နန်းတော်ထဲ ရှင်သန်ကုန်ဆုံးရတာကလည်း

နန်းတော်ထဲ ရှင်သန်ကုန်ဆုံးရတာကလည်း
Published 18 February 2018

သော့ မကြာခဏ ပျောက်လေ့ရှိသည်။

အဝင်ဝဂိတ်ဝင်းတံခါးများတွင် ကြီးမားသော သော့ခလောက်ကြီးများဖြင့် သော့ခတ်ထားသည်ကို မကြာခဏ တွေ့ရလေ့ရှိသည်။ ကြီးမားသလောက် ခိုင်ခံ့မည့်ပုံပေါ်သည်။ ဖွင့်ခြင်း၊ ပိတ်ခြင်းတို့ကို သော့ခလောက်များ ကြည့်၍သိနိုင်သည်။ တစ်ခုခုကို ပိတ်လှောင်ရာတွင်လည်းကောင်း၊ တစ်ခုခုကို လက်ခံရန်အတွက်လည်းကောင်း သော့များကို ဖွင့်ရပိတ်ရမြဲ ဖြစ်ပါသည်။ သော့များ၏ အပြင်ဘက် သို့မဟုတ် အတွင်းဘက်တွင်ပါ ကျွန်တော်တို့ ရှိနေကြပါသည်။ ကျွန်တော်တို့ မကြာခဏ ပျောက်သွားလေ့ရှိသည်။

အုတ်တံတိုင်းကြီးများ ကြီးမားစွာ ခတ်ထားပြီး သံပန်းတံခါးကြီးများတွင် သော့ခတ်လျက်ရှိသော ခြံဝင်းကြီးများကို တွေ့ဖူးကြမည်ဖြစ်သည်။ စိတ်မလုံခြုံရမှုအတွက် တံတိုင်းများ ကြီးမားခိုင်ခံ့နေခြင်းလား။ အိပ်စက်နားခိုရာနေရာသည် လုံခြုံစိတ်ချရသည့် နေရာ ဖြစ်စေချင်ကြသည်မှာ လူတိုင်းဆန္ဒ ဖြစ်ပါသည်။ ကိုယ်က အနားယူအိပ်စက်နေနိုင်ချိန်တွင် ကမ္ဘာတစ်လွှား စစ်ပွဲများ တင်ပို့လျက်ရှိသော သူဌေးမင်းများ များစွာရှိသည်။ သူတို့ နှင့် သက်ဆိုင်ခြင်းမရှိတော့ သကဲ့သို့ပင်။

လစ်ဟာမှုကို အမြဲစောင့်ကြည့်နေသော သူ၏အမြင်တွင် သော့များရှိနေခြင်းကပင် လွယ်ကူသယောင်ရှိ၏။ အတွင်းလူ၏စကားလေး ဟထားရုံမျှဖြင့် ဝင်းတံခါးများ အလိုလို ပွင့်နိုင်သည်။ ပိတ်ဆို့ထားသော အရံအတားများ ပြိုကျသွားနိုင်သည်။ ဝှက်ထားသည့် စကားလုံးများ ပြန်ဖော်နိုင်လိမ့်မည်။ သော့ရှိနေလျက် လူတို့၏စိတ်ကို ပိတ်ဆို့မထားနိုင်ခြင်းကပင် သော့များကို လွယ်ကူစွာ ပွင့်စေနိုင်ပါသည်။

သေချာသိမ်းထားရန်ကား ဆုံးဖြတ်ပြီးသွားပြီ။ ဖွင့်မကြည့်ဖြစ်အောင်လည်း ကြိုးစားရဦးမည်။ ဟောင်းမြင်းသွားနိုင်သော လောကနိယာမမျှသာ။ လုံခြုံအောင် သိမ်းထားရမည့် အသံများစွာ ရှိပါသည်။ အမှန်တရားအတွက် စကားများ မပြောရဲကြပါ။ ပြောကြလျှင်လည်း အမှန်တရား၏ သက်ရောက်မှုတို့ကလည်း များသည်။ သစ္စာတရားကြောင့်သာ ကျွန်တော်တို့ ရှိနေရခြင်းရှိပါသည်။ စိတ်များ၌လည်း သော့ရှိသည်။ သော့များအကြောင်း တွေးနေမိသည်။

နေကြာစေ့များ အခွံချွတ်ထားသော စားသုံးရန် အသင့်ပြုလုပ်ထားသော မုန့်အိတ်ကို မနေ့ကမှ တွေ့ဖူးသည်။ ရွာဘုန်းကြီးကို ကြည်ညိုလွန်း၍ ဂဏန်းလက်မလေးတွေ အခွံခွာပေးကာ ကပ်ဖူးသူပုံပြင်အကြောင်း ဘကြီး ပြောပြ၍သိရသည်။ ကျွန်တော့် အဘိုးများက ကွယ်လွန်ခဲ့ကြပြီ။ ကျွန်တော် တစ်ခုတော့ ကံကောင်းသည်။ အဘိုးများက ချစ်ကြသည်။ အဘိုးတို့ခေတ်က ကျွန်တော်တို့ နယ်မြေက အညိုရောင်နယ်မြေ။ ကျွန်တော် လူမှန်းသိသည်အထိ ရွာမှာ ကင်းစောင့်ရဖူးသည်။ ရွာတံခါးမှာ သော့ကြီးရှိသည်။ ကျွန်တော်၏အဘိုး၌ ဓားကြီးရှိသည်။ ကျွန်တော်ကတော့ ဘကြီး ပြောပြသော ပုံပြင်လေးများနှင့်သာ အိပ်ပျော်ခဲ့ရသည်။

မိုးမြင့် တပည့်ပါ။ ၁၀ တန်း၊ ကိုးတန်း သူ့ကြောင့် အောင်တာပါ။ ဆရာကြီးက စာအလွန် အသင်ကောင်းသည်။ အတန်းထဲ၌ စာသင်စဉ်ထ၍ ရှင်းမပြရဲလျှင် “ဒါ့ကြောင့် ဒီမိုကရေစီမရတာ မင်းတို့ကြောင့်” ဟု ဆိုသည်။ သူက တောင်တွင်းကြီးမှ ဖြစ်သည်။ ဘလက်ဘုတ်ပေါ်မှ သူ့လက်ရေးများက အလွန်လှသည်။ အညံ့ဆုံးကောင်သည်ပင် ကဗျာဆရာ ဖြစ်လာသည်။ သူ့တပည့်များထဲ ဓမ္မာစရိယများလည်း ရှိကုန်ပြီ။ သူက ကိုရင်များဆိုလျှင် အလကားသင်ပေးသည်။ ကျူရှင် စတက်သည့်အခါ စက်ဘီးများကို သော့ခတ်ပါဟု ဆိုသည်။ သူ ပိုင်အောင် ပေါင်းထားသည်များ ရှိနိုင်သည်။ စက်ဘီးများ ဘယ်သူမှ မပျောက်ကြပါ။ သော့များ သေချာ၍သာ ဖြစ်မည်။

သူမ၏လျှို့ဝှက်ချက်ထဲ ကျွန်တော် ကျရောက်မိသည်။ မှန်များရှေ့၌ သံတိုင်များရှိသည်။ ဆရာသမားကဲ့သို့ ချစ်ရသော အစ်ကိုကြီးက ပြောသည်။ မှန်များကို အလွယ်ဖြုတ်၍ ရပါသည်ဟု။ သူ ပြသွားသည်။ လွတ်မြောက်နေစဉ် အသာယာဆုံးအချိန်များ၌ ကျွန်တော်တို့တစ်တွေ တွေးတတ်သော အကျင့်မရှိတော့ပါ။

ဆရာအော်ပီကျယ်၏ ကာတွန်းများကို သဘောကျပါသည်။ ကာတွန်းများက ဟာသထက် အတွေးများစွာပါ၏။ တွေးရင်းဖြင့် တစိမ့်စိမ့် တွေးနေရတတ်၏။ သူ ရေးထားသော ကာတွန်းတစ်ပုဒ်ကို ခုထိ မှတ်မိနေသေးသည်။ ယခု တွေး၍ မဆုံးနိုင်သေးပါ။ ဆရာ ဆွဲထားသည်က လူတစ်ဦးက စိတ်ကူးယဉ်မျဉ်းဆွဲလိုက်သည်။ သစ်ပင်လေးတစ်ပင်၌ လူတစ်ဦးမှီပြီး ရပ်နေသည့်ပုံပေါ်လာသည်။ ထိုရပ်နေသူကပင် စိတ်ကူးယဉ်မျဉ်းများ ထပ်ဆွဲလိုက်ပြန်သည်။ လှပသောပင်လယ်ကြီးပေါ်လာသည်။ လှိုင်းများ တဝုန်းဝုန်းနှင့် ပင်လယ်ကြီး ဖြစ်လာသည်။ ထိုသူက စိတ်ကူးယဉ်မျဉ်းများ ထပ်ဆွဲပြန်သည်။ နောက်ဆုံး သူရပ်နေသည့်နေရာနှင့် သစ်ပင်လေး တစ်ပင်သာရှိသော နေရာလေးကို မျဉ်းဆွဲ၍ ပိတ်လိုက်သည်။ လှိုင်းများထန်နေသော ပင်လယ်ကြီးထဲ၌ သစ်တစ်ပင်တည်းရှိသော ကျွန်းလေးနှင့် ကယ်သူမဲ့နေသော လူတစ်ဦး၏ အနေအထား ဖြစ်သွားသည်။ ကယ်သူက မရှိပြီ။

ကျွန်တော်တို့တွင်လည်း စိတ်ကူးယဉ်မျဉ်းများ ရှိသည်။ ကိုယ့်ဘာသာဘာဝကို စိတ်ကြိုက် ရေးဆွဲကြသည်။ စိတ်ကူးယဉ်မျဉ်းများဖြင့် မိမိဘဝကို စီမံကြသည်။ ယင်းသည်ပင် လူသား၏ လွတ်လပ်ခွင့်ဖြစ်မည်ထင်သည်။ ထိုစိတ်ကူးယဉ်မျဉ်းများကြောင့်ပင် မိမိဘာသာ အကျဉ်းအကျပ်ထဲ ရောက်နေရသကဲ့သို့ မကြာခဏ ကြုံတွေ့ရလေ့ရှိသည်။ မိမိဘာသာ မက်မိသော အိပ်မက်မှာ အကျဉ်းကျနေရလေ့ ရှိပါသည်။

ရင်းနှီးလွန်း၍လည်း ယင်းစကားလုံးကို အမှတ်တရ ဖြစ်နေခြင်းလည်း ဖြစ်မည်။ အတွေးအချို့ လေးနက်လေ့ရှိသဖြင့် လူငယ်ဘ၀ ပေါင်းသင်းရခိုက်တွင် ကျွန်တော်တို့တစ်တွေ ရင်းနှီးခဲ့ကြသည်။ ဝါသနာတူရင်းစွဲ ရှိသဖြင့် ကျွန်တော်တို့၏ စကားဝိုင်းများသည် စာသံပေသံလေးများ ကြားရလေ့ရှိသည်။ သူက ရေးလက်ရှိသော်လည်း ခုတော့ စာမရေးတော့။ ကျွန်တော် သူ့စကားလုံးလေးကို ခိုးယူချင်မိသည်။ ခိုးလည်း ခိုးမည်ဖြစ်ပါသည်။ တွေးလည်း တွေးနေမိပါသည်။ ယခုထိလည်း တွေးနေမိပါသည်။ သူက ကုလားလေးခေါ် မင်းမင်းသန်းဖြစ်ပါသည်။ ယခင်တုန်းကတော့ ဝါသနာများ အတော်တူခဲ့ကြပါသည်။

“နန်းတော်ထဲ ရှင်သန်ကုန်ဆုံးရတာလည်း အကျဉ်းကျတာနဲ့ မဆန်းပါဘူး” သူ၏စကားလုံးလေးကို ခုထိမေ့၍မရ။ အဆောင်အယောင် အဖွဲ့အနွဲ့များနှင့် အလွန်ခမ်းနားလွန်းသော အခြေအနေများ၌ မွန်းကျပ်မှု ကိုယ်စီကတော့ ရှိနေမည်ဖြစ်သည်။ လှပသော နန်းတော်ကြီး၏ အလယ်၌ အိမ်တော်၏ ဝဋ်ကြွေးအချို့ကို ထမ်းဆောင်နေရသည့် အညတရတစ်ဦး၏ မွန်းကျပ်မှုများလည်း ဖြစ်ချင်ဖြစ်မည်။ ပန်းမွေ့ရာ သလွန်ညောင်စောင်းထက်၌ တိုင်းပြည်ကို စီရင်အုပ်ချုပ်နေရသော်လည်း သူ၏ လွတ်လပ်ခြင်းများ ဆုံးရှုံးလိုက်ရသကဲ့သို့ရှိသည့် ဘုရင်တစ်ပါး၏ မွန်းကျပ်မှုများလည်း ဖြစ်ချင်ဖြစ်မည်။ အောင်မြင်မှုသရဖူများနှင့် တည်ဆောက်ထားသော နန်းတော်ကြီးထဲတွင်ပင် ကိုယ်တိုင်အကျဉ်းစံပမာ ရှင်သန်ကုန်ဆုံးနေရမည့် ဘဝများရှိမည်။ သူတစ်ပါး၏ အောင်မြင်မှုများကို အားကျနေရင်း ပူလောင်မွန်းကျပ်နေသည့် ဘဝများလည်းရှိမှာ သေချာသည်။

ကျွန်တော်သည် မိမိ စိတ်ကူးယဉ် တည်ဆောက်ထားသော နန်းတော်ကြီးထဲတွင်ပင် ကိုယ်တိုင်အကျဉ်းသားဖြစ်နေရသည်။ သူငယ်ချင်းကတော့ ‘အကျဉ်းသားပါ’ ဟု သူ့စာသားက ဆိုလေသည်။ ကျွန်တော်သည်လည်း စိတ်ကူးယဉ်မျဉ်းများ၏ အလယ်၌ အကျဉ်းစံ ဖြစ်နေရပါသည်။ လူတိုင်း ဖြစ်ပျက်နေကျ ဖြစ်မည်ထင်သည်။

မြတ်ဗုဒ္ဓသည်ပင် ဘုရင့်သားတော်ဖြစ်ခဲ့ဖူးသည်။ ဘုရင်ဖြစ်ရန် အလွန်ကိုသေချာနေသော မင်းသားတစ်ပါးဖြစ်ပါသည်။ ညဉ့်ယံတွင် ရွှေနားတော်သွင်းမည့် ကချေသည်များ၊ သဘင်သည်များနှင့် မင်း၏စည်းစိမ်ဥစ္စာသည် ငြိမ့်ညောင်းလှ၏။ လိုတရနိုင်သော မင်းအာဏာနှင့် သက်ဦးဆံပိုင်ဘုရင်၏ စည်းစိမ်သည် သာမန်လူများအဖို့ရာ မက်မောစရာ ဖြစ်သည်။ သို့သော် ဗုဒ္ဓသည် သံသရာပြတ်ကြောင်းကိုသာ ကြိုးစားသည်။ သတ္တဝါများကို သံသရာမှ လွတ်မြောက်ရာလမ်းကိုပြ၍ မေတ္တာတော်ဖြင့် ကယ်တင်ချင်သည်။ ထို့ကြောင့် လောကမာယာ မင်းစည်းစိမ်ကိုစွန့်၍ လောကမှ လွတ်မြောက်ရာလမ်းကို ရွေးချယ်ခဲ့သည်။ သတ္တဝါများကိုလည်း ကရုဏာထား၍ သံသရာမှ ကယ်ချွတ်တော်မူခဲ့လေသည်။

ဗုဒ္ဓတွင် ညီတော်မင်းနန္ဒာဟုခေါ်သော ညီငယ်မင်းသားတစ်ပါးရှိသည်။ ဗုဒ္ဓဘုရားဖြစ်သောအခါ ညီငယ်မင်းသားကို သံသရာမှ လွတ်မြောက်သော တရားကျင့်ရန် တရားဟောလေ၏။ ညီတော်မင်းသားခမျာမှာလည်း ဘုရင့်သားတော်စည်းစိမ်၌ တွယ်တာမိနေရင်း နတ်သမီးမျှ လှပတင့်တယ်သော မင်းသမီးလေးတစ်ပါးကို စုံမက်မိနေသည်။ ချစ်ခြင်းကမ်းက မခွာနိုင်။ အလှမာယာ၌ အကြည်ကမ်းဆိုက်နေ၏။ နောင်တော်ဗုဒ္ဓ၏စကားကို နားပင်မဝင်ပေ။ တစ်နေ့သောအခါ ဗုဒ္ဓက ညီတော်ကို နတ်ပြည်က နတ်သမီးလေးများပြ၍ ညီတော်၏ မင်းသမီး မည်သူက လှသနည်း။ ထိုသို့ နတ်သမီးကို လိုချင်လျှင် သူ ပြသည့် တရားကိုကျင့်ခိုင်း၏။ ညီတော်မင်းသားလည်း နတ်သမီးများ၏ အလှကို တပ်မက်၍ ဗုဒ္ဓလမ်းစဉ်အတိုင်း ကျင့်ကြံအားထုတ်လေသည်။ တရားကျင့်ကြံလာသောအခါ သံသရာ၏ ဆင်းရဲပုံကို ရှုမြင်မိ၍ သံသရာပြတ်ကြောင်းကိုသာ ကြိုးစားလေတော့သည်။ သံသရာမှ လွတ်မြောက်ရာလမ်းကို တွေ့သွားသော ညီတော်အရှင်အာနန္ဒာ ဖြစ်လာရတော့သည်။ မြတ်သောလမ်းစဉ်အတွက် သံသရာဆင်းရဲမှ လွတ်မြောက်ရာလမ်းကို တွေ့သွား၍ ဘဝများ ငြိမ်းခဲ့ပြီဖြစ်သည်။ သတ္တဝါအပေါင်းကိုလည်း သံသရာမှ လွတ်မြောက်ရာလမ်းကို ပြသွားနိုင်ပါပြီ။ သူတို့၏ လွတ်မြောက်ခြင်းသည် စိတ်ကူးယဉ်မျဉ်းများ၏ အပြင်၌ ဘဝဆင်းရဲမှ လွတ်မြောက်သွားကြပြီဖြစ်သည်။

ခုတင်ပေါ်တွင် လဲလျောင်းနေသော ခန္ဓာကိုယ်တစ်ခုထဲတွင် ကျွန်တော် ရှိနေသည်။ ဆာလောင်မှုအချို့လည်း ရှိနေသည်။ နံရံကြီးလေးဘက်က ပိတ်ကာရံထား၍ အခန်းထဲ ကျွန်တော် ရှိနေသည်ဟု ယူဆရမည်ဖြစ်သည်။ သော့ မရှိသော်လည်း ဖွင့်မကြည့်ဖြစ်သော ဝတ္တရားများ ရှိနေပါသည်။ အောင်မြင်လိုစိတ်ကြောင့်ပင် ကျွန်တော် ပိတ်လှောင်ခံနေရသည်ဟုတော့ မခံစားမိပါ။ စကားလုံးများ နည်းလာ၍ ရွေးချယ်စရာ နည်းလာသော ကိုယ်သင်းရနံ့ကို စွဲနေမိပါသည်။ အချိန်ကျလျှင် ဆာလောင်တတ်သော ခန္ဓာတစ်ခုထဲမှ စိတ်ကူးယဉ်မျဉ်းများနှင့် ပိတ်မိနေတော့သည်။

လွတ်မြောက်ခြင်းက နန်းတော်ကြီးကဲ့သို့ ခမ်းနားပါ၏လား။ နန်းတော်ကြီးက လွတ်မြောက်ခြင်းလောက် ကြီးမြတ်ပါ၏လား။ အတွေးများ ရှိနေနိုင်သော ခန္ဓာကိုယ်တစ်ခုထဲ၌ ဖြစ်ပျက်နေရခြင်း ဖြစ်ပါသည်။

Most Read

Most Recent