ASEAN CEO စစ်တမ်း၊ ပိုဝင်နိုင်တဲ့ အိမ်ရာကဏ္ဍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ စားသုံးသူ အခွင့်အရေး

ASEAN CEO စစ်တမ်း၊ ပိုဝင်နိုင်တဲ့ အိမ်ရာကဏ္ဍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ စားသုံးသူ အခွင့်အရေး
Published 29 April 2018

ရန်ကုန်မြို့ရှိ ရတနာနှင်းဆီအိမ်ရာ စီမံကိန်းအား တွေ့ရစဉ်

လှိုင်သာယာမြို့နယ်က ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှုကြောင့် ရန်ကုန်တစ်မြို့လုံး မီးခိုးငွေ့ဖုံးလွှမ်းခဲ့သလို လူ ၅၀ လောက် ဆေးရုံတက်ခဲ့ရတဲ့ဖြစ်စဉ်နောက်ကွယ်မှာ ဒီမီးလောင်မှုဟာ ရိုးရိုးဖြစ်စဉ်မဟုတ်ဘဲ Bus Terminal ဆောက်ချင်လို့ မီးရှို့တာဆိုတာတွေကလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ ဒီလို ပျံ့နှံ့မှုဖြစ်စဉ်နဲ့အတူ တစ်ဖက်မှာလည်း ဒီလိုမီးလောင်မှုဟာ ဘာကြောင့်လောင်တယ်ဆိုတာ တိတိပပ မသိရသေးတာနဲ့ ကိုးနဝင်းကျမယ့် ကိုးရက်မြောက်နေ့မှာမှ မီးငြိမ်းမလားဆိုတဲ့ တွေးထင်မှုတွေကလည်း Bus Terminal ဆောက်မှာဆိုတဲ့ ကောလာဟလနဲ့အတူ ရှိနေပါတယ်။

ထိန်ပင်အမှိုက်ပုံမီးလောင်မှုဟာ လွယ်လွယ်ငြှိမ်းသတ်မရတာကြောင့် Bio Foam ဂါလန် ၇၀၀၀ လောက် ဝယ်ယူငြှိမ်းသတ်ခဲ့ရတာကြောင့် တစ်ဖက်မှာ ကုန်ကျစရိတ် မြင့်တက်ခဲ့သလို Bus Terminal နဲ့ ပတ်သက်ပြီးလည်း YRTA အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က Facebook သတင်းတွေမမှန်ပါဘူးလို့ ပြောဆိုခဲ့တာကြောင့် ကောလာဟလ တချို့ပြန်လည်ငြိမ်သက်သွားပေမယ့် မီးလောင်ကျွမ်းမှုဖြစ်ပြီးသွားတဲ့ ထိန်ပင်အမှိုက်ပုံက မြေဧက ၁၀၀ လောက်နေရာမှာ ဘာဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

သြင်္ကန်ပြီးကာလတွေဟာ အရုပ်ကြိုးပြတ်ဖြစ်တတ်တဲ့ မြန်မာ့ထုံးစံအတိုင်း ဘာတစ်ခုမှ လှုပ်လှုပ်ခတ်ခတ် သိပ်မရှိတဲ့ ဧပြီလတွေထုံးစံအတိုင်း မြန်မာ့စီးပွားရေးဖြစ်စဉ်တွေဟာ အကျဘက်မှာပဲ ထုံထုံလေးလေး ဖြစ်နေပါတယ်။ ဒီအချိန် ကမ္ဘာ့မျက်နှာစာကို ပြန်ကြည့်မယ်ဆိုရင် တောင်ကိုရီးယားနိုင်ငံမှာ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားက နိုင်ငံ့ခေါင်းဆောင်တွေဟာ သမိုင်းဝင် တွေ့ဆုံခဲ့ပြီး ကိုရီးယားစစ်ပွဲကို ထာဝရ အဆုံးသတ်စေရေး ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိဖို့နဲ့ နျူကလီးယား ကင်းစင်ရေးအတွက် ကတိပြုခဲ့ကြတာဟာ မငြိမ်းချမ်းနိုင်သေးတဲ့ မြန်မာနိုင်ငံအတွက်တော့ အားကျစရာ ဖြစ်ခဲ့ပါတယ်။

နှစ်ဖက်စလုံးမှာ Conflict of Interest တွေ ရှိနေတဲ့ မြန်မာ့ငြိမ်းချမ်းရေးဟာ ဘယ်တော့မှ ပုံပေါ်မလဲဆိုတာ မသိရသေးပေမယ့် တတိယအကြိမ် ပင်လုံကျင်းပဖို့ စတင်တော့မယ့် ဒီရက်သတ္တပတ်မှာ မြန်မာ့စီးပွားရေး ပွင့်လင်းမြင်သာမှုနဲ့ အခွန်ကောက်ခံမှုအပေါ်မှာ အကောင်းမြင်မှု နည်းပါးနေတယ်ဆိုတဲ့ ASEAN CEO စစ်တမ်း၊ မေးခွန်းထုတ်စရာ ဖြစ်နေဆဲဖြစ်တဲ့ စားသုံးသူ အခွင့်အရေးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုဝင်လာနိုင်တယ်ဆိုတဲ့ အခြေအနေတွေကို တင်ပြချင်ပါတယ်။

ASEAN CEO စစ်တမ်း

Doing Business ကလွဲရင် ဘယ်လိုစစ်တမ်းကိုမှ အလေးမထားချင်တဲ့ တိုင်းပြည်တစ်ခုအနေနဲ့ ကနဦးပြောရမှာကတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေဆိုတာ ဘက်စုံစိစစ်လေ့လာပြီး သူတို့ရင်းနှီးမြှုပ်နှံမှုတွေ မထိခိုက်နိုင်ဘူးဆိုမှ လာမြှုပ်နှံတာပါလို့ ပြောချင်ပါတယ်။ စစ်တမ်းတွေ ထွက်လာတယ်။ သူ့ဘာသာလုပ်တဲ့ စစ်တမ်းပဲငါတို့နဲ့ ဘာဆိုင်လို့လဲဆိုပြီး မထီမဲ့မြင်နေတယ်။ ဒီလို ပေယျာလကန်လုပ်ခြင်းရဲ့ အကျိုးဆက်က ဒီအစိုးရဟာ စီးပွားရေး နားမလည်ဘူး။ ဝေဖန်သံတွေကို နားမထောင်တတ်ဘူးဆိုတဲ့ ထင်မြင်မှုတွေပဲ ပြန်ပြန်ရလာပြီး နောက်ဆုံးမှာတော့ မြန်မာနိုင်ငံဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျဆင်းရတယ်ဆိုတဲ့ နိုင်ငံအဖြစ် ရောက်ရှိသွားစေပါတယ်။

Oxford Business Group က ထုတ်ပြန်ခဲ့တဲ့ ASEAN CEO စစ်တမ်းမှာဆိုရင် နိုင်ငံခြောက်ခု ဖြေဆိုသူတွေရဲ့ ၃၁ ရာခိုင်နှုန်းက လုပ်သားတွေ ဦးစီးဦးဆောင်နိုင်မှုက အလိုအပ်ဆုံးသော ကျွမ်းကျင်မှုအဖြစ် သတ်မှတ်ခဲ့ကြပြီး သူ့နောက်မှာ အင်ဂျင်နီယာပညာရပ်က ၂၈ ရာခိုင်နှုန်း၊ သုတေသနနဲ့ ဖွံ့ဖြိုးရေးက ၁၅ ရာခိုင်နှုန်း အသီးသီး ရပ်တည်ခဲ့တယ်လို့ ဆိုပါတယ်။ အဓိက လိုအပ်ချက်ဖြစ်နေတဲ့ ကျွမ်းကျင်မှုလိုအပ်ချက်တွေကို ဖြေရှင်းနိုင်ခြင်းမရှိရင် အာဆီယံဒေသအတွင်း အခြားယှဉ်ပြိုင်ဘက်နိုင်ငံတွေထက် နောက်ကျကျန်ရစ်နေမယ်ဆိုတဲ့ အချက်ကို မီးမောင်းထိုးပြခဲ့တယ်လို့ စစ်တမ်းကဆိုပြီး မြန်မာနိုင်ငံလို ကျွမ်းကျင်လုပ်သား ရှားပါးမှုပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံဟာ ဘာတွေကို ဦးစားပေး လုပ်သင့်တယ်ဆိုတာ မြင်ရမှာဖြစ်ပါတယ်။

ပွင့်လင်းမြင်သာမှုကို မေးတဲ့အခါမှာ စီးပွားရေး ခေါင်းဆောင်တွေရဲ့ ၄၇ ရာခိုင်နှုန်းက သူတို့လုပ်ငန်း ဆောင်ရွက်နေတဲ့ သက်ဆိုင်ရာ ဈေးကွက်တွေအတွင်း ပွင့်လင်းမြင်သာမှု အဆင့်အတန်းဟာ ဒေသတွင်းနဲ့ နှိုင်းယှဉ်ရင်မြင့်မားတယ်။ ဒါမှမဟုတ် အလွန်မြင့်မားတယ်လို့ ဖြေကြားခဲ့ပြီး ၄၁ ရာခိုင်နှုန်းက နည်းပါးတယ်။ အလွန်နည်းပါးတယ်လို့ ဖြေပါတယ်။

အခွန်ငွေကောက်ခံမှု သဘာဝကျမှု ရှိ မရှိ မေးမြန်းရာမှာ ဖြေဆိုသူတွေရဲ့ တစ်ဝက်လောက်က သူတို့နိုင်ငံတွေရဲ့ အခွန်ကောက်ခံမှုက တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ နှိုင်းယှဉ်မယ်ဆို အလွန်သဘာဝကျမှု မရှိလို့ ဖြေကြားခဲ့ပြီး ၄၁ ရာခိုင်နှုန်းကတော့ သဘာဝကျတယ်လို့ ဖြေကြားခဲ့ပါတယ်။ အစိုးရတစ်ရပ်ရဲ့ စွမ်းဆောင်မှုဖြစ်တဲ့ စီးပွားရေးဆိုင်ရာ ပွင့်လင်းမြင်သာမှုနဲ့ အခွန်ကောက်ခံမှုအပေါ် မြန်မာ CEO တွေက အကောင်းမြင်မှု နည်းပါးနေကြပြီး ဒီလိုမျိုး မြန်မာ CEO တွေ ကိုယ်တိုင်က ကိုယ့်နိုင်ငံရဲ့ စွမ်းဆောင်ရည်အပေါ် စိတ်ပျက်သံထွက်နေခြင်းဟာ သူတို့နဲ့ အမှီပြု ချိတ်ဆက်ဝင်လာမယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို နောက်တွန့်စေဖို့ကလွဲရင် ဘာမှအကျိုးမရှိပါဘူး။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ နောက်ဆုတ်သွားတာနဲ့ ဒီလိုနိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအပေါ် မှီနေရတဲ့ မြန်မာ့စီးပွားရေးကျဆင်းမှု ဂယက်ကလည်း အရှိန်အဟုန်မပြတ် ဆက်ရှိနေမယ်ဆိုတာကို တာဝန်ရှိသူတွေ သိနားလည်ပါစေလို့ ဆုတောင်းချင်ပါတယ်။

ပိုဝင်နိုင်တဲ့ အိမ်ရာကဏ္ဍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

“အိမ်ခြံမြေကဏ္ဍက မနှစ်ကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍ ကောင်းတယ်။ ဒီနှစ်လည်း ကောင်းမယ်လို့မြင်တယ်။ ကောင်းမယ်လို့ မြင်တာကတော့ အကြောင်းမျိုးစုံ ရှိတာပေါ့။ ပထမတစ်ချက်က ကွန်ဒိုမီနီယံနဲ့ ပတ်သက်တဲ့ နည်းဥပဒေတွေထွက်တယ်။ အဲဒီအတွက် နိုင်ငံခြားသားတွေက ကွန်ဒိုမီနီယံမှာ ဝယ်လို့ရသွားတဲ့ အနေအထားမျိုး ပေါ်လာတယ်။ ကွန်ဒိုမီနီယံဥပဒေ ပေါ်လာတဲ့အတွက်ကြောင့် ဘာပဲပြောပြော ဥပဒေပိုင်းဆိုင်ရာမှာ အားကောင်းလာတယ်။ အဲဒီအတွက်ကြောင့်မို့ ဒါက Real Estate ကဏ္ဍကြီးတစ်ခုလုံးကို ပိုပြီးအထောက်အကူပြုတာပေါ့။ နှစ်အချက်က ရန်ကုန်တိုင်းအစိုးရက အကောင်အထည်ဖော်မယ့် လုပ်ငန်းတွေရှိတယ်။ ရှိတဲ့အတွက်ကြောင့် ဒီကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု ပိုပြီးဝင်လာမယ်။ နောက်တစ်ချက်ကတော့ နိုင်ငံဝန်ထမ်းတွေအတွက် အိမ်ရာစီမံကိန်းတွေ လုပ်မယ်ဆိုတာတွေ ရှိလာတဲ့ ဒီကဏ္ဍက မနှစ်ကထက်စာရင် ဒီနှစ်ပိုကောင်းလာမယ်လို့ သုံးသပ်ပါတယ်” လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဆိုပါတယ်။

အသေအချာ ပြန်တွေးမယ်ဆိုရင် ဦးသိန်းစိန်အစိုးရလက်ထက်ကထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျဆင်းလာတာကို NLD အစိုးရလက်ထက်မှာ မြင်ရမှာဖြစ်ပေမယ့် လာမယ့်ကာလတွေမှာ ကွန်ဒိုမီနီယံဥပဒေ၊ အိမ်ရာစီမံကိန်းတွေ ရန်ကုန်မြို့သစ်တွေက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို မြင့်တက်လာစေမလား ဆိုတာကတော့ စိတ်ဝင်တစား စောင့်ကြည့်ချင်စရာ ဖြစ်နေပါတယ်။

လိုအပ်နေဆဲ စားသုံးသူအခွင့်အရေး

ထိန်ပင်မီးပုံဘေးမှာ မီးခိုးဒဏ်ခံနေရတဲ့ ပြည်သူတွေကို လေးရက်လောက်ကြာတဲ့အထိ တာဝန်ရှိသူတွေက ဖြေရှင်းမှု၊ ဖြေသိမ့်မှု၊ ကုစားမှု မလုပ်ခဲ့တာကြောင့် အစိုးရတစ်ရပ်ရဲ့ တာဝန်ပျက်ကွက်တယ်။ ပေါ့လျော့တယ်။ စားသုံးသူအခွင့်အရေး ချိုးဖောက်ခံရတယ်လို့ ဝေဖန်သံတွေ ရှိခဲ့ပါတယ်။

ပြည်သူတွေက အခကြေးငွေပေးပြီး ရယူတိုင်းမှာ ထိုက်တန်တဲ့ ဝန်ဆောင်မှုမရတဲ့ ကဏ္ဍတိုင်းဟာ စားသုံးသူအခွင့်အရေးပဲဆိုတဲ့ အခြေခံသဘောတရားကိုတောင် နားမလည်လောက်အောင် ပုံဖျက်ခံထားရပြီး လုပ်ငန်းရှင်တွေနဲ့ အစိုးရတစ်ရပ်ရဲ့ မလုပ်ဆောင်နိုင်တဲ့ အခြေအနေတွေအောက်မှာ နေနေခဲ့ရတဲ့ ပြည်သူတွေအနေနဲ့ ၂၀၁၅ လောက်ကစပြီး စားသုံးသူ အကာအကွယ်ပေးရေးဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် သိစပြုလာသလို တစ်ဖက်မှာလည်း စားသုံးသူရေးရာဦးစီးဌာနက အလုပ်လုပ်စပြုလာခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

အသိသာဆုံးဖြစ်စဉ်အဖြစ် တစ်နိုင်ငံလုံးကို ထုတ်လွှင့်နေတဲ့ Forever Group ရဲ့ ရုပ်သံလိုင်းတွေကို ပြင်သစ်အခြေစိုက် ရုပ်သံကုမ္ပဏီ Canal+ Group တို့ ပူးပေါင်းပြီး Canal+Myanmar FG အခပေး ရုပ်သံလိုင်းအဖြစ် ပြောင်းလဲထုတ်လွှင့်ရာမှာ ပြည်သူတွေဘက်က ကြိုက်နှစ်သက်မှုမရှိလို့ တိုင်ကြားမှုတွေ ရှိလာချိန်မှာ စားသုံးသူရေးရာ ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးလှမော်ဦးက Forever Group အမှုဆောင်အရာရှိချုပ် ဦးဝင်းမော်နဲ့ Canal+Myanmar FG က တာဝန်ရှိသူတွေကို နေပြည်တော်ဆီခေါ်ပြီး ပြည်သူတွေဘက်က တောင်းဆို ဆွေးနွေးမှုတွေ ပြုရာမှာ Forever Group ဘက်က ပြည်သူတွေရဲ့ နစ်နာမှုတွေ ကုစားပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ ဒီလို ကတိပြုခဲ့တာကြောင့် စားသုံးသူရေးရာဦးစီးဌာနက စောင့်ကြည့်နေခဲ့ပေမယ့် Forever Group ဘက်က အမှန်တကယ် လုပ်ဆောင်မှု မရှိတာကို ထပ်ဆင့်တိုင်ကြားမှုတွေ ရှိလာခဲ့တာကြောင့် အရေးယူပေးမယ် တိုင်ပါဆိုပြီး ဧပြီ ၁၈ ရက်မှာ စားသုံးသူရေးရာဦးစီး ဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဒီလို ထုတ်ပြန်ပြီးလို့ တိုင်စာတွေ လက်ခံနေစဉ်ကာလမှာပဲ ဧပြီ ၂၇ ရက်မှာ Forever Group မှ 4TV ရုပ်သံလိုင်းတွေကို Canal+ ရုပ်သံလိုင်းပြောင်းလဲပြသမှုအတွက် သုံးစွဲသူတွေရဲ့ နစ်နာမှုအပေါ် အရေးယူနိုင်ဖို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ကြေညာခဲ့တဲ့ စားသုံးသူရေးရာ ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးလှမော်ဦးကို နိုင်ငံတော်သမ္မတက နေရာရွှေ့ပြောင်းလိုက်ပါတယ်။

“Forever Group က ကြိုတင် အသိမပေးဘဲ တစ်နိုင်ငံလုံးက 4TV, 5 Network ကြည့်ရှုသူတွေအပေါ် စားသုံးသူအခွင့်အရေး ချိုးဖောက်ခဲ့တာ။ အဲဒီလို ချိုးဖောက်လို့ အရေးယူပေးမယ်။ တိုင်ပါလို့ ထုတ်ပြန်ရုံရှိသေးတယ်။ ညွှန်ကြားရေးမှူးချုပ်ကို နေရာပြောင်းလိုက်တယ်ဆိုတာက “မပြေးသော်လည်း ကန်ရာရှိ” ဆိုသလို ခရိုနီတွေကို၊ လုပ်ငန်းရှင်ကြီးတွေကို အထိတောင်မခံချင်တာလားလို့ ယူဆစရာ၊ တွေးစရာဖြစ်သွားတယ်” လို့ 4TV စက် ဝယ်ယူကြည့်ရှုသူ တာမွေမြို့နယ်နေ ဦးသန်းက ဆိုပါတယ်။

တစ်နိုင်ငံလုံးက စားသုံးသူပြည်သူတွေကို ကြိုတင်အသိမပေးဘဲ ရုပ်သံလိုင်းတွေ ပြောင်းလဲလိုက်တဲ့ ဖြစ်စဉ်မှာ စားသုံးသူပြည်သူတွေ နစ်နာမှုများစွာ ရှိခဲ့ပါတယ်။ ဒီလိုနစ်နာမှုတွေကို တိတိပပ မဖြေရှင်းနိုင်ခင်မှာပဲ တာဝန်အရှိဆုံး ညွှန်ချုပ်ကို ရာထူးက ရွှေ့ပြောင်းလိုက်တာဟာ ဖြေရှင်းမှုတွေကို အချိန်ဆိုင်းသွားစေနိုင်မှာ အသေအချာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အခကြေးငွေပေးပြီး ရယူတိုင်းမှာ ထိုက်တန်တဲ့ ဝန်ဆောင်မှုမရတဲ့ နစ်နာတဲ့ပြည်သူတွေဟာ သူတို့ဘာမှမတတ်နိုင်ရင် အစိုးရတာဝန်ရှိသူတွေကိုပဲ အားကိုးရစမြဲပါ။ ဒီလို အားကိုးခံနေရတဲ့ တာဝန်ရှိသူတွေဟာ ပြည်သူ့မျက်နှာပြန်ကြည့်ပြီး နှစ်ပေါင်းများစွာ ချိုးဖောက်ခံနေရတဲ့ ပြည်သူတွေရဲ့ နစ်နာမှုများစွာကို အမြန်ဆုံး ကုစားပေးဖို့ တွေးဆနိုင်ကြပါစေလို့ ဆုတောင်းရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေး သုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Most Read

Most Recent