၁၉၉၀ ပြည့်နှစ်က အရေးအသား

၁၉၉၀ ပြည့်နှစ်က အရေးအသား
Published 10 January 2018

ကျွန်တော့် ဝမ်းဗိုက်ထဲမှာ တကျုတ်ကျုတ် မြည်လာသည်။ ကျွန်တော်သည် ဖတ်လက်စာအုပ်ထူကြီးကို လက်မှာ ကိုင်ထားဆဲပင်ဖြစ်သည်။ ကျွန်တော် ဖတ်ရှုနေသော စာအုပ်မှာ မာဂရက်မစ်ချယ်၏ ဂွန်းဝစ်သည်ဝင်း ဖြစ်သည်။ ကျွန်တော် ဖတ်ရှုနေသော  စာအုပ်ကြီးပေါ်သို့ ပိုးဟပ်တစ်ကောင် တရွရွ တက်လာသည်။ ကျွန်တော်သည် မလှုပ်မယှက် ငြိမ်သက်ကာ စာအုပ်ကြီးထဲမှ စာမျက်နှာများကို ကြည့်နေသည်။ ပိုးဟပ်သည် တရွရွတက်လာကာ ကျွန်တော် ဖတ်ရှုနေသော စာမျက်နှာပြင်ထက် ရပ်တန့်သွားသည်။

သူသည် သူ၏ ဦးမှင်ဆံနှစ်ခုကို ဆန့်ထုတ်ကာ ရှေ့ခြေချောင်းကို မြှောက်လျက် ပူးကပ်လိုက်သည်။ ကျွန်တော်သည် စာအုပ်ထဲက ရက်ဘတ်တလာ၊ စကားလက်အိုဟားရား စသည့် ဇာတ်ဆောင်များကို သတိမရတော့ပေ။ ပိုးဟပ်ကို သေသေချာချာ ကြည့်နေမိသည်။ ပိုးဟပ်သည် ဇောက်ထိုးအနေ အထားနှင့် မရွေ့လျားဘဲ သူ၏ ဦးမှင်ဆံ၊ သူ၏ရှေ့ခြေနှစ်ချောင်းကို လှုပ်နေသည်။ သူသည် ကျွန်တော့်ကို မိတ်ဖွဲ့နေသကဲ့သို့ပင်။ ကျွန်တော်သည် ထိုအချိန်မှာ ဝမ်းဗိုက်က ဆာလောင်လာကာ မနက်ကတည်းက ဘာမျှ မစားသောက်ရသေးသည်ကို သတိရလာသည်။ ပိုးဟပ်သည် အင်းဆက်တစ်ကောင်မျှသာ ဖြစ်သည်။ သူသည် စာမျက်နှာပေါ် ရောက်လာခြင်းမှာ အင်းဆက်ပိုးမွှားတို့၏ နေထိုင်ပြုမူပုံတစ်ခုပင်ဖြစ်သည်။ စက္ကူသည် သူတို့၏ အစားအစာဖြစ်သည်။

ကျွန်တော် စာဖတ်နေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ။ ကျွန်တော့်အခန်းကလေးအပြင်ဘက်မှာ မညီမညာ မြေသားပြင်ရှိပါသည်။ ကျောက်ခဲအစအနများ၊ အုတ်နီခဲအကျိုးအပဲ့များ၊ ပလပ်စတစ်အပိုင်းအစများ၊ ဖန်ပုလင်းကွဲအစိတ်အပိုင်းများသည် မညီမညာ မြေ သားပြင်ထဲမှာ နစ်မြုပ်နေကြသည်။ မြေသား ပြင်လမ်းကလေး၏ အကွေ့တွင် ရေတိုင်ရှိသည်။ အခန်းပိုင်ရှင် အဘွားကြီးက ရေတိုင်မှ ရေကို အသုံးပြုခွင့်ပေးထားသည်။ ယခုကဲ့သို့ မိုးတွင်းရက်များဆိုလျှင် ရေတိုင်ကလေး နှင့် ပတ်ဝန်းကျင်မြေသားမှာ စွတ်စိုနေတော့ သည်။

ကျွန်တော့်အခန်းကလေးအောက် အရိပ်အေးအေးထဲ၌မူ ခွေးတစ်ကောင် အေးအေးလူလူ ဝပ်နေတတ်သည်။ ယင်းခွေးသည် ပိုင်ရှင်မရှိသော ခွေးတစ်ကောင်ဖြစ်ကာ ဟိုဘက်ခန်းမှ မျက်မှန်နှင့် နှုတ်ခမ်းထူထူ ခပ်ပိန်ပိန် ကောင်မလေး၏ အဒေါ်က စားကြွင်းစားကျန်များ ကျွေးမွေးသဖြင့် ဤ နေရာတစ်ဝိုက်၌ ရောက်ရှိနေခြင်းဖြစ်သည်။

ကျွန်တော်သည် မာဂရက်မစ်ချယ်၏ စာအုပ်ကို ပိတ်လိုက်သည်။ ပိုးဟပ်သည် B 12 ဗုံးကြဲလေယာဉ်တစ်စင်းပမာ စာမျက်နှာပေါ်မှ ပျံဝဲကာ စိုစွတ်သော အခန်းအမှောင်ထောင့်သို့ ရောက်ရှိသွားသည်။ ကျွန်တော် စားပွဲပေါ်တွင် စားစရာတစ်ခုတလေ ရှိမလားဟု ကြည့်မိသည်။ ဖယောင်းတိုင်အတို တစ်ခု။ ကော်ထုပ်တစ်ထုပ်နှင့် ခဲဖျက်တစ်ခု ကိုသာ  တွေ့ရသည်။ ကျွန်တော် ဖတ်ရှုနေ သော စာအုပ်ထူကြီးထဲမှ စကားလက်အိုဟားရားကို သတိမရတော့ပြီ။ ကျွန်တော် နံနက်စာ မစားရသေးကြောင်း သတိရလာသည်။ ကျွန်တော်နေသော အခန်းကလေး၏ အပြင်ဘက်ပြတင်းပေါက်မှ မြင်တွေ့ရသော ဗေဒါ ပင်များသည် ယခုရက်ပိုင်းအတွင်း ရွာသွန်းခဲ့သော မိုးကြောင့် စိမ်းချင်တိုင်း စိမ်းနေ တော့သည်။ ဤဗေဒါပင်များသည် ကျွန်တော်နေထိုင်သော အခန်းကလေး၏ အောက်ဘက် ရေမြောင်းဟောင်းကြီးထဲ၌ နွေရာသီတစ်ခုလုံး ညှိုးလျော်သွေ့ခြောက်စွာ ရှိနေခဲ့သည်။ ရေမြောင်းဟောင်းကြီးမှာ စီးဆင်းနိုင်ခြင်း မရှိတော့သော ရေအနည်းငယ်နှင့် ကျပ်တည်းစွာ ပေါက်ရောက်ရှင်သန်နေသော ဗေဒါပင်များသာ ရှိသည်။ မိုးဥတုနေ့ရက်များသို့ ရောက်ရှိလာပြီဖြစ်၍ဗေဒါပင်များ စိမ်းစိုလန်းဆန်းနေသည်ကို ကျွန်တော့်မှာ မယုံနိုင်အောင်ပင် ဖြစ်ရသည်။

မိုးရေစပ်စပ်နှင့် ရေမြောင်းဟောင်းကြီးမှာ ယခင်ကဲ့သို့ပင် စီးဆင်းခြင်း မရှိပေ။ ရေမြောင်းဟောင်းကြီး၏ အထက်ဘက် ကျောင်းသင်ခန်းမှ နာရီထိုးသံကို ကြားရတတ်သည်။ အပြင်ဘက်တွင် တော်သလင်းလ၏ နေရောင်ခြည်က ခြစ်ခြစ်တောက် ပူပြင်းနေသည်။  နှုတ်သီးဝါဝါနှင့် ဆက်ရက်တစ်ကောင်သည် ကျောက်တုံးပေါ် လာနားကာ ရေတိုင်အနီး ရေစပ်စပ်ထဲမှ ပိုးကောင် မွှားကောင်ကို ရှာဖွေနေဟန်ရှိသည်။ ကျွန်တော့် ဝမ်းဗိုက်မှာ ဆာလောင်နေသည်။ စားစရာတစ်ခုခုကို ကျွန်တော် သတိရလာသည်။ ကျွန်တော် စာအုပ်စင်ပေါ်မှာ မုန့်ကြွပ် တစ်ထုပ်ရှိသည်ကို အမှတ်ရလာသည်။ ကျွန်တော်သည် ရေတိုင်သို့သွားကာ ရေတစ်ခွက်ခပ်ယူခဲ့သည်။ မုန့်ကြွပ်ကို ရေခွက်ထဲသို့ နှစ်ကာ တဖြည်းဖြည်းချင်း စားသည်။ ကျွန်တော့် အိတ်ထဲတွင် ငွေစကြေးစ အနည်းငယ်သာ ကျန်တော့သည်။ ရက်အနည်းငယ်ဆိုလျှင် အခန်းခ ပေးရတော့မည်။ အိပ်ခန်းပိုင်ရှင် အဘွားကြီးသည် အခန်းဘေးသို့ ရောက်ရောက်လာကာ တံမြက်စည်းကို တရှဲရှဲလှည်းတတ်သည်။ ထိုအချိန်မျိုးတွင် သူ့ကို အခန်းခ ပေးချေရန် ကျွန်တော် သတိရလာသည်။ ကျွန်တော့်မှာ ငွေကြေး လုံလောက်မှုမရှိပေ။

မုန့်ကြွပ် သုံးခုလောက်ကို ရေစိမ်၍ စားလိုက်ရသဖြင့် နေသာထိုင်သာရှိသွားသည်။  ဖရန့်ကပ်ဖကာ၏စကားကို မက်ဘရော့ ဘာကြောင့် ငြင်းပယ်ခဲ့သည်ကို ကျွန်တော် စဉ်း  စားကြည့်နိုင်ခဲ့သည်။ အနုပညာဆိုသော ဝေါဟာရကိုလည်း ကျွန်တော် အတန်အသင့်  စဉ်းစားကြည့်နိုင်ခဲ့သည်။ ကျွန်တော်သည် ပြတင်းပေါက်မှ မြင်တွေ့နေရသော ဗေဒါပင် စိမ်းစိမ်းများကို ကြည့်နေမိသည်။ ထိုအချိန်မှာပင် တံမြက်စည်း တရှဲရှဲလှည်းသံကို ကြားရသည်။ အိမ်ရှင်အဘွားကြီးသည် တလှုပ်လှုပ်နှင့် တံမြက်စည်း လှည်းနေသည်။ အိမ်ရှင်အဘွားကြီးသည် ရံဖန်ရံခါ သစ်ပင်အောက်၌ ကုလားထိုင်တစ်လုံးပေါ်ထိုင်ကာ ငြိမ်သက်နေတတ်သည်။ သူ့အနီးကိုဖြတ်၍ အခန်းကလေးသို့ ကျွန်တော် သွားလျှင် သူသည် ကျွန်တော့်ကို ငဲ့စောင်းကြည့်တတ်သည်။ သူသည် ကျွန်တော် စာရေးနေသည်ကိုလည်း တံမြက်စည်း လှည်းနေရာမှ လှမ်း၍ ကြည့်တတ်သည်။ စာရေးခြင်းမှာ အလုပ်တစ်ခုကို ဆောင်ရွက်နေခြင်း ဖြစ်သည်ဟူသော အချက်ကို သူ လက်ခံနိုင်ခြင်း မရှိပေ။

သူသည် ကျွန်တော့်ကို အလုပ်အကိုင် ရေရေရာရာ မရှိသော သနားစရာ လူတစ်ယောက်အဖြစ် မြင်နေပုံရပါသည်။ ရံဖန်ရံခါ အိမ်ရှင်အဘွားကြီးသည် ကျွန်တော့်ကို ခေါ်ငင်ကာ ဟင်းတစ်ခွက်တလေ ပေးတတ်သည်။ ယခုနောက်ပိုင်း၌ သူ့အမြင်မှာ ပြောင်းလဲလာဟန်တူသည်။ သူသည် ကျွန်တော့်ကို ကြည့်ကာ စိုးရွံ့နေဟန်မျိုး မြင်တွေ့နေရသည်။ ကျွန်တော် ရေးသော စာများမှာ မည်သည့်မဂ္ဂဇင်း စာစောင်ထဲမျှ ဖော်ပြခံရခြင်း  မရှိသေးရာ သူ့အမြင်၌ မည်သို့သော အဓိပ္ပာယ် ထွက်နေသည်ကို မခန့်မှန်းတတ်ပေ။

တံမြက်စည်းတရှဲရှဲလည်းနေသံသည် နီးကပ်လာသည်။ ထိုအချိန်မှာပင် ကျွန်တော့် အခန်းတံခါးပေါက်သို့ လာရပ်သော မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ကျွန်တော် သူမကို လှမ်းမြင်လိုက်ရသည်။ ဟိုဘက်ခန်းမှ နှုတ်ခမ်းထူထူ မျက်မှန်နှင့် ခပ်ပိန်ပိန်ကောင်မလေးဖြစ်သည်။ “ဦးလေး ကျွန်မ ပြန်တော့မယ်” သူမသည် ကျွန်တော့်ကို ရိုသေကိုင်းညွတ်ဟန်ဖြင့် စကားစလိုက်သည်။ ကျွန်တော်က ဘာမျှ စကားမပြန်ဘဲ ကြည့်နေမိစဉ် “အဲဒါ လာနှုတ်ဆက်တာ” ကျွန်တော်သည် နှုတ်ခမ်းထူထူ မျက်မှန်နှင့် ခပ်ပိန်ပိန်ကောင်မလေးကို ကြည့်ရင်း သူမ၏ ရိုးသားမှုအောက်၌ မိမိကိုယ်ကိုယ် ပြန် လည်တွေ့ရှိလိုက်ရသည်။

သူမသည် ကျွန်တော့်၏ မရိုးသားသော စိတ်ခံစားမှုများကို သိနေသည့်အလား စကားကို ဆက်လေသည်။ “ဆောင်းဝင်တော့မယ် ဦးလေး။ ဟိုမှာ သိပ်အေးတော့မယ်။ ကျွန်မ ပြန်မှ ဖြစ်မယ်။ အဲဒါကြောင့် လာနှုတ်ဆက်တာပါ” နှုတ်ခမ်းထူထူ မျက်မှန်နှင့် ခပ်ပိန်ပိန် ကောင်မလေးသည် စကားသံရပ်ကာ ငြိမ် တိတ်သွားသည်။ “မင်းအဒေါ်က ဒီမှာ နေခဲ့မှာလား” “ဟုတ်တယ်။ အဒေါ်က နေခဲ့မှာ။ ကျွန်မက ပြန်မှဖြစ်မှာ။ သူတို့က အသက်ကြီးပြီလေ” “အော် အေး အေး”။ နှုတ်ခမ်းထူထူ မျက်မှန်နှင့် ခပ်ပိန်ပိန်ကောင်မလေးသည် ဤသို့ နှုတ်ဆက်ကာ ထွက်ခွာသွားသည်။

စောစောက အိမ်ရှင်အဘွားကြီး၏ တံ  မြက်စည်းလှည်းသံ တရှဲရှဲသည် ရပ်တန့်သွားသည်။ “မင်း ဘယ်တော့ ပြန်လာမှာလဲ” အိမ် ရှင်အဘွားကြီး၏ မေးမြန်းသံဖြစ်သည်။ “ကျွန်မ နွေဦးပေါက်ရင် ပြန်လာမှာပါ” ကောင်မလေး ၏ ဖြေသံဖြစ်သည်။ ကျွန်တော်သည် ထိုနေ့ က အခန်းကလေးထဲမှာ ငြိမ်သက်စွာ ထိုင်နေရင်း ညနေခင်းတစ်ခုလုံးကို ကုန်ဆုံးစေခဲ့ သည်။ ညစာစားရန် ကျွန်တော် သတိရလာ သည်။ ကဖေးဆိုင်ထဲက ကရားအိုးကြီးသုံးလုံးမှာ ကျိုက်ကျိုက်ဆူနေပေလိမ့်မည်။ နွေဦးနေ့ရက်များကို ရောက်ရှိရန် အေးစက်သော ဆောင်းရက်များကို တိတ်ဆိတ်စွာ ဖြတ်သန်းရမည်သာ ဖြစ်ပါသည်။

Most Read

Most Recent