယ်စင်စစ် အစိုးရ၊ ဒီမိုကရေစီပြုရေး၊ ဒီမိုကရေစီပညာရေးတို့ကို နောက်ကျောမှ ဓားနှင့်ထိုးမည့်သူများ ဖြစ်နေနိုင်သည်ကို သတိရှိရှိ ဆင်ခြင်သင့်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါသည်။

Most Read

Most Recent