ငါတို့ဟာ ကျေးငှက်တွေ

ငါတို့ဟာ ကျေးငှက်တွေ
Published 22 February 2018

ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် MoU မြန်မာအလုပ်သမားများအား မြဝတီချစ်ကြည်ရေးတံတားအနီးတွင် ဇန်နဝါရီလက တွေ့ရစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း)

မြန်မာဖတ်စာအုပ်ထဲမှာပါခဲ့တဲ့ ကျေးညီနောင်ပုံပြင်က အားလုံးသိကြပြီးသား ဖြစ်မှာပါ။ ရုတ်တရက် လေပြင်းမုန်တိုင်းတိုက်လို့ ကျေးသားပေါက်ညီနောင်နှစ်ကောင်ဟာ အသိုက်ကနေ လွင့်စင်သွားပြီး သေကံမရောက် သက်မပျောက်ဘဲ တစ်ကောင်က သူခိုးဓားပြတွေဆီရောက်၊ ကျန်တစ်ကောင်က ရသေ့တွေနေတဲ့ ကျောင်းသင်ခမ်းဆီရောက်သွားတယ်။ သူတို့နှစ်ကောင်အရွယ်ရောက်လာတော့ သူခိုးတွေဆီကို ရောက်သွားတဲ့ကောင်က အပြောအဆို အမူအကျင့်တွေ အင်မတန်ရိုင်းစိုင်းပြီးတော့ ရသေ့တွေနေတဲ့ ကျောင်းသင်ခမ်းဆီကို ရောက်သွားတဲ့ကောင်ကတော့ အပြောအဆို အမူအကျင့်တွေ ယဉ်ကျေးသိမ်မွေ့လာတယ်ဆိုတဲ့ အကြောင်းပါ။ ပုံပြင်ကပေးတဲ့ သင်ခန်းစာက တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုး ဆိုတဲ့အတိုင်း မိမိကျင်လည်ရတဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု အရေးပါတဲ့အကြောင်းကို ထင်ရှားစေပြီး မိမိနဲ့ သင့်လျော်လျောက်ပတ်တဲ့ ပတ်ဝန်းကျင်ကောင်းကို ရွေးချယ်နေထိုင်ဖို့ပါပဲ။

မကြားဖူး မမြင်ဖူးတဲ့ စကားလုံးတွေနဲ့
ဘော်ဒီလှချင်တဲ့ကောင်က ဝိတ်မ
အရပ်ရှည်ချင်တဲ့ကောင်က ဘားဆွဲ။

ကျွန်တော် မူလတန်းကျောင်းသားအရွယ်တုန်းက ကျောင်းအတူတက်ခဲ့ရတဲ့ သူငယ်ချင်းတွေထဲမှာ တစ်ယောက်နဲ့တစ်ယောက်က ဝါသနာမတူကြဘူး။ တက်ပုက ဘောလုံးကန်တာ ဝါသနာပါတယ်။ သူက အားတဲ့အခါတိုင်း ဘောလုံးပဲကန်နေတာပဲ။ မြင့်ဆွေကတော့ ပန်းချီဆွဲတာ ဝါသနာပါတော့ သူ့ဗလာစာအုပ်တွေမှာဆို သူ့ဆွဲထားတဲ့အရုပ်တွေနဲ့ ပြည့်နေတာပဲ။ ကျွန်တော်က အဲဒီတုန်းကတော့ ဘာဖြစ်ချင်မှန်းလည်း ကိုယ့်ကိုယ်ကိုယ်မသိဘူး။ ကျွန်တော့်ဦးလေးတစ်ယောက်က အရပ်အင်မတန်ရှည်တော့ စိတ်ထဲမှာ ငါလည်း သူ့လိုအရပ်ရှည်ရင် ကောင်းမှာပဲလို့တော့ စိတ်ထဲမှာ ဖြစ်ခဲ့ဖူးတယ်။ အဲဒီစိတ်ရဲ့ စေ့ဆော်မှုကြောင့်ပဲလားမသိဘူး ကျွန်တော့်အရပ်ဟာ ခြောက်ပေလောက်အထိ ရှည်ခဲ့တယ်။ ပြောချင်တာက အဲဒီတုန်းက ဖြစ်ချင်စိတ်ကိုယ်စီနဲ့ ကျွန်တော့်သူငယ်ချင်းတွေကို ခွဲခွာခဲ့ရပြီးကတည်းက တစ်ယောက်နဲ့တစ်ယောက် ပြန်မတွေ့ကြတော့တာပဲ။ ကျွန်တော်က မြို့ရောက်ပြီးတော့ သူတို့က ဘယ်တွေရောက်ပြီး ဘာတွေဖြစ်ကုန်တယ်ဆိုတာ ကျွန်တော်မသိတော့ဘူး။ တစ်ခါတစ်ခါမှ ရွာပြန်တဲ့အခါ သူတို့လည်း ရေကြည်ရာမြက်နုရာ လွင့်ပါသွားကြတော့ မတွေ့ရ၊ တချို့တလေလည်း သေတယ်လို့လည်း ကြားရတယ်။

စူးစမ်းချဲ့ကားထားတဲ့ ဝေဟင်မှာ
ပျံပုံပျံနည်း အသစ်
ရသမျှနေရောင်ခြည်ကို
မလွတ်တမ်းဖမ်းဆုပ်လို့။

တချို့ ငယ်သူငယ်ချင်းတွေကတော့ အလုပ်လုပ်ဖို့ နယ်စပ်တွေဆီပျံသန်းလို့၊ တချို့ကတော့ ထိုင်းရောက်တဲ့သူနဲ့ မလေးရှားရောက်တဲ့သူနဲ့။ ကိုယ့်နည်းကိုယ်ဟန်တွေနဲ့ နယ်ပယ်သစ်တွေမှာ စူးစမ်းရှာဖွေနေကြတာပေါ့။ ရှာလို့ဖွေလို့ရလာတဲ့ အကျိုးအမြတ်မှာ မူးယစ်မိန်းမောသူက မိန်းမော၊ သွေးနဲ့ချွေးနဲ့ ရလာတာလေးကို လက်ထဲကျစ်ကျစ်ပါအောင်ဆုပ်ပြီး အိမ်ကိုလှမ်းပို့သူကပို့နဲ့ အကွဲကွဲ အပြားပြားနဲ့ပါပဲ။

လရောင်ခြည်ကို
လ ငပုပ်ဖမ်းတဲ့ ရပ်ဝန်းဆီ တင်ပို့ရေး
သိပ္ပံပညာရှင်ရဲ့ စမ်းသပ်ဆဲကာလတွေ။

အဲဒီတုန်းကတော့ တစ်ချိန်မှာ ငါ ဘာဖြစ်ရမယ်၊ ညာဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ကြီးကြီးတွေနဲ့ပေါ့။ ဘာမဆို ထလုပ်လိုက်မယ်ဆိုတဲ့ အရွယ်နဲ့ စိတ်ကူးတွေထဲမှာတော့ စကြဝဠာကြီးထဲ မတ်တတ်ရပ်ဖို့ တစ်နေရာနဲ့ တုတ်တစ်ချောင်းပဲ ငါ့ကိုပေးပါ။ ကမ္ဘာကြီးကို ရွှေ့ပြမယ်ဆိုတဲ့ အာခီမီးဒီးလို အတွေးတွေနဲ့ လူငယ့်သွေးဟာ စီးလို့နေခဲ့တယ်။ ကျန်တဲ့သူတွေက သူတို့နယ်ပယ်သစ်မှာ သူတို့စိတ်ကြိုက် ပျံသန်းရှာဖွေနေတဲ့ အချိန်မှာပဲ ကျွန်တော်ကတော့ စာအုပ်ပုံတွေကြား ခေါင်းထိုး၊ သွားလေရာ ခါးကြားမှာဓားတစ်လက်လို စာအုပ်တစ်အုပ်ထိုးပြီး ကဗျာဆရာတစ်ယောက်အဖြစ်နဲ့ ကမ္ဘာကြီးကယ်တင်ဖို့ ကြံစည်နေတုန်းပေါ့။

ငါ့လိပ်စာ လာမေးရင်
မင်းရှိတဲ့ နေရာလို့ပဲ ဖြေမိမယ်
ဒီလိုလိပ်စာကိုမှ အခါခါ
တင်ပို့ခံခဲ့ရတဲ့ မုန်တိုင်းတွေ။

လောကဓံမုန်တိုင်း ရိုက်ချက်တွေနဲ့ တစ်ယောက်နဲ့တစ်ယောက် လွင့်စဉ်ပြီးကြတဲ့နောက် စာမလာ သတင်းမကြား အဆက်အသွယ်ဟာ ကမ္ဘာခြားသလို ပြတ်တောက်ခဲ့ကြတယ်။ ကျွန်တော်ရှင်သန်ရာ နယ်ပယ်သစ်မှာတော့ ကျွန်တော်နဲ့ ဝါသနာတူ ကဗျာဆရာတွေပေါ့။ ဒါဟာ လမ်းချင်းတူလို့ လူချင်းတွေ့ခဲ့ကြတာပဲ။ အဲဒီတုန်းက ကျွန်တော်ကျက်စားခဲ့တဲ့ နယ်ပယ်သစ်ဟာ မန္တလေးက သင်္ဂဇာချောင်းဘေးပေါ့။ လသာသာညတွေမှာ၊ ကျွန်တော်တို့အဖွဲ့ဟာ “ငယ်တော့ ပိုပြီးမှားလို့ကောင်းတယ်၊ အင်္ကျီလက်ကို ပင့်တင်၊ လူမိုက်ကို ဂီတာနဲ့ ရိုက်ပစ်လိုက်တုန်းက၊ သူ့သူရဲကောင်းဟာ တော်တီလာဖလက်ရပ်ကွက်ထဲက ဒင်နီ၊ သူ့သွေးဟာ ဘီယာမြှုပ်တွေလို ပွက်ပွက်ဆူလို့” လို့ မောင်ဖီလာရဲ့ ဘိုးဟီးမီးယန်းများကို အသံကုန်ဟစ်ခဲ့ကြတယ်။ နောက်တော့ မောင်သိန်းဇော်ရဲ့ “ကွန်ထဲက လွတ်ထွက်လာတဲ့ ညရယ်၊ ကိုယ် ချက်မစားရက်ပါဘူး” ဆိုပြီး ညကို တိတ်တိတ်ဆိတ်ဆိတ် ထိုင်ကြည့်နေခဲ့ကြသေးတာ။ အဲဒီတုန်းက ကျွန်တော်တို့ဟာ မောင်ချောနွယ် ရပ်ကွက်သားတွေလို့ ကိုယ့်ဟာကိုယ် ခံယူထားကြတာပဲ။ ဘယ်သူတွေလဲ ဆိုတော့၊ လင်းလွင်၊ မင်းဆက်၊ ညီမွန်၊ ဈာန်ခ၊ ဆောင်းခူးလက်၊ ဆောင်းေ၀ (နတ်မောက်)၊ အေးမင်းမောင်၊ သစ်စ၊ ဖုန်းမောင်၊ ကျွန်တော့်ရဲ့ တကယ့်ရဲဘော်ရဲဘက်တွေပါပဲ။

အဲဒီလို ရဲဘော်ရဲဘက်စိတ်နဲ့ တစုတစည်းတည်းနေခဲ့တဲ့ ကျွန်တော်တို့ဟာ မထင်မှတ်တဲ့ မုန်တိုင်းရဲ့ ရိုက်ခတ်မှုကြောင့် တစ်စစီ တစ်နေရာစီ ပြန့်ကျဲခဲ့ရပါတယ်။ ၂၀၀၆ ပထမဆုံး ဘေးရောက်သွားသူတွေက အေးမင်းမောင်နဲ့ သစ်စ၊ သူတို့နဲ့က ဘယ်နေရာ ဘယ်ဒေသရောက်မှန်းမသိအောင် ဆက်သွယ်ရေး ပြတ်တောက်ခဲ့တယ်။ ၂၀၀၇ ရောက်တော့ ကျွန်တော်က ရန်ကုန်ကို တပ်ပြောင်းစွဲပါတယ်။ မရမ်းကုန်းမှာ အထိုင်ချပါတယ်။ သိပ်မကြာခင် ဈာန်ခက ကျွန်တော့်နောက်ကို လိုက်လာတယ်။ မင်းဆက်ကတော့ အဆိုးဆုံးပေါ့၊ သထုံထောင်ထဲ ရောက်သွားတယ်။ ၂၀၀၉ မှာ ဆောင်းခူးလက်က မန္တလေးက နန်းရှေ့မှာ ပျံသန်းနေတယ် ကြားရတယ်။ လင်းလွင်က အဲဒီတုန်းက မိုးညှင်းမှာ အညံ့ခံနေရတယ်ဆိုတာ သိရတယ်။

အခု သူတို့အားလုံး အဲဒီနေရာတွေမှာ မရှိကြတော့ပြန်ဘူး။ အခု လင်းလွင်နဲ့ ဆောင်းေ၀ (နတ်မောက်) က အမေရိကားမှာ ရောက်နေပြီ။ ကမ္ဘာကြီးကို အပေါ်စီးကကြည့်ဖို့ ကျယ်ပြန့်တဲ့ကောင်းကင်မှာ ပျံသန်းနေကြပြီ။ အခု မင်းဆက်က ရန်ကုန်ရောက်လိုက် မန္တလေးရောက်လိုက်နဲ့ ကူးချည်သန်းချည် ပျံသန်းနေတယ်။ ဈာန်ခက အခု လှိုင်သာယာက စက်ရုံကြားထဲမှာ ခေါင်းတိုင်က မီးခိုးတွေရဲ့အနံ့ကိုခံလို့။ ဆောင်းခူးလက်ကတော့ မြန်အောင်မှာ ခံတပ်ကို အပီအပြင်ဆောက်နေလေရဲ့။ ညီမွန်က အခုထိ ဘုတလင်ကနေ မဆုတ်ခွာနိုင်သေးဘူး။ သစ်စက ရွှေလီကို ရောက်နေတဲ့အကြောင်း လိုင်းပေါ်ကသိရတယ်။ ဘုန်းမောင်ကတော့ နိုင်ငံခြားကို ပညာတော်သင်သွားတာ ဟိုတစ်လောက ပြန်လာတယ်လို့တော့ ကြားလိုက်ရတယ်။

မမြင်ရ မကြားရမှ မြင်ချင်ကြားချင်
မပြောရ မဆိုရမှ ပြောချင်ဆိုချင်
တံငါနားနီ တံငါ…မုဆိုးနားနီး မုဆိုး
ငါတို့နားနီးရင် ကဗျာပေါ့
မယုံပါဘူး ကိုယ့်လူတို့နားနီးရင်
ဆေးလိပ်မီးပေါက်မှာပေါ့
ရယ်စရာကိုပြန်တည်ပြီး နွှေးကြည့်တော့
အရင်လိုလည်း ရယ်မရဘူး။

အရင်တုန်းကတော့ တစ်ယောက်နဲ့တစ်ယောက် ကွဲကွာနေကြပေမဲ့ တွေ့မယ်ဆိုရင် တွေ့လို့ရနိုင်ကြသေးတယ်။ အခုတော့ အမေရိကားရောက်တဲ့သူနဲ့ နိုင်ငံခြားရောက်တဲ့သူနဲ့ တစ်ယောက်နဲ့တစ်ယောက် တွေ့ဖို့ရာ မလွယ်ကူတော့ဘူး။ ဖုန်းမောင်က သူနိုင်ငံခြားကပြန်လာတော့ ရန်ကုန်ကနေ ကျွန်တော့်ဆီ ဖုန်းဆက်တယ်၊ တွေ့ဖို့ရာ၊ ကျွန်တော်က နယ်ရောက်နေတော့ မတွေ့လိုက်ရဘူး။ ကျွန်တော်က မိန်းမမျက်နှာတစ်ရွာထင်ပြီး နယ်ကိုလိုက်ခဲ့ရတော့ ဒီမြို့လေးမှာ ကျွန်တော်က ဧည့်သည်လိုပါပဲ။ မိန်းမကလွဲလို့ ကျွန်တော့်မှာ ဘာအပေါင်းအသင်းမှ မရှိပါဘူး။ လက်ဖက်ရည်ဆိုင်ထိုင်တော့လည်း ကျွန်တော် တစ်ယောက်တည်းပဲ။ ဒါကြောင့် သူတို့နဲ့ တွေ့ချင်စိတ် ကျွန်တော့်မှာ အမြဲတမ်းဖြစ်တယ်။ နှစ်လတစ်ခါလောက် ရန်ကုန်ဆင်းပြီး ဈာန်ခနဲ့ တွေ့တယ်။ တစ်ခါတလေ မန္တလေးမှာ မင်းဆက်နဲ့တွေ့တယ်။ ဆောင်းခူးလက်နဲ့ တစ်လောကပဲ ရန်ကုန်မှာချိန်းပြီး တွေ့လိုက်ကြသေးတယ်။ ကျန်တဲ့သူတွေနဲ့ကတော့ တွေ့ဖို့မလွယ်တော့၊ သစ်စက သူ့ဆီ ရွှေလီကိုလာလည်ဖို့ ဖုန်းဆက်ခေါ်ပေမဲ့ မသွားဖြစ်သေးဘူး။ လင်းလွင်၊ ဆောင်းဝေတို့ရှိတဲ့ အမေရိကားကိုတော့ သွားဖို့ အိပ်မက်ဖြင့်ပင် မမက်နိုင်သေး။

မပျော်ရွှင်လည်း ဘယ်သူမှ မရပ်
မရယ်ရလည်း ဘယ်သူမှ မနား
မုဆိုးတစ်ယောက်ဆီရောက်သွားတဲ့
ကျေးငှက်လို ငါတို့ အလျှော့မပေး
ငါတို့ အညံ့မခံ
အဲဒီမုဆိုး ရသေ့ဖြစ်အောင်
စည်းရုံးနိုင်ရမယ်……ဒီလိုအတောင်ပံနဲ့
ကဲ…လာစမ်း မုန်တိုင်းတွေ။

ကျွန်တော်တို့ဟာ ပုံပြင်ထဲကလို တစ်နေရာစီ လွင့်စဉ်သွားကြတဲ့ ကျေးငှက်တွေလိုပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့က ပျော့ညံ့တဲ့ ကျေးငှက်တွေမဟုတ်ကြ၊ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ခိုင်ခိုင်မာမာရှိကြတဲ့ ကျေးငှက်တွေ ဖြစ်တယ်။ ကိုယ်ရောက်တဲ့ ပတ်ဝန်းကျင်တွေကြောင့်တော့ ကျွန်တော်တို့ဟာ ပြောင်းလဲသွားစရာ အကြောင်းမရှိပါဘူး။ အခုဆို ကိုယ်စီကိုယ်စီ နယ်ပယ်သစ်တွေမှာ လက်မထောင်ပြီး စိတ်ကြိုက် ပျံသန်းနေကြပါပြီ။ အဲ ကျွန်တော်ကတော့ မထင်မရှား သိုက်မြုံလေးထဲမှာ ကွေးရင်း မိုးကောင်းကင်ကြီးကို ငေးမော ကြည့်နေမိတုန်းပဲပေါ့။

ဖော်ပြထားတဲ့ကဗျာက ကျွန်တော်တို့ အဖွဲ့အကြောင်းကိုရေးထားတဲ့ လင်းလွင်ရဲ့ ကျေးငှက်တွေကဗျာ ဖြစ်ပါတယ်။

Most Read

Most Recent