ဘတ်စ်ကားပေါ်က ဆင်းပြီးနောက်

ဘတ်စ်ကားပေါ်က ဆင်းပြီးနောက်
Published 24 January 2018

ဘတ်စ်ကားအရှိန် မလျှော့ခင် လူအုပ်ကြီးက စုပြုံတိုးနေကြပြီ။ စတုဒိသာတိုးသလို အားနဲ့မာန်နဲ့။ မျှော်လင့်ချက်နဲ့။ အိမ်အပြန်တစ်ခုအတွက် ဘတ်စ်ကားရပ်သွားချိန်မှာ လူအားလုံးဟာ အကျပ်အတည်းနဲ့၊ အခက်အခဲနဲ့ ကားပေါ်မှာ နေသားကျအောင် နေကြရပြီ။ ဘတ်စ်ကားအထွက်မှာ ဒရိုင်ဘာရဲ့အသံက ကားတစ်ခုလုံးကို လွှမ်းခြုံသွားတယ်။

“ဟေ့ လူနှစ်ယောက် ယာဉ်စီးခ လာထည့်ပါ။ စည်းကမ်းရှိပါ။ အဲဒီလို မထည့်ဘဲ မလုပ်ပါနဲ့။ အခုလာထည့်ပါ”

ဒရိုင်ဘာရဲ့ မျက်စိအောက်ကနေ မလွတ်မြောက်ခဲ့တဲ့ လူနှစ်ယောက် ခဏတာတော့ ငြိမ်နေကြတယ်။ ဒရိုင်ဘာက ဆက်အော်ပြီး ကားခကို  လာထည့်ခိုင်းနေမြဲပဲ။ လူနှစ်ယောက်ကတော့ ကားခ လာမထည့်သေး။ ဘတ်စ်ကားထဲမှာတော့ နေရာယူနေကြတဲ့ ခရီးသွားတွေ ရဲ့အသံမျိုးစုံတွေဆူညံနေလျက်။ ကားထဲက စပီကာတွေက သီချင်းသံတစ်ခု ထွက်ပေါ်နေရဲ့။

“မိုး .. ကိုယ့်ရင်ခွင်ကို လာသည်းပေးပါကွယ်.. ဒီလိုမိုးနဲ့ ငါလေရူးတော့မယ်...မင်းကြောင့်ပဲရူး...ဘာမှမသိဘူး...”

ဘာမှ မသိချင်ယောင်ဆောင်သွားတဲ့ လူနှစ်ယောက်ထဲကနေ ခဏကြာတော့မှ တစ်ယောက်က ကားခကိုလူကြားထဲတိုးပြီး လာထည့်သွားတယ်။ တစ်ယောက်ကတော့ လာမထည့်တော့ပါ။ ဒရိုင်ဘာလည်း ဆက်မပြောတော့ပါ။ ဘတ်စ်ကားပေါ်က သီချင်းသံနဲ့ အပြိုင် ထွက်ပေါ်လာတာက ကလေးငိုသံ။ကျွန်တော့် ရှေ့တည့်တည့်က ကလေးငိုသံ။အဲဒီကလေးငိုသံက ကားပေါ်က အကျပ်အတည်းတွေကြောင့် ထွက်ပေါ်လာတဲ့ အသံလား။ အိမ်အမြန်ရောက်ချင်တဲ့ အသံလား။ ဆာလောင်တာကြောင့် ထွက်ပေါ်လာတဲ့ အသံလား။ လူတစ်ယောက် ကားခလာ မထည့်လို့ ထွက်ပေါ်လာတဲ့အသံလား။ ကားပေါ်က အသက်အငယ်ဆုံး ကလေးငယ်လေးရဲ့ ငိုသံနဲ့အတူ သီချင်းသံကတော့...။

“ငါလေမင်းကို...ငါလေမင်းကို...ချစ်တယ်...မင်းကြောင့်ပဲရူး...ဘာမှမသိဘူး..”

မသိခြင်းတွေနဲ့ သီချင်းသံရယ်၊ တစ်စုံတစ်ရာကို သိချင်နေတဲ့ ကလေးငယ်ရဲ့ ငိုသံတွေက ကားပေါ်မှာ ဆူညံနေခဲ့တယ်။ ကျွန်တော် ထိုင်နေတဲ့ ဘေးနေရာက အမျိုးသမီးတစ်ယောက် မှတ်တိုင်တစ်ခုဆင်းတော့ စောစောက ငိုနေတဲ့ကလေးနဲ့သားအမိ ထိုင်ခုံနေ ရာရသွားပါတယ်။ သေးငယ်တဲ့လက်ကလေးက ကျွန်တော့်ကို လှမ်းကုတ်တယ်။ သြော် စောစောက ငိုတဲ့ကောင် အခုတော့တိတ်ပြီး ကျွန်တော့်ကို လှမ်းစနေတယ်လို့ တွေးမိရင်း ပြုံးမိသေးတယ်။ ဒါပေမဲ့ အဲ့ဒီကလေး ငြိမ်သက်ခြင်းက တစ်စုံတစ်ရာကြောင့်ဆိုတာ ကျွန်တော် သတိပြုမိလိုက်တယ်။ တစ်ချက်တွေပြီး ကျွန်တော့်ကို ကြည့်လိုက်၊ မိခင်ရဲ့အကာအကွယ်မဲ့တဲ့ မေတ္တာဓာတ်စီးဆင်းရာဆီ တိုးဝင်သွားလိုက်နဲ့ ကလေးမှာ အဆာပြေပြီး ကျေနပ်သွားပုံရတယ်။

မထင်မှတ်ဘဲ ကြည့်မိလိုက်တဲ့ ကျွန်တော့်အကြည့်ကို ကျွန်တော် ရှက်ရွံ့နေမိတယ်။ အဲဒီမြင်ကွင်းတွေအတွင်းက မိခင်အမျိုးသမီးနဲ့ ကလေးငယ်ကရော။ အဲဒီမြင်ကွင်းတွေကို ရှောင်လွှဲပြီးနောက်ပိုင်း ရန်ကုန်မြို့ဟာ ပိုမိုကျဉ်းကျပ်လာသလို ခံစားရတယ်။ ကားထဲက လူတွေကိုလည်း ပိုမိုကျဉ်းကျပ်နေသလို ခံစားရမိတယ်။ ကျွန်တော်လည်း ကျဉ်းကျပ်လာသလိုပဲ။ မိခင်အမျိုးသမီးနဲ့ ဆက်စပ်ပြီး ရှက်ရွံ့ခြင်းတရားကို အသစ်ထပ်မံဖွင့်ဆိုကြည့်ဖို့ ကျွန်တော်စိတ်ကူးမိတယ်။ နောက် မေတ္တာတရားဟာ ကမ္ဘာ့ဘယ်နေရာမှာဖြစ်ဖြစ် အရာအားလုံးကို မျက်ကွယ်ပြုနိုင်ပါလားဆိုတာ သတိပြုမိလိုက်တယ်။ လူတွေ၊ အကြည့်တွေ၊ သိစိတ်တွေ၊ ခံစားမှုတွေဟာ မေတ္တာတရားကို အချိန်မရွေး စိန်ခေါ်နေနိုင်ပါလားလို့ တွေးမိပြန်တယ်။ သူရဲကောင်းမိခင်ရဲ့  မေတ္တာဟာ ကလေးငယ်ရဲ့ ဆန္ဒနဲ့အတူ လူ တွေ၊ အကြည့်တွေ၊ သိစိတ်တွေ၊ ခံစားမှုတွေကို ဘတ်စ်ကားရဲ့ဟန်ချက်အတိုင်း လိုက်ပါ အန်တုနေခဲ့တယ်။ လှုပ်တဲ့အခါ လှုပ်။ ယိမ်းတဲ့အခါ ယိမ်း။ ယိုင်တဲ့အခါ ယိုင်။

မှတ်တိုင်တစ်ခုရောက်လည်း လူက ကျပ်မြဲ။ တိုးဝှေ့မြဲ၊ သီချင်းသံက ဆူညံမြဲ။ နောက်ထပ် သီချင်းသံတော့ သတိမထားမိတော့ပါ။ တကယ်တော့ လူတွေအားလုံးဟာ သတိမထားမိခြင်းနဲ့ တဖြည်းဖြည်း နေသားကျလာတယ်လို့ ထင်မိတယ်။ မြို့ပြရဲ့ဝတ်ရုံထဲမှာ နွေးတဲ့ အခါနွေး၊ အေးတဲ့အခါအေးနဲ့ မိခင်သားအမိ လိုအဆင်ပြေသလို နွေးရပေါ့။ အဆင်ပြေသလို အေးရပေါ့။ ကလေးငိုသံကို တိတ်အောင်၊ ဆာလောင်မှုကို ပြည့်ဝအောင် သူမရဲ့ မေတ္တာဓာတ်ဟာ အကြည့်တွေ၊ အသံတွေ၊ သိစိတ်တွေထက် ပိုမိုလေးနက်နေခဲ့တယ်။ ပိုမိုနှစ်လို ဖွယ်ဖြစ်ခဲ့တယ်။ ဘတ်စ်ကား ဘယ်လောက် ခုန်ခုန်၊ လူဘယ်လောက်ကျပ်ကျပ်၊ အသံတွေ ဘယ်လောက်ပဲ ဆူညံဆူညံ ကလေးငယ်အတွက် မိခင်ဟာ သေချာတဲ့နိုင်ငံတော်၊ သေချာတဲ့ ဘတ်စ်ကား၊ သေချာတဲ့လုံခြုံမှု၊ သေ

ချာတဲ့ အနာဂတ်ဖြစ်နေခဲ့တယ်။

ဘတ်စ်ကားကတော့ သူ့အလျင်အတိုင်း နိမ့်လိုက်မြင့်လိုက်နဲ့ ရွေ့နေဆဲပဲ။ မှောင်ရိပ်က လည်းသန်းလာခဲ့ပြီ။ ကျွန်တော့်ရှေ့ခုံမှာ ထိုင် ခုံနေရာရပေမဲ့ မထိုင်ဖြစ်တော့ပါ။ မတ်တတ်ရပ်ပါလာရင်း ဆင်းမယ့်မှတ်တိုင်လည်း နီးလာခဲ့ပြီ။ ကလေးနဲ့ သားအမိနှစ်ယောက်က တော့ လူကြားထဲတိုးဝှေ့ရင်း ကားပေါ်က ဆင်းသွားကြပြီ။ မိခင်အတွက်တော့ ဘတ်စ်ကားတစ်စီးပေါ်မှာခရီးသွားနေရခြင်းလို့ ယူဆနိုင်ပေမဲ့ ကလေးငယ်လေးအတွက်တော့ သူ့မိခင်ရင်ခွင်ထဲမှာ အိမ်လို့ပဲ မှတ်ထင်နေပါလိမ့်မယ်။ လုံခြုံတဲ့အိမ်လေး၊ လုံခြုံတဲ့ ဘ၀ လေးလို ကလေးငယ်အတွက် ဘာမှ ပူပင် ကြောင့်ကြမှု မရှိခဲ့ပေမဲ့ မိခင်ကတော့ မှတ်တိုင်အဆင်းမှာ ညအမှောင်ကို ဖြတ်ရပါဦးမယ်။ ခြေအစုံက ကတ္တရာလမ်းသားပေါ်မှာ။ လက်အစုံက ကလေးငယ်ရဲ့ ပခုံးသားတွေပေါ်မှာ။ အဲဒီအချိန်မှာ ကျွန်တော် ကဗျာဆရာ  'ကိုရွေး' ရဲ့ 'ရန်ကုန်ကို အလစ်မပေးနဲ့ (၄)'ကဗျာကို သတိရမိတယ်။

ရန်ကုန်ကို အလစ်မပေးနဲ့

ရန်ကုန်မှာ စပယ်ယာတွေ မရှိတော့ဘူးဆိုပေမဲ့

ဒရိုင်ဘာကလည်း မျက်နှာဖုံးနဲ့

ခရီးသည်ကလည်း မျက်နှာဖုံးနဲ့

ခါးပိုက်နှိုက်ကလည်း မျက်နှာဖုံးနဲ့

ကောလာဟလက မျက်နှာဖုံးနဲ့

ဘယ်သူ့ကိုမှ စိတ်မချရဘူး

တစ်ယောက်တစ်ယောက် မယုံကြဘူး

မျက်လုံးစိမ်းကို မျက်လုံးစိမ်းနဲ့ ပြန်ကြည့်လို့

ချောင်းသံကို ဗုံးသံလို ထိတ်လန့်လို့

ရန်ကုန်ဟာ အသက်ရှူမဝဘူး

ရန်ကုန်ဟာ ခဏခဏ သွေးစစ်နေရတယ်

ရန်ကုန်ဟာ ခဏခဏ ကာကွယ်ဆေး ထိုးနေရတယ်

ရန်ကုန်က သတိသတိလို့

အော်နေပေမဲ့

ရန်ကုန်ဟာ မျက်နှာဖုံးနဲ့

ရန်ကုန်ဟာ မျက်နှာဖုံးအထပ်ထပ်နဲ့

ရန်ကုန်ကို အလစ်မပေးနဲ့။

ရန်ကုန်ကို အလစ်မပေးရင်း ခဏကြာတော့ ကျွန်တော်လည်း မှတ်တိုင်ဆင်းဖို့ရာ ကားတံခါးပေါက်ဆီ တိုးဝှေ့ရတော့တယ်။တံခါးဝမှာ မတ်တတ်ရပ်နေရင်း မှတ်တိုင်က ဘဲလ်မြည်သံ ကြားလိုက်တယ်။ ဘယ်သူတီး လိုက်တာပါလိမ့်လို့ တွေးလိုက်မိတယ်။ ကား ပေါ်က ကျွန်တော်ဆင်းလိုက်တော့ကျွန်တော့် နှာခေါင်းမှာ အနည်းငယ် နာကျင်လာမိတယ်။ အခုမှ သတိထားမိတာက ကျွန်တော့်နှာခေါင်းက မှတ်တိုင်အချက်ပေးဘဲလ်ကို ဖိနှိပ်မိခဲ့တာကိုး။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြန်ရယ်မောနေမိတယ်။ တစ်ခါတလေ ကိုယ်မလုပ်ဘဲ သူ့ အလိုလို ပြုလုပ်မိလျက်သား အရာတွေလည်း ရှိနေပါလားဆိုတာကိုပါ။ ကျွန်တော်တို့ကမ္ဘာထဲမှာလည်း ကိုယ်မပြုမိပေမဲ့ ပြုမိလျက်သား အရာတွေ အများအပြား ရှိနေနိုင်တယ်ဆိုရင် ဒါဟာအံ့သြဖွယ်ရာတော့ မဟုတ်နိုင်ပေဘူး။ ကျွန်တော်လည်း ကတ္တရာလမ်းပေါ်မှာ ဆက်လျှောက်လာခဲ့ရတယ်။ မီးရောင်ကိုကွယ်ထားတဲ့ သစ်ရိပ်တွေအောက်မှာ ဖြည်း ဖြည်းလေးလေး လျှောက်နေခဲ့တယ်။ ဥဒဟို ဖြတ်သွားနေတဲ့ ကားမီးရောင်တွေက ကျွန်တော့်ကိုယ်ပေါ် တစ်ခါတစ်ရံ ကျရောက်လာလျက်ပဲ။ အဲဒီမီးရောင်တွေက ရန်ကုန်ညရဲ့ ကျွန်တော့်အပေါ် မိတ်ဆက် အလင်းစတွေလား။ စောစောက ကားထဲက သီချင်းသံတွေ ကျွန်တော့်နားထဲမှာ ကြားယောင်နေဆဲ။ ကားခမထည့်ဘဲ လစ်ပြေးသူတွေကိုလည်း မြင်ယောင်နေဆဲ။ ကလေးငယ်လေးအတွက် နိုင်ငံတော်ဖြစ်ခဲ့တဲ့ မိခင်တစ်ယောက်ကိုလည်း အတွေးထဲမှာ မြင်ယောင်နေမိတော့တယ်။ အဲဒီအရာတွေနဲ့ အဲဒီမိခင်က သေချာတယ်။ ရန်ကုန်က ဘာမှ မသေချာခဲ့ဘူး။

Most Read

Most Recent