ချမ်းသာသောနိုင်ငံများနဲ့ ဒေါ်လာဈေး

ချမ်းသာသောနိုင်ငံများနဲ့ ဒေါ်လာဈေး
Published 22 August 2018

ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေလဲလှယ် ရောင်းဝယ်ရေးကောင်တာတစ်ခုကို သြဂုတ် ၁၄ ရက် ညနေ ၅ နာရီခွဲက တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

၁၉၉၇ ခုနှစ်က Asian Crisis ဆိုတာ ဖြစ်ခဲ့ဖူးတယ်။

အဓိကခံစားရတဲ့ နိုင်ငံတွေကတော့ ထိုင်းနဲ့ မလေးရှားတို့ ဖြစ်တယ်။ မလေးရှားဝန်ကြီးချုပ်က စီးပွားရေးသမားဖြစ်တဲ့ ဂျော့ချ်ဆိုးရော့စ်ကို စိန်ခေါ်ရာကစခဲ့တဲ့ ပြဿနာတွေပဲလို့ ခေါ်တယ်။ အစုရှယ်ရာတွေ ဈေးကျသွားပြီး ဒေါ်လာဈေးထောင် တက်သွားတဲ့ ကိစ္စပါပဲ။

IMF အကူအညီနဲ့ ပြန်ကြိုးစားလို့တစ်နှစ်အတွင်း ဒေါ်လာဈေးပုံမှန်ပြန် ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်ကတော့ ပြောပလောက်အောင် ထိခိုက်မှုမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံက လုပ်ငန်းတွေဟာ စတော့ရှယ်ယာဈေးကွက်တွေ မရှိဘူး။ ပြည်တွင်းမှာ တရားဝင်ဒေါ်လာကိုင်ဆောင်ခွင့်တွေ မရှိဘူး။ ပြည်တွင်းပြည်ပ နိုင်ငံခြားငွေ နဲ့ ဘဏ်စာရင်းဖွင့်ခွင့်မရှိဘူး။ နိုင်ငံတကာ ငွေကြေးနဲ့ အလုပ်လုပ်တာတွေ နည်းပါးလို့ပါပဲ။ ယနေ့မှာတော့ ကျွန်တော်တု့ိ နိုင်ငံဟာ ဈေးကွက်စီးပွားရေးစနစ်ကို သွားနေပါတယ်။ ပြည်ပမှာ ငွေစာရင်းတွေရှိတယ်။ ကမ္ဘာက လူဆိုးစာရင်းတွေထဲမှာပါတဲ့ ပနားမားကမ်းလွန်ဘဏ်မှာ ငွေစာရင်းတွေလည်း ရှိတယ်။ ဒေါ်လာဈေးတွေတက်လာတော့ စီးပွားလုပ်သူတွေအတော်လေးကို စိတ်လှုပ်ရှားကြတယ်။ ဈေးကွက်စီးပွားရေးစနစ်မှာ ကျွန်တော်တို့က လိုငွေပြတဲ့တိုင်းပြည်မဟုတ်လား။ ပို့ကုန်တွေနည်းပြီး သွင်းကုန်တွေများနေတဲ့ တိုင်းပြည်မဟုတ်ပါလား။

ကိုဘသစ်နဲ့ဆွေးနွေးပါတယ်။

“အိမ်သုံးကုန်တွေလည်းတက်တော့မှာ ပေါ့ကိုဘသစ်”

“မှန်ပါတယ်။ ကျွန်တော်တို့က ရှိရှိသမျှ ပစ္စည်းတွေအားလုံးကို မထုတ်လုပ်ဘဲသူများ ထုတ်လုပ်ပြီးတဲ့ ပစ္စည်းတွေကိုအသင့်ယူ သုံးကြတာမဟုတ်လား”

“ကျွန်တော်တို့က အကောင်းဆုံးပစ္စည်း တွေကိုသုံးချင်ကြတယ်လေ။ လူတော်တော်များများက စမတ်ဖုန်းတွေ သုံးလာတယ်။  Handset အကောင်းတွေကိုမှ သုံးချင်တယ်။  Handset  တစ်ခုကို ၁၀သိန်းကျော်တဲ့   iPhone ကို သုံးတဲ့လူတွေအျားကြီးပဲ”

“ဒါကတော့ လူ့သဘာဝပဲလေ၊ အရင်ခေတ်က ဆင်းကတ်တစ်ခုကို သိန်းလေးဆယ်လောက်အထိ ပေးဝယ်သုံးခဲ့ရသေးတာပဲ”

“ဒါပေမဲ့ ကျွန်တော်တို့တစ်တွေဟာ နိုင်ငံခြားဖြစ်တွေအားလုံးကို ဝယ်သုံးတာပဲ မဟုတ်လား။ ကြည့်လေ ကျွန်တော့်စားပွဲမှာ တင်ထားတဲ့ ကွန်ပျူတာ၊ ပရင့်တာ၊ စက္ကူ၊ ဘေးမှာရှိတဲ့ပန်ကာ၊ နံရံမှာတပ်ထားတဲ့ လေအေးစက်၊ အပေါ်မှာတပ်ထားတဲ့ မီးသီး၊ မီးချောင်း၊ ဘာကျန်သေးလဲ၊ ကြမ်းခင်းတဲ့ အပြားတွေတောင် နိုင်ငံခြားဖြစ် မဟုတ်လား”

“ဟိုဘက်က ရေဘူးတော့မြန်မာပြည်က လုပ်တယ်ထင်တယ်”

“အထဲကရေတော့ဟုတ်ပါတယ်။ ဗူးကိုတော့ နိုင်ငံခြားပလတ်စတစ်တွေနဲ့ လုပ်တယ်။ ရေဘူး၊ ဆေးဘူးတွေဟာတစ်ပြည်လုံး  အတိုင်းအတာနဲ့ အများကြီးပါပဲ။ မီးခလုတ်တို့ Extension Wire တို့ပေါ့လေ။ လျှပ်စစ်နဲ့ ပတ်သက်တာတွေအားလုံး လိုလိုဟာ နိုင်ငံရပ်ခြားကနေဝယ်တာပဲ”

“မင်းတုန်းမင်းကြီးလက်ထက်က ဘာတွေနိုင်ငံခြားကဝင်လဲ။ နန်းတော်က အသုံးအဆောင်တွေ အများစုဟာ ပြည်တွင်းဖြစ်တွေပါပဲ။ နိုင်ငံခြားဖြစ်ကရှိတော့ရှိမှာပါ။

ဒါပေမဲ့ ရှားပါတယ်”

“အင်းဟာသပြောရမယ်ဆိုရင်မင်း တုန်းမင်းကြီးဟာ ရေခဲမုန့်တောင်မစားဖူး သွားဘူးထင်တယ်”

“အင်း၊ ခင်ဗျားက ရယ်စရာပြောပေမဲ့ မရယ်နိုင်ပါဘူး။ ကျွန်တော်သတိရတာ တစ်ခုရှိတယ်။ မနှစ်က ကျွန်တော်တို့ မော်လမြိုင်တက္ကသိုလ်ကျောင်းသားဟောင်းတွေ မော်လမြိုင်၊ ကျိုက္ခမီနဲ့ ချောင်းဆုံကိုခရီးထွက်တော့ ကျိုက်ထိုမှာ နားတယ်။ အဲဒီက ကျွန်တော်တို့ကို ကျိုက်ထိုက သူငယ်ချင်းက သူတို့ဆီက ထွက်တဲ့ယိုစုံနဲ့ဧည့်ခံတယ်”

“အင်း၊ ကျိုက်ထိုက ဒူးရင်းယို၊ နာနတ်ယို၊ ရှောက်ယို၊ ကတွတ်ယိုတွေပေါတာပဲ”

“မှန်ပါတယ်။ အဲဒီမှာ သူတို့က အမြတ်တနိုးထားစားတဲ့  ယိုးဒယားကလာတဲ့ ရေခဲမုန့်တွေကျွေးတယ်။”

“ ဘာယိုးဒယားက ရေခဲမုန့်ဟုတ်လား”

“ဟုတ်တယ်။ သူတို့ဆီဟိုကနေ ရေခဲဘူးတွေနဲ့ အမြောက်အမြား ဝင်တယ်”

“ကျွန်တော်တို့ဆီလည်း ရေခဲမုန့်ထွက်ပါတယ်ဗျာ”

“လူတွေက ဒီလိုပဲလေ၊ ဈေးသက်သာပြီး အလွယ်တကူရတဲ့ အစားအသောက်တွေကို နယ်စပ်ကနေသွင်းနေကြတယ် ယိုးဒယားက သခွားသီးကအစ ဝင်တယ်လေ”

“ထိုင်းမှာ ကျွန်တော်တို့ဆီက လုပ်သားတွေသွားပြီး အလုပ်လုပ်ကြတယ်။ သူတို့က ကျွန်တော်တို့ လုပ်သားတွေကို သုံးပြီးကုန် ထုတ်တယ်။ ပြီးတော့ ကျွန်တော်တို့ ဈေးကွက်ထဲ ပြန်သွင်းတာပဲ”

“ဟုတ်ပါတယ်။ ငံပြာရည်ဆိုတာ မြန်မာပြည်ကစပေမယ့် ထိုင်းကငံပြာရည်ကို အတော်သုံးတယ်။ တစ်လောက လူသေနဲ့လုပ်ထားတဲ့ ငံပြာရည်ဆိုပြီး ဖေ့ဘုတ်ကနေ ဖွတယ်။ မမှန်ကြောင်းသိရလို့ပေါ့။ နို့မို့ဆို မြန်မာငံပြာရည် ဘဝပျက်တယ်”

“မြန်မာနိုင်ငံက ထုတ်တဲ့ပွင့်ကောင်း ငါးပိနဲ့ ငံပြာရည်ဟာ အင်မတန်ကောင်းတယ်။ ပြည်ပ (ထိုင်း)ကိုတိုးဖို့ ကြိုးစားနေချိန်မှာပဲ ပြည်သူပိုင်သိမ်းခံလိုက်ရတယ်”

“နောက်ပိုင်းဦးပွင့်ကောင်းကို ပြန်မပေးဘူးလား”

“ပေးပါတယ်။ ဒီလိုလူတွေနဲ့ အလုပ်လုပ်လို့ရမှာ မဟုတ်ဘူးဆိုပြီး စက်ရုံကို ပြန်မယူဘူး”

“တကယ်ပဲလား”

“ကျွန်တော်လည်း ပြောသံကြားဖူးတာပဲ”

ကိုဘသစ်စကားကို ကျွန်တော်အတော် သဘောကျသွားပါတယ်။ ကုမ္ပဏီတစ်ခုအဖွဲ့ အစည်းတစ်ခုတည်ဆောက်တဲ့အခါ အခြေခံကစပြီး တည်ဆောက်ရပါတယ်။ သူများလူတွေနဲ့ ကိုယ်အုပ်ချုပ်လို့ မရဘူး။ ဆင်ခြင်ဖို့ ကောင်းပါတယ်။ အခက်အခဲတွေကိုမြင်လို့ ဦးပွင့်ကောင်းက ဒီစက်ရုံကိုပြန်မယူတာပါ။

“ဒါပေမဲ့ ဒီလိုဖြစ်မျိုးဟာ အတော်စဉ်း စားဖို့လိုတယ်။ အဆင်မပြေတဲ့ အဖွဲ့အစည်းကို ကိုယ့်လက်ထဲပြန်ထည့်ပေးတာပဲ မယူလို့ရမလား။ နိုင်ငံတစ်ခုကို လက်ထဲလာထည့်တဲ့အခါ ကျွန်တော်မယူချင်ဘူး။ ကျွန်မ မယူချင်ဘူးဆိုပြီး လုပ်လို့မရဘူး”

“အစ္စရေးနိုင်ငံတည်ထောင်စဉ်ကတော့ အိုင်းစတိုင်းဟာ သမ္မတရာထူးကို လက်မခံခဲ့ဘူး”

“သူကနိုင်ငံရေးဆိုတာကို ကြောက်လို့ပါ”

“ပညာရှင်တွေ သတိထားစရာပေါ့။ မြန်မာနိုင်ငံလို အဖျက်ဆီးခံထားရတဲ့စနစ်နဲ့ တည်ဆောက်ထားတဲ့ တိုင်းပြည်ကိုကြည့်ပါ။ ပြည်သူတွေကို ဆင်းရဲအောင် ပြုလုပ်ထားတဲ့အတွက် ငွေရပြီးရောဆိုပြီးသိက္ခာကို ဘေးချိတ်ကာ အလုပ်လုပ်ကြတာတွေ အများကြီးရှိခဲ့ပါတယ်။ ဒီလိုမျိုး အဖျက်ဆီးခံထားရတဲ့ ပြည်သူတွေကို ဘယ်လိုအုပ်ချုပ်မှာလဲ”

“ကိုဘသစ်ရေ၊ ဦးပွင့်ကောင်းရဲ့ ငါးပိနဲ့ ငံပြာရည်စက်ရုံကို တပ်မတော် ငါးပိနဲ့ ငံပြာရည်စက်ရုံလို့ အမည်ပြောင်းလိုက်လို့ရတယ်။ ဘာမှလည်း အခက်အခဲမရှိပါဘူး။ ငါးပိတွေညံ့မယ်။ ငံပြာရည်တွေ ညံ့မယ်ဆို ရင်ကော။ လွယ်လွယ်လေးပဲလေ၊ ထိုင်းက ငံပြာရည်တွေ ငါးပိတွေဝယ်ယူစားသုံးရင် ပြီးတာပါပဲ”

“မြန်မာပြည်ကျတော့ကော ဦးပွင့်ကောင်း ငံပြာရည်လိုလုပ်လို့ရမလား”

“ထိုင်းနဲ့နီးတဲ့ တနင်္သာရီနဲ့ ကရင်ကို ထိုင်းကယူ၊ ရှမ်းနဲ့ကချင်ကို တရုတ်ကယူ၊ ချင်းနဲ့ရခိုင်ကို အိန္ဒိယတို့၊ ဘင်္ဂလားဒေ့ရှ်တို့ ယူဆိုပြီး လုပ်လို့မရဘူး”

“ရက်စက်လိုက်တာ ဆရာညိုရယ်၊ ကြားတာနဲ့ ကြက်သီးပါထတယ်။”

“ဟုတ်ပါတယ်။ ကျွန်တော်တို့ သမဝါယမဆိုင်တွေဟာ အသင်းအနေနဲ့ မတည်ရှိတော့ပေမဲ့ ဒီအတိုင်းပဲ ငှားထားတယ်။ ပိုက်ဆံရတာပေါ့။ ကြေးမုံတို့၊ မြန်မာ့အလင်း သတင်းစာတို့ဆိုလည်း ဒီလိုပါပဲ။ ကြော်ငြာတွေဒီလောက်ရနေတာတောင် ရှုံးနေတယ်တဲ့”

“ဒေါ်လာဈေးတက်ရင်  စက္ကူဈေးတက်ဦးမယ်။ ဒီတော့ပိုရှုံးတော့မှာပေါ့။ ဒီတော့ သတင်းစာတွေကို ပြည်သူတွေကို ပြန်ပေးလိုက်ပေါ့”

“ဒါဆိုပြောကြပေါ့ဗျာ”

“မဟုတ်ဘူးလေ။ ကျွန်တော်တို့လည်း ပြောမိမှာစိုးရိမ်လို့ပါ”

“ခင်ဗျားက မြန်မာပြည်ကြီးကို အငှားချတော့မလို့လား”

“ဘာအခုမှ ကြောက်နေတာလဲ”

“တကယ်တော့ တရုတ်ပြည်ကြီးဆိုတာ အကြီးကြီးလေ”

“ဟုတ်တယ် တရုတ်တွေက ပြည်ကြီးလို့ ခေါ်တယ်”

“အမေရိကန်ပြည်ထောင်စုဆို အကြီးကြီးပဲ”

“မှန်တာပေါ့။ အမေရိကန်ဆိုတာ ပြည်နယ် ၅၁ ပြည်နယ်ရှိတာပဲ။ အရှေ့ဖက်ကမ်းခြေက အနောက်ဖက်ကမ်းခြေဟာ တကယ်အဝေးကြီးနာရီ (Time Zone) သုံးခုတောင် ရှိတယ်”

“ဥပမာပြပါဦး”

“ကျွန်တော်တို့ မြန်မာပြည်ကအနောက် ဘက်ကမ်းခြေဆိုပါတော့။ မြန်မာပြည်ကနေ ဂျပန်ကိုရောက်အောင်သွားမယ်”

“အနောက်ကမ်းကို ရောက်ပြီလား”

“မရောက်သေးဘူး”

“အဲဒီလောက်တောင်ကြီးလား”

“ဟုတ်တယ်။ ဒီလောက်ကြီးတဲ့ နိုင်ငံတွေကို တိုးတက်အောင်အုပ်ချုပ်နိုင်တယ်”

“တော်တာပဲ”

“စင်ကာပူဆိုတာ သေးသေးလေး၊ သူဟာချမ်းသာတဲ့ နိုင်ငံဖြစ်တယ်”

“သူ့မှာ ဘာသယံဇာတရှိလဲ”

“သူ့မှာ လူသယံဇာတကလွဲရင် ဘာသယံဇာတမှ မရှိဘူး။ Human Resource ပဲ ရှိတယ်”

“တိုင်းပြည်ဟာ ကြီးကြီးငယ်ငယ်၊ သယံဇာတရှိရှိမရှိရှိ၊ လူနည်းနည်းများများ အောင်မြင်တဲ့ နိုင်ငံဖြစ်လို့ရတယ်”

“တစ်ချိန်က အာရှတိုက်မှာ ပညာတတ် အများဆုံး၊ ကျိုးကြောင်းဆင်ခြင်မှုတွေ လုပ်နိုင်ဆုံးနိုင်ငံတစ်ခုပါ။ Resource တွေ ရနိုင်တဲ့ အနေအထားတွေမှာ ဘာလို့ Fail State ဖြစ်ရမှာလဲ”

“ကျွန်တော်တို့ခေတ်ကျမှ ညံ့ရတော့မှာလား”

Most Recent