ဝါဆိုတရား

ဝါဆိုတရား
Published 19 June 2018

Photo: Dreamstime

(၁) မိဂဒါဝုန်ဆီ

မိဂဒါဝုန်တောထဲမှာ ဗုဒ္ဓဟာ ပဉ္စဝဂ္ဂီတွေကို ဝါဆိုလပြည့်နေ့မှာ တရားဟောခဲ့တယ်လို့ဆိုတော့ အပြန်ပြန် အလှန်လှန်ကို ဟောရမှာပဲလို့ ထင်မိတယ်။ ပဉ္စဝဂ္ဂီတွေဆိုတာကလည်း ခေသူတွေမဟုတ်လို့ ကျဉ်းထဲကျပ်ထဲရောက်မယ့် မေးခွန်းတွေကိုလည်းမေးမှာ အမှန်ပါပဲ။ ပြီးတော့ သူတို့တတွေဟာ အတ္တကိလမထာ နုရောဂေါဆိုတဲ့ အစွန်းတစ်ခုကို နင်းထားသူတွေ ဖြစ်နေကြတယ်။ ဒီအစွန်းကနေ လွတ်သွားတဲ့အတွက်တောင် ဗုဒ္ဓကို သူတို့ စွန့်ခွာခဲ့ကြသေးတာ။ ခုတစ်ခါပြန်ပြီး တွေ့ဆုံချိန်မှာ ဗုဒ္ဓက အဲဒီအကျင့်တွေကို စွန့်လွှတ်ဖို့ ပြောပြန်တဲ့အခါ သူတို့ အခက်တွေ့လိမ့်မယ်။ သူတို့ ငြင်းဆန်ကြလိမ့်မယ်။ သူတို့ နားမလည်ကြမှာလည်း အမှန်ပါပဲ။ သူတို့က တပ်မက်တတ်တဲ့ ဒီခန္ဓာကိုယ်ကြီးကို မတပ်မက်အောင် ညှဉ်းဆဲထားမှ၊ ဖိချိုးနှိပ်ကွပ်ထားမှ တော်ကာကျမယ်လို့ သဘောပေါက်ထားကြတာ မဟုတ်လား။ ခန္ဓာကိုယ်ကို မှီတွယ်ပြီး ဖြစ်ပေါ်တတ်တဲ့ ကိလေသာစိတ်ကို ခေါင်းမဖော်အောင် ခန္ဓာကြီးကို ရေစိမ်၊ မီးလှုံလုပ်ပြီး နှိပ်စက်ညှဉ်းပန်းရမယ်ဆိုတာကို တရားတစ်ခုလို သူတို့က မြင်ထားကြတာ။

ဒါကို ဗုဒ္ဓက အစွန်းတစ်ပါးလို့ ပြောလိုက်တဲ့အခါ သူတို့ အံ့သြသွားကြမယ်။ မယုံသင်္ကာ ဖြစ်သွားမယ်။ ဒါကြောင့်လည်း နာရီဝက် တစ်နာရီစာလောက်ရွတ်ရင် ပြီးသွားမယ့် ဓမ္မစက္ကပဝတ္တနာဆိုတဲ့ ဓမ္မစကြာတရားတော်ကို လေးငါးရက်လောက် ရှင်းပြယူရတာ ဖြစ်ပါလိမ့်မယ်။ ဒါတောင် ဓမ္မစကြာအပြီးမှာ သောတာပတ္တိဉာဏ်ဆီ ဆိုက်ရောက်သွားတာဟာ ကောဏ္ဍညတစ်ပါးတည်း ရှိတာပါ။ ကျန်ကိုယ်တော်တွေက အရိယသစ္စာဉာဏ်ရှင် သန်ထက်မြက်လာတဲ့ အဆင့်မှာပဲရှိသေးတာ။ အဲဒီနောက် အနတ္တလက္ခဏသုတ်ကို ဟောကြားအပြီးမှသာ လေးပါးစလုံး အရဟတ္တမဂ်ဆိုက်လို့ အငြိမ်းဓာတ်ကို ပိုင်ပိုင်နိုင်နိုင် ရရှိသွားကြတာပါ။

(၂) ဒုက္ခဖြစ်သော

ကျွန်တော်ကတော့ ဗုဒ္ဓနဲ့ အဝေးကြီးကာလက လူဖြစ်သလို ပါရမီအဟုန်ကလည်း ပါခဲ့တာမဟုတ်လို့ ပဉ္စဝဂ္ဂီတွေလို ငါးရက်အချိန်ကာလနဲ့တော့ သဘောမပေါက်နိုင်ပါဘူး။ နှစ် ၅၀ နီးပါးကြာမှ ဘဝတွေကို ဒုက္ခတွေနဲ့ တွဲနေတဲ့ ကိုယ့်ဘဝကို ပြန်လည်ရှုမြင်ရင် ဓမ္မစကြာဒေသနာကို ဟုတ်လိုက်လေလို့ လက်ခံမိတာပါ။ ဒါပေမဲ့ ဒီလိုလက်ခံလိုက်တယ်ဆိုတာဟာ အရဟတ္တမဂ်ဆိုက်ဖို့လောက်အထိတော့ မဟုတ်ပါဘူး။ ဒါက ကျွန်တော့်အတွက် မကြံအပ် မစည်ရာကြီးပါ။ အရိယသစ္စဉာဏ် ရှင်သန်ထက်မြက်လာရုံလောက် ဆိုတာတောင် မဖြစ်နိုင်သေးပါဘူး။ မရှက်တမ်း ဝန်ခံရရင် ဘဝဆိုတာကို စိတ်ပျက်သွားတာ။ စိတ်ကုန်သွားတာ။ ဘဝဆိုတာ ဘယ်မှာပျော်စရာ ရှိလို့လဲ။ ဘယ်မှာ သုခရှိလဲ။ ဘယ်မှာမှ သုခချမ်းသာ ပျော်စရာဆိုတာ စွဲစွဲမြဲမြဲ မရှိနိုင်ပါဘူးလေလို့ တွေ့ကြုံသိကနေ အကဲဖြတ်မိသွားတာလည်း ပါပါတယ်။ ဘာလို့လဲဆိုတော့ အားလုံးဟာ ဒုက္ခတွေချည်းပဲ မဟုတ်လား။ ဘယ်လို ဒုက္ခတွေလဲ။ ဒါကတော့ ဗုဒ္ဓက ပြောခဲ့တာတွေကိုပဲ ပြန်ကောက်ပြရမှာပါ။ ဖြစ်ရတဲ့ဒုက္ခ၊ အိုရတဲ့ ဒုက္ခ၊ နာရတဲ့ ဒုက္ခ၊ သေရတဲ့ ဒုက္ခ၊ မကြိုက်တာတွေနဲ့ တွေ့ကြုံရတဲ့ဒုက္ခ၊ ကြိုက်တာတွေ မရတဲ့ဒုက္ခ၊ လိုချင်တာ ဘာမှမရနိုင်၊ မဖြစ်နိုင်တဲ့ ဒုက္ခတဲ့။ ဒါတွေအားလုံးဟာ ဒုက္ခတွေချည်းပါပဲ။ နေခိုက်မှာသာ ခဏတာ သုခလေးတွေကြောင့်၊ တဒင်္ဂစာ သာယာမှုတွေကြောင့် ဘဝကို ပျော်စရာလို့ မြင်နေကြတာ။ မွေးနေ့ပွဲ ကျင်းပတာ၊ အလှူဒါနပြုတာ၊ ကျောင်းသွားတာ၊ လစာရတာ၊ အလုပ်အကိုင် အဆင်ပြေတာ၊ ကိုယ်စားချင်တာလေးနဲ့ စားရတာ၊ ကိုယ်ဝတ်ချင်တာလေးတွေ ဝတ်ရတာစတဲ့ လူမှုဘ၀ အသေးအဖွဲလေးတွေကအစ ကိုယ်လိုချင်တဲ့ဝါဒ ထူထောင်နိုင်တာ၊ ကိုယ်လိုချင်တဲ့အစိုးရ တက်လာတာ၊ ကိုယ်ကိုးကွယ်ချင်တဲ့ဘာသာ ကိုးကွယ်ရတာအဆုံး အားလုံးမှာ သူ့ရဲ့တွဲဖက်ဒုက္ခတွေ ကိန်းအောင်းနေကြတာပါ။ ဒါကို မမြင်ကြပါဘူး။ ဒါပေမဲ့ ထင်သာမြင်သာတဲ့ လက်ငင်းဒိဋ္ဌဒုက္ခမျိုးကို ကြုံတွေ့ရင်တော့ဖြင့် သြော် ဒုက္ခ ဒုက္ခလို့ မြင်တတ်ကြပါတယ်။ နာခြင်းတရားဖြစ်ဖြစ်၊ သေခြင်းတရား ဖြစ်ဖြစ်၊ စိုးရိမ်ပူပန်စရာတစ်ခုခု ဆိုက်ရောက်လာပြီ ဆိုရင်တော့ အဲဒီခါကျမှသာ ဆင်းရဲလို့ မြင်တတ်ကြတယ်။

(၃) သုခမဟုတ်သောအခါ

ဒီတော့လည်း ကျွန်တော်တို့ဟာ တစ်ခါတစ်ခါ အနုစားကစလို့ အကြီးစားအဆုံး လိုချင်မှုတွေ ရလိုက်ကြတာကို သုခချမ်းသာစစ်စစ်ကြီးလို့ ထင်မှတ်ပြီး ပျော်စရာလို့ မြင်သွားတတ်ကြတာ။ ကားစီးချင်တယ်။ ကားရသွားတယ်။ အိုးအိမ်လိုချင်တယ်။ အိုးအိမ် ရလာတယ်။ ရာထူးလိုချင်တယ်။ ရာထူးရသွားတယ်။ အာဏာလိုချင်တယ်။ အာဏာရသွားမယ်။ ဒါကို ပျော်စရာလို့ ထင်ကောင်းထင်တတ်ကြတယ်။ ဒါပေမဲ့ တကယ့်တကယ်က ရရှိလာတဲ့ ကားအတွက်၊ အိုးအိမ်အတွက် ထိန်းသိမ်းရတာတွေ၊ ဂရုစိုက်ရတာတွေဟာ ဒုက္ခတွေပါပဲ။ ရလာတဲ့ ရာထူးလေး အာဏာလေးတွေကို မြဲဖို့ကာကွယ်ရတာတွေဟာလည်း ဒုက္ခတွေပါပဲလေ။

ဗုဒ္ဓရဲ့ဒုက္ခအမြင်ဟာ လောကုတ္တရာ အမြင်အတွက် အကြွင်းမရှိပါ။ ဒုက္ခသစ္စာဟာ ချွင်းချက်မရှိလို့ ဆိုရမှာပါပဲ။ ဒါဆို ဘယ်လိုလုပ်ကြမလဲ။ ဒါကတော့ ဒုက္ခသစ္စာကို သက်ဝင်ယုံကြည်ဖို့ လိုပါမယ်။ ဘဝကို ငြိမ်းချမ်းလိုတဲ့ သဘောရှိရပါ့မယ်။ လောကီအမြင်ကိုဖယ်ပြီး လောကုတ္တရာရှုမြင်မှုကို သက်ဝင်ရပါ့မယ်။ ဒုက္ခသစ္စာကို သက်ဝင်လာတဲ့အခါ ဒီဒုက္ခတွေက လွတ်အောင်ရုန်းနိုင်ပါပြီ။ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ပါပြီ။ ဒီအတွက်ကတော့ ပေးထားတဲ့လမ်းတွေ ရှိပါတယ်။ ဒီလမ်းကို နင်းလျှောက်ပြီး ဒုက္ခကို ကျော်လွှားဖြတ်သန်းရမှာပါ။ လမ်းက ရှစ်လမ်းပါ။ တစ်ပြိုင်တည်း နင်းလျှောက်ရမယ့် ရှစ်ခုပေါင်းတစ်လမ်းပါ။ တကယ်တော့လည်း လမ်းဆိုတာက တင်စားချက်တစ်ခုပါပဲ။ အမှန်က မဖောက်ပြန်တဲ့ အမူအကျင့်၊ မှန်ကန်သင့်မြတ်တဲ့ ကံသုံးပါးပါ။ ဘယ်လိုဟာတွေလဲဆိုတော့ မဖောက်ပြန်တဲ့၊ မှန်ကန်သင့်မြတ်တဲ့ အမြင်၊ အကြံ၊ အပြော၊ အလုပ်တွေနဲ့၊ မဖောက်မပြန်တဲ့ မှန်ကန်သင့် မြတ်တာတွေကိုပဲ အားထုတ်တာ။ အောက်မေ့တာ၊ အဲဒီ မဖောက်မပြန် မှန်ကန်မှုတွေ အပေါ်မှာပဲ စိတ်ကို တည်တည်ကြည်ကြည် ထားတာတွေပါ။

(၄) အမှန်မြင်ဖို့ ကြိုးစားပမ်းစား

ဒီအထဲက အမှန်မြင်တယ်ဆိုတာဟာ မှန်ကန်တဲ့တရားတစ်ခုခုကို သစ္စာထိုက်စွာ သိနေဖို့လိုတာ အမှန်ပါ။ သမုဒယကြောင့် ဒုက္ခတွယ်တာကို အမှန်မြင်ဖို့လိုတာပါ။ ဒါကို သိမြင်လိုက်ပြီဆိုရင် လောကဟာလည်း ငြိမ်းချမ်းတဲ့လောက ဖြစ်လာနိုင်သလို၊ ကမ္ဘာဟာလည်း ငြိမ်းချမ်းတဲ့ကမ္ဘာ၊ နိုင်ငံဟာလည်း ပဋိပက္ခကင်းတဲ့ နိုင်ငံဖြစ်လာမှာပါပဲ။

မတူညီနိုင်တဲ့လောကကို တစ်ခုတည်း၊ တစ်စုတည်း သမဝါယသမ္ဗန္ဓဖြစ်ဖို့ ကျွန်တော်တို့ ဒုက္ခခံပြီး ရူးရူးမိုက်မိုက် ရှုမြင်ကြတယ်။ ပိုဆိုးတာက တစ်မျိုးတည်းဖြစ်ဖို့ ကြိုးစားနေကြတာပါပဲ။ သဘာဝဓမ္မကို နှလုံးမသွင်းဘဲ လောကကိုတစ်ခု၊ တစ်မျိုးတည်းဖြစ်ဖို့ကိုသာ စီးဖြန်းနေကြတယ်။ စူးစိုက်နေကြတယ်။ အဲဒီအခါ ကိုယ့်နဲ့ အလိုမတူရင် ဆန့်ကျင်ခြားနားတဲ့ အတွေးအခေါ်တွေကို ဗလက္ကရပြုကြတယ်။ အဓမ္မကျင့်ကြတယ်။ တကယ်တော့ လောကဆိုတာဟာ သံယောဂသမ္ဗန္ဓကြီးပါ။ မတူတာတွေ ချိတ်ဆက်ဖြစ်တည်နေတဲ့ သဘာဝပါပဲ။ အကွဲကွဲ၊ အလွဲလွဲနဲ့ သူ့အကြောင်း တရားနဲ့သူ ဖြစ်တည်နေကြတာပါပဲ။ ဗုဒ္ဓဟာ ဒီကိစ္စနဲ့ပတ်သက်ရင် ခေါင်းရှင်းပါတယ်။ ငါ့ အယူအဆသာ မှန်တယ်၊ ငါ့အယူမှ ငါ့အယူ ဆိုတာမျိုး ဘယ်တော့မှ မလုပ်တတ်ပါဘူး။ ပြောတာကို မယုံလည်း ပြဿနာ မဟုတ်ပါဘူး။ ယုံချင်မှ ယုံ၊ လက်ခံချင်မှ လက်ခံပါ၊ ရပါတယ်ဆိုတာမျိုးပါ။ ငါ့တရားကို ယုံဖို့ ငါ ဘုရား စစ်ချီတော်မူမယ်ဆိုတဲ့ အတန်းအစား မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီနေရာမှာ ပြောစရာ တစ်ခုရှိတာက ဘုရားသဘောအရ ယုံလောက်တဲ့သူမှ၊ လက်ခံမယ့်သူမှသာ တရားကို ဖြန့်ဝေတာပါ။ ဒါပေမဲ့ ယုံလောက်တဲ့သူလား၊ လက်ခံမယ့်သူလားဆိုတာကိုတော့ ကျွန်တော်တို့ အဆင့်လောက်တွေက ယတိပြတ် မဆုံးဖြတ်နိုင်ပါဘူး။ ဒါက ဘုရားဉာဏ်ရမှ ဖြစ်မယ့်ဟာကိုး။ ဒီတော့ ကျွန်တော်တို့ကျတော့ ဘာလုပ်ရမှာလဲ။ ကိုယ်ဆုပ်ကိုင်ထားတဲ့ အမှန်တရားကို လက်ခံချင်မှန်း မသိ၊ လက်မခံချင်မှန်း မသိဘဲ လိုက်ပြောနေရမှာလား။ ကိုယ် မှန်တယ်၊ သူ မှားတယ် မြင်နေကြမလား။ ကိုယ့်အမှန်တရားကို အလိုမတူ သွတ်သွင်းနေမလား။ သွတ်သွင်းလို့မရရင် ကျွန်တော်တို့ ဒုက္ခရောက်ရပါမယ်။ စိတ်သောက ဖြစ်ကြရပါမယ်။ ဒေါသအမျက်တွေ လှိုင်လှိုင်ထွက်ရပါ့မယ်။ အဲဒီတော့ ကျွန်တော်တို့ လုပ်ထိုက်တာ၊ လုပ်သင့်တာက လောကဟာ မတူကွဲပြားမျိုးစုံပါလား ဆိုတာကို နှလုံးပိုက်မိဖို့ပါ။ သူ ကိုယ့်နောက်လိုက်လာမယ့် အမှန်တရားထက် သူ့မှာလည်း ဖြစ်တည်ခွင့်ရှိတာပဲဆိုတာကို ရှုမြင်လိုက်တာက ကိုယ့်အတွက် အကောင်းဆုံးဖြစ်မှာပါ။ အငြိမ်းချမ်းဆုံးဖြစ်တာပါ။ အမှန်မြင်တယ်ဆိုတဲ့ကိစ္စမှာ ဗုဒ္ဓဘုရား အာနန္ဒာကို ရွက်ကြွေတောတစ်ခုမှာ ပြောခဲ့သလို “ငါ ဘုရား ဟောခဲ့တဲ့ အမှန်တရားတွေအပြင် ငါဘုရား မပြောခဲ့သေးတဲ့ အမှန်တရားတွေကလည်း အများကြီး ရှိနေသေးတယ်” ဆိုတာကို နှလုံးသွင်းပါတယ်။

ကာပဋိကဆိုတဲ့ ၁၆ နှစ်သား ချာတိတ်လေးကို ဗုဒ္ဓပြောသွားတာလေးကို ဆက်လက် နှလုံးသွင်းကြည့်မိတယ်။ မျက်မှောက်မှာကိုပဲ လာပြောနေသလိုခံစားမိပြီး ကြက်သီးဖြန်းဖြန်းထ ကြည်နူးရတယ်။ ဗုဒ္ဓက ကာပဋိကကို သစ္စာစောင့်သိသူဟာ ငါ့ အယူသာ မှန်တယ်။ တခြားဟာတွေ မှားတယ်၊ အလကားပဲလို့ မဆုံးဖြတ်ရဘူးတဲ့။ ဒီစကားက ကျွန်တော်ကို ကျွတ်သွားစေတယ်ဆိုရမလား။ တွေဝေသွားစေတယ် ပြောရမလား။ နေရာတကာ ကိုယ့်ပေတံလေးကို ထုတ်ထုတ်ပြီး တိုင်းတတ် ထွာတတ်တဲ့ ကျွန်တော့် ဗဟိုသိစိတ်မှာ ခပ်ပြင်းပြင်း လှုပ်သွားတဲ့ ငလျင်တစ်ခုလို့ ဆိုရမလား။ ဒါကိုကျွန်တော် ရအောင် နှလုံးသွင်းဖို့ ကြိုးစားကြည့်ဦးမယ်။ အဲဒီသစ္စာကို စောင့်သိနိုင်ဖို့လေ။

Most Recent