ရုရှားသမ္မတ ရွေးကောက်ပွဲမဲဆွယ်မှုနှင့်ပတ်သက်သည့် အဓိကအချက် ငါးခု

ရုရှားသမ္မတ ရွေးကောက်ပွဲမဲဆွယ်မှုနှင့်ပတ်သက်သည့် အဓိကအချက် ငါးခု
Published 12 March 2018

ပူတင် (ယာ) နှင့် အမေရိကန် NBC သတင်းဌာနမှ အစီအစဉ်တင်ဆက်သူ မီဂင်ကယ်လီတို့ မတ် ၁ ရက်က ကရင်မလင်၌ပြုလုပ်သည့် အင်တာဗျူးမတိုင်မီ လက်ဆွဲနှုတ်ဆက်နေစဉ် (Photo - AFP)

မတ် ၁၈ ရက် သမ္မတရွေးကောက်ပွဲမှာ ဘယ်သူအနိုင်ရမလဲဆိုတာနဲ့ ပတ်သက်လို့ကတော့ ဘာမှ ရင်ခုန်စရာမရှိပါဘူး။ ဗလာဒီမာပူတင်ဟာ စတုတ္ထမြောက်သက်တမ်းအတွက် သက်သောင့်သက်သာ မဲဆွယ်ဖို့ အဓိက နေရာနှစ်ခုလောက်မှာပဲ လူလုံးပြဖို့လောက် အာရုံထားတာမို့ အပျော်ခရီးထွက်သလိုပါပဲ။

တရားဝင်အဓိကထားမှုဟာ မဲလာပေးမယ့်လူတွေ အထိုက်အလျောက် များရေးဆီကိုပဲ ပြောင်းလဲသွားပါတယ်။ တကယ့် ခြိမ်းခြောက်မှု မရှိသမျှကတော့ တခြားကိုယ်စားလှယ်တွေကို အရောင်စုံအောင် အိမ်ဖြည့်မတ်တတ်ရပ်ပေးရုံလောက်တော့ ခွင့်ပြုထားပါတယ်။

 

ပူတင်၏ နှစ်မိနစ် မဲဆွယ်မှု

ပူတင်ဟာ ငြင်းခုံပွဲတွေမှာ ပါဝင်တာကို ရှောင်ရှားလို့၊ ဘာမှ အသစ်မပါတဲ့ ဗီဒီယိုတွေ ရိုက်ကူးခံလို့ တိုက်ရိုက်မဲဆွယ်ပွဲတွေ လုပ်တာကိုတော့ ရှောင်ရှားခဲ့ပါတယ်။

အခုထိတော့ မော်စကိုက လုဇနီကီ အားကစားရုံမှာ နှစ်မိနစ်ကြာ မိန့်ခွန်းကိုပဲ ပြောခဲ့ဖူးပြီး ရေခဲမှတ်အောက်ရောက်နေတဲ့ အပူချိန်မှာ သောင်းချီတဲ့ ထောက်ခံသူတွေက ကောင်းချီးပေးခဲ့ကြတာပဲ ရှိပါသေးတယ်။

“အတူတကွပေါ့၊ ကျွန်တော်တို့ဟာ အသင်းတစ်သင်းဖြစ်တယ်။ ကျွန်တော်တို့ အသင်းတစ်သင်း မဟုတ်ဘူးလား” လို့ သူက လူအုပ်ကြီးကိုမေးပြီး လူအုပ်ကြီးက Yes လို့ ဝိုင်းအော်ခဲ့ကြပါတယ်။

အစိုးရက ချုပ်ကိုင်ထားတဲ့ ရုပ်မြင်သံကြားက သူ့ရဲ့လှုပ်ရှားမှုတိုင်းကို မျက်စိစုံမှိတ်လိုက်နာတဲ့ တင်ဆက်မှုတွေနဲ့အတူ ပူတင်အတွက် လုပ်ပေးခဲ့ကြပြီးပါပြီ။

အမှတ်တရကတော့ ဇန်နဝါရီမှာ သူဟာ အော်သိုဒေါ့ ခရစ်ယာန်ပွဲတော်အတွက် ရေခဲအိုင်ထဲကို ခုန်ချဖို့ ရေကူးဝတ်စုံဝတ်ခဲ့တယ်။

ပူတင်ရဲ့ သူ့အတွက်မဲဆွယ်မှု ပိုစတာတွေထက်စာရင် ပြည်သူတွေကို မဲလာပေးကြဖို့ပဲ တောင်းဆိုထားတဲ့ ဘေဘုတ်တွေက ပိုပြီးအတွေ့ရများပါတယ်။ ကရင်မလင်ဟာ မဲလာပေးတဲ့သူတွေ (အထူးသဖြင့် လူငယ်တွေ) များရေးကိုပဲ အဓိကထားပါတယ်။

အဲဒီလို မက်ဆေ့ချ်မျိုးတွေကိုပဲ ဗီဒီယိုဖိုင်တွေ၊ အတွင်းခံတွေပဲ ဝတ်ထားတဲ့ မော်ဒယ်တွေနဲ့ ရိုက်ထားတဲ့ဓာတ်ပုံတွေ၊ လူငယ်ကြိုက် ရုပ်သံအစီအစဉ်တွေမှာ ထည့်သွင်းတဲ့ ကြော်ငြာတွေကနေတစ်ဆင့် ဖြန့်ချိခဲ့ပါတယ်။

 

ဒုံးကျည်များနှင့် အင်အားပြခြင်း

တရားဝင် မဲဆွယ်ပွဲမိန့်ခွန်းမဟုတ်တဲ့ နိုင်ငံတော်ကိုပြောကြားတဲ့ မိန့်ခွန်းတစ်ခုမှာ ပူတင်က ရုရှားရဲ့ လက်နက်အင်အားကို သရုပ်ပြခဲ့ပြီး သူဟာ အသက်အဝင်ဆုံး ဖြစ်လာခဲ့ပါတယ်။

လက်နက်တွေ ဖွံ့ဖြိုးလာမှုနဲ့ စမ်းသပ်မှုတွေကို တင်ဆက်ရင်း ဒါတွေဟာ လက်ရှိဒုံးကျည်တွေနဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေကို ပိုပြီး စိတ်ချလုံခြုံသွားစေတယ်လို့ ကြွားခဲ့ပါတယ်။ ရုရှားစစ်တပ် တိုးတက်မှု ရပ်တန့်နေခဲ့တဲ့ နှစ်တွေကနေ အရာရာဟာ ရွေ့လျားခဲ့ပြီလို့ သမ္မတက အထူးပြုပြောကြားခဲ့ပါတယ်။

“အဲဒီတုန်းက ကျွန်တော်တို့ကို ဘယ်သူမှ နားမထောင်ခဲ့ဘူး။ အခု ကျွန်တော်တို့ကို နားထောင်ကြည့်လေ” လို့ ပူတင်က တောင်းဆိုခဲ့ပါတယ်။

 

ရေဖြင့် ပက်ခြင်း

ပြိုင်ဘက် ကိုယ်စားလှယ်လောင်းနှစ်ဦးဖြစ်တဲ့ ဝါရင့်အမျိုးသားရေးဝါဒီ နိုင်ငံရေးသမား ဗလာဒီမာဇီရီနော့စကီးနဲ့ လစ်ဘရယ်ဝါဒီ  Reality TV Show တင်ဆက်သူဟောင်း ကေစီနီယာဆော့ချော့တို့အကြားက ပြိုင်ဆိုင်မှုဟာ အကျည်းတန်တဲ့မြင်ကွင်း ဖြစ်စေခဲ့ပါတယ်။

ရုပ်သံက တိုက်ရိုက်ထုတ်လွှင့်ပြသတဲ့  ငြင်းခုံပွဲတစ်ခု ရိုက်ကူးနေချိန်မှာ ဇီရီနော့စကီးက ဆော့ချော့ကို သူလုပ်ခဲ့တဲ့အလုပ်ကို လှောင်ပြောင်ခဲ့ပြီး ‘အကိတ်ကြီး’ လို့ ခေါ်လိုက်တာကို အဲဒီအမျိုးသမီးက ဒေါပွသွားပါတယ်။

ဒါနဲ့ ဆော့ချော့ဟာ ဖန်ခွက်ကိုကောက်ကိုင်ပြီး ဇီရီနော့စကီးကို ရေနဲ့ပက်လိုက်ပါတယ်။ ဇီရီနော့စကီးကလည်း ‘ပြည့်တန်ဆာမ’ လို့ ပြန်အော်ပါတယ်။ အဲဒီစကားလုံးဟာ ရုရှားဘာသာစကားမှာတော့ အဆဲတွေထဲမှာ အကြမ်းဆုံးပါပဲ။

နောက်တော့ ပိုပြီးအကျည်းတန်တဲ့ ဖြစ်ရပ်ထပ်မံဖြစ်ပေါ်ခဲ့ပါတယ်။ ညစာစားပွဲတစ်ခုအပြီးမှာ လူတစ်ယောက်က ဆော့ချော့ကို ရပ်စောင့်နေပါတယ်။ ပြီးတော့ သူကဆော့ချော့ကို ရေနဲ့ကောက်ပက်လိုက်ပါတယ်။ “ဒါဇီရီနော့စကီးအတွက်” လို့လည်း ပြောလိုက်ပါသေးတယ်။ ဆော့ချော့က အဲဒီလိုလုပ်တာသူ ချော်လဲသွားတဲ့အကြောင်း လူမှုမီဒီယာမှာ ရေးခဲ့ပါတယ်။

ဆော့ချော့ကို ရေနဲ့ပက်တဲ့သူဟာ မော်စကိုစီးတီး ပါလီမန်အကြီးအကဲဆီမှာ အလုပ်လုပ်တဲ့သူပါ။ နောက်တော့ အဲဒီအကြီးအကဲက သူ့ကို အလုပ်ထုတ်လိုက်တယ်လို့ သိရပါတယ်။

 

မီဒီယာ တိုက်ခိုက်မှု

ကွန်မြူနစ်ကိုယ်စားလှယ် ပေဗယ်ဂရူ ဒီနင်ကတော့ ကရင်မလင်လိုလားတဲ့ မီဒီယာမှာ အပုပ်ချတိုက်ခိုက်တာကို ခံရတယ်လို့ ဆိုပါတယ်။ ပေဗယ်က ပါလီမန်က အကြီးဆုံး အတိုက်အခံပါတီကို ကိုယ်စားပြုပြီး ဝင်ပြိုင်မှာပါ။

ရွေးကောက်ပွဲမှာ ဒုတိယနေရာရမယ်လို့ ခန့်မှန်းခံထားရတဲ့ စိုက်ပျိုးရေးလုပ်ငန်းရှင်ကတော့ နိုင်ငံခြားဘဏ်တွေမှာ ငွေတွေဝှက်ထားတယ်၊ ပြည်ပမှာ ပြိုင်ဆိုင်မှုတွေရှိနေတယ်လို့ အထပ်ထပ် စွပ်စွဲခံရပြီး သူကတော့ ငြင်းဆိုထားပါတယ်။

ထင်မြင်ချက်စစ်တမ်းတွေက ဂရူဒီနင်ကို ထောက်ခံမှု မြင့်တက်လာတယ်လို့ ပြနေတဲ့အချိန်မှာပဲ  အဲဒီစွပ်စွဲမှုတွေ စတင်ပေါ်ထွက်လာခဲ့တာပါ။

ကရင်မလင်ဟာ ဂရူဒီနင်ကို အထိုက်အလျောက် အခြေအနေကောင်းစေပြီး အဲဒီလိုနဲ့ မဲလာပေးတဲ့သူတွေ များအောင်လုပ်ဖို့ လိုလားပေမယ့် ပူတင်ရဲ့ မဲဝေစုတွေကိုတော့ ထိခိုက်မှာကြောက်နေတယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

 

အတိုက်အခံခေါင်းဆောင်ကို နှိမ်နင်းခြင်း

အတိုက်အခံခေါင်းဆောင် အလက်ဆီနာဗာညီဟာ ရာဇဝတ်မှုနဲ့ တရားစွဲခံထားရတာမို့ ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခံထားရပါတယ်။ နာဗာညီကတော့ သူ့ကို တရားစွဲတာ နိုင်ငံရေးစေ့ဆော်မှုကြောင့်လို့ ဆိုပါတယ်။ သူက သူ့ကိုထောက်ခံသူတွေကို ရွေးကောက်ပွဲသပိတ်မှောက်ဖို့ ပြောထားပါတယ်။

နာဗာညီဟာ ဇန်နဝါရီလမှာ ခွင့်ပြုချက်မရတဲ့ ဆန္ဒပြပွဲကို စည်းရုံးခဲ့မှုအတွက် တရားရုံးရဲ့ ကြားနာစစ်ဆေးမှုကို စောင့်ဆိုင်းနေရပြီး မရေမရာအနေအထားမှာ ရှိနေပါတယ်။ သူဟာ ထောင်ဒဏ် ရက် ၃၀ ကျခံရဖွယ်ရှိနေတာမို့ ရွေးကောက်ပွဲရက်ဆိုရင် သူထောင်ထဲကို ရောက်နေလောက်ပါပြီ။

ဒုတိယဝန်ကြီးချုပ်တစ်ဦးဟာ ဘီလျံနာသူဌေးကြီး ပိုလက်ဒါရီပါစကာထံကနေ ရက်ရောတဲ့ ဧည့်ဝတ်ပြုမှုတွေ ရခဲ့တယ်လို့ စွပ်စွဲထားတဲ့ ဗီဒီယိုဖိုင်တစ်ခုကို တင်ခဲ့ပြီးတဲ့နောက် ရုရှားက နာဗာညီရဲ့ ပုဂ္ဂိုလ်ရေးဝက်ဘ်ဆိုက်ကို ပိတ်ပစ်လိုက်ပါတယ်။

သူက အဲဒီဗီဒီယိုဖိုင်ကို ယူထားလိုက်ပြီး You Tube ပေါ်တင်လိုက်တဲ့အခါ အကြိမ်ခြောက်သန်းကျော် ကြည့်ရှုမှုခံရပါတယ်။

Most Read

Most Recent