လက်ဖက်ရည်ဆိုင် နေ့များ

လက်ဖက်ရည်ဆိုင် နေ့များ
Published 20 January 2018

လက်ဖက်ရည်တစ်ဆိုင်မြင်ကွင်း (ဓာတ်ပုံ-ဇော်ဇော်အောင်)

စနေနေ့၏ နေရောင်ခြည်က ကြည်လင်ရှင်းသန့်စွာဖြင့် မြေပြင်ထက်သို့ ကျရောက်နေသည်။ အိမ်တွင်ရှိနေသော စက်ဘီးအဟောင်းလေးက လမ်းကို ငေးကြည့်နေ၏။ သူ့ကို ကျွန်တော် ပြန်လည်ပြင်ဆင်ထားသည့် အတွက်လမ်း၏ရနံ့ကို သူခံစားချင်ပုံရနေသည်။ စာအုပ်အငှားဆိုင်၊ စာအုပ်အရောင်းဆိုင်များ မရှိတော့သည့် မြို့လေးတွင် သွားစရာ၊ နေရာက ကျွန်တော့်အတွက် ရှားပါးနေသည်။ စက်ဘီးလေးကို နင်းကာ စိတ်ကူးတည့်ရာသို့ ကျွန်တော်ထွက်လာခဲ့သည်။ လမ်းများ ရှိသလောက် သွားနေမိသည်။ စိတ်၏ ကြည်လင်နေမှုကလည်း အရာရာတွင် နူးညံ့စွာ စီးမျောနေစေသည်။ တိမ်များကို မော့ကြည့်တော့လည်း သူတို့လည်း ရွေ့လျားနေ၏။ အရာရာကို မေ့ထားပြီး တိမ်များခရီးဆက်နေပုံက နှစ်သက်စရာဖြစ်သည်။ ပတ်ဝန်းကျင်ကို သတိကပ်ပြီး ကြည့်မိတော့ စက်ဘီးနှင့် ကျွန်တော်သည် မြို့လေး၏ အရှေ့ဘက်တွင်ရှိသော ရပ်ကွက်လေးသို့  ရောက်ရှိနေကြောင်း သိလိုက်ရသည်။ ရှေ့ကို လှမ်းကြည့်လိုက်သည့်အခါ လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင်ကို တွေ့လိုက်ရသည်။

ထို့ကြောင့် စက်ဘီးလေးကို ထိုဆိုင်လေးရှိရာသို့ ကျွန်တော် နင်းသွားလိုက်သည်။ လက်ဖက်ရည်ဆိုင်လေးက ဖွင့်သည်မှာ ကြာပုံမရသေးပေ။ မြေပြင်ညီညီပေါ်တွင် သစ်သားခုံများကို ခင်းထားသည်။ ထိုင်ရန်အတွက် သစ်သားခွေးခြေလေးများကို ချထားသည်။ ဆိုင်ထဲတွင်လည်း လူက ရှင်းနေသည်။ ဝင်ထိုင်လိုက်ဖို့ကို ကျွန်တော် အချိန်ကြာကြာ မစဉ်းစားခဲ့။ လက်ဖက်ရည်မကောင်းလည်း သစ်သားခွေးခြေဖြင့် ထိုင်ရသည့် အရသာကို ပြန်လည်ထိတွေ့လို၍ ဖြစ်သည်။ ဆိုင်တွင် စားပွဲထိုးလည်း ရှိပုံမရ။ သစ်သားခွေးခြေတွင် ထိုင်ချပြီး ‘ပေါ့ဆိမ့် တစ်ခွက်’ ဟု ကျွန်တော် လှမ်းမှာလိုက်တော့သည်။

လက်ဖက်ရည်တစ်ခွက်သည် ကျွန်တော်ရှေ့က သစ်သားခုံပေါ်သို့ ရောက်လာသည်။ လက်ဖက်ရည်လာချသူကို မော့ကြည့်တော့ ကျွန်တော်နှင့်ရွယ်တူလောက် ဖြစ်မည်ထင်သည်။ ဆံပင်ရှည်ကို စုစည်းထားပြီးနားတွင် အရိုးခေါင်းပုံ နားကပ်များကို ပန်ထားသည်။ ဝတ်ဆင်ထားသော အင်္ကျီကလည်း တီရှပ်အနက်ရောင် ဖြစ်သည်။ သူ့ကိုရော ဆိုင်ကိုပါ ကျွန်တော် စိတ်ဝင်တစား လိုက်ကြည့်နေသည်ကို သူသတိထားမိပုံရသည်။

‘ဒီဆိုင်ကို စီးပွားဖြစ်ဖွင့်ထားတာ မဟုတ်ဘူး အစ်ကို။ လက်ဖက်ရည်ဆိုင် နှစ်တွေကို သတိရတဲ့ စိတ်တစ်ခုနဲ့ လုပ်လိုက်တာ’ ဟု ပြောလိုက်သောအသံက ကျွန်တော့်နှလုံးသားကို လှုပ်ခါသွားစေသည်။

“လက်ဖက်ရည်ဆိုင်နှစ်များ၊ လက်ဖက်ရည်ဆိုင်နှစ်များ” ဟု တိုးတိုးလေး ကျွန်တော် ရေရွတ်ကြည့်မိနေသည်။ ကောင်တာကို လှမ်းကြည့်လိုက်တော့ စီဒီခွေဖြင့်ဖွင့်ရသော ကက်ဆက်တစ်လုံးကို တွေ့လိုက်ရသည်။  “သီချင်း ဖွင့်ပေးပါလား”  ဟု ကျွန်တော် ပြောလိုက်သည်နှင့် ဆိုင်ထဲတွင် လွင့်ပျံ့လာသော သီချင်းသံက ရော့ခ်သီချင်းတစ်ပုဒ် ဖြစ်နေသည်။ လေးဖြူ၏ လိပ်ပြာသီချင်းဖြစ်နေ၏။ သီချင်းကို စိတ်ပါလက်ပါဖြင့် လိုက်ဆိုမိလိုက်သည်။ သီချင်းအဆုံးတွင် ‘ဆေးပေါ့လိပ်တစ်ပွဲ’ ဟု လှမ်းအော်၍ ကျွန်တော်မှာလိုက်မိပြန်သည်။ ဒန်ပန်းကန်ပြားဖြင့် ဆေးပေါ့လိပ် သုံးလိပ် ကျွန်တော့်ရှေ့သို့ ရောက်ရှိလာသည်။ ကျွန်တော် ဆေးလိပ်မသောက်သည်မှာ ကြာပြီဖြစ်သည်။ အတိတ်ကာလကို စီးဝင်သွားသော စိတ်ခံစားမှုကြောင့် ဖြစ်မည်ထင်သည်။ ဆေးလိပ်မသောက်သော ကျွန်တော် ဆေးပေါ့လိပ်များကို မှာမိနေသည်။ လက်ဖက်ရည်ဆိုင်များ၏ အကျရည်ရနံ့များ၊ သီချင်းသံများ၊ ဆေးလိပ်မီးခိုးများကြားတွင် အမှောင်ခေတ်ကြီး၏ နေ့ရက်များကို ကျွန်တော်တို့ ဖြတ်သန်းခဲ့ကြသည်။ ရင်ခုန်ခဲ့ကြသည်။ ဆံပင်များ ရှည်ခဲ့ကြသည်။ ရန်များဖြစ်ခဲ့ကြသည်။

၂၀၀၀ ပြည့်နှစ်ကာလများဖြစ်သည်။ စာအုပ်အငှားဆိုင် နှစ်ဆိုင်ရှေ့တွင် ဖွင့်ထားသော မှတ်တိုင်အမည်ရှိ လက်ဖက်ရည်ဆိုင်တွင် ကျွန်တော်တို့ ပုံမှန်ထိုင်ကြသည်။ ကျွန်တော်တို့ဟုဆိုရသည်မှာ ကျွန်တော်နှင့် သူငယ်ချင်းများ ထိုင်ကြ၍ဖြစ်သည်။ လက်ဖက်ရည်ဆိုင်ရှေ့တွင် စာအုပ်အငှားဆိုင် နှစ်ဆိုင်ရှိသည်။ ထိုဆိုင်များ၏ အမည်များမှာ စန္ဒာမင်းနှင့် အုန်းနှစ်ပင်ဖြစ်သည်။ စန္ဒာမင်းဆိုင်က မဂ္ဂဇင်းစာအုပ် အစုံတင်သည်။ မဂ္ဂဇင်းများတွင် ပါဝင်သော ဖက်ရှင်အကြောင်း၊ အလှအပရေးရာများကိုဖတ်ရင်း ကဗျာနှင့် ဝတ္ထုတိုများကို ကျွန်တော်တို့ ဖတ်မိလာသော ကာလများဖြစ်သည်။ ရွတ်ဆိုမိလာသော နေ့ရက်များ ဖြစ်သည်။ ချယ်ရီ၊ မဟေသီ၊ ရုပ်ရှင်တေးကဗျာ၊ ရုပ်ရှင်အမြူတေ၊ ဟန်သစ်၊ နွယ်နီ၊ ရွှေအမြုတေ စသည်ဖြင့် ဖတ်စရာများ ပေါများလှသော ကာလဖြစ်သည်။ အုန်းနှစ်ပင်ဆိုင်က ဘာသာပြန်စာအုပ်များ ပိုစုံလင်သည်။ ဆိုင်ဂုံ၊ သုခမြို့တော်၊ လေလွင့်သူ၊ ပါပီလွန်နှင့် ဗင်ကို၊ ရဲတိုက်စသည်ဖြင့် ထွက်သမျှ ဘာသာပြန် စာအုပ်များ တင်သည်။ လက်ဖက်ဆိုင်ညများ၏ ဆေးလိပ်မီးခိုးများကြားတွင် မောင်သိန်းဇော်၏ ဥစ္စာရူးကဗျာကို ရွတ်ဆိုနေသော အသံထွက်ပေါ်လာတတ်သည်။ တိုးနှောင်မိုး၏ ရှင်ကွဲကဗျာကို ခံစားပြောဆိုသံများက အကျရည်ရနံ့များနှင့်အတူ လွင်ပျံ့နေတတ်သည်။ ရန်ကုန်မှ ဝယ်ယူလာသော သစ္စာနီ၏ မော်ဒန်ဝတ္ထုတိုစာအုပ်၊ ကြူးနှစ်၊ နေမျိုးတို့၏ ဝတ္ထုတိုစာအုပ်များကို လက်ဖက်ရည်ဆိုင်သို့ တစ်ဦးဦးက ယူဆောင်လာသော နေ့များတွင် အိမ်ပြန်ညသည် ပို၍နောက်ကျသွား၏။ လူငယ်များပီပီ အချစ်ကဗျာများကို အများဆုံး ဖတ်ကြ ရွတ်ကြသော်လည်း မိုးဃ်ဇော်၏ သားချော့တေး၊ အောင်ဝေး၏ နာမည်ကဗျာများအကြောင်း ပြောကြရွတ်ကြသည်။ အိမ် နှင့် အဆင်မပြေသော နေ့ရက်များ ရှိနေကြသော်လည်း ဖခင်များ၏ချစ်မေတ္တာကို ကဗျာရွတ်ရင်း ခံစားတတ်ကြသည်။

လက်ဖက်ရည်ဆိုင်တွင် ရန်ပွဲများ ရောက်ရှိလာတတ်သည်။ သံလက်သီးများ၊ ချိန်းကြိုးများသည် ကဗျာစာအုပ်၊ ဝတ္ထုစာအုပ်များ၏ နေရာကို အစားဝင်ကာ ကျွန်တော်တို့ လက်ထဲသို့ ရောက်ရှိလာတတ်၏။ စိတ်တွင် ဖြစ်ပေါ်လာသော အပေါက်များ၊ နှလုံးသား၏ ပေါက်ကွဲသံများကို နားများတွင် အပေါက်များဖောက်၍ ဖြေဖျောက်ကြသည်။ အရိုးခေါင်းပုံ နားကပ်များ၊ စကြာပုံ နားကပ်များကို ပန်ကြသည်။ အနက်ရောင်တီရှပ်များသည် ကျွန်တော်တို့၏ တူညီဝတ်စုံဖြစ်သည်။ လက်ဖက်ရည်ဆိုင်သည် ကျောင်းပြေးရန် တိုင်ပင်ဆွေးနွေးရာ ဖြစ်သည်။ ပိုက်ဆံကြေး ဘောလုံးကန်ရန် လူစုသော နေရာဖြစ်သည်။ အပြာကားပြသော ဗီဒီယိုရုံသို့ သွားကြည့်ရန်ရဲဆေးတင်သော နေရာဖြစ်သည်။

ထိုသို့သော အရာများကို ပြုလုပ်တတ်သော ကျွန်တော်တို့သည် လက်ဖက်ရည်ဆိုင်ရှိ စကားဝိုင်းများမှတစ်ဆင့် ရန်ကုန်လမ်းများပေါ်ရှိ စစ်ကားဘီးရာများအကြောင်းကို သိလာကြသည်။ သွေးစွန်းနေသော ပိုင်ရှင်မဲ့ ဖိနပ်များအကြောင်း သိလာကြသည်။ ကမ္ဘာကျော် လူလိမ်ကြီးများအကြောင်းကို သိလာကြသည်။ ၁၉၉၆ ခုနှစ် လမ်းမထက်တွင် အလံတော်ကို မြဲမြဲဆုပ်ကိုင်ခဲ့သော လက်များ၏ စွန့်လွှတ်မှုများကို သိရှိနားလည်လာကြသည်။ ‘ကမ္ဘာမကြေဘူး’ ဟူသော သီချင်းသံကို နှလုံးသားဖြင့် သီဆိုသော ပြည်သူများ၏ မုန်တိုင်း နှစ်ကာလအကြောင်းကို သိရှိကြရသည်။ အိမ်တွင် ရှိနေသော မြက်ခင်းသစ်ဆိုသည့် အမှားများများ အမှန်နည်းနည်း ဝါဒဖြန့်စာရွက်များ၏ စုစည်းထားမှု ပိုသိလာသည်။ စာသင်ခန်းထဲတွင် မသိနိုင်သော အရာများကို သိရှိလာကြသည်။

ထို့ပြင် စာကြမ်းပိုး လူကြီးတချို့နှင့် သိရှိကာ သခင်ဘသောင်း၏ ဒီမိုကရေစီဆိုတာ၊ သိန်းဖေမြင့်၏ စစ်အတွင်းခရီးသည် ၊ နိုင်ဝင်းဆွေ၏ မသိန်းရှင်ဆီ ပို့ပေးပါစသော စာအုပ်များကို နားလည်တစ်ဝက် နားမလည်တစ်ဝက်ဖြင့် ကြိုးစားဖတ်ကြသည်။ လှိုင်းတိုဖြင့် ထုတ်လွှင့်သော ရေဒီယိုလိုင်းများကို ဖမ်းယူနားထောင်တတ်လာသည်။ ရော့ခ်သီချင်းသံများကြားတွင် ဆံပင်ရှည်များကို လှုပ်ရမ်းသီချင်းကို လိုက်ဆိုကြသည်။ ကျောင်းတံခါးများကို ခဏခဏ ပိတ်သူများကို နာကြည်းရမှန်း သိလာသည်။

အတွေးများ ရပ်တန့်သွားသည်။ မှောင်နေပြီဖြစ်သော ပတ်ဝန်းကျင်ကိုမြင်မှ လက်ဖက်ရည်ဆိုင်လေးမှ ထွက်လာမိသည်။ အတိတ်ကို ပြန်လည်ဖမ်းဆုပ်မိသော အသိဉာဏ်များကို ကျေးဇူးတင်မိသည်။ လက်ဖက်ရည်နှစ်များတွင် အတူရှိခဲ့သော သူငယ်ချင်းများကို သတိရစိတ်က ခန္ဓာကိုယ်ထဲသို့ တရှိန်ထိုး ဝင်ရောက်လာသည်။ လက်ဖက်ရည်ဆိုင် နေ့များမှတစ်ဆင့် အမှောင်ခေတ်ကြီး၏ လက်အုပ်ချီဓလေ့ကို ရွံ့မုန်းတတ်သော စိတ်ကို ရရှိခဲ့သည်။ ထိုစိတ်ဖြင့်ပင် အားနည်းသူကို နင်းချေခြင်း မပြုမိခဲ့ပေ။ ထိုစိတ်ဖြင့်ပင် ရိုင်းစိုင်းခဲ့သော်လည်း မယုတ်မာတတ်ခဲ့ပေ။ အထက်ကိုဖား၍ အောက်ကို မဖိတတ်ခဲ့ပေ။ ပေတေခဲ့သော်လည်း မိသားစုတစ်ခုကို သန့်ရှင်းစွာဖြင့် ထူထောင်တတ်ခဲ့ကြသည်။

လက်ဖက်ရည်ဆိုင်နေ့များက ကျွန်တော်၏ ဘဝထဲတွင် ကျန်ရစ်ခဲ့ပြီဖြစ်သည်။ သီချင်းများ၊ ကဗျာများ၊ ဝတ္ထုတိုများ၊ ကဗျာရွတ်ခြင်းများသာ ဆက်လက်ပါလာခဲ့သည်။ လက်ဖက်ရည်ဆိုင်နေ့များကို လွမ်းဆွေးသတိရစိတ်က အိမ်သို့ ပြန်ရောက်သည်အထိ ကျွန်တော့်ကို ကြီးစိုးနေသည်။

ကဗျာတစ်ပုဒ်ရေးချလိုက်သည်။ ရွတ်ဆိုလိုက်သည်။ အိမ်အပြင်သို့ လှမ်းကြည့်လိုက်မိသည်။ ခေတ်သည် မှောင်နေဆဲ ဖြစ်သည်။ သို့သော် လက်ဖက်ရည်ဆိုင်နေ့များဖြင့် မှောင်နေဆဲခေတ်ကို ကျွန်တော် ခုခံတိုက်ခိုက်နေဦးမည် ဖြစ်သည်။

လက်ဖက်ရည်ဆိုင်နေ့များ

ဘောလုံးပွဲမှသည် ကမ္ဘာစစ်အထိ

စာရွက်တွေကို တစ်ရွက်ချင်း မီးရှို့တယ်

မင်း ခရီးသွားတဲ့အခါ

ငါ့ကို သတိရပါလို့ မပြော

တစ်ယောက်ရဲ့လမ်းဟာ

နောက်တစ်ယောက်ရဲ့ နှလုံးသားထဲ

မင်း အငွေ့ပျောက်ရှိုက်တဲ့

ဆေးလိပ်ဟာ ငါပဲ

ငါရန်ဖြစ်ဖို့ ကိုင်လိုက်တဲ့

သစ်သားခုံဟာ မင်းပဲ

စကားတွေ၊ သီချင်းသံတွေ

မော့သောက်ခဲ့ကြ၊ ဖွာထုတ်ခဲ့ကြ

တစ်ယောက်ရဲ့ လက်ဖက်ရည်အရသာကို

တစ်ယောက်ရဲ့လျှာက မှတ်မိနေခဲ့

နှစ်များစွာ

ဆံပင်တွေ ရှည်ခဲ့ကြ

နားတွေ ဖောက်ခဲ့ကြ

ညတွေကို မှောင်ခဲ့ကြ

“ဒီဆေးမင်ကြောင်က သေရာပါ”

လက်ဖက်ရည်ဆိုင်တစ်ဆိုင်ထဲ

ငါတစ်ယောက်တည်း ရေရွတ်မိနေ

အေးစက်သော

လက်ဖက်ရည်တစ်ခွက်ရှေ့၌။

Most Read

Most Recent