ပဲစိုက်တောင်သူများအတွက် ပျောက်ဆုံးနေတဲ့ အာမခံချက်

ပဲစိုက်တောင်သူများအတွက် ပျောက်ဆုံးနေတဲ့ အာမခံချက်
Published 5 March 2018

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးလတ်တစ်ခုတွင် ဖေဖော်ဝါရီလအတွင်း မတ်ပဲ နုတ်သိမ်းနေသည့် မြင်ကွင်း

ကျွန်တော်သတိထားမိသလောက် ပြောရရင်ဒီဘက် သုံးနှစ်၊ လေးနှစ်အတွင်းမှာ ရာသီဥတုက ကမောက်ကမ နိုင်လှတယ်။ မိုးရွာရမယ့်အချိန် မိုးမရွာဘဲ မိုးခေါင်နေတယ်။ မိုးရွာဖို့မလိုအပ်တဲ့အချိန်မှာ မိုးရွာတယ်။ ဆောင်းရာသီမှာလည်း မိုးရွာတယ်၊ မိုးအုံ့တယ်။ ဒီလိုဆိုတော့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ထိခိုက်ပျက်စီးမှုတွေ ပိုများလာတယ်။ ထိခိုက်ပျက်စီးမှုတွေ ပိုပြီးသိသာလာတယ်လို့ ပြောလို့ရတယ်။ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ လယ်ယာစိုက်ပျိုးရေး လုပ်စားကြတဲ့ တောင်သူတွေအတွက် အခက်အခဲတွေ အများကြီးကြုံတွေ့လာရတယ်။ အဲဒီအခက် အခဲတွေထဲမှာ ပဲမျိုးစုံစိုက်ပျိုးရေး လုပ်ငန်းကလည်း တောင်သူတွေရဲ့ စီးပွားရေးကို အဟန့်အတားဖြစ်စေတဲ့ ဂယက်တစ်ခုလိုပဲ ပြောစရာ ဖြစ်လာခဲ့တယ်။

ပဲစိုက်ပျိုးကြတဲ့ တောင်သူတွေအတွက် ဂယက်အကြီးဆုံးကတော့ ပြီးခဲ့တဲ့ ၂၀၁၇ ခု နှစ် သြဂုတ် ၅ ရက်နောက်ပိုင်းမှာ စတင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ အိန္ဒိယနိုင်ငံက ပဲတွေကို အဝယ်ကန့်သတ်လိုက်တာကြောင့် မြန်မာပြည်ကပဲ စိုက်တောင်သူတွေအတွက် အထိနာခဲ့ရတယ်လို့ ပြောရမလိုပါပဲ။ အိန္ဒိယ နိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာသူတို့နိုင်ငံရဲ့ ပြည်တွင်းပဲထွက်နှုန်း ကောင်းမွန်နိုင်မှု၊ ပဲ လက်ကျန်ပမာဏ များပြားနေမှု၊ အနိမ့်ဆုံး သတ်မှတ်ထားတဲ့ ဈေးနှုန်းအောက် ကျဆင်းခြင်းတို့ကြောင့် မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းစတဲ့ ပဲသုံးမျိုးပို့ကုန်တင်ပို့မှုကို အဝယ်ကန့်သတ်လိုက်ပြီး ပို့ကုန်တင်ပို့ခွင့်ပိတ်ထားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလိုကန့်သတ်ထားခဲ့တာဟာ ပဲစင်းငုံတင်သွင်းမှုကို၂၀၁၇ ခုနှစ် သြဂုတ် ၅ ရက်မှ ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်အထိ  တစ်နှစ်လျှင် တန်ချိန်နှစ်သိန်း၊ မတ်ပဲနဲ့ ပဲတီစိမ်းတင်သွင်းမှုကို၂၀၁၇ ခုနှစ် သြဂုတ် ၂၁  ရက်မှ ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်အထိ၊ တစ်နှစ်လျှင် တန်ချိန်သုံးသိန်းတို့ကို ကန့်သတ် ကုန်စည်များအဖြစ် အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးဌာနက အဝယ်ကန့်သတ်ထားခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်တွေ ဖြစ်ပွားတဲ့နောက်ပိုင်းမှာတော့ ပြည်တွင်းပဲဈေးကွက်ဟာ တစ်ဟုန်ထိုး ကျဆင်းလာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက အခုလိုပဲ အဝယ်ကန့်သတ်ခြင်း၊ ပြည်တွင်းပဲ ဈေးကျဆင်းခြင်းတို့ ဂယက်ထခဲ့ပြီးတဲ့နောက်မှာ မြန်မာနိုင်ငံက ပဲစိုက်တောင်သူတွေဟာ ပဲကို မည်သို့မည်ပုံ စိုက်ပျိုးထုတ်လုပ်၊ လုပ်ကိုင်ကြရမလဲဆိုတာ အခက်အခဲတစ်ခုလို ဖြစ်လာခဲ့ရပါတယ်။ စပါးပြီးပဲ၊ ပဲပြီးတော့စပါးစိုက်တဲ့ တောင်သူတွေအတွက် သီးနှံအစား ထိုးစိုက်ဖို့ အခက်အခဲတွေရှိလာခဲ့တယ်။ ပြီးခဲ့တဲ့ ဆောင်းရာသီ ပဲစိုက်ပျိုးချိန်ကာလရောက်တော့ စိုက်ပျိုးဦးစီးဌာနတွေက ပညာပေးဆောင်ရွက်တာတွေ လုပ်ခဲ့တယ်လို့ သိရတယ်။ မတ်ပဲစိုက်ပျိုးတဲ့ တောင်သူတွေကို မတ်ပဲစိုက်ပျိုးမှု ထက်ဝက်အထိ လျှော့ချပြီးတော့ မတ်ပဲအစား အခြားသီးနှံကို အစားထိုး စိုက်ပျိုးဖို့ ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရတယ်။ လက်တွေ့မှာတော့ ပဲစိုက်တောင်သူတွေအတွက် အခြားသီးနှံအစားထိုးစိုက်ပျိုးဖို့ ရွေးချယ်စရာ အခက်အခဲတွေ ရှိနေခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

“သူတို့က အစားထိုးသီးနှံစိုက်ပါလို့ ပြောတာပဲရှိတာ။ အဲဒီတော့ တောင်သူလည်းတွက်ကြည့်တော့ ဘယ်သီးနှံကို စိုက်လို့စိုက်ရမှန်း မသိတော့ဘူး။ ကျန်တာကလည်း ဘာမှလုပ်လို့ ကိုင်လို့မှမရတာ။ ဘယ်သီးနှံမျိုးကိုအစား ထိုးစိုက်ရင် ဈေးကွက်ကတော့ နိုင်ငံတော်မှာ ဈေးကွက်ဘယ်လောက်ရှိတယ်၊ ဘယ်လိုသီးနှံမျိုးကိုစိုက်ပါ။ ဒီလိုမှမရှိတာ။ အဲဒီလိုဆိုရင်တော့ တစ်မျိုးတစ်ဖုံပေါ့။ အဲဒီလိုဆိုရင်တောင် သူတွေကတော့ သူ့ဘာသာစဉ်းစားပြီးတော့ စိုက်ကြမှာပေ့ါ။ အခုဟာက ကုန်စိမ်းစိုက်မယ်ဆိုတော့လည်း တွက်ခြေမကိုက်ဘူး။ ဘာလို့လဲဆိုတော့ မုန်လာရွက်တို့၊ ခရမ်းခေါင်းသီးတို့ စိုက်မယ်ဆိုပါတော့ သူက ၁၀ ဘောင်၊ ၁၂ ဘောင်လောက်ဆွဲရင် ဒသမ ၅၀ လောက်ရှိ ရင်လုပ်လို့ရပြီလေ။ ကျန်တဲ့ ဧက ၂၀၊ ၂၅ ရှိတဲ့ လူတွေကကျတော့ ကျန်တဲ့သီးနှံကို ဘာလုပ်လို့ရမှာတုန်း။ ဘာမှလုပ်လို့မှမရဘဲနဲ့။  မိုးစပါးပြီးတာနဲ့ ဒီအတိုင်းပဲထားရုံပေါ့” လို့ အုတ်တွင်းမြို့နယ်မှ ပဲစိုက်တောင်သူတစ်ဦးက ဆိုပါတယ်။

မြန်မာပြည်တွင်းပဲဈေးဟာ အိန္ဒိယနိုင်ငံက အဝယ်ကန့်သတ်မှုမလုပ်ခင်၂၀၁၇ခုနှစ် သြဂုတ်လမတိုင်ခင်အထိ ပဲစိုက်သမားတွေ အခြေအနေကောင်းပါသေးတယ်။ ပဲသုံးမျိုး အဝယ်ကန့်သတ်လိုက်ပြီးတဲ့ နောက်ပိုင်းမှာတော့ ပဲစိုက်ပျိုးရေးသမားတွေကြားမှာ တော်တော်လေးကို လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ရာသီဥတုက ဆက်တိုက်ဆိုသလို ဖောက်ပြန်လာခဲ့တယ်။ ဆောင်းရာသီကာလမှာ မိုးရွာ၊ မိုးအုံ့ဒဏ်တွေ ခံခဲ့ရတော့ သီးနှံပင်တွေက ဖျက်ပိုးကျရောက်ခြင်း၊ ရောဂါပိုးကျရောက်ခြင်း၊ မှိုရောဂါကျရောက်ခြင်းစတဲ့ ပျက်စီးခြင်း ပယောဂတွေကို ဆက်တိုက်ဆိုသလို ထပ်မံကြုံတွေ့နေရပြန်ပါတယ်။ ဒီလိုနဲ့ လုံးလည်ချာလည်ဖြစ်နေပြီး လယ်ယာစိုက်ပျိုးရေး လုပ်ငန်းထက် အကြွေးသံသရာ ဝဲဂယက်ကိုပဲ အလျဉ်မီအောင် ဖြေရှင်းကြရတဲ့ဘ၀ ရောက်လာပါတယ်။

လယ်မြေ၊ ယာမြေစိုက်ပျိုးသီးနှံတွေ ပျက်စီးဆုံးရှုံးမှုတွေ၊ နှစ်တိုင်းလိုဖြစ်လာတော့ ကျေးလက်နေ လူငယ်တိုင်းက အရွယ်ရောက်သူတိုင်းက ကိုယ့်မြေကိုယ့်ယာပေါ်ကို မခင်တွယ်ကြတော့ပါဘူး။ အချိန်ကုန်နစ်နာမှုတွေ သာကြုံတွေ့နေရတဲ့ ဘိုးဘွားပိုင်ယာမြေတွေရဲ့ လယ်ယာလုပ်ငန်းခွင်ကို မချစ်ခင်ကြတော့ပါဘူး။ မတွယ်တာကြတော့ပါဘူး။ စိုက်ပျိုးလုပ်ကိုင် မစားချင်ကြတော့ပါဘူး။ အကျိုးအမြတ်မသေချာတဲ့ စိုက်ပျိုးရေးအလုပ်ကို မလုပ်ကိုင်ချင်ကြတော့ဘူး။ နောက်ဆုံးတော့ ပျက်စီးနေတဲ့လူ့ပတ်ဝန်းကျင်က အမြှူအဆွယ်တွေကို ယုံကြည်လာခဲ့ကြတယ်။ ဘယ်မှာလုပ်ရင် ဘယ်လောက်ရမယ်ဆိုတဲ့ မက်လုံးပေးတဲ့ လိမ်ညာစကားတွေကို အဟုတ်ထင်ခဲ့ကြတယ်။ တစ်နယ်တစ်ကျေးမှာ အလုပ်ရရင် အဆင်ပြေမှာပဲဆိုတဲ့ အတွေးအခေါ်မှားတွေကို ယုံကြည်နေခဲ့ကြတယ်။ ပတ်ဝန်းကျင် ပရိယာယ်တွေမှာ အယုံလွယ်မိတော့ အရွယ်မတိုင်ခင် မိဘအရိပ်အောက်ကစွန့်ခွာပြီး တစ်နယ်တစ်ကျေးကို ထွက်ခွာလုပ်ကိုင်ကြရတယ်။ ရေကြည်ရာ မြက်နုရာကို ခြေဆန့်ပြီး ဘဝလမ်းကြောင်းကို စမ်းတဝါးဝါး လျှောက်ခဲ့ကြရတယ်။ ကံဆိုးကံကောင်းဆိုသလို ကိုယ့်ဘဝကို ကံကြမ္မာစေစားရာမှာ လောင်းကြေးထပ် တိုက်ပွဲဝင်ခဲ့ကြရတယ်။ ပြည်တွင်းစီးပွားရေး ချွတ်ခြုံကျနေတဲ့ အခြေအနေမှာ ပြည်တွင်းက လုပ်အားခဆိုတာလည်း အရာမထင်တော့ ဒီထက်ခြေဆန့်ပြီး ပြည်ပနိုင်ငံတွေကို ထွက်ခွာကြရတယ်။ အဆုံးသတ်ရလဒ်က အရွယ်မရောက်သေးတဲ့ သမီးပျိုတွေ ပြည့်တန်ဆာဘဝကို ရောက်ကြရတာတွေရှိတယ်။ လုပ်အားခနဲ့ခွန်အားတွေ ခေါင်းပုံဖြတ် အနိုင်ကျင့်ခံရတာတွေရှိတယ်။ လုယက်ခံရပြီး အသက်အန္တရာယ်ကြုံတွေ့ခဲ့ရတာတွေ ရှိတယ်။ ဒီလိုမျိုးကြုံတွေ့နေရတဲ့ ဒုက္ခတွေကို မွေးရပ်မြေက ဆွေမျိုးတွေ မသိစေချင်ကြတော့ ကြုံတွေ့ရာ နေရာမှာ အဆင်ပြေသလိုဇာတ်မြုပ်နေထိုင်ကြပြီး အဆက်အသွယ် ဖြတ်ခဲ့တာတွေရှိတယ်။ ဒါတွေဟာ နေရပ်စွန့်ခွာပြီး အလုပ်ရှာခဲ့ကြတဲ့ ကျေးလက်နေပြည်သူတွေအများဆုံး ကြုံတွေ့နေရတဲ့ ပြဿနာတွေပဲဖြစ်တယ်။ ကျေးလက်နေပြည်သူတွေ နေရပ်စွန့်ခွာသွားကြတော့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေမှာပါ ထိခိုက်မှုတွေရှိလာတယ်။ လယ်ယာမြေတွေကို ဂရုတစိုက် လုပ်ကိုင်စိုက်ပျိုးနိုင်တဲ့ ခွန်အားတွေ ဆုတ်ယုတ်လာခဲ့တယ်။ အရွယ်ကောင်း၊ အရွယ်လတ် သန်သန်မြန်မြန်လူငယ်တွေဟာ တစ်နယ်တစ်ကျေးကို ထွက်ခွာသွားတော့ လယ်ယာလုပ်ငန်းခွင်နဲ့ အနီးစပ်ဆုံးမှာတော့ သက်ကြီးရွယ်အိုနဲ့ လူမမယ်ကလေး ပေါက်စတွေသာ ရှိနေပါတော့တယ်။ သက်ကြီးရွယ်အိုတွေနဲ့ မနိုင်မနင်းဖြစ်နေတဲ့ လယ်ယာလုပ်ငန်းခွင်တွေမှာ မလုပ်ဘဲ စွန့်ပစ်ထားတဲ့ လယ်ယာမြေတွေရှိလာတယ်။ လုပ်သားရှားပါးမှုတွေ၊ လုပ်အားဈေးနှုန်းကြီးမြင့်မှုတွေ ကြုံတွေ့လာရတယ်။ စိုက်ပျိုးလုပ်ကိုင်စားရတဲ့ ပြဿနာထက် လုပ်အားခစရိတ်၊ လုပ်သားရှားပါးတဲ့ပြဿနာက ဝန်ထုပ်ဝန်ပိုးလိုမနိုင်မနင်း ဖြစ်လာခဲ့ရတယ်။

“တစ်ချိန်တုန်းကတော့ တောသူတောင်သားတွေဆိုတာ ကိုယ့်လယ်ကိုယ့်ယာကို အိမ်ကမိသားစုတွေပဲ ဝိုင်းလုပ်ရတာလေ။ လုပ်အားခ အပိုမထွက်ဘူးပေါ့။ ရတဲ့အကျိုးအမြတ်က ကိုယ်ပဲစားရတယ်။ အခုကတော့ စစိုက်ကတည်းကထွန်ဖို့ယက်ဖို့ နွားကရှားတယ်။ လုပ်သားကရှားတာနဲ့ အဆင်မပြေတော့ဘူး။ ဟောအချိန်တန်လို့ သိမ်းမယ် ဆည်းမယ်ဆိုတော့ ဘယ်မှာလဲအလုပ်သမား။ ကျွန်မတို့ ကိုယ့်ရွာမှာရှာမရလို့ ဟိုဘက်ရွာက သွားခေါ်ရတယ်။ တခြားမြို့တွေမှာ သွားရှာရတယ်။ အခုဟာက အဲဒီလိုဖြစ်နေတာ။ အလုပ်သမားက သူ့ထက်ငါလုပြီး ငှားနေရတာ ကိုယ်က ရိတ်ရသိမ်းရမယ့်အချိန်။ အလုပ်သမားက အချိန်မီမရ။ အဲဒီလိုတွေ အခက်အခဲပေါင်းများစွာ ကြုံတွေ့နေရပါတယ်။ နောက်ဆုံးတော့ အလုပ်သမားရှာရတာလည်းခက်တယ်။ အလုပ်သမားတွေက ဘာလို့ရှာရခက်တုန်းဆိုတော့ တခြားနိုင်ငံကို သွားတယ်။ တခြားနိုင်ငံမှာက ဈေးရတယ်ဆိုပြီးတော့ ထွက်သွားကုန်ကြတာ။ ကျွန်မတို့မှာ အခု ပဲဈေးလည်းမကောင်းတော့ ငှားရတာလည်း အခက်အခဲဖြစ်တယ်။ အိမ်အထိ အိမ်အရောက်တွေ သွားသွားကြိုရတာပေါ့။ လူတွေကလည်း သိပ်မရှိတော့ဘူး။ တခြားနိုင်ငံချည်း သွားကုန်ကြတာပဲ။ လယ်သမားဘဝက လုပ်စားဖို့တောင်မကောင်းတော့ဘူး။  တစ်နှစ်ပြီးတစ်နှစ်က အလုပ်သမားခ၊ ဓာတ်မြေသြဇာဖိုး၊ မျိုးဖိုးတွေသာ ပိုပိုပြီးဈေးကြီးလာတာပဲရှိတယ်။ သီးနှံဈေးကတော့ အခုနောက်ပိုင်းဆိုရင် ဘာသီးနှံပဲစိုက်စိုက် အရှုံးဘက်က များနေတယ်” လို့ တောင်ငူမြို့နယ် ရွှေလေးအင်းရွာက တောင်သူ ဒေါ်ကြည်ဌေးက ပြောပါတယ်။

မတ်ပဲဈေးဟာ အခုဆိုရင် ကျပ်နှစ်သောင်းကျော်ကျော်လေးသာ ရှိပါတယ်။ အိမ်မိသားစုကလည်း နည်းပါး၊ လုပ်သားက လည်းရှားပါး၊ ဈေးကွက်ကလည်း မသေချာ၊ ရာသီဥတုဖောက်ပြန်လို့ ကျရောက်လာတဲ့ ရောဂါမျိုးစုံ၊ ဖျက်ပိုးမျိုးစုံက ဗရပွ။ အဲဒီလို ဖြစ်နေတဲ့ကာလမှာ မတ်ပဲတစ်ဧက စိုက်ပျိုးတဲ့ တောင်သူဟာ အရင်းအနှီး ကျပ်နှစ်သိန်းနဲ့နှစ်သိန်းခွဲကြားမှာ အကုန်ကျခံစိုက်ပျိုးနေရပါတယ်။ မတ်ပဲတစ်ဧကရဲ့ ပုံမှန်အထွက်နှုန်းက ၁၀ အိတ်ဆိုရင်တောင်မှ လက်ရှိမတ်ပဲ ပေါက်ဈေးကို တစ်အိတ် ကျပ် ၂၅၀၀၀ နဲ့ထား ပြီးတွက်ရင် ကျပ်နှစ်သိန်းခွဲပဲ ပြန်ရတော့မှာ ဖြစ်ပါတယ်။ ဒီလိုဆိုရင် မတ်ပဲတစ်ဧကစာ အရင်းအနှီးက နှစ်သိန်းနဲ့ နှစ်သိန်းခွဲကြားမှာ ရှိနေတော့ အကျိုးအမြတ်က ဘယ်လိုမှ စဉ်းစားလို့မရနိုင်ပါဘူး။ အကျိုးအမြတ်ထက် စိုက်ပျိုးထားတဲ့ လုပ်အားခအရင်းလေးပြန်ရ ဖို့အတွက်တောင်မှ ရင်တမမနဲ့စွန့်စားပြီး ရိတ်သိမ်းနေရတဲ့ ဘဝဖြစ်နေပါတယ်။ မတ်ပဲတစ်ဧကစိုက်ရင် ကျပ်နှစ်သိန်းခွဲပြန်ရတယ် ဆိုတာဟာ မတ်ပဲခင်းတွေမှာ ပိုးမကျ၊ အပင်မပျက်စီးဘဲ ရာနှုန်းပြည့်နီးပါးအောင်မြင်တဲ့ အခင်းတွေသာ လတ်တလောဈေးအရ အရင်းလောက်ပြန်ရနိုင်တယ်လို့ တွက်လို့ရမှာပါ။ ဒီနှစ်ပဲစိုက်တောင်သူတွေရဲ့ အခြေအနေဟာ ရာသီဥတုကြောင့် ပျက်စီးမှုဒဏ်တွေကို အများဆုံး ခံခဲ့ရတာပါ။ စိုက်ခင်းတွေကို တစ်ကြိမ်မှ နှစ်ကြိမ်၊ ပြန်လည်ပြုပြင်စိုက်ပျိုးခဲ့ကြရပါတယ်။ ပဲခင်းတွေမှာ ပိုးကျလို့ပျက်စီးတာရယ် မှိုရောဂါကျလို့ ပျက်စီးတာတွေကြောင့် ပဲအထွက်နှုန်းတွေ သိသိသာသာ ကျဆင်းရတဲ့ အကျိုးဆက်တွေကိုလည်း ခံနေကြရပါတယ်။ ဒီနှစ်မှာတော့ မတ်ပဲစိုက် တောင်သူတွေဟာ အရင်းရဖို့ထက် အရှုံးပြနေတာကိုပဲ ရင်ကော့ခံပြီး ပဲတွေကိုရိတ်သိမ်းနေကြရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်း ပဲစိုက်တောင်သူတွေဟာ ပဲစိုက်ဖို့ကို အတော်လေးကို စိတ်ဓာတ်ကျတဲ့အဆင့်ကို ရောက်နေကြရပါတယ်။

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံရဲ့ ပဲသုံးမျိုး ပို့ကုန်တင်ပို့ခွင့်ပိတ်ထားတာကို  ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှာ ပြန်လည်ခွင့်ပြုခဲ့ပါတယ်။ အဲဒီလို ပြန်လည်ခွင့်ပြုခဲ့ပေမယ့်လည်း လက်ရှိအချိန်အထိတော့ မြန်မာနိုင်ငံရဲ့ ပဲဈေးကွက်ကတော့ နာလန်မထူနိုင်အောင် ဖြစ်နေဆဲပါ။ ပဲစိုက်တောင်သူတွေဟာ ပဲစိုက်ပျိုးရေးလုပ်ငန်းအတွက် ဆုပ်လည်းစူး စားလည်းရူးဘဝကို ရောက်ခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ စပါးစိုက်ပျိုးရေးဟာ အဓိကသီးနှံ ဖြစ်သလို ပဲမျိုးစုံစိုက်ပျိုးရေးဟာ ဒုတိယ အဓိကသီးနှံဖြစ်ပါတယ်။ စပါးစိုက်ပြီးတဲ့ လယ်မြေတွေမှာ ပဲမျိုးစုံကိုသာ အဓိကစိုက်ပျိုးကြတာ များပါတယ်။ အခြားကိုင်းသီးနှံ၊ ယာသီးနှံ၊ ရာသီပေါ်သီးနှံ၊ ဆောင်းသီးနှံဆိုတာတွေဟာ အဓိကသီးနှံမဟုတ်ကြပါဘူး။ လယ်မြေကို အဓိကအားပြုပြီးစိုက်ကြတဲ့ မျိုးစုံစိုက်ပျိုးရေးကတော့ ဒုတိယအဓိကသီးနှံ စိုက်ပျိုးရေးလုပ်ငန်းလို့ ဆိုရမှာပဲဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ ပဲစိုက်တောင်သူတွေရဲ့ အခက်အခဲဟာ မြန်မာပြည်လယ်သမားတွေရဲ့ အဓိက အခက်အခဲတစ်ရပ်လို ဖြစ်နေပါတယ်။ ပဲစိုက်ပြီးရပ်တည်နေရတဲ့ လယ်သမားတွေရဲ့ဘဝမှာ ပဲစိုက်ပျိုးရေးအခန်းကဏ္ဍ မကျဆုံးဖို့အတွက်လည်း စဉ်းစားတွက်ချက်ရမယ့် အပိုင်းတစ်ခု ဖြစ်လာပါတယ်။ ဒီထက်ပိုဆိုးခဲ့တာက ကမောက်ကမ ရာသီဥတုတွေကို ကြုံတွေ့နေရတာပဲ ဖြစ်ပါတယ်။

ယနေ့ခေတ် လယ်သမားတွေဟာ လယ်ယာလုပ်ငန်းခွင်တွေမှာ လုပ်သားရှားပါးမှု ပြဿနာတွေ ကြုံတွေ့နေရပါတယ်။ ရာသီဥတုမမှန်လို့ သီးနှံဖျက်ပိုးရောဂါမျိုးစုံ ကျဆင်းမှုတွေကို ခါးစည်းခံနေရပါတယ်။ ဈေးကွက် အာမခံချက်မရှိလို့ စိုက်ပြီးသား သီးနှံတွေဆုံးရှုံးလေလွင့်မှုတွေ ပိုများလာခဲ့ပါတယ်။ သီးနှံမအောင်မြင်လို့ စိုက်ဘဏ်ချေးငွေတွေကို နွားရောင်း၊ လယ်ပေါင်ပြီး အကြွေးအလျဉ်မီအောင် ဆပ်နေကြရပါတယ်။ မြေယာပြဿနာတွေနဲ့ အငြင်းပွားနေရလို့ တရားရုံးတွေ၊ ရုံးကိစ္စတွေမှာ အချိန်ကုန်ပြီး လယ်ယာစိုက်ပျိုးမြေတွေကို ပစ်ထားနေရပါတယ်။ လယ်ယာထွန်ယက်ချိန်မှာ စိုက်ဘဏ်ချေးငွေ အလျဉ်မီအောင် မရကြလို့ အတိုးများတဲ့ပြင် ပချေးငွေတွေနဲ့ လည်ပတ်ပြီး အကြွေးသံသရာထဲမှာ တဝဲလည်လည် ဖြစ်နေကြရပါတယ်။ ဒီလိုအခက်အခဲတွေ များစွာထဲမှာပဲ လယ်ယာသွင်းကုန်ဈေးတွေကတော့ ပိုမိုမြင့်တက်လာခဲ့ပါတယ်။ လယ်ယာသွင်းကုန်တွေ၊ သွင်းအား စုတွေအားလုံးနီးပါး အစစအရာဈေးမြင့်တက်လာခဲ့ပေမယ့် ပဲတွေက ဈေးကောင်းမရသလို အခြားစိုက်ပျိုးသီးနှံတွေလည်း ဈေးကောင်းမရတဲ့ အခက်အခဲတွေကို ရင်ဆိုင်နေကြရပါတယ်။ ယနေ့ခေတ်မှာ စိုက်ပျိုးလုပ်ကိုင်စားရတာ ခက်ခဲလာတဲ့ တောင်သူလယ်သမားတွေဘ၀ မြင့်မားတိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးတဲ့ လက်ရှိအစိုးရလက်ထက်မှာတော့ လယ်သမားတွေဟာ အမေ့လျော့ခံ လူတန်းစားတစ်ရပ်ဖြစ်လာခဲ့ပြီလားလို့ မေးခွန်းထုတ်နေကြတာလည်း ရှိလာပါတယ်။

Most Read

Most Recent