ရာဇဓာတုကလျာရဲ့ ရွှေချကျောက်ပျဉ်ကို သွားရောက်ကြည့်ရှုခြင်း

ရာဇဓာတုကလျာရဲ့ ရွှေချကျောက်ပျဉ်ကို သွားရောက်ကြည့်ရှုခြင်း
Published 24 February 2018

(၁)

ပဲခူးမြို့ကြီးထဲဝင်လာတော့ ပထမဆုံး တွေးမိတဲ့အချက်က ဒီမြို့ကြီးထဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၅၀ လောက်က ဟံသာဝတီ၊ ပဲခူးပြည့်ရှင် မင်းပျိုမင်းလွင်ဘုရင် ‘မင်းခေါင်’ က ယိုးဒယားဘုရင် ‘ချက္ကရာဖတ်’ နဲ့ ဆွေတော်မျိုးတော်တွေ အပါအဝင် ဆင်ဖြူ ခုနစ်စီးကိုပါ တိုက်ခိုက်ဖမ်းဆီး ခေါ်ဆောင်လာခဲ့ဖူးတာ ပဲဆိုတဲ့ သမိုင်းအဖြစ်အပျက်ကို တွေးလာခဲ့မိပါတယ်။ အဲဒီတုန်းက ယိုးဒယားဘုရင် ချက္ကရာဖတ်နဲ့အတူ အသက်ကိုးနှစ်အရွယ် မြေးတော်လေး ‘နရစဝမ်’ (မြန်မာတွေက ဗြနရာဇ်လို့ ခေါ်ကြပါတယ်) လည်း ပါလာခဲ့တယ်။ အဲဒီ ယိုးဒယားမင်းသားလေးကို ဘယ်နေရာမှာများ သုံ့ပန်းအဖြစ် အကျယ်ချုပ်ချထားခဲ့ပါလိမ့်ဆိုတဲ့ အတွေးပါပဲ။

ကျွန်တော်စီးလာတဲ့ ပဲခူး-ရန်ကုန်ခရီးသည်ကား ပဲခူးမြစ်ကူးတံတားကြီးပေါ် ဖြတ်တော့ နောက်ထပ် အတွေးတစ်ခု ဝင်လာရပြန်ပါတယ်။ အဲဒါကတော့ ရွှေမော်ဓောဘုရားကြီးရဲ့ ရင်ပြင်တော်ပေါ် သမိုင်းပြတိုက်ထဲက ကဗျာဆရာမလည်းဖြစ်၊ ပဒေသရာဇ်မင်းသမီးတစ်ပါးလည်းဖြစ်၊ တောင်ငူဘုရင် ကဗျာဆရာ နတ်သျှင်နောင်အသည်းစွဲ ချစ်မက်ခဲ့ရသူလည်းဖြစ်တဲ့ ‘ရာဇဓာတုကလျာ’ ရဲ့ ‘ရွှေချကျောက်ပျဉ်’ ကို ပထမဦးဆုံး သွားကြည့်ရမယ်ဆိုတဲ့ အတွေးပါပဲ။

(၂)

ရွှေမော်ဓောဘုရားပေါ်ရောက်လို့ လက်ဝဲဘက်ကို နည်းနည်းဆက်သွားမယ်ဆိုရင် အရိပ်ကောင်းလှတဲ့ တည်ပင်တန်းနောက်မှာ သမိုင်းပြတိုက်တစ်ခုကို တွေ့ရမှာဖြစ်ပါတယ်။ ပြတိုက်ရှေ့မှာ ရှေးအခါက အသုံးပြုခဲ့တဲ့ စာတိုက်ဆိုပြီး ပြတိုက်အပြင်ဘက်မှာပဲ ချထားတဲ့ သစ်သားစာတိုက်ပုံးကြီး နှစ်ပုံးကို တွေ့ရပါတယ်။ စာတိုက်ပုံးကြီးပေါ်မှာ ချထားတဲ့ ရွှေတွေက ပြောက်တိပြောက်ကျား ရှိနေပါသေးတယ်။ ဒါပေမဲ့ ဒီစာတိုက်ပုံးနှစ်ခုဟာ ဘယ်ခေတ်က ဘယ်သူတွေ အသုံးပြုခဲ့တဲ့ စာတိုက်ပုံးတွေလဲ၊ ဘယ်နေရာမှာ တွေ့ရှိခဲ့တာလဲဆိုတာတော့ မှတ်တမ်းမှတ်ရာ ရေးမှတ်ဖော်ပြထားတာ မတွေ့ခဲ့ရပါဘူး။ ပြတိုက်ထဲမှာ ရှေးဟောင်းပစ္စည်းတချို့ သံဆန်ခါကွက်များကာပြီး ပြထားတာ တွေ့ရပါတယ်။ ပြတိုက်တာဝန်ရှိသူ တစ်ဦးတစ်ယောက်မှတော့ မတွေ့ခဲ့ရလို့ ပြတိုက်ထဲက ပစ္စည်းတွေအကြောင်း အချက်အလက်တချို့ သိချင်လို့ မေးချင်ပေမဲ့ မမေးခဲ့ရပါဘူး။

သံဆန်ခါကွက်များကာပြီး ချထားတဲ့ ပစ္စည်းတွေထဲမှာ နံရံကိုမှီပြီး ထောင်ထားတဲ့ နှုတ်ခမ်းအနည်းငယ်ပဲ့နေတဲ့ ကျောက်ပျဉ်တစ်ခုကို တွေ့ရပါပြီ။ ‘ရာဇဓာတုကလျာရဲ့ ရွှေချကျောက်ပျဉ်’ လို့ ရှေးစာလုံးဟန်စာနဲ့ ရေးထားတာလည်း တွေ့ရပါတယ်။ တစ်ကိုက်သာသာအကွာ သံဆန်ခါကွက်ကာထားတဲ့ ခြံကလေးထဲက ရွှေချကျောက်ပျဉ်ကို ရပ်ပြီးငေးကြည့်မိတယ်။ ‘သြော် ကဗျာဆရာမ ပဒေသရာဇ်မင်းသမီး၊ တောင်ငူဘုရင် ကဗျာဆရာ နတ်သျှင်နောင်ရဲ့ အသည်းစွဲ ရာဇဓာတုကလျာရဲ့ ကျောက်ပျဉ်ကလေးပဲကိုး’ ဆိုတဲ့ အသိက ကျွန်တော့်ရင်ကို ပုတ်နှိုးနေခဲ့ပါတယ်။ ကိုယ့်ရင်ခုန်သံ ကိုယ်ပြန်ကြားနေရတဲ့အချိန် ကလေးပေါ့။

တကယ်တော့ ‘ရာဇဓာတုကလျာ’ က နှယ်နှယ်ရရ မဟုတ်ပါဘူး။ ယိုးဒယားကို အောင်မြင်တဲ့ ဘုရင့်နောင်မင်းရဲ့ သမီးတော်တစ်ပါးပါ။ အိမ်ထောင် နှစ်ဆက်ကျခဲ့သူပါ။ ပထမအိမ်ထောင်ဆက်က ဟံသာဝတီ အိမ်ရှေ့မင်းသား ‘မဟာဥပရာဇာ မင်းကြီးစွာ’ ပါ။ မင်းကြီးစွာ အိမ်ရှေ့စံဘဝမှာပဲ ယိုးဒယားကို စစ်ချီတိုက်ခိုက်ရင်း ကျဆုံးပါတယ်။ ရာဇဓာတုကလျာက မင်းကြီးစွာကျဆုံးပြီး ၁၀ နှစ်ရှိတဲ့အခါကျမှ သူ့ကို တန်းတန်းစွဲဖြစ်နေတာ ကြာပြီဖြစ်တဲ့ သူ့ထက်လည်း အသက် ၂၀ နီး ပါးငယ်ရွယ်တဲ့ နတ်သျှင်နောင်နဲ့ ဒုတိယအိမ်ထောင်ဆက်အဖြစ် လက်ဆက်ပါတယ်။ ဒုတိယအိမ်ထောင်သက် ခုနစ်လအကြာမှာပဲ ရာဇဓာတုကလျာ ကွယ်လွန်ခဲ့ပါတယ်။

ဒီလောက်ထင်ရှားလှတဲ့ ပဒေသရာဇ် မင်းသမီးတစ်ပါးလည်းဖြစ် ကဗျာဆရာမလည်းဖြစ်တဲ့ ‘ရာဇဓာတုကလျာ’ ရဲ့ ရွှေချကျောက်ပျဉ်ဆိုတာကို ဒီအတိုင်း ‘ရာဇဓာတုကလျာရဲ့ ရွှေချကျောက်ပျဉ်’ ဆိုတဲ့ စာကြောင်းလေး တစ်ကြောင်းပဲရေးပြီး ချထားပြထားတာကတော့ လုံးဝမလုံလောက်ဘူးလို့ တွေးမိပါတယ်။ ဘယ်တုန်းက ဘယ်သူ့ဆီမှာ ဘယ်နေရာမှာ တွေ့ရှိခဲ့တာဆိုတာမျိုးနဲ့ ရာဇဓာတုကလျာဆိုတာ ဘယ်သူလဲဆိုတာလောက်တော့ အကျဉ်းသဘော ဖော်ပြပေးထားသင့်တယ်လို့လည်း ယူဆမိတယ်။ ကျွန်တော့်စိတ်ထဲ ဖြစ်စေချင်တာက ဒီလောက် သမိုင်းတန်ဖိုးကြီးလှတဲ့ပစ္စည်းကို မြန်မာလို အင်္ဂလိပ်လို နှစ်ဘာသာ အကျဉ်းရေးဖော်ပြပြီး မှန်ပေါင်းချောင်ထဲ မီးဆလိုက်လေးပဲဖြစ်ဖြစ်ထိုးပြ၊ ကျကျနန သိမ်းဆည်းဖော်ပြထားသင့်တယ်လို့ တွေးမိတယ်။ အခုတော့ ဘာမှတ်တမ်းမှတ်ရာမှလည်းမပါ ဘယ်သူ့ကိုမှလည်း မေးမြန်းအတည်ပြုဖို့မရှိ ဖြစ်နေလေတော့ သမိုင်းအမှန် ဖြစ်နေခဲ့ရင်တောင် မထင်မရှား မဝံ့မရဲချ ပြထားတဲ့ ရှေးဟောင်းပစ္စည်းအတု တစ်ခုအဖြစ် အထင်ခံရမှာ သေချာနေပါတော့တယ်။

(၃)

ပဲခူးမြို့မှာ နောက်ထပ် ကျွန်တော်စိတ်ဝင်စားတဲ့ နေရာတစ်နေရာ ရောက်ခဲ့ပါသေးတယ်။ မဟာစေတီဘုရားကြီးရဲ့ ခြေရင်းမှာ ရှိတဲ့ “ဘုရင့်နောင်မင်းတရား အောင်မြေနင်း ရာနေရာ” ဆိုပြီး ဆိုင်းဘုတ်တင် ဆောက်လုပ်ထားတဲ့ အဆောက်အအုံဖြစ်ပါတယ်။ ရှေးမြန်မာစစ်သားရုပ်တုတချို့နဲ့ ဆင်ရုပ်တစ်ခု ရှိတဲ့နေရာပါ။ ရုပ်တုတွေကတော့ အတော့်ကို လက်ရာညံ့ဖျင်းလှပါတယ်။

ဒီရုပ်တုတွေဘေးမှာ ထိုင်းနိုင်ငံသား ကမ္ဘာလှည့်ခရီးသည်တချို့ တွေ့ခဲ့ရပါတယ်။ ထိုင်းအမျိုးသမီးကြီး သုံးလေးယောက်က ဆင်ရုပ်တုရဲ့ အစွယ်တွေကို တရိုတသေကိုင်ပြီး ဓာတ်ပုံအရိုက်ခံကြတာ၊ လက်အုပ်ချီ ရှိခိုးကြတာလည်း တွေ့ရပါတယ်။ ထိုင်းတွေကိုတွေ့တော့ ဟံသာဝတီ၊ ပဲခူးခေတ်ကောင်းစဉ်က အခု ထိုင်းလို့ခေါ်တဲ့ ယိုးဒယားနဲ့မြန်မာတို့ရဲ့ အထင်ကရစစ်ပွဲတွေကို သွားတွေးမိပါတယ်။ ကျွန်တော်စိတ်အဝင်စားဆုံး ယိုးဒယား ဘုရင်တစ်ပါးကတော့ ‘နရစဝမ်’ ပါပဲ။

နရစဝမ်ဆိုတာက ယိုးဒယားဘုရင် ‘ချက္ကရာဖတ်’ ရဲ့ မြေးတော်တစ်ပါးပါ။ မြန်မာဘုရင် ဟံသာဝတီပြည့်ရှင် ဘုရင့်နောင်မင်းက အယုဒ္ဓယကို တိုက်ခိုက်သိမ်းပိုက်အောင်မြင်ပြီးလို့ ပြန်လာတဲ့အခါ (၁၅၆၂-ခု) ထိုင်းဘုရင်နဲ့တကွ ဆွေတော်မျိုးတော်တွေ၊ လက်မှုပညာသည်တွေနဲ့ စစ်အကျဉ်းသား ထောင်ပေါင်းများစွာကို တစ်ပါတည်း ခေါ်လာခဲ့ပါတယ်။ ပဲခူး ဟံသာဝတီမှာ နေရာအကွက်အကွင်းချပြီး သုံ့ပမ်းအဖြစ် ထားခဲ့ပါတယ်။ အဲဒီအထဲမှာ ထိုင်းဘုရင်ချက္ကရာဖတ်ရဲ့ မြေးတော် ‘နရစဝမ်’ လည်း ပါလာပါတယ်။ ဒီတုန်းက သူက အသက်ကိုးနှစ်ပဲ ရှိပါသေးတယ်။ ပဲခူးမှာ ခြောက်နှစ်နေ၊ အသက် ၁၅ နှစ်ရောက်တော့ ဘုရင့်နောင်က သူ့ကို တိုင်းပြည်ပြန်ခွင့်ပေးပါတယ်။ နရစဝမ်ဟာ မျိုးချစ်စိတ်ထက်သန်ပါတယ်။ မွန်စာ မွန်စကား မြန်မာစာ မြန်မာစကားတတ်တယ်လို့လည်း ဆိုပါတယ်။ သူက သူ့တိုင်းပြည်ပြန်ရောက်တော့ ထိုင်းလူငယ်လူရွယ်တွေကို စုစည်းသိမ်းသွင်းပြီး ဟံသာဝတီကို လေးကြိမ်တိတိ ပြန်လာတိုက်ပေမဲ့ နိုင်အောင်မတိုက်နိုင်ခဲ့ပါဘူး။ ယိုးဒယား အကျဉ်းသား တစ်သောင်းကိုတော့ လွတ်မြောက်စေခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို နရစဝမ်အင်အားစုစည်းနေတဲ့အချိန် ဟံသာဝတီပြည့်ရှင်မင်းတရားက အိမ်ရှေ့စံ မဟာဥပရာဇာ( မင်းကြီးစွာကို) အကြီးအကဲခန့်ပြီး ယိုးဒယားကို တက်တိုက်ခိုင်းတယ်။ ဟိုရောက်တော့ မင်းကြီးစွာနဲ့ နရစဝမ်တို့ ဆင်စီးချင်းထိုးရင်း မင်းကြီးစွာ ကနရစမဝမ်ရဲ့ တူမီးကျည်သင့်ပြီး ကျဆုံးတယ်။

နရစဝမ်က မြန်မာတွေအပေါ် တော်တော်အကြိတ်အခဲရှိတာ သေချာတယ်။ တချို့သမိုင်းတွေမှာ မော်လမြိုင်အထိ လာသိမ်းခဲ့သေးတယ်လို့ ဆိုတယ်။ သူ့ကို ထိုင်းတွေက အင်မတန်ကြည်ညိုကြပါတယ်။ မင်းကြီးစွာကို အသေပစ်ချလိုက်တဲ့ သူ့ရဲ့တူမီးသေနတ်ကို ထိုင်းတွေက တခုတ်တရ တခမ်းတနား ပြတိုက်ထဲမှာ အသေအချာ သိမ်းဆည်းပြသထားကြပါတယ်။

ဒီလိုတွေ ရွာရိုးကိုးပေါက်လျှောက်ပြီးတွေးတဲ့အခါ တစ်ချိန်တုန်းက ဟံသာဝတီ နေပြည်တော် တစ်ခေတ်မှာ အဲဒီလောက်အထိ သမိုင်းခြေရာတွေ ခန့်ညားတောက်ပ အထင်အရှားရှိခဲ့ပါလျက်နဲ့ အဲဒီသမိုင်းဆိုင်ရာ နေရာအမှန်တွေ၊ သမိုင်းဆိုင်ရာ ဂုဏ်ယူမှတ်သားစရာတွေ၊ သမိုင်းဆိုင်ရာ မှတ်တမ်းမှတ်ရာတွေ ပဲခူးမှာ အမှန်တကယ်ရှိခဲ့ဖြစ်ခဲ့ပါလျက်နဲ့ ဘာကြောင့်များ သမိုင်းဆိုင်ရာ အမွေအနှစ်တွေ ဆင်းရဲမွဲတေ နေရတာလဲဆိုတဲ့အတွေးနဲ့ ကျွန်တော့်မှာ မကျေမနပ် ဖြစ်နေခဲ့ရပါသေးတယ်။ နရစဝမ်နေခဲ့ရတဲ့နေရာ၊ ယိုးဒယားအကျဉ်းသားတွေ နေခဲ့ရတဲ့နေရာတွေဆိုတာကို ကျွန်တော် စိတ်ဝင်စားနေမိတယ်။ ကျွန်တော်တို့ဟာ အဆင့်ဆင့် လက်ဆင့်ကမ်းခဲ့ကြတဲ့ သမိုင်းခြေရာတွေကို ကောက်ယူတူးဆွပြီး ပြန်လည်ဖော်ထုတ်ပြသင့်တာ အမှန်ပဲလို့ တွေးမိခဲ့တယ်။ ပဲခူးမဟာစေတီဘုရား ခြေတော်ရင်းက ‘ဆင်ဖြူများရှင် ဘုရင့်နောင် မင်းတရားကြီးရဲ့ အောင်မြေနင်းရာနေရာ’ ဆိုတဲ့ ‘ဆင်ဖြူများရှင်’ ဆိုတဲ့ ဘွဲ့ခံယူနိုင်တာ ကိုယ်နှိုက်က ယိုးဒယားဘုရင် ချက္ကရာဖတ်ရဲ့ ဆင်ဖြူခုနစ်စီးကို တိုက်ခိုက်ရယူလာပြီးမှ ဒီဘွဲ့ကို ခံယူနိုင်ခဲ့တာဆိုတာ အများသိသင့်တဲ့ အချက်ပဲလို့ တွေးခဲ့မိတယ်။

ဒီတစ်ခေါက် ပဲခူးကိုသွားခဲ့ရတာ အချိန်သိပ်မရခဲ့ပါဘူး။ မနက်ရောက် ညနေပြန်ခရီးပါပဲ။ ဒါပေမဲ့လည်း အဲဒီ ‘ရာဇဓာတုကလျာရဲ့ ရွှေချကျောက်ပျဉ်’ ကို ကိုယ်တိုင်ကြည့်မြင် ရင်ခုန်ခွင့်ရခဲ့တာနဲ့ ဟံသာဝတီခေတ်က မြန်မာတို့ရဲ့ အကျဉ်းသားအဖြစ် နေခဲ့ရသူ ယိုးဒယားမင်းသား ‘နရစဝမ်’ အကြောင်းတစ်စွန်းတစ်စ ဆက်စပ်စဉ်းစားမိတာနဲ့တင် ပဲခူးခရီးဟာ ကျွန်တော့်အတွက် တန်ဖိုးရှိနေပါတော့တယ်။

Most Read

Most Recent