အမှန်တကယ် အပြောင်းအလဲဖြစ်ဖို့ လိုပါတယ်

အမှန်တကယ် အပြောင်းအလဲဖြစ်ဖို့ လိုပါတယ်
Published 29 January 2018

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တွင် ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီနှင့် ဝန်ကြီးချုပ်သစ် ဦးလှမိုးအောင်တို့အား ဇန်နဝါရီ ၁၈ ရက်က တွေ့ရစဉ်

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အလွန် NLD အစိုးရသက်တမ်း နှစ်နှစ်နီးပါးရှိခဲ့ပါပြီ။ ဒီအချိန်မှာပဲ NLD အစိုးရရဲ့ ဆောင်ရွက်ချက်တွေ အပေါ်မှာ ပြည်သူတွေနဲ့ နိုင်ငံရေးလေ့လာ စောင့်ကြည့်သူတွေက အားမလိုအားမရ ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။

အဲဒီလို ဝေဖန်မှုတွေထဲမှာ အစိုးရပိုင်းက ဝန်ကြီး၊ ဝန်ကြီးချုပ်တွေရဲ့ စွမ်းဆောင်ရည်နဲ့ အောက်ခြေဗျူရိုကရေစီယန္တရားမှာ ဘာမှမပြောင်းလဲသေးဘူးဆိုတဲ့ ဝေဖန်သံတွေကတော့ အကျယ်လောင်ဆုံးဖြစ်ခဲ့ပါတယ်။

အုပ်ချုပ်ရေးပိုင်း ပြောင်းလဲမှု

ရွေးကောက်ပွဲအပြီး NLD ပါတီ ဦးဆောင်တဲ့ အုပ်ချုပ်ရေးအဖွဲ့ အစိုးရတာဝန်ကိုယူပြီးချိန် အုပ်ချုပ်ရေးပိုင်းမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။

အစိုးရဟောင်းက ဖွဲ့စည်းထားတဲ့ ဝန်ကြီးဌာန ၃၆ ခုကို ၂၁ ခုအထိ လျှော့ချပြီး ပြင်ဆင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဝန်ကြီးဌာနတွေ လျှော့ချရတဲ့ အကြောင်းရင်းကတော့ နှစ်ချက်ရှိပြီး နိုင်ငံတော်ရဲ့ အသုံးစရိတ် သက်သာအောင်နဲ့ ကျစ်လျစ်ပြီးတော့ စွမ်းဆောင်ရည် ပြည့်ဝအောင်ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနတစ်ခု တိုးချဲ့လိုက်တာကြောင့် ဝန်ကြီးဌာန ၂၂ ခု ဖြစ်ခဲ့ပါတယ်။ အစိုးရသက်တမ်း နှစ်နှစ်ပြည့်ခါနီးအချိန်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့ကို ထပ်မံတိုးချဲ့လိုက်တာကြောင့် ဝန်ကြီးဌာန ၂၄ ခုအထိ ရှိလာပါတယ်။

ဝန်ကြီးဌာန ၂၄ ခု ဆိုပေမဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးနဲ့ သမ္မတရုံးဝန်ကြီး တာဝန်ယူခဲ့တာကြောင့် ပြည်ထောင်စုဝန်ကြီးဦးရေဟာ ၂၃ ဦး ရှိခဲ့ပါတယ်။ ဒုတိယဝန်ကြီး ၁၅ ဦး ရှိပါတယ်။

၂၀၁၅ ခုနှစ် မတ် ၃၀ ရက်က ကျင်းပခဲ့တဲ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အတွင်းဝန်ရာထူးများ ခန့်ထားရေးကိစ္စကို အရင်ဦးသိန်းစိန်အစိုးရအဖွဲ့က လွှတ်တော်ဆီတင်သွင်းခဲ့ပြီး အမြဲတမ်းအတွင်းဝန်တွေကို ခန့်အပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အမြဲတမ်းအတွင်းဝန် ခန့်အပ်ခွင့်နဲ့ ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေနဲ့ နိုင်ငံ့ဝန်ထမ်းဥပဒေတွေမှာ မပါရှိတာကြောင့် ခန့်အပ်ခွင့်မရှိဘူးလို့ အဲဒီအချိန်တုန်းက ကန့်ကွက် ဆွေးနွေးခဲ့ကြပေမဲ့ သမ္မတဟောင်း ဦးသိန်းစိန်အစိုးရအဖွဲ့က ခန့်အပ်ခဲ့တဲ့အတွက် ဝေဖန်မှုတွေရှိခဲ့ပါတယ်။

လက်ရှိအစိုးရအဖွဲ့မှာတော့ ဝန်ကြီး ၂၃ ဦး၊ ဒုတိယဝန်ကြီး ၁၅ ဦးနဲ့ အုပ်ချုပ်ရေး ဦးဆောင်ယန္တရား လည်ပတ်နေပြီး ဒီယန္တရားမှာ အဓိကကျနေသူတွေဟာ အမြဲတမ်းအတွင်းဝန်တွေနဲ့ ညွှန်ကြားရေးမှူးချုပ်တွေ ဖြစ်နေပါတယ်။

အမြဲတမ်းအတွင်းဝန်တွေနဲ့ ညွှန်ကြားရေးမှူးချုပ်တွေက အစိုးရဟောင်းယန္တရားမှာ အဓိကကျတဲ့ နေရာမှာ လုပ်ဆောင်ခဲ့သူတွေ ဖြစ်တာကြောင့် အောက်ခြေဗျူရိုကရေ စီယန္တရားကြီးမှာ ဘာမှမပြောင်းလဲသေးဘူးလို့ ဝေဖန်မှုတွေရှိနေတာပါ။

ဒီကိစ္စနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က အရင်အစိုးရက ခန့်ခဲ့တဲ့ အမြဲတမ်းအတွင်းဝန်တွေအနေနဲ့ NLD အစိုးရသစ်ရဲ့ ဝန်ကြီး၊ ဒုဝန်ကြီးတွေကို ဖြစ်စဉ်အမှန်အတိုင်း မတင်ပြဘဲ ပညာပြမှုတွေ ရှိနေတယ်လို့ ပြောကြားခဲ့ဖူးပါတယ်။

ဒီလို ပညာပြတဲ့ အမြဲတမ်းအတွင်းဝန်တွေကို ဖြုတ်၊ ထုတ်၊ သတ် မလုပ်ပေမဲ့ နေရာပြောင်းရွှေ့မှုတွေ ရှိနိုင်တယ်လို့ ဦးဝင်းထိန်က ပြောကြားထားပါတယ်။

ဒါပေမဲ့ NLD အစိုးရသက်တမ်း နှစ်နှစ်နီးပါးရှိလာတဲ့အထိတော့ အောက်ခြေက ဗျူရိုကရေစီ ယန္တရားကို ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်နိုင်သေးပါဘူး။

“ဗျူရိုကရေစီမှာ အုပ်ချုပ်နေတဲ့ အီလစ်တွေရှိမယ်။ နောက် ဆိုရှယ်အီလစ်ရှိတယ်။ နိုင်ငံကြီးရဲ့ အလယ်ကနေ အပေါ်အထိ အလွှာကို အဲဒီလူတန်းစားတွေက လက်ဝါးကြီးအုပ်ထားတယ်။ ဗျူရိုကရက် တစ်ယန္တရားတစ်ခုလုံးကို နှစ်ပေါင်းမြောက်မြားစွာ ဒီလူတွေက လက်ဝါးကြီးအုပ်ထားတာ။ အဲဒီ အီလစ်အလွှာက ကျွန်တော်တို့ နိုင်ငံမှာရှိတယ်။ ထုနဲ့ထည်နဲ့ ရှိတယ်။ ထုနဲ့ထည်နဲ့ ရှိတော့ အပေါ်က အခွင့်အရေး တစ်ခုချလိုက်တာနဲ့ ဒီဘော်ဒီကို လုပ်ဆောင်မယ့် အီလစ်အလွှာ သုံးခုကနေပြီးတော့ ကစားတာတွေ၊ ရွေ့အောင်လုပ်တာတွေ၊ ပုံရိပ်တွေကို ပျောက်အောင်လုပ်တာတွေ ဒါကတစ်ခုပေါ့နော်” လို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးက အောက်ခြေ ဗျူရိုကရေစီယန္တရား မပြောင်းလဲနိုင်မှုအပေါ် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က ပြုလုပ်ခဲ့တဲ့ ဒီဗွီဘီဒီဘိတ်မှာ ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတရုံးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနတွေမှာ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့အပြင် ကော်မတီ ၁၆ ခုမှာလည်း ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နေရာတွေကို တာဝန်ယူထားတာကြောင့် ဗဟိုချုပ်ကိုင်မှုတွေ များနေတယ်ဆိုပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။

“ဗဟိုချုပ်ကိုင်မှု များလွန်းနေတယ်။ ဝန်ကြီးတွေ မတော်တာ၊ တော်တာ ခဏထား။ ဝန်ကြီးတွေက အကုန်လုံး အထက်ကို ကြောက်နေရတယ်။ ဝန်ကြီးက တော်တယ်ဆိုရင်လည်း ကိုယ်တကယ့် လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်မရှိဘူး” လို့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က ပြုလုပ်ခဲ့တဲ့ ဒီဗွီဘီဒီဘိတ်မှာ တမ္ပဒီပ အင်စတီကျု၏ ဒါရိုက်တာ ဒေါက်တာ ခင်ဇော်ဝင်းက ပြောကြားထားပါတယ်။

နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သော အမိန့်စာများကို တွေ့ရစဉ်

၂၀၁၆/၂၀၁၇ ဝန်ကြီးအပြောင်းအလဲ

၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၈ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းကို တာဝန်ကနေ ရပ်စဲလိုက်ပါတယ်။ ဒါဟာ NLD အစိုးရလက်ထက်မှာ ဒုဝန်ကြီးတစ်ဦးကို ပထမဆုံးတာဝန်ကနေ ရပ်စဲလိုက်တာလည်း ဖြစ်ပါတယ်။

စိုက်ပျိုးရေးပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာထွန်းဝင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး တာဝန်ပေးချိန်မှာ ‘လူမှန်၊ နေရာမှန်’ ဖြစ်တယ်ဆိုတဲ့ ချီးကျူးထောမနာပြုမှုတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ သူ့ကို တာဝန်ကရပ်စဲချိန်မှာ အကြောင်းပြချက် နှစ်ခုထွက်ပေါ်ခဲ့ပါတယ်။ ပထမတစ်ခုက ညှိနှိုင်းဆောင်ရွက်မှု အားနည်းခြင်းလို့ ဆိုပါတယ်။ ဒုတိယတစ်ခုက အုပ်ချုပ်ရေးကိစ္စတွေမှာ ချောမွေ့အောင် ဆောင်ရွက်နိုင်မှုမရှိဘူးလို့ ဆိုခဲ့ပါတယ်။

ဒီနှစ်ချက်ကို ဒေါက်တာထွန်းဝင်းက ရှင်းရှင်းလင်းလင်း ထုချေမှုရှိခဲ့တယ်လို့ သိရပါတယ်။ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်ချောမွေ့အောင် မလုပ်နိုင်မှုဆိုတဲ့ ပြောဆိုမှုမှာ သူနဲ့အစိုးရဟောင်း ယန္တရားမှာ ပါဝင်ခဲ့သူတွေဖြစ်တဲ့ အမြဲတမ်းအတွင်းဝန် ဒေါက်တာတင်ထွဋ်၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်တို့အကြား အဆင်မပြေတာတွေ ရှိခဲ့တာကိုလည်း ဝန်ခံပြောဆိုမှုရှိခဲ့တယ်လို့ သိရပါတယ်။

ညှိနှိုင်းဆောင်ရွက်မှု အားနည်းတယ်ဆိုတဲ့ အပိုင်းမှာလည်း သူ့ဘက်က လုပ်ဆောင်ခဲ့တာတွေကို ဒေါက်တာထွန်းဝင်း တင်ပြခဲ့တာတွေ ရှိပါတယ်။

ဥပမာအားဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်တွေထံ ငှားရမ်းထားတဲ့ ဝန်ကြီးဌာနပိုင်မြေ၊ အဆောက်အအုံတွေနဲ့ ဆက်စပ်ပြီး ငှားရမ်းထားတဲ့ မြေ ၂၅၈၉၆ ဒသမ ၇၈ ဧက၊ အဆောက်အအုံ ၂၇၅၄ ခုကို စာရင်းပြုစုပြီး နိုင်ငံတော်နဲ့ ဝန်ကြီးဌာနအတွက် အကျိုးပြုစေဖို့ ပြန်လည် သုံးသပ်အရေးယူ ဆောင်ရွက်ဖို့ တင်ပြချက်ကို တာဝန်စတင်ထမ်းဆောင်ချိန်ကတည်းက တင်ပြမှုရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒါတွေကို ဝန်ကြီးဌာနပိုင်းက အရေးယူ ဆောင်ရွက်မှုမရှိခဲ့ဘဲ နိုင်ငံတော်သမ္မတရုံး အကြောင်းကြားစာရမှ တင်ပြခဲ့တယ်လို့ ဒေါက်တာထွန်းဝင်းရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

အနီးကပ်ဆုံး ဖြစ်စဉ်အနေနဲ့ ဆည်ရေကို ယခင်အတိုင်း နွေစပါးဧက နှစ်သန်းအတွက်သာ မိုးတွင်းမှာ သိုလှောင်ခြင်းမပြုစေဘဲ မိုးစပါး ဧက ၁၅ သန်းအတွက် အချိန်မရွေးပေးနိုင်အောင် အဆိုပြုချက်၊ ဆည်များအတွင်း ငါးမျိုးစုံထည့်သွင်း မွေးမြူစေပြီး မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်လက်မဲ့ လေးသန်းအတွက် စုပေါင်း မွေးမြူစနစ်နဲ့ အလုပ်အကိုင်၊ ဝင်ငွေဖန်တီးပေးဖို့ အဆိုပြုချက်၊ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသမှာ နွေရာသီ မြစ်ရေတင်စီမံကိန်းတွေလုပ်ပြီး မိုးရာသီကာလ သီးနှံတစ်သီးသာ စိုက်ပျိုးခြင်းထက် အထွက်နှုန်းသုံးဆ တိုးစေခြင်း အဆိုပြုချက် ဒီသုံးချက်ကို ဒေါက်တာထွန်းဝင်းက တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီသုံးချက်ပယ်ချခံခဲ့ရာက အစပြုပြီး ဒါကိုပြန်လည် စောဒကပြုရာကတစ်ဆင့် နောက်ဆုံးတာဝန်က ရပ်စဲခံရတဲ့ အခြေအနေအထိ ဆိုက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်မှာ စိုက်ပျိုးရေးပညာရှင်တစ်ဦးရဲ့ စိတ်အားထက်သန်မှုနဲ့ အုပ်ချုပ်ရေးယန္တရားပိုင်းက အယူအဆမတူတွေအကြား ထိပ်တိုက်တိုးမှုရှိခဲ့တာကို သက်သေပြနေပြီး ပညာရှင်တစ်ဦး အုပ်ချုပ်ရေးပိုင်းက ဖယ်ထုတ်ခံလိုက်ရတာပဲ နိုင်ငံအတွက် နစ်နာမှုဖြစ်စေခဲ့ပါတယ်။ ဒီနေရာမှာ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်၊ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က (ဒေါက်တာထွန်းဝင်း၏ ပြောဆိုချက်များအရ) တစ်စိတ်တစ်ပိုင်းအားဖြင့် ပါဝင်ပတ်သက်နေတာကလည်း အငြင်းပွားစရာ ဖြစ်စေခဲ့ပါတယ်။

ဒေါက်တာထွန်းဝင်း ကိစ္စဟာ အများဝေဖန်စရာဖြစ်ခဲ့ပေမဲ့ ကျန်တဲ့ဌာနတွင်းမှာ သူ့လိုအခြေအနေ ရင်ဆိုင်နေရသူ ဘယ်လောက်ရှိနေသလဲဆိုတာ စဉ်းစားရမယ့် ကိစ္စဖြစ်ပါတယ်။

လက်ရှိအစိုးရ ခန့်အပ်ထားတဲ့ ပြည်ထောင်စုဝန်ကြီးတွေထဲမှာ အခြေအနေအချိန်အခါအရ ပြောသင့်ပြောထိုက်၊ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်နေတယ်လို့ ပြည်သူအများက ထင်ကြေးပေးခံထားရတဲ့ ဝန်ကြီးသုံးဦး ရှိပါတယ်။

ပထမတစ်ဦးက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ဖြစ်ပါတယ်။ ဒုတိယတစ်ဦးက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးဖြစ်ပြီး တတိယတစ်ဦးက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဖြစ်ပါတယ်။

သူတို့သုံးဦးဟာ အခုချိန်အထိ အောင်မှတ်အထက်မှာ ရှိနေဆဲဖြစ် ပြီး လွှတ်တော်ကို လာရောက်ဖြေဆိုတဲ့ သူတို့ရဲ့ ဖြေကြားချက်တွေဟာလည်း ပြည်သူတွေကြားမှာ ကျေနပ်စရာ ဖြစ်စေခဲ့ပါတယ်။

အခြား ပြည်ထောင်စုဝန်ကြီးတွေ အနေနဲ့လည်း သူတို့လို လုပ်ကိုင်ပြောဆိုချင်စိတ်ရှိမှာကို သံသယဖြစ်စရာ မရှိပါဘူး။ ဒါပေမဲ့ သူတို့တွေ ဘယ်လိုအခက်အခဲမျိုးနဲ့ ရင်ဆိုင်နေရသလဲဆိုတာ သူတို့ကိုယ်တိုင် တရားဝင်ထုတ်ပြောမှပဲ ပြည်သူတွေသိနိုင်မှာ ဖြစ်ပါတယ်။ ထုတ်မပြောနိုင်ရင် ပြည်သူတွေအကြား အထင်လွဲမှုတွေ ရှိလာနိုင်ပါတယ်။

၂၀၁၇ ခုနှစ်မှာတော့ NLD အစိုးရအနေနဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးကို နုတ်ထွက်ခွင့်ပြုခဲ့ပါတယ်။ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးအနေနဲ့ ၂၀၁၇ ဖေဖော်ဝါရီ ၂၀ ရက်က နုတ်ထွက်စာတင်ခဲ့ရာ သမ္မတက ချင်းပြည်နယ်က နေပြန်ရောက်ပြီး နောက်တစ်နေ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ နုတ်ထွက်ခွင့်ပြုခဲ့တာပါ။

လစ်လပ်နေတဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်နေရာ အတွက် ၂၀၁၇ ခုနှစ် မတ် ၁ ရက်က ကျိုက်ထိုမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂)က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးဇံကို ခန့်အပ်ခဲ့ပါတယ်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းကို ၂၀၁၇ ခုနှစ် သြဂုတ် ၁ ရက်က သူ့ရဲ့ သဘောဆန္ဒအလျောက် ရာထူးကနေ နုတ်ထွက်ခွင့်ပြုခဲ့ပါတယ်။

လွှတ်တော်နှင့် ပွတ်တိုက်မှု

NLD အစိုးရ သက်တမ်း နှစ်နှစ်နီးပါးအတွင်း အစိုးရနဲ့ လွှတ်တော်ကြားမှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မေးခွန်းမေးမြန်းမှုကို အစိုးရတာဝန်ရှိသူတွေက လာရောက်ဖြေကြားတာနဲ့ ပတ်သက်လို့ ပွတ်တိုက်မှုအချို့ ရှိခဲ့ပါတယ်။

အနီးစပ်ဆုံးအနေနဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်မှာ ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ မေးခွန်းကို တိကျသေချာစွာ ဖြေကြားဖို့လိုပြီး ရေရာသေချာမှုမရှိတဲ့ အဖြေများကို လာရောက်ဖြေကြားခြင်း မပြုသင့်ဘူးလို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားခဲ့ပါတယ်။

အဲဒီနေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လေးမျက်နှာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်း မေးမြန်းတဲ့မေးခွန်းအပေါ် နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက ဖြေကြားပြီးနောက် အခုလို လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့ ာ ဖြစ်ပါတယ်။

“ဒီလိုသာ ဖြေမယ်ဆိုရင် ကျွန်တော်တို့ ဗန်းစကားပြောသလိုဆို တိုင်ပတ်နေလိမ့်မယ်။ မေးခွန်းတွေ၊ အဖြေတွေဟာ တိုင်ပတ်တဲ့မေးခွန်းနဲ့ အဖြေမျိုးတော့ လွှတ်တော်မှာ ကျွန်တော်တို့အနေနဲ့ မလိုလားပါဘူး။ တိကျတဲ့အဖြေမျိုး လိုချင်တယ်” လို့ ဦးဝင်းမြင့်က ဆိုပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်အနေနဲ့ လွှတ်တော်မှာ လာရောက်ဖြေကြားတဲ့ အစိုးရအဖွဲ့မှ တာဝန်ရှိသူများကို မကြာခဏ သတိပေး ပြောကြားမှုတွေ ပြုလုပ်လေ့ရှိပါတယ်။

၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် ဒုတိယအကြိမ် တတိယပုံမှန်အစည်းအဝေးမှာ ပန်းတောင်းမဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်ရဲ့ မေးမြန်းမှုကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က လုံလောက်တဲ့ဖြေဆိုမှု မပေးနိုင်ခဲ့ပါဘူး။

“အရပ်ရပ်ကုန်ဈေးနှုန်း တရိပ်ရိပ်တက်နေမှုအား ထိန်းချုပ်မည့် အစီအစဉ် ရှိ၊ မရှိ” အပေါ် ဒေါ်ခင်နှင်းသစ်က မေးမြန်းတာ ဖြစ်ပါတယ်။

ဒါကို ဒေါက်တာသန်းမြင့်က ပြန်ဖြေတဲ့အခါ ငွေကြေးဖောင်းပွမှု အခြေအနေ၊ ကုန်ဈေးနှုန်းမြင့်လာတဲ့ ကိန်းဂဏန်း ဖော်ပြချက်ဒါတွေကိုပဲ အသေးစိတ်ပြောဆိုခဲ့ပြီး ထိန်းချုပ်မယ့် အစီအစဉ်ကို မဖြေနိုင်ခဲ့ပါဘူး။ ဒီအတွက်လည်း မေးမြန်းတဲ့မေးခွန်းကို ထိထိရောက်ရောက် ဖြေဆိုဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က သတိပေးခဲ့ရပါတယ်။

“ပြည်ထောင်စုဝန်ကြီးအနေနဲ့ ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ် မေးတဲ့မေးခွန်းကို ထိထိရောက်ရောက်လေး ဖြေစေချင်ပါတယ်။ ဒီပြင်ဟာမဟုတ်ပါဘူး။ မေးတဲ့မေးခွန်းက အရပ်ရပ်ကုန်ဈေးနှုန်း တရိပ်ရိပ်တက်နေမှုအား ထိန်းချုပ်မည့် အစီအစဉ် ရှိ၊ မရှိကို မေးတာပါ။ အခုဒီမှာက ငွေကြေးဖောင်းပွမှု အခြေအနေတွေ ရှင်းလင်းတင်ပြတယ်။ ပြည့်စုံမှုရှိပါတယ်။ ကိုယ်စားလှယ် အားလုံးလည်း ဗဟုသုတရပါတယ်။ နောက်တစ်ခါ ကုန်ဈေးနှုန်းတက်လာတဲ့ အကြောင်းရင်းတွေလည်း အကျယ်တဝင့် ပြောသွားပါတယ်။ ပြီးတဲ့အခါကျတော့ ကုန်ဈေးနှုန်းမြင့်မားလာတဲ့ နှုန်းထားတွေကိုလည်း အသေးစိတ် ပြောသွားပါတယ်။ ကျွန်တော်တို့ ကိုယ်စားလှယ်တွေ ဗဟုသုတရပါတယ်။ သို့သော် ကျွန်တော်တို့က သတ်မှတ်ချိန်နဲ့ ပြည်ထောင်စုဝန်ကြီးဌာနက ဖြေရတဲ့အခါ ဖြစ်တာကျတော့ ကျွန်တော်တို့အခု ငါးမိနစ် နှစ်ကြိမ်တိုးပြီးတော့ ဆယ်မိနစ်အထိ ပေးထားပါတယ်။ မေးတဲ့မေးခွန်းကထိန်းချုပ်မည့် အစီအစဉ် မေးတာပါ။ ဒီတက်တဲ့အကြောင်းရင်း၊ တက်တဲ့နှုန်းထားတွေ၊ ငွေကြေးဖောင်းပွတဲ့ အခြေအနေတွေ အဲဒီဟာတွေကို အကျယ်တဝင့် အသေးစိတ်ပြောမယ့်အစား ကုန်ဈေးနှုန်းတက်တဲ့ အခြေအနေကို ထိန်းချုပ်မယ့် အစီအစဉ်မေးတာပါ။ အဲဒီလို တိုတိုနဲ့လိုရင်းကို သတ်မှတ်ချိန်အတွင်းမှာ ပြီးစေချင်ပါတယ်” လို့ ဦးဝင်းမြင့်က သတိပေးခဲ့တာပါ။

ဒီလိုသတိပေးပြီးလို့ ပြန်ဖြေချိန်မှာလည်း တိတိကျကျ ဖြေကြားမှု မရှိတဲ့အတွက် ဒေါ်ခင်နှင်းသစ်က ထပ်ဆင့်မေးမြန်းခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်ရဲ့ ကြားဝင်ပြောဆိုမှုနဲ့အတူ ဖြေဆိုဖို့အဆင်သင့် မဖြစ်သေးတာကြောင့် နောက်မှဖြေဆိုခွင့်ပြုဖို့ ဒေါက်တာသန်းမြင့် မေတ္တာရပ်ခံခဲ့ပါတယ်။

အစိုးရပိုင်းက ကုန်ဈေးနှုန်း ထိန်းချုပ်နိုင်မှု ရှိ၊ မရှိအပေါ် ဒေါ်ခင်နှင်းသစ်ရဲ့ မေးခွန်းကနည်းနာအရ လွဲချော်မှု ရှိကောင်းရှိနိုင်ပေမဲ့ ကုန်ဈေးနှုန်းတက်နေတာကို လှိမ့်ခံနေရတဲ့ ပြည်သူတွေအတွက် အစိုးရက ဘာလုပ်ပေးမလဲဆိုတာ မျှော်လင့်ချက် ဖြစ်စေခဲ့ပါတယ်။ လုပ်ပေးနိုင်တဲ့ အစီအစဉ်နဲ့ အကြောင်းပြဖြေကြားမှု မရေရာတဲ့အခါ မေးတဲ့မေးခွန်းထက် ဖြေဆိုမှုအပေါ် စိတ်ပျက်မှု ဖြစ်စေခဲ့ပါတယ်။

ဒေါက်တာသန်းမြင့်ရဲ့ ဖြေဆိုမှုကို ကြည့်ရင်လည်း ကြိုတင်ရေးသားထားတဲ့ စာရွက်ကို ကြည့်ပြီးဖြေဆိုတာဖြစ်နေတဲ့အတွက် စာမှာပါဝင်တဲ့ အကြောင်းအရာတွေဟာ သူ ကိုယ်တိုင်ရေးသားထားသလား၊ သူ့ရဲ့အောက်မှာ လုပ်ဆောင်နေသူတွေက တင်ပြထားတာလားဆိုတာ မသဲကွဲမှု ဖြစ်စေပါတယ်။ တကယ်တော့ အတွေ့အကြုံများစွာ ရှိထားပြီးဖြစ်တဲ့ ဒေါက်တာသန်းမြင့်အဖို့ ဒေါ်ခင်နှင်းသစ်ရဲ့ မေးခွန်းကို လက်တန်းဖြေဆိုမယ်ဆိုရင်လည်း ဖြေနိုင်တဲ့အရည်အချင်း သူ့မှာရှိပါတယ်။

ဒေါက်တာသန်းမြင့်ရဲ့ ဖြေဆိုမှုအပေါ် လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင် ဝေဖန်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ဒါကလည်း အရင်အစိုးရ၊ အရင်လွှတ်တော်သက်တမ်းမှာ ကြုံတွေ့ခဲ့ရပြီးဖြစ်လို့ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ လွှတ်တော်အမေးနဲ့ ဝန်ကြီးဌာနအဖြေ ကွဲလွဲမှုတွေဟာ ဒီအချိန်မှာ မရှိသင့်တော့ပါဘူး။

“ဝန်ကြီးဌာနတွေကို လွှတ်တော်မှာ လာဖြေဖို့ ဖိတ်လိုက်တဲ့အခါ လာဖြေကြတယ်။ လာဖြေတဲ့အခါ ဝန်ကြီးဌာနအများစုကအောက်က ဌာနဆိုင်ရာတွေက ရေးပေးလိုက်တာတွေကို လာဖတ်တာများတယ်။ အဲဒီလို လာဖတ်တာများတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေက နောက်ဆက်တွဲ မေးခွန်းတွေမေးတဲ့အခါ အဲဒီဝန်ကြီးတွေ ပြန်ဖြေရတာ တော်တော်အခက်အခဲ တွေ့တာကို အရင်လွှတ်တော်တုန်းကလည်း ကြုံခဲ့ရတယ်။ အခုလည်း ကြုံနေရတယ်” လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ဆိုပါတယ်။

လွှတ်တော်ကို လာဖြေတဲ့ ဝန်ကြီးက ကိုယ်ရေးတဲ့စာကို လွှတ်တော်မှာ လာဖြေတာမှမဟုတ်ဘဲ။ လွှတ်တော်က မေးခွန်းမေးလိုက်ရင် မေးခွန်းမှာ ဝန်ကြီးဌာနတစ်ခုမက နှစ်ခုသုံးခုမက ဆက်စပ်ဌာနတွေလည်း ပါလာတယ်။ အဲဒီမေးခွန်းတွေကို အဲဒီဌာနတွေက ဖြေလိုက်တယ်။ ဖြေလိုက်တဲ့ဟာကို စုပေါင်းပြီးတော့လာဖြေမယ့် ဝန်ကြီးဌာနက ရေးလိုက်တယ်။ ဝန်ကြီးရေးတာမဟုတ်ဘူး။ ဌာနမှာ ညွှန်ချုပ်လောက် ရှိမှာပေါ့။ ပြည်နယ်မှာဆိုရင်လည်း ပြည်နယ်မှူးလောက်ရှိမှာပေါ့။ အဲဒီ လူတွေက ရေးတယ်။ ရေးတဲ့ဟာကို ဝန်ကြီးကလာဖတ်တာပဲ။ လာဖတ်တဲ့အခါ အောက်ခြေမှာ တကယ်ဖြစ်နေတဲ့ အဖြစ်အပျက်တွေနဲ့ တလွဲတွေ အများကြီးပဲ” လို့ ဦးဘရှိန်က ဆက်ပြောခဲ့ပါတယ်။

ဒါပေမဲ့ စွမ်းဆောင်ရည်ရှိတဲ့ ဝန်ကြီးတစ်ဦးအနေနဲ့ဆိုရင် ဒီလိုမျိုး လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး ဆောင်ရွက်ခဲ့သူ ကိုမင်းသူဇင်က ပြောခဲ့သလို ဘာမှမပြောင်းလဲ အောက်ခြေကတင်ပြတဲ့အတိုင်း ဆက်လုပ်နေမယ်ဆိုရင် လွှတ်တော်လည်း သိက္ခာကျသလို ဖြေဆိုသူ ဝန်ကြီးရဲ့ ဂုဏ်သိက္ခာလည်း ထိခိုက်မယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်က ပြောခဲ့ပါတယ်။

“(လွှတ်တော်က) မေးခွန်းတစ်ခု မေးတယ်ဆိုတာ အဲဒီမေးခွန်းကို သူတို့အနည်းဆုံး တစ်လလောက်တော့ အချိန်ရတယ်ဗျ။ တစ်လလောက် အချိန်ရရင် အဲဒီအပိုင်းကိုတော့ ဆင်းနိုင်မှာမဟုတ်ဘူး။ ဆင်းနိုင်မှာ မဟုတ်ဘူးဆိုရင် သက်ဆိုင်ရာပေါ့လေ။ ညွှန်မှူးတို့ဘာတို့ပေါ့။ အောက်ခြေကလူတွေက အဲဒါနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်ပေးလိမ့်မယ်။ ဖြေရှင်းချက်ပေးတာကို ယူလာလိမ့်မယ်။ ယူတယ်ဆိုတာက အချက်အလက်တွေပဲ ယူလာလိမ့်မယ်။ ဒါပေမဲ့ တချို့မေးခွန်းတွေက ပေါ်လစီပိုင်းဆိုင်ရာ ကိုယ်ကတာဝန်ယူပြီး ပြောရမယ့်အပိုင်းတွေ ရှိတယ်။ အဲဒီတော့ ပေါ်လစီပိုင်းဆိုင်ရာတွေ မပါဘူး။ သူတို့လုပ်ပြီးပြီ၊ လုပ်မယ်၊ မလုပ်နိုင်ဘူး။ ဒါပဲ။ အဲဒီတော့ သူတို့အရင်က လုပ်ခဲ့တဲ့ဟာတွေ လုပ်ခဲ့တဲ့ဟာတွေဆိုတာ ဦးသိန်းစိန်လက်ထက်က လုပ်ခဲ့တာတွေလည်း အဲဒါတွေ ပြန်ပြောင်းပြောတယ်။ ကျွန်တော်တို့က အဲဒီလို မဖြစ်စေချင်ဘူး။ တချို့ဝန်ကြီးတွေက ပေးထားတဲ့ဟာ တကယ်ဆိုရင် ရှည်ရှည်မျောမျောကြီး ဖြစ်နေတယ်ဆိုရင် ဖြတ်တောက်ပြီးတော့ တိုတိုနဲ့ လိုရင်းထိမိအောင်ဖြေရမယ်။ အဲဒါမျိုးမဟုတ်ဘဲနဲ့ ပေးလိုက်တဲ့အတိုင်း အောက်က ရေးပေးလိုက်တဲ့အတိုင်း၏သည်မလွဲ ဖြေနေကြတာ မြင်နေရတယ်။ ဒါဝန်ကြီးတစ်ဦးရဲ့ အရည်အချင်းမဟုတ်ဘူး။ သူကသူကိုယ်တိုင် သိထားတဲ့ အချက်အလက်တွေနဲ့ အောက်ခြေက တင်ထားတာတွေနဲ့ အချက်အလက်တွေနဲ့ စုပေါင်းပြီးမှ အဖြေကိုချပေးရမှာ။ အဲဒါမျိုးချပေးနိုင်တာ တချို့ပဲရှိတယ်။ တော်တော်များများကတော့ စိတ်ပျက်ဖို့ကောင်းတယ်” လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောကလည်း ဝေဖန်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပြောပြီ

လုပ်ငန်းတာဝန်ကို နိုင်နင်းစွာ ထမ်းဆောင်နိုင်ခြင်းမရှိတဲ့ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဝန်ကြီးချုပ်တွေကို ပြောင်းသင့်ပါက ပြောင်းရမှာဖြစ်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၉ ရက်က ပြောကြားခဲ့ပါတယ်။

“တချို့ကျတော့ အလုပ်ကို မနိုင်တာတွေလည်း ရှိကောင်းရှိနိုင်တာပေါ့။ အဲဒါဆိုရင်တော့ ဒါ အစ်မတို့အနေနဲ့ ပြောင်းသင့်ရင်လည်း ပြောင်းရမှာပဲ။ ဒါအစ်မတို့ အစကတည်းက ပြောထားတာပဲ” လို့ စက်တင်ဘာ ၁၉ ရက်က RFA သတင်းဌာနနဲ့ သီးသန့်တွေ့ဆုံ မေးမြန်းခန်းမှာ ဝန်ကြီးများ၊ ဝန်ကြီးချုပ်များရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်တဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာပါ။

ဝန်ကြီးတွေနဲ့ ဝန်ကြီးချုပ်တွေဟာ တစ်ပြေးညီ အရည်အချင်းရှိနိုင်မှာမဟုတ်ဘဲ အချို့က ပိုတော်သလို အချို့က သူတို့တာဝန်ကို ထမ်းဆောင်ရာမှာ အချိန်ယူဖို့လိုအပ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

“ဝန်ကြီးတွေခန့်တာ အစိုးရအဖွဲ့ထဲမှာ တာဝန်ပေးတယ်ဆိုတာဟာ ထာဝရအတွက်မဟုတ်ဘူး။ တာဝန်ကို ဘယ်လောက်ကောင်းကောင်းမွန်မွန် ထိထိရောက်ရောက် ထမ်းဆောင်နိုင်မလဲဆိုတာပေါ်မှာ အခြေခံပြီး လုပ်သွားမယ့်ကိစ္စ” လို့ သူက ဆိုပါတယ်။

ဒီစကားတွေကို NLD အစိုးရသက်တမ်း တစ်နှစ်ခွဲရောက်မှ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှာ NLD ပါတီက အစိုးရအဖွဲ့ဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည် လေ့လာစိစစ်ရေးအဖွဲ့ကို ဦးဝင်းထိန်ဦးဆောင်ပြီး ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီအဖွဲ့က ကိုယ်စားလှယ်နဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ သက်ဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည် အပါအဝင် ပြည်သူနဲ့ ချိတ်ဆက်ဆက်ဆံမှု၊ ပါတီနဲ့ ချိတ်ဆက်ဆောင်ရွက်မှုနဲ့ သက်ဆိုင်ရာမြို့နယ် ပါတီအလုပ်အမှုဆောင်အဖွဲ့ မှတ်ချက်တွေအပေါ် အခြေခံပြီး သုံးသပ်အကဲဖြတ်မှာ ဖြစ်ပါတယ်။

အဖွဲ့အနေနဲ့ ကိုယ်စားလှယ်တွေနဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေ့ရှိချက်ကို သမ္မတနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ တင်ပြမှာဖြစ်ပါတယ်။

ပြည်နယ်နှင့် တိုင်းဝန်ကြီးချုပ်နဲ့ ဝန်ကြီးအပြောင်းအလဲ

၂၀၁၇ ခုနှစ် နိုဝင်ဘာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ဝန်ကြီးအများစုအနေနဲ့ လုပ်ငန်းတစ်ခုခု လုပ်ပါက အဘက်ဘက်က တွက်နေတာကြောင့် နှောင့်နှေးနေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါဟာ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးကနေ NLD အစိုးရ သက်တမ်းတစ်နှစ်နဲ့ရှစ်လ အရောက်မှာ ဝန်ခံပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဦးဝင်းထိန်ရဲ့ ပြောကြားချက်နဲ့အတူ NLD အစိုးရအဖွဲ့အတွင်း အပြောင်းအလဲ တချို့ဖြစ်ပေါ်မယ့် သတင်းတွေကလည်း တစ်စထက်တစ်စ ကျယ်ပြန့်စွာ ထွက်ပေါ်လို့လာပါတယ်။

ဒီလို သတင်းတွေ ထွက်ပေါ်ပြီး မကြာခင်အချိန်မှာပဲ ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးဘဟိန်းတို့ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၉ ရက်က သူတို့ရဲ့ သဘောဆန္ဒအရ နုတ်ထွက်ခွင့်ပြုတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးစိုးမြင့်နဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးနေမျိုးကျော်တို့ကို သူတို့ရဲ့ သဘောဆန္ဒအလျောက် တိုင်းဒေသကြီး ဝန်ကြီး ရာထူးကနေ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၀ ရက်က ထပ်မံနုတ်ထွက် ခွင့်ပြုခဲ့ပါတယ်။

၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၁ ရက်မှာတော့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနဝန်ကြီး ဦးကျော်မင်းဇံနဲ့ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ဦးမောင်မောင်လွင်တို့ကို သူတို့ရဲ့ သဘောဆန္ဒအလျောက် တိုင်းဒေသကြီးဝန်ကြီး ရာထူးကနေ ထပ်မံနုတ်ထွက် ခွင့်ပြုခဲ့ပါတယ်။

ဒါကြောင့် သုံးရက်အတွင်း ဝန်ကြီးချုပ်တစ်ဦးနဲ့ ဝန်ကြီး ငါးဦးကို NLD အစိုးရလက်ထက်မှာ အများဆုံးအဖြစ် နုတ်ထွက်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၈ ရက်မှာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ကိုလည်း တာဝန်က ရပ်စဲလိုက်တယ်လို့ သမ္မတရုံးကနေ ထုတ်ပြန်ခဲ့ပါတယ်။

NLD အစိုးရသက်တမ်း နှစ်နှစ်တာကာလအတွင်း ကုန်ဈေးနှုန်းကြီးမြင့်မှု၊ မြေယာခွဲဝေချထားရေး နှောင့်နှေးမှု၊ ငွေကြေးဖောင်းပွမှု၊ အလုပ်အကိုင် ရှားပါးမှုတွေကို ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြည်သူတွေအနေနဲ့ ပြည်ထောင်စုအဆင့်ဝန်ကြီး တချို့ကိုပါ ပြောင်းလဲတာဝန်ပေးစေဖို့ ဆန္ဒရှိနေပါတယ်။

အဓိကအနေနဲ့ မြန်မာ့စီးပွားရေးကဏ္ဍကို ကိုင်တွယ်ဆောင်ရွက်နေတဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍကို တာဝန်ယူ ကိုင်တွယ်ဆောင်ရွက်နေတဲ့ ပြည်ထောင်စုဝန်ကြီးတွေရဲ့ အပြောင်းအလဲကို မျှော်လင့်နေကြပါတယ်။ ဒါ့အပြင် လက်လွတ်စပယ် ပြောဆိုမှုတွေ၊ နိုင်ငံရေးကြွားလုံးတွေကို မစားရဝခမန်းပြောဆိုနေတဲ့ ပုဂ္ဂိုလ်မျိုးတွေကိုလည်း ဖယ်ရှားချင်နေကြပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်ထိတော့ ပြည်ထောင်စုဝန်ကြီး အပြောင်းအလဲကို မမြင်တွေ့ရသေးပါဘူး။

ပြောင်းလဲလိုက်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ဝန်ကြီးတွေအနေနဲ့ လူပုဂ္ဂိုလ်ပြောင်းလဲမှုထက် အစိုးရရဲ့ မူဝါဒပိုင်း၊ လုပ်ငန်းစဉ်ပိုင်းတွေကို အပြောင်းအလဲပို လုပ်နိုင်ဖို့လိုနေပါတယ်။

“ပိုပြီး အရေးကြီးတာက ဘာလဲဆိုတော့ လူပုဂ္ဂိုလ်ပိုင်း ပြောင်းလဲမှုထက် အစိုးရရဲ့ မူဝါဒအပိုင်း၊ လုပ်ငန်းစဉ်အပိုင်းမှာ အပြောင်းအလဲတွေ ပိုပြီးတော့ လုပ်ဖို့ လိုအပ်တယ်။ လက်ရှိ နှစ်နှစ်တာကာလ အစိုးရရဲ့ မူဝါဒအပိုင်းတွေ၊ လုပ်ငန်းစဉ်အပိုင်းတွေ၊ လုပ်နည်းလုပ်ဟန် အပိုင်းတွေကို စနစ်တကျ ပြန်လည်သုံးသပ်ပြီးတော့ လာမယ့်သုံးနှစ်မှာ ပြုပြင်ပြောင်းလဲရေးတွေကို အင်တိုက်အားတိုက် ဖော်ဆောင်ဖို့ လိုအပ်တယ်” လို့ ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။

ဒါ့အပြင် အစိုးရအဖွဲ့အတွင်း ဗဟိုဦးစီးစနစ် လွန်လွန်ကဲကဲဖြစ်နေတာတွေ၊ ကြိုးနီစနစ်တွေ၊ ဗျူရိုကရေစီယန္တရားတွေ မြင့်မားနေတာတွေကိုလည်း အမြန်ဆုံးပြောင်းလဲသင့်တယ်လို့ သူက ဆက်လက်အကြံပြုပါတယ်။

“ပြည်ထောင်စုအစိုးရအဖွဲ့မှာရော၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေမှာရော ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို သတ်သတ်မှတ်မှတ် ပြဋ္ဌာန်းထားဖို့ လိုအပ်တယ်။ ဗဟိုချုပ်ကိုင်မှုကို လျှော့ချနိုင်ဖို့ဆိုရင် တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို စနစ်တကျ အပ်နှင်းနိုင်ဖို့ လိုအပ်တယ်။ ပေးအပ်ထားတဲ့ တာဝန်အတိုင်း လုပ်ပိုင်ခွင့်အတိုင်း မလုပ်တဲ့ ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေကို စောင့်ကြည့်ထိန်းကျောင်းပြီးတော့ လိုအပ်လို့ရှိရင် အရေးယူ ဆောင်ရွက်တာမျိုးတွေ လုပ်နိုင်မှသာလျှင် ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် ကောင်းမွန်တဲ့ အစိုးရဆိုတာကို ပုံဖော်နိုင်မယ်။ အဲဒီလိုတာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ လျော့နိုင်ဖို့ဆိုတာ အစိုးရအဖွဲ့ရဲ့ အကြီးအကဲတွေကိုယ်၌ကိုယ်က စဉ်းစားပြီးတော့ သုံးသပ်ပြီးတော့ ပြုပြင်ပြောင်းလဲဆောင်ရွက်နိုင်ဖို့ ပိုပြီးအရေးကြီးတယ်လို့ မြင်တယ်” လို့ ဒေါက်တာရန်မျိုးသိမ်းက ဆိုပါတယ်။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီး၊ ဝန်ကြီးပြောင်းလဲမှုနဲ့ ပတ်သက်လို့ ဇန်နဝါရီ ၁၅ ရက် သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ‘ဒေသန္တရအစိုးရများရဲ့အခန်းကဏ္ဍ’ ဆိုပြီး ရေးသားထားပါတယ်။

“တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရနဲ့ လွှတ်တော်တွေရဲ့တာဝန်ကို အကျဉ်းချုပ်လိုက်ရင်နှစ်ခုပဲရှိတယ်။ ပထမတစ်ခုက ပြည်ထောင်စုအစိုးရရဲ့ မူဝါဒတွေကို မိမိဒေသအလိုက် အကောင်အထည်ဖော်နိုင်ဖို့အတွက် ပြည်ထောင်စုအစိုးရဌာနတွေကို ကြီးကြပ်ဖို့၊ ဒုတိယတစ်ခုက မိမိလုပ်ပိုင်ခွင့်ထဲက အကောင်အထည်ဖော်ရမယ့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးကိစ္စတွေကိုလုပ်နိုင်ဖို့ ဖြစ်ပါတယ်။ အဲဒီနှစ်ချက်ကို အကောင်အထည်ဖော်နိုင်ရင် ဒေသခံပြည်သူတွေ အကျိုးရှိမယ်။ အကောင်အထည်ဖော်ဖို့နှောင့်နှေးရင် ဒေသခံလူထု အကျိုးမရှိဘူးပေါ့” လို့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရနဲ့ လွှတ်တော်တွေရဲ့ တာဝန်ကို အချက်နှစ်ချက်နဲ့ ထောက်ပြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံအဖြစ် ထူထောင်မယ်ဆိုပါက တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေရဲ့ လုပ်ပိုင်ခွင့်တွေကို ပိုပေးရမှာဖြစ်ပြီး ဗဟိုချုပ်ကိုင်မှုတွေကိုလည်း လျှော့ချရမယ်လို့ ရေးထားပါတယ်။

ဘာပဲဖြစ်ဖြစ် NLD အစိုးရရဲ့ နှစ်နှစ်နီးပါးကာလအတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ဝန်ကြီးတွေကို စတင်ပြောင်းလဲတာနဲ့ ပတ်သက်ပြီး ကြိုဆိုရမှာဖြစ်ပါတယ်။

နောက်ထပ်ခန့်အပ်မယ့် ဝန်ကြီး၊ ဝန်ကြီးချုပ်တွေအနေနဲ့ စွမ်းဆောင်ရည်ရှိပြီး ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံကို ပိုမိုကိုယ်စားပြုနိုင်တဲ့ ပုဂ္ဂိုလ်မျိုးတွေ ဖြစ်ဖို့လိုပါတယ်။ ဒါမှလည်း အောက်ခြေက ဗျူရိုကရေစီယန္တရားမှာ ထိရောက်တဲ့လုပ်ဆောင်မှုမျိုးကို လုပ်ဆောင်နိုင်မှာဖြစ်တဲ့ အပြင် အမှန်တကယ်ပြောင်းလဲမှုကို လိုချင်နေကြတဲ့ ပြည်သူတွေအတွက် ပြောင်းလဲမှုတွေကို အမှန်တကယ် ဖော်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက “သမ္မတဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ်လက်ထက် နှစ်နှစ်သက်တမ်းအတွင်းမှာ အစိုးရအဖွဲ့ရဲ့ စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် အပြောင်းအလဲတွေလုပ်ဖို့ လိုအပ်တယ်ဆိုတာ ငြင်းမရတဲ့အချက်ပဲ။ ဒီရက်ပိုင်းအတွင်းမှာ အပြောင်းအလဲတချို့ကို မြင်လာရတာဟာ ဒါက ကြိုဆိုရမယ့် ခြေလှမ်းလို့မြင်တယ်။ ဒါပေမဲ့ ဒီအပြောင်းအလဲတွေဟာ မှန်ကန်တဲ့အပြောင်းအလဲတွေဖြစ်ဖို့ လိုအပ်တယ်။ နောက်ခန့်အပ်တဲ့ ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေဟာ ပိုပြီးတော့ စွမ်းဆောင်ရည်ရှိတဲ့ ပိုပြီးတော့ ပြည်သူလူထုကို မျက်နှာမူနိုင်တဲ့ ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံကို ပိုပြီးတော့ ကိုယ်စားပြုနိုင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်ဖို့ လိုအပ်တယ်” လို့ ပြောပါတယ်။

Most Recent