မြန်မာပန်းချီနှင့် ပညာမင်းကြီး ဦးဘ

မြန်မာပန်းချီနှင့် ပညာမင်းကြီး ဦးဘ
Published 5 July 2018

ပညာမင်းကြီး မဟာသရေစည်သူ ဒေါက်တာဦးဘ (ပုံကြီး) ပန်းချီဦးဘကြည် သရုပ်ဖော်သော ဆရာကြီးဦးဘ၏ ကျောင်းသုံး စာအုပ်တစ်အုပ် (ပုံသေး)

စစ်ကြိုခေတ် ပညာရေးပါရဂူဆရာကြီး စည်သူဦးဘသည် ပညာရေးလောကကောင်းကျိုးအတွက် မြန်မာပန်းချီပညာရှင်များကို ပညာရေးနယ်ပယ်တွင် အံဝင်ခွင်ကျ အသုံးချခဲ့သူ ဖြစ်သည်။ ဆရာကြီးဦးဘသည် ဆရာ ဖြစ်သင် ကောလိပ်ဆိုသည်မှာ ဆရာ၊ ဆရာမလောင်းများကို မွေးထုတ်ရာဌာနဖြစ်သည်။ ပညာရေးရိပ်သာ နယ်ပယ်ဝန်းကျင်တွင် သာယာလှပအောင် ဖန်တီးပေးသင့်သည်။ ကြည်နူးဖွယ်ရာဖြစ်သော ပတ်ဝန်းကျင်သည် ပညာသင်ကြားရေးအတွက် အရေးပါ အရာရောက်သည်ဟူသော အယူအဆရှိသူဖြစ်သည်။ ဆရာကြီးသည် ပညာရေး၊ စာပေပညာရပ်သာမက၊ ဓာတ်ပုံပညာ၊ ရုပ်ရှင်ပညာ၊ လက်ရေးတိုပညာ၊ လက်နှိပ်စက်ပညာများ တွင်လည်း ထူးချွန်သည့်အပြင် ပန်းချီနှင့် ဒီဇိုင်းပညာရပ်တို့တွင်လည်း နှံ့စပ်သူတစ်ဦး ဖြစ်သည်။ ပန်းချီပညာရှင်များဖြစ်သော ဦးဘဇော်၊ ဦးဘဉာဏ်၊ ဦးဘကြည်တို့ကို ကောလိပ်တွင် ပန်းချီပညာပို့ချစေခဲ့ပြီး အနုပညာ ဆန်သော ပတ်ဝန်းကျင်ကို ဖန်တီးစေခဲ့သူဖြစ်သည်။

ဆရာကြီးဦးဘမတိုင်မီ ဆရာအတတ်သင် ကောလိပ်ကျောင်းအုပ်မှာ အင်္ဂလိပ်လူမျိုး ဒေါက်တာကလပ်ဖြစ်သည်။ ထိုစဉ်က ဆရာကြီးဦးဘမှာ ရာဇဝင်နှင့် ပထဝီကထိက ဖြစ်သည်။ ဆရာကြီးဦးဘသည် ဆရာဖြစ်သင်ကောလိပ်ကို အလှအပအမျိုးမျိုးဖြင့် တန်ဆာဆင်လိုသူဖြစ်သည်။ သို့သော် အခြေအနေက မပေးခဲ့။ ပန်းချီဦးဘဇော်မှာ ကျန်းမာရေး မကောင်းသဖြင့် ဦးဘ၏စိတ်ကူးယဉ်အိပ်မက်များကို အကောင်အထည်ဖော်ရန် အခွင့်မသာခဲ့ပေ။ ဒေါက်တာကလပ် ပင်စင်ယူသွားသောအခါ မစ္စတာစကော့က ကျောင်းအုပ်ကြီးဖြစ်လာသည်။ မစ္စတာစကော့သည် ခြောက်လခန့်အမှုထမ်းပြီး မကျန်းမာသဖြင့် ဆရာကြီးဦးဘက ကျောင်းအုပ်ကြီးဖြစ်လာခဲ့ သည်။ ဆရာကြီးသည် 'ချမ်းမြေ့ကြည်နူးဖွယ်ရာဖြစ်သော ပတ်ဝန်းကျင်သည် ပညာသင်ကြားရေးတွင် အရေးပါအရာရောက်သည့် ဒေါက်သဖွယ်ဖြစ်သည်' ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ပြုလေသည်။ အနုပညာမပါသော ပညာရေးသည် ဘက်စုံပညာရေးမဟုတ်ဆိုသည့် အယူအဆကို  လက်ခံယုံကြည်သူလည်းဖြစ်သည်။

ဆရာကြီးဦးဘသည် ပန်းချီဦးဘဉာဏ်ကိုခေါ်ယူကာ သူ၏ စိတ်ကူးနှင့်အစီအစဉ်များကို ရှင်းပြခဲ့သည်။ ကျောင်းတွင်းမွမ်းမံရေးကို ဆရာကြီးက အသေးစိတ်ရေးဆွဲကာ ဦးဘဉာဏ်နှင့် ညှိနှိုင်းသည်။ ပန်းချီခန်းမ၊ ရာဇဝင်ခန်းမ၊ ရုပ်ရှင်ပြခန်းနှင့် ဧည့်ခန်းဆောင်တို့ကို ပန်းချီကားကြီး၊ ကားငယ်များဖြင့် မွမ်းမံရန် စီစဉ်ကြသည်။ မျူရယ်ခေါ် နံရံပန်းချီသဘောမျိုးကိုလည်း ပန်းချီခန်းမတွင် ရေးခြယ်ရန် ဦးဘက စီစဉ်သည်။ ဆရာကြီးဦးဘသည် နှုတ်မှပို့ချမှုဖြင့်သာမဟုတ်ဘဲ ကျောင်းပရိဝုဏ် တစ်ခုလုံးရှိ အကြောင်းအရာအားလုံးက ပညာသင်ယူရေးအတွက် အထောက်အကူ ဖြစ်စေရမည်ဟု မိန့်ဆိုခဲ့သည်။ ကျောင်းနံရံများကို အလွတ်မထားစေဘဲ မြေပုံများ၊ ပန်းချီ ကားချပ်များဖြင့် ကလေးများ၏သင်ယူနိုင်မှုကို အားဖြည့်ပေးရန် အရေးကြီးကြောင်း ဆိုခဲ့သည်။

ပန်းချီဦးဘဉာဏ်မှာလည်း ဆရာကြီး၏ ရည်ရွယ်ချက်များကို စိတ်ပါဝင်စားခဲ့သည်။ နံရံပန်းချီကားကြီးများ ရေးဆွဲခွင့်ကြုံသဖြင့် ဝမ်းသာအားရဖြစ်မိသည်။ ပန်းချီခန်းမကြီးတွင် ရေးခြယ်ရန် အဓိကအားဖြင့် နံရံပန်းချီ ကားကြီးနှစ်ချပ် သတ်မှတ်ထားသည်။ တစ်ပုံမှာ တောတောင်များအတွင်း ငှက်အမျိုးမျိုး၊ သမင်၊ ဒရယ်၊ ချေငယ်၊ စိုင်၊ ဆတ်၊ ဆင်၊ မြင်း စသည့် တိရစ္ဆာန်များကို အသားပေးရေးဆွဲသော တောသဘာဝသရုပ်ဖော်ပုံဖြစ်ပြီး ကျန် တစ်ပုံမှာ မြန်မာ့ထွက်ကုန်နှင့် မြန်မာ့ဓလေ့ သရုပ်ဖော်ပုံဖြစ်သည်။ တစ်ခန်းလုံးကို ကြည့်လိုက်လျှင် မြန်မာ့တောတောင်ရေမြေသဘာ၀ မြန်မာ့ထွက်ကုန်၊ မြန်မာ့ရှုခင်းနှင့် မြန်မာ့လူနေမှုစနစ်ကို ပညာပေး သရုပ်ပြသဘော ရေးခြယ်ထားသည်ကို တွေ့ရသည်။ မြန်မာပြည်တွင် ပထမဦးဆုံးသော မျူရယ်ပန်းချီဖြစ်သည့်အပြင် အစိုးရဌာန အဆောက်အုံများအနေဖြင့် မျူရယ်ကို ပထမဆုံးအသုံးပြုခြင်းပင်ဖြစ်သည်။ ဆရာကြီးဦးဘကလည်း လိုသလို ပြင်ဆင်ဖြည့်စွက်သည်။ အကြံဉာဏ် များပေးသည်။ တစ်နည်းအားဖြင့် ဆရာကြီး ဦးဘစိတ်ကူးကို ပန်းချီဆရာကြီးဦးဘဉာဏ်က ရုပ်လုံးဖော်ပေးခြင်းဖြစ်လေသည်။

ရာဇဝင်ခန်းအတွက်ကိုမူ ဆရာကြီးဦးဘက စိတ်ကူးတစ်မျိုးထုတ်ခဲ့သည်။ မြန်မာ့ ဇာတိမာန်နှင့် သမိုင်းကြောင်းကို သရုပ်ဖော် ရေးဆွဲရန် ကားသုံးချပ်အတွက် ခေါင်းစဉ်များ ရွေးချယ်ပေးသည်။ မင်းတုန်းမင်းကြီးကို နိုင်ငံခြားသားများက ဖိနပ်ချွတ်၍ ခစားနေပုံကို ဦးဘဉာဏ်ကို တာဝန်ယူရေးဆွဲစေပြီး အင်းဝတိုက်ပွဲကို ဦးဘကြည်အား ရေးဆွဲစေသည်။ ဦးသိန်းဟန်ကိုမူ တဖုဿနှင့် ဘလ္လိက ညီနောင်တို့ ဆံတော်ပင့်လာပုံကို ရေးဆွဲစေ သည်။ ထိုကားကြီးသုံးချပ်သည်လည်း သူ့ နည်းသူ့ဟန်နှင့်သူ တစ်မျိုးတစ်ဘာသာစီ အဆင့်အတန်းမြင့်ကြပေသည်။ ဧည့်ခန်းတွင်လည်း မဟာဗန္ဓုလ၊ မန္တလေးမြို့ရိုး၊ သက်ငြိမ်ပန်းချီနှင့် မြန်မာပြည်ဆိုင်ရာ ရှုခင်းများကို ရှုချင်စဖွယ် ရေးခြယ်စေခဲ့သည်။ ထိုခန်းမဆောင်လေးမျိုးတွင် ရုပ်ရှင်ခန်းမဆောင် ရေးခြယ်ပုံမှာလည်း တစ်ဘာသာဖြစ်သည်။ အရောင်အနီးအဝေး၊ မျဉ်းအနီးအဝေး ရေးဆွဲနည်းစနစ်ကို ပိုင်ပိုင်နိုင်နိုင်ရေးခြယ်ရာ နဂိုထက် တစ်ဆနီးပါးပို၍ ရှည်လျားသွားသယောင်ယောင် ထင်ရလေသည်။

ကျောင်းသို့ရောက်ဖူးသူမှန်သမျှ ဦးဘဉာဏ်၏ ပန်းချီလက်ရာများကို မကြည့်ဖူးသူ မရှိသလောက်ပင် ဖြစ်ခဲ့သည်။ စစ်ကြိုခေတ် သာယာလှပသော အဆောက်အအုံကြီးအဖြစ်လည်း ကျော်ကြားခဲ့သည်။ လူထုဦးလှနှင့် သူ ငယ်ချင်းကောလိပ်ကျောင်းသားများ၊ ပန်းချီ ဝါသနာပါသူ ဆရာ၊ ဆရာမများ၊ ကထိက ဦးလူဖေဝင်း၊ ဦးခင်ဇော်(ကေ)နှင့်ဇနီး၊ ပါမောက္ခ ဦးအောင်လှနှင့်ဇနီး၊ ပန်းချီဦးစံဝင်း နှင့်ပြင်ပမှ ပန်းချီဆရာများလည်း လာရောက် ကြည့်ရှုကြသည်။ အများဆုံး လာရောက်ကြည့်ရှုကြသူများမှာ မျက်နှာဖြူများ ဖြစ်သည်။ တက္ကသိုလ် ဒုတိယအဓိပတိဒေါက်တာ ဦးဆက်က “ဆရာဘရေ ခင်ဗျားကျောင်းကြီးရောက်မှပဲ ကျုပ်စိတ်ထဲမှာ ကြည်နူးသွားတော့ တာဘဲဗျာ” ဟု မှတ်ချက်ချခဲ့လေသည်။ သို့သော် ကောလိပ်အဆောက်အအုံကြီးနှင့် ပန်းချီကားများမှာ ဒုတိယကမ္ဘာစစ်ဗုံးဒဏ်ကြောင့် ပြိုကျပျက်စီးသွားခဲ့ရသည်။ ပန်းချီကားများကို ရေးဆွဲခဲ့သူ ပန်းချီဦးဘဉာဏ်မှာလည်း စစ်အတွင်းတွင် ကွယ်လွန်သွားခဲ့လေသည်။

စစ်ကြီးပြီးသောအခါ အဆောက်အအုံကြီးကို ပြန်လည်တည်ဆောက်ခဲ့ပြီး ဦးဘဉာဏ်၏ နေရာတွင် တပည့်ဖြစ်သူ ဦးဘကြည်ကို ခန့်အပ်ခဲ့သည်။ ဆရာ အတတ်သင်ကောလိပ်မှာလည်း ပညာရေးမဟာဌာနအဖြစ် အဆင့် တိုးမြှင့်ခဲ့သည်။ ဆရာကြီးဦးဘသည် တီတီစီဆောင် (ယခု နဝဒေးဆောင်) ဧည့်ခန်းတွင် ပညာရေးမဟာဌာန ပုံတူပန်းချီကားကြီးကို ရေးဆွဲရန် ပန်းချီဦးဘကြည်ကို တာဝန်ပေးခဲ့သည်။ ပညာရေး မဟာဌာန သင်တန်းသား များကို လက်တွေ့ကူညီရေးဆွဲစေခဲ့သည်။ ပန်းချီသင်ခန်းစာအချိန်ကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ရန် ကြံစည်ဖန်တီး ပေးခြင်းပင်ဖြစ်သည်။ ရုပ်ရှင်ခန်းကိုလည်း ကျယ်သည်ထင်ရအောင် နံရံတစ်ဖက်တွင် ပန်းချီဆွဲပေးရန် ဦးဘကြည်ကို တာဝန်ပေးသည်။ သုံးရက်မြောက်သောနေ့တွင် “ဒီနေ့ အပြီးမဆွဲနိုင်ဘူးလား” ဟု ဆရာကြီးဦးဘက မေးသည်။ ဦးဘကြည်က “ဆရာကြီး ဒီနေ့ပြီး စေချင်ရင် ပြီးနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြား သားဧည့်သည်များကို ခေါ်မပြနဲ့” ဟုဆိုသည်။ ဆရာကြီးလည်း ဦးဘကြည်ပြီးမည်ဟု အာမခံသည့်နေ့ဖြင့်ပင် ဖိတ်စာများရိုက်ကာ ဝေခဲ့လေသည်။ ပန်းချီကားများ ပြီးသောအခါ နိုင်ငံခြားသားများက ချီးကျူးကြသဖြင့် ဆရာကြီး မှာ ကျေနပ်ဝမ်းသာခဲ့ရသည်။ ဆရာကြီးဦးဘသည် သူ၏အိမ်ဧည့်ခန်းတွင်လည်း ဗျတ်ဝိဗျတ္တ ဇာတ်လမ်းသရုပ်ဖော်ပုံကို ပန်းချီဦးဘကြည်ကိုပင် ရေးဆွဲစေခဲ့သည်။

ပန်းချီဦးဘကြည် ပန်းချီကထိကအဖြစ် ဆောင်ရွက်နေစဉ် ၁၉၅၇ ခုနှစ်က ရန်ကုန်လေဆိပ် နံရံပန်းချီကားကြီးနှစ်ကား ရေးဆွဲရန် အပ်နှံခံရသည်။ ဦးဘကြည် လေဆိပ်ပန်းချီဆွဲနေစဉ် ဆရာကြီးဦးဘမှာလည်း ပညာရေး မဟာဌာန ငွေရတုသဘင်ပွဲ ကျင်းပရန်ပြင်ဆင်နေသည်။ အဆောက်အအုံ မျက်နှာစာ အဝင်၀ တစ်ဖက်တစ်ချက်ရှိ နံရံတွင် ပန်းချီ နှစ်ကားခြယ်မှုန်းရန် ဦးဘကြည်ကို တာဝန် ပေးခဲ့သည်။ ဖွင့်ပွဲမတိုင်မီ ၁၀ ရက်အလိုတွင် ဖြစ်သည်။ အကြောင်းအရာမှာ ထွန်တုံးမှ ထိပ်ဆုံးသို့ နှင့် ဆရာ၏ဂုဏ်ကို သရုပ်ဖော်မည့် ဂုတ္တိလ စောင်းဆရာကြီးနှင့် တပည့်ဖြစ်သူ မုသိလတို့ စောင်းတီးပြိုင်ပွဲ သရုပ်ဖော် ပန်းချီကားများဖြစ်သည်။

ပန်းချီဦးဘကြည်သည် မင်္ဂလာဒုံလေဆိပ် နံရံပန်းချီကားကြီးအတွက် နေ့မအား ညမနား အပြင်းအထန် ရေးဆွဲနေခဲ့ရသည်။ ဆရာကြီးဦးဘကလည်း သူ့ကျောင်းနံရံ ပန်းချီကားကြီးများ မပြီးမည်စိုးသဖြင့် လာလာကြည့်သည်။ ည ၁၀ နာရီခန့်တွင် ဆရာကြီးဦးဘ ရောက်လာပြီး ပန်းချီကားများ ဆေးသွင်းနေသည်ကိုမြင်မှ အနည်းငယ်စိတ်သက်သာရာ ရခဲ့သည်။ “မောင်ဘကြည် မီပါ့မလားကွ၊ အချိန်မရလို့ဆိုပြီး ဖြစ်ကတတ်ဆန်းတော့ မလုပ်နဲ့နော်၊ ဒါက သမိုင်းဝင်မယ့်ကားကွ” ဟု ဆိုခဲ့သည်။ ဦးဘကြည် ညဆာလျှင်စီစဉ်ပေးကြရန် တပည့်များကိုမှာပြီး ပြန်သွားခဲ့သည်။

နောက်တစ်နေ့နံနက် ပညာရေးမဟာဌာနဖွင့်ပွဲသို့ ဝန်ကြီးချုပ်ဦးနုကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ခဲ့သည်။ ဆရာကြီးဦးဘက ပန်းချီကားကြီးနှစ်ကားကို ပန်းချီဆရာ မောင်ဘကြည်က တစ်ညတည်းဖြင့်ပြီးစီးအောင် ရေးဆွဲခဲ့ကြောင်း ဦးနုကို ဂုဏ်ယူစွာပြောခဲ့သည်။ ဝန်ကြီးချုပ်ဦးနုနှင့် ဧည့်သည်တော်များမှာလည်း ပန်းချီကားများကို နှစ်သက်ချီးကျူးခဲ့ကြလေသည်။ ထိုနံရံပန်းချီများရေးရာတွင် ပါဝင်ကူညီခဲ့သော ဦးသောင်းထွဋ် (အ ငြိမ်းစားပါမောက္ခချုပ်၊ ပညာရေးတက္ကသိုလ်)က “အမတ်ကြီး ဝန်ဇင်းဖိုးရာဇာ၏ ဘဝကို သရုပ်ဖော်သည့် နံရံဆေးပန်းချီကားများကို ဆရာကြီး၏စိတ်ကူးအတိုင်း ဆရာဦးဘကြည်ကို ပညာရေးမဟာဌာန ဝင်ပေါက်မုခ်ဝဘေးရှိ နံရံများတွင် ရေးဆွဲစေခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မည်သည့်နေအိမ်တိုက်တာ အဆောက်အအုံတွင်မျှ ရေးဆွဲလေ့မရှိသည့် နံရံဆေးပန်းချီများကို ဆရာကြီး၏ နေအိမ်တိုက်တာ ဧည့်ခန်း နံရံများတွင် တွေ့ရှိရပေသည်” ဟု အမှတ် ရခဲ့လေသည်။

ဆရာကြီးဦးဘသည် ပန်းချီဦးအေးတင်ကိုလည်း ၎င်းထုတ်ဝေသော စာစောင်များအတွက် ရုပ်ပုံများရေးဆွဲစေခြင်း၊ အထက်တန်းကျောင်းအုပ်ကြီးများ ဆွေးနွေးပွဲအတွက် ပန်းချီကားများရေးဆွဲခြင်း၊ ပညာတန်စောင် ဆောင်းပါးများ သရုပ်ဖော်အတွင်း ပုံများကို ရေးဆွဲစေခြင်း စသည့်တာဝန်များကို ပေးအပ်ခဲ့သည်။ ပန်းချီဦးဘကြည်ထံတွင်လည်း ပန်းချီပညာသင်ယူရန် အပ်နှံပေးခဲ့သည်။ ထို့ကြောင့် ပန်းချီဦးအေးတင်က “ဆရာကြီး ဦးဘ၏ ချီးမြှောက်မှုဖြင့် ဤလောကတွင် ပန်းချီအေးတင်ဟူ၍ ထင်ပေါ်ခဲ့ရ၊ အသက် ရှင်နေခဲ့ရသည်” ဟု ဖွင့်ဟခဲ့ပေသည်။

ပန်းချီပညာကိုမြတ်နိုးသော ဆရာကြီးဦးဘသည် ပညာရေးနယ်ပယ်တွင် ပန်းချီပညာကို အံဝင်ခွင်ကျ အသုံးချခဲ့ခြင်း၊ ပန်းချီဦးဘဇော်၊ ဦးဘဉာဏ်၊ ဦးဘကြည်တို့ကို ပန်းချီကထိကများအဖြစ် အမှုထမ်းစေခဲ့ခြင်း၊ ပညာရေးဌာနအောက်ရှိ မူ၊ လယ်၊ ထက် ကျောင်းများတွင်လည်း ကလေးပန်းချီကို  သင်ကြားပို့ချရေးအတွက် ညွှန်ကြားခဲ့သည့် ကျေးဇူးများမှာ ကြီးမားလှသည်။ ပညာရေးတက္ကသိုလ်တွင် ပန်းချီဦးဘကြည်၏ ရာထူးကို ဆက်ခံကာ ပန်းချီကထိကအဖြစ် ဆောင်ရွက်ခဲ့သော ပန်းချီလှတင်ထွန်းက “ဆရာကြီးဦးဘ၏ ကျေးဇူးကြောင့် ဆရာအတတ်သင်ကောလိပ်ဘဝ၊ ပညာရေး မဟာဌာနဘဝ၊ ပညာရေးတက္ကသိုလ် ဘဝသုံးဘ၀ တစ်လျှောက်လုံး မြန်မာပန်းချီကျော်များ၏ အခန်းကဏ္ဍကို သမိုင်းတစ်ကွေ့ ထူးခြားဖြစ်စဉ်များအဖြစ် မှတ်တမ်းတင်ရပါသည်” ဟု ဆိုခဲ့လေသည်။

ရည်ညွန်း

ဦးဘဉာဏ်၏ဘဝနှင့်လက်ရာ (ဦးမင်းနိုင်)

ပညာမင်းကြီး မဟာသရေစည်သူ

ဒေါက်တာဦးဘ (ဦးသန်းထွတ်-အငြိမ်း စားပါမောက္ခ၊ ဒေါက်တာထူးထူးအောင်-ဒုတိယ ပါမောက္ခချုပ်-ငြိမ်း)

ပန်းချီဦးလှတင်ထွန်း၏ ပြောကြားချက်များ

Most Read

Most Recent