လွှတ်တော်ကို မတင်ဘဲ စီမံကိန်းတွေ လုပ်ဆောင်လို့ ရသလား

လွှတ်တော်ကို မတင်ဘဲ စီမံကိန်းတွေ လုပ်ဆောင်လို့ ရသလား
Published 1 January 2018

လှည်းကူးမြို့နယ်အတွင်း ယခု တည်ဆောက်မည့် Eco Green City အိမ်ရာစီမံကိန်းမြေနေရာသည် ယခင်က ကျူးကျော်ဟုဆိုကာ နေအိမ်များကို သက်ဆိုင်ရာက ဇွန် ၁၂ ရက် ဖြိုဖျက်စဉ်က မြင်ကွင်း (ဓာတ်ပုံ - အောင်မျိုးသန့်)

ဒီဇင်ဘာ ၂၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အမြန်လမ်းမကြီး သုံးမိုင် တစ်ဖာလုံ လှည်းကူးမြို့နယ်ရှိ ဧက ၁၄၀၀ ကျော်တွင် အိမ်ရာစီမံကိန်းတစ်ခု လုပ်ဆောင်မည်ဟုဆိုကာ အုတ်မြစ်ချ အခမ်းအနားတစ်ခု ပြုလုပ်ခဲ့သည်။ အဆိုပါ စီမံကိန်းမှာ Eco Green City ဟု အမည်ပေးထားပြီး Alliancestar Group of Company က အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။
ယင်းစီမံကိန်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တက်ရောက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းလည်း တက်ရောက်ခဲ့သည်။ သို့သော် တန်ဖိုးကို အသေးစိတ်ထုတ်ပြန်ခြင်း မရှိသည့် ယင်းစီမံကိန်းအား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အများစု သိရှိခဲ့ခြင်းမရှိပေ။ ယင်းစီမံကိန်းအား မီဒီယာများတွင် ဖော်ပြထားမှုအရသာ သိရှိခဲ့ခြင်းဖြစ်ပြီး အစိုးရအဖွဲ့က လွှတ်တော်တွင် လာရောက်တင်ပြ ရှင်းလင်းခြင်း မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

“လှည်းကူးက စီမံကိန်းဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေ တစ်ယောက်မှ မသိလိုက်ဘူး။ တိုင်းလွှတ်တော်တင် မကဘူး။ ပြည်သူ့လွှတ်တော်မှာလည်း မသိရဘူး။ အဲဒီက လုပ်ဖော်ကိုင်ဖက်တွေကို မေးကြည့်တော့။ လွှတ်တော်က အဲဒီစီမံကိန်းနဲ့ ပတ်သက်ပြီး လုပ်နေတယ်ဆိုတာကို ဂျာနယ်တွေမှာ ဖွင့်ပွဲပါမှ သိရတယ်” ဟု ဒဂုံမြို့နယ် မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

အလားတူ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ဦးနေဘုန်းလတ်ကလည်း ယင်းစီမံကိန်းမှာ လွှတ်တော်တွင် လာရောက် ပြောဆို ရှင်းလင်းတင်ပြထားသည့် စီမံကိန်း မဟုတ်ကြောင်း၊ ပန္နက်ချအခမ်းအနား ပြုလုပ်ကြောင်း မီဒီယာများတွင် ဖော်ပြမှသာ သိရှိခဲ့ခြင်းဖြစ်သည်ဟု ပြောကြားသည်။

အဆိုပါ စီမံကိန်းမှာ ရွှေသံလွင်ကုမ္ပဏီ လက်အောက်ရှိ Alliance star ကုမ္ပဏီက တာဝန်ယူ အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့ပြီး စီမံကိန်း အသေးစိတ် အခြေအနေများနှင့် ပတ်သက်၍ ဒီဇင်ဘာ ၃၀ ရက်အထိ ထုတ်ပြန်ထားခြင်း မရှိပေ။

ယင်းစီမံကိန်းမှာ ယခင်အစိုးရ လက်ထက်က ခွင့်ပြုပေးထားခြင်း ဖြစ်သည်ဟု လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က ပြောကြားထားပြီး စီမံကိန်း အသေးစိတ်နှင့်ပတ်သက်ပြီး တိတိကျကျ မသိသေးကြောင်း သိရသည်။

“ဒီစီမံကိန်းက ပြည်ထောင်စုအဆင့် မဟုတ်တဲ့အတွက် အသေးစိတ် မသိရဘူး။ အခမ်းအနားတုန်းက ရှင်းပြတာလောက်ပဲ သိတယ်။ ပိုပြီးတော့ မသိသေးဘူး။ ဒါက တိုင်းဒေသကြီးက လုပ်တဲ့ စီမံကိန်းပါ။ သူတို့ဟာနဲ့ ဘယ်လိုလုပ်ခဲ့လဲ မသိရဘူး” ဟု လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က ပြောကြားသည်။

အဆိုပါ လှည်းကူးအိမ်ရာ စီမံကိန်းနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် မေးခွန်းများ မေးမြန်းသွားမည်ဖြစ်ပြီး အစိုးရအဖွဲ့၏ ဖြေကြားမှုအပေါ် မူတည်၍ အဆိုအဖြစ် ပြောင်းလဲသင့်ပါက အဆိုအဖြစ် ပြောင်းလဲသွားမည်ဖြစ်ကြောင်း ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျက ပြောကြားသည်။

“အန်ကယ်တို့အနေနဲ့တော့ ပြန်စမယ့် လွှတ်တော်မှာ မေးခွန်းမေးမယ်။ အဲဒီပေါ်မှာ ပြန်ဖြေတဲ့အပေါ် မူတည်ပြီးတော့ အဆိုအဖြစ် ပြောင်းရင်ပြောင်းမယ်။ ကြားဖြတ်မေးခွန်းအပေါ်မှာ အစိုးရအဖွဲ့က ဘယ်လိုတုံ့ပြန်မလဲ ဆိုတာ မသိသေးဘူး။ အဲဒီအပေါ်မှာ အဆိုအနေနဲ့ တင်သင့်ရင် တင်မယ်လို့ စီစဉ်ထားတယ်” ဟု ဦးကျော်ဇေယျက ပြောကြားသည်။

အဆိုပါ စီမံကိန်းမှာ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် ရန်ကုန်မြို့ပြ မဟာဗျူဟာစီမံကိန်း နောက်ဆက်တွဲအဖြစ် လွှတ်တော်သို့ တင်ပြခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များက သီးခြားစီမံကိန်းအဖြစ် တင်ပြရန် အကြောင်းပြန်ခဲ့ကြောင်း၊ စီမံကိန်းအသေးစိတ် အချက်အလက်များကို လွှတ်တော်သို့ တင်ပြခဲ့ခြင်း မရှိဘဲ စီမံကိန်းကို အကောင်အထည်ဖော်ခြင်း ဖြစ်သည်ဟု တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရန်ကုန်တိုင်းပါတီဝင်များနှင့် တွေ့ဆုံရာတွင် စီမံကိန်းမှန်သမျှ လွှတ်တော်သို့ တင်ပြပြီးမှသာ လုပ်ဆောင်ရမည်ဟု ပြောကြားထားသည်။ သို့သော် လက်ရှိ လုပ်ကိုင်မည့် လှည်းကူးစီမံကိန်းမှာ လွှတ်တော်ကိုယ်စားလှယ်များ သိရှိခဲ့ခြင်းမရှိပေ။

“အန်ကယ်တို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးက ပြောထားတာ ရှိတယ်။ အဲဒါ ပါတီဌာနချုပ်မှာပဲ ပါတီဝင်တွေလည်း အများကြီးရှိတယ်။ ရန်ကုန်အစိုးရအဖွဲ့လည်း ပါတယ်။ စီမံကိန်းတွေက လွှတ်တော်ကို မဖြတ်ဘဲနဲ့တော့ မိုးပေါ်ကတောင် ပျံလို့မရဘူးဆိုပြီး ပြောထားတယ်။ ၂၀၀၈ အခြေခံ ဥပဒေထဲမှာလည်း ရှိပြီးသား။ တိုင်းဒေသကြီးအစိုးရက စီမံကိန်းတွေကို လွှတ်တော်ကို တင်ပြရမယ်ဆိုတာ ပြဋ္ဌာန်းထားပြီးသား” ဟု ဦးကျော်ဇေယျက ပြောကြားသည်။

စီမံကိန်းများနှင့် ပတ်သက်ပြီး ဒီမိုကရေစီစနစ်တွင် လွှတ်တော်သို့ လာရောက်ရှင်းပြကာ တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့်သာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သို့သော် ဥပဒေ၏ အားနည်းချက်အဖြစ် မှတ်ယူရမည့် မည်သည့် လုပ်ငန်းအမျိုးအစားအား စီမံကိန်းအဖြစ် သတ်မှတ်မည်၊ မည်သည့် လုပ်ငန်းအား လုပ်ငန်းအသေးအဖြစ် သတ်မှတ်မည်ဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိကြောင်း၊ လှည်းကူးတွင် အကောင်အထည်ဖော်မည့် လုပ်ငန်းမှာ စီမံကိန်းအမျိုးအစားတွင် ပါဝင်ကြောင်း သင်္ဃန်းကျွန်း မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောကြားသည်။

“ဥပဒေထဲမှာတော့ စီမံကိန်း လုပ်မယ်ဆိုရင် လွှတ်တော်ရဲ့သဘောတူညီချက်ကို ယူရမယ်လို့ကို ဖော်ပြထားတယ်။ ဒါပေမဲ့ ပြဿနာက ဘာလဲဆိုတော့ စီမံကိန်းဆိုတာက ဘာကိုပြောတာလဲ။ တချို့ဟာတွေဆိုရင် အစိုးရလုပ်ပိုင်ခွင့်နဲ့ လုပ်တာတွေ ရှိတယ်။ ဒါပေမဲ့ နည်းနည်းကြီးသွားပြီဆိုရင် လွှတ်တော်ကို ခွင့်ပြုချက်ယူရမှာပေါ့။ အဲဒီမှာ ပြဿနာက စီမံကိန်းက ဘာကိုပြောတာလဲ။ လုပ်ငန်းသေးလေးတွေက ဘာကိုပြောတာလဲ။ ဥပဒေမှာ အဓိပ္ပာယ်ဖွင့်ထားတာ မရှိဘူး။ အဲဒါက ဥပဒေရဲ့ဟာကွက်။ လှည်းကူးကိစ္စဆိုရင် စီမံကိန်းကြီးဗျာ။ အမှန်မှာ စလို့ကို မရဘူး။ ဘာမှ လုပ်လို့မရဘူး။ အစိုးရအဖွဲ့မှာ လုပ်ပိုင်ခွင့် မရှိဘူး။ လွှတ်တော်ကိုတင်၊ သဘောတူရင်လုပ်ပေါ့။ ဒါက ဥပဒေကိုကျော်လွန်တဲ့ သဘောမှာရှိတယ်။ ဒါပေမဲ့ ပြန်ညွှန်းလို့ရတာက ဒါကြီးက စီမံကိန်းမဟုတ်ဘူးလို့ ပြောရင် ဘယ်လိုလုပ်မလဲ။ ဒါက ဥပဒေရဲ့ ဟာကွက်ဖြစ်တာလေ” ဟု ဦးနေဘုန်းလတ်က ပြောကြားသည်။

ယင်းအခြေအနေများကြောင့် စီမံကိန်းများဟု သတ်မှတ်ရန် ဥပဒေပြဋ္ဌာန်းမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း၊ သို့မှသာ လုပ်ငန်းများ အဆင်ပြေချောမွေ့မည် ဖြစ်ကြောင်း ဦးနေဘုန်းလတ်က သူ၏အမြင်ကို ပြောကြားသည်။

လှည်းကူးအိမ်ရာစီမံကိန်း ကဲ့သို့သော လုပ်ငန်းများမှာ လွှတ်တော်သို့ တင်သွင်းပြီး အတည်ပြုချက် ရယူပြီးမှသာ လုပ်ဆောင်ရမည့် စီမံကိန်းအမျိုးအစားဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

“လှည်းကူးလို စီမံကိန်းတွေ၊ YBS လို စီမံကိန်းတွေက လွှတ်တော်ကို ဖြတ်ကိုဖြတ်ရမယ်။ အန်ကယ်တို့ အနေနဲ့ကလည်း ကိုယ့်အစိုးရဆိုတော့ သိပ်မပြောကြတာ။ သူတို့ကလည်း အထက်ကပဲ ခိုင်းတယ်။ လာပြောတာတွေက ရှိတယ်။ အန်ကယ်တို့ ကော်မတီအနေနဲ့ကတော့ အဲဒီလိုမျိုးကို သဘောမတူဘူး။ လွှတ်တော်ကို ပွင့်လင်းမြင်သာမှုရှိစွာ ချပြရမယ်” ဟု ဦးကျော်ဇေယျက ပြောကြားသည်။

■ လှည်းကူးစီမံကိန်းက အရင်အစိုးရ သတ်မှတ်ခဲ့တဲ့ စီမံကိန်းလား

လှည်းကူးစီမံကိန်းမှာ ယခင်အစိုးရ လက်ထက်တွင် သတ်မှတ်ခဲ့သည့် မေးခွန်းအား တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များကို မေးမြန်းရာတွင် တိကျသော အဖြေအား မရရှိခဲ့ပေ။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လွှတ်တော်သို့ တင်ပြခဲ့သည့် မြို့သစ်စီမံကိန်းများတွင် အဆိုပါ လှည်းကူးစီမံကိန်းမှာ နောက်ဆက်တွဲအဖြစ်သာ တင်သွင်းခဲ့သည့် စီမံကိန်းတစ်ခု ဖြစ်သည်။

အဆိုပါ အခြေအနေနှင့် ပတ်သက်ပြီး လွှတ်တော်မှ အသေးစိတ်တင်ပြရန် ပြောကြားခဲ့သော်လည်း လွှတ်တော် ပြီးဆုံးချိန်အထိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တင်ပြနိုင်ခဲ့ခြင်း မရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

“စီမံကိန်းဥပဒေ အကြံပြုတုန်းကတော့ လုပ်မယ်ဆိုတာကို တစ်ခါ ရှင်းပြဖူးတယ်။ အပြင်မှာ တစ်ခေါက်ပေါ့။ ရန်ကုန်မဟာဗျူဟာ စီမံကိန်းကို ရှင်းပြတာပါတယ်။ ဒါပေမဲ့ အသေးစိတ်တော့ မဟုတ်ဘူး။ ဝန်ကြီးချုပ်ကိုယ်တိုင် လာရှင်းပြတယ်။ စတုတ္ထအကြိမ် လွှတ်တော်မှာ နောက်ဆက်တွဲဆိုပြီး ထည့်တယ်။ ကိုယ်စားလှယ်တွေက စီမံကိန်းအနေနဲ့ တင်ပြပါဆိုပြီး ပြောခဲ့တာ” ဟု လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောကြားသည်။

ထိုသို့ နောက်ဆက်တွဲ အနေဖြင့် တင်ပြမှုအား လွှတ်တော်က လက်မခံခြင်းကြောင့် အသေးစိတ်တင်ပြရန် ပြန်လည် အကြောင်းကြားခဲ့သော်လည်း ပဉ္စမအကြိမ်လွှတ်တော် ပြီးဆုံးချိန်အထိ လာရောက်တင်ပြခြင်း မရှိခဲ့ကြောင်း ဦးကျော်ဇေယျက ပြောကြားသည်။

“သို့သော်လည်းပဲ လွှတ်တော်မှာ နောက်ဆက်တွဲ အနေနဲ့ တင်ပြတာ လက်မခံပါဘူးဆိုပြီး လွှတ်တော်ကိုယ်စားလှယ်တွေက ထကန့်ကွက်ကြတော့ လွှတ်တော်သာ ပြီးသွားတယ်။ အဲဒီဟာက ပြန်မတက်လာတော့ဘူး။ အန်ကယ်တို့ကတော့ စောင့်ကြည့်နေတာ။ ဘာထပ်လာဦးမလဲ ဆိုပြီးတော့။ ဒါပေမဲ့ ပြန်မလာတော့ဘူး” ဟု ဦးကျော်ဇေယျက ပြောကြားသည်။

ယခင်အစိုးရက ရန်ကုန်တိုင်းဒေသကြီး နှင့် ပတ်သက်သည့် မြို့သစ်စီမံကိန်းများ ပြုလုပ်မည်ဆိုသည့် နေရာများမှာ ကြည့်မြင်တိုင်မြို့နယ်ရှိ လယ်မြေ ၁၅၄၅ ဧက၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်ရှိ လယ်မြေ ၈၇ ဧက၊ တွံတေးမြို့နယ်ရှိ လယ်မြေ ၁၆၇၈၉ ဧကတွင် အကောင်အထည်ဖော်မည်ဟု သတ်မှတ်ထားခဲ့သည်။

ယင်းစီမံကိန်းအတွက် အကောင်အထည်ဖော်မည့် ကုမ္ပဏီအဖြစ် ရန်ကုန်အနောက်တောင်ဒေသဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီ၊ Business Capital City Development Ltd ၊ ရွှေပုပ္ပားအပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီတို့ စုပေါင်းဖွဲ့စည်းထားသော Consortium အား Developer အဖြစ် သတ်မှတ်ထားခဲ့သည်။

ယခုအစိုးရ လက်ထက်တွင် မူလစာချုပ် ချုပ်ဆိုခဲ့သည့် ကုမ္ပဏီသုံးခုကို ခေါ်ယူညှိနှိုင်းခဲ့သည်။ ညှိနှိုင်းခဲ့သည့် အကြောင်းရင်းမှာ အကောင်အထည်ဖော်မည့် စီမံကိန်းပမာဏ ကြီးမားခြင်း၊ ပြည်သူလူထူ၏ ဘဝလူနေမှု မြင့်မားစေမည့် စီမံကိန်းဖြစ်ခြင်း၊ မဟာရန်ကုန်၏ အနာဂတ်ရည်မှန်းချက် ဖြစ်သော ဖွံ့ဖြိုးတိုးတက်မှု နောက်ကျလျက်ရှိသော ဒေသများကို တစ်ပြေးညီ တိုးတက်ဖွံ့ဖြိုးလာစေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာစေရေး၊ ကုမ္ပဏီအနည်းငယ်မှ လက်ဝါးကြီးအုပ် လုပ်ကိုင်မည့်အစား နိုင်ငံသားလုပ်ငန်းရှင်များ ပါဝင်လုပ်ကိုင်ခွင့် ရရှိစေရေးတို့ကို ရှေးရှုပြီး ခေါ်ယူညှိနှိုင်းခဲ့ခြင်းဖြစ်ပြီး ယင်းတွေ့ဆုံ ညှိနှိုင်းမှုများအရ ယခင်အစိုးရနှင့် ချုပ်ဆိုခဲ့သော စာချုပ်အား ပြန်လည် ဖျက်သိမ်းခဲ့သည်။

သို့သော် ယခုလုပ်ကိုင်မည့် လှည်းကူးစီမံကိန်းနှင့် ပတ်သက်ပြီး လွှတ်တော်သို့ အကြမ်းဖျင်း တင်သွင်းမှုသာရှိခဲ့ပြီး တိကျရေရာသော အဖြေများမရှိခြင်းကြောင့် မေးခွန်းထုတ်ရန် များစွာကျန်ရှိနေသေးကြောင်း ဦးကျော်ဇေယျက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကမူ အဆိုပါ လှည်းကူးတွင် ပြုလုပ်မည့် Eco Green City အိမ်ရာစီမံကိန်း ပန္နက်တင်မင်္ဂလာနှင့် စီမံကိန်းဆိုင်ရာ ရှင်းလင်းပွဲတွင် ယခုစီမံကိန်းမှာ လှည်းကူးမြို့၏ အလားအလာကောင်းပေါင်း များစွာရှိနေသည့် မြို့တစ်မြို့ဖြစ်ပြီး အစိုးရအဖွဲ့သစ်၏ ပထမဆုံးဦးဆုံး တည်ဆောက်မည့် အကြီးမားဆုံး စီမံကိန်းကြီးတစ်ခု ဖြစ်ကြောင်း၊ လှည်းကူးမြို့နယ်တွင် ယင်းကဲ့သို့ စီမံကိန်းကြီးတစ်ရပ်ကို တည်ဆောက်နိုင်သည့်အတွက် မြို့၏ ဖွံ့ဖြိုးတိုးတက်မှုများကို များစွာ အထောက်အကူပြုနိုင်ပြီး ရန်ကုန်မြို့၏ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း များစွာအရေးပါကြောင်း၊ စီမံကိန်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အနီးကပ်ကြီးကြပ် ကွပ်ကဲသွားမည် ဖြစ်ကြောင်း ပြောကြားထားသည်။

■ လွှတ်တော်ကို မတင်ပြဘဲ လုပ်ကိုင်ခဲ့တဲ့ စီမံကိန်းတွေ ရှိသလား

လွှတ်တော်သို့ တင်ပြခြင်းမရှိဘဲ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် စီမံကိန်းများလည်း ရှိပြီး အထင်သာဆုံး ဥပမာအဖြစ် အဆိုပါ လှည်းကူးစီမံကိန်းမှာ လတ်တလော လုပ်ကိုင်ခဲ့သည့် စီမံကိန်းတစ်ခုသာ ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ က တညီတညွတ်တည်း ပြောကြားသည်။

အချို့သော လုပ်ငန်းများမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အခွင့်အာဏာဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်သည့် လုပ်ငန်းများရှိသော်လည်း စီးပွားရေးအရ ကြီးမားကျယ်ပြန့်သည့် စီမံကိန်းများဖြစ်ပါက လွှတ်တော်သို့ တင်သွင်းရမည် ဖြစ်ကြောင်း ကျောက်တံတား မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောကြားသည်။

“စီမံကိန်းတွေ အားလုံးကတော့ တိုင်းလွှတ်တော်ကို တင်စရာမလိုတာတွေ ရှိတယ်။ သို့ပေမဲ့ ရန်ကုန်တစ်တိုင်းလုံးနဲ့ သက်ဆိုင်တဲ့ဟာမျိုးတွေ ဆိုရင်တော့ တင်ရတယ်။ ဥပမာ စတုတ္ထအကြိမ် လွှတ်တော်တုန်းကဆိုရင် မြို့သစ်စီမံကိန်းဆိုပြီး တင်တယ်။ အဲဒါမျိုးက သေချာတယ်။ လွှတ်တော်ကိုဖြတ်ဖို့ လိုတယ်။ ဆိုတော့ အဲဒီတုန်းက လွှတ်တော်က သေသေချာချာ ပြည့်ပြည့်စုံစုံလေး တင်ပြပေးပါဆိုပြီး ပြောလိုက်တယ်လေ။ အဲဒီတုန်းက စီမံကိန်းကို လွှတ်တော်က အတည်မပြုလိုက်ဘူး။ အဲဒီလိုလေးတွေ ရှိတယ်။ ဆိုတော့ များသောအားဖြင့်ကတော့ အခုလည်း စီမံကိန်းတွေ ကြားရတယ်။ တိုင်းအစိုးရက လုပ်တယ်။ သေချာတာကတော့ လွှတ်တော်ကတော့ မသိတာတွေ များတယ်။ ကိစ္စတိုင်းတော့ မဟုတ်ဘူးပေါ့။ လွှတ်တော်ကိုဖြတ်ဖို့ လိုတယ်ဆိုရင်တော့ လွှတ်တော်ကိုဖြတ်ဖို့ လိုကိုလိုအပ်တယ်။ တချို့ဟာတွေကတော့ တိုင်းအစိုးရ အာဏာနဲ့ပဲ သွားလို့ရတာတွေလည်း ရှိပါတယ်။ မြို့သစ်စီမံကိန်းလို ဟာမျိုးတွေဆိုရင် ဖြတ်ကို ဖြတ်ရမယ့် ဟာတွေ။ ဒါတွေက စီးပွားရေးအရလည်း အရမ်းကို ကြီးထွားတဲ့လုပ်ငန်းတွေ။ ဒါဆိုရင် လွှတ်တော်ကို ဖြတ်ရမယ်”ဟု ဒေါ် ကြည်ပြာက ပြောကြားသည်။

အချို့သော လုပ်ငန်းများမှာ လွှတ်တော်သို့ တင်ပြစရာမလိုသည့် လုပ်ငန်းများ ရှိသော်လည်း သက်ဆိုင်ရာ နယ်မြေခံလွှတ်တော် ကိုယ်စားလှယ်အား အသိပေး အကြောင်းကြားသင့်ကြောင်း ဒေါ်ကြည်ပြာက ပြောကြားသည်။

“ကိုယ့်အစိုးရ ကိုယ့်လွှတ်တော် ဖြစ်နေတဲ့အခါကျတော့ တချို့ကိစ္စလေးတွေက လွှတ်တော်ကို ဖြတ်စရာမလိုပေမယ့် သူ့မြို့နယ်နဲ့ သက်ဆိုင်တဲ့ ဟာမျို းလေးတွေဆိုရင် မြို့နယ်ဆိုင်ရာ ကိုယ်စားလှယ်တွေကို ပေးသိထားရင် ကောင်းတာပေါ့။ မြို့နယ်ဆိုင်ရာ ကိုယ်စားလှယ်တွေ အနည်းဆုံးတော့ သိထားရင် စီမံဆောင်ရွက်ရတာ အဆင်ပြေမယ်။ တချို့ကိုယ်စားလှယ်တွေဆိုရင် ကိုယ့်မြို့နယ်ကို ဝန်ကြီးလာသွားတယ် ဆိုတာတောင် မသိလိုက်ဘူး။ ထွေအုပ်ပဲသိတဲ့ အဖြစ်တွေရှိတယ်။ ဘက်ညီညီနဲ့ အလုပ်လုပ်နိုင်ဖို့ မျှော်လင့်တယ်။ အစိုးရအဖွဲ့က မပြောမဆိုဘဲနဲ့ လုပ်နေတာတွေတော့ မဟုတ်ဘူး။ တချို့ကိစ္စလေးတွေမှာ ဟနေတာတွေတော့ ရှိတယ်”ဟု ဒေါ်ကြည်ပြာက ဆိုသည်။

ထို့ပြင် လွှတ်တော်သို့ တင်ပြခဲ့သော်လည်း တက်သုတ်ရိုက် တင်သွင်းခဲ့သည့် လုပ်ငန်းများလည်း ရှိကြောင်း၊ ထိုသို့ တက်သုတ်ရိုက် တင်သွင်းခဲ့သဖြင့် လုပ်ငန်း၏ အားသာချက်၊ အားနည်းချက်များကို လွှတ်တော်တွင်း တင်သွင်းဆွေးနွေးနိုင်ရန် အချိန်လုံလောက်မှု မရှိကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လုပ်ငန်းများ လုပ်ဆောင်ရာတွင် တိကျသေချာသော မူဝါဒများချမှတ်ရန် လိုအပ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက အကြံပြုပြောကြားသည်။

“တချို့စီမံကိန်းတွေဆိုရင် ကပ်ပြီးတော့ လုပ်တယ်။ အထင်သာဆုံးကတော့ YBS ပေါ့။ အဲဒါကိုထားလိုက်ဦး။ အန်ကယ်တို့လည်း မေးခဲ့တယ်။ ကားတွေကို G to G ဝယ်တာတွေ ဘာတွေကိုပေါ့။ အဲဒီအချိန် ကျောင်းကားဆိုပြီး ပေါ်လာတယ်။ ဘယ်သူမှ မသိကြဘူး။ ကျောင်းအုပ်ဆရာကြီးတွေဆိုရင် ကျောင်းဖွင့်ခါနီးမှ သိခဲ့တယ်။ အဲဒါက အစပိုင်းမှာ တော်တော်လေးကို လှုပ်ခတ်သွားတယ်။ အဲဒါကျောင်းအုပ်တွေကို ခေါ်ပြောတယ်။ အဲဒါနဲ့ သူတို့ အခက်အခဲကို ပြောတယ်။ အဲဒီလိုပြောတော့ ကိုယ်တွေမှာလည်း အဖြေမရှိဘူး။ အဲဒါနဲ့ ဒေါ်နီလာကျော်နဲ့ တွေ့တယ်။ အစ်မ အဲဒီကိစ္စ ဒီလိုလားဆိုပြီး မေးရတယ်။ အဲဒါနဲ့ လွှတ်တော်ထဲမှာ ဆွေးနွေးရတယ်။ အဲဒီလိုမျိုးတွေချည်းပဲ။ အဲဒီမှာ အခက်အခဲတွေကို ဆွေးနွေးပြောပြတော့မှ အခုကျောင်းဖွင့်ရာသီမှာတော့ သိပ်မလုပ်ပါဘူး။ သူတို့မှာထားတဲ့ ကားတွေကလည်း မရောက်သေးတော့ နောက်ပွင့်ကားတွေကိစ္စက ပြန်ငြိမ်သွားတယ်။ ကားတွေ ရောက်လာတော့ နောက်ပွင့်ကားတွေနဲ့ ကျောင်းကား မလုပ်ရဘူး ဖြစ်ပြန်ရော။ အဲဒီမှာ ကားတွေက ဈေးများတော့ ဘယ်ကျောင်းမှ မဝယ်နိုင်ဘူး။ ကားပိုင်ရှင်တွေကလည်း မဝယ်နိုင်ဘူး။ အဲဒါ နဲ့ ကျောင်းသုံးကျောင်းကို ပိုင်းလော့အနေနဲ့ စမ်းမယ်ဖြစ်ပြန်ရော။ အခုတော့ နောက်ပွင့်ကားတွေနဲ့တော့ မပြေးတော့ဘူး။ ဒါပေမဲ့ သူတို့ကားတွေကလည်း ဈေးကို မတတ်နိုင်တော့ ဘယ်သူမှလည်း မဝယ်နိုင်သေးဘူး။ အခုလည်း ပြေးနေတဲ့ ကျောင်းကားတွေကို YRTA သတ်မှတ်ချက်နဲ့ ကိုက်မကိုက် စစ်ဆေးဦးမယ်။ ဒါပေမဲ့ စဉ်းစားစရာက ဘယ်လိုစစ်မှာလဲ။ YRTA က ဥပဒေတောင် မထွက်သေးဘူး။ အဲဒါကလည်း ပြဿနာတွေ လာဦးမယ်။ အန်ကယ်တို့က ကန့်လန့်တိုက်တာ မဟုတ်ဘူး။ စနစ်တကျ လုပ်စေချင်တာ။ ဥပမာ တစ်ခုဆိုရင် ကျောင်းကားကို အရစ်ကျနဲ့ ရောင်းပေးမယ်တဲ့ဆိုပြီး ပြောထားတာ ရှိတယ်။ ယာဉ်ပိုင်ရှင်တွေက ကိုယ်စားလှယ်တွေကို မေးတာပေါ့။ အဲဒီတော့ ကျွန်တော်ကလည်း မေးတာပေါ့။ အစ်မကြီး ဘယ်လိုပုံစံမျိုးနဲ့လဲ။ အရစ်ကျက ဘယ်နှနှစ်လဲ။ ဘယ်လို ငွေသွင်းရမလဲ ဆိုတာကိုမေးတော့ အဲဒါကိုလည်း ရေရေရာရာ မပြောနိုင်ဘူး။ မူဝါဒမရှိဘူး ဖြစ်နေတယ်။ အစိုးရအဖွဲ့က လုပ်သာလုပ်တယ် အောက်ခြေမသိမ်းဘူး။ အဝေးကြီး ကြည့်စရာမလိုဘူး။ YBS ဆို တစ်နေ့တော့ အောင်မြင်မှာပါ။ ဒါပေမဲ့ ဆုံးရှုံးမှုများများနဲ့ ပေးဆပ်မှုများများနဲ့ အောင်မြင်တာတော့ သိပ်သဘာဝမကျဘူး။ အန်ကယ်တို့က ပြောင်းတာကို ကန့်ကွက်တာ မဟုတ်ဘူး။ စနစ်တကျ လေးလုပ်ဖို့ပဲ ပြောတာ”ဟု ဦးကျော်ဇေယျက ပြောကြားသည်။

အစိုးရအဖွဲ့နေဖြင့် စီမံခန့်ခွဲမှု အပိုင်းများတွင် လုပ်ကိုင် ဆောင်ရွက်နိုင်သော်လည်း စီမံကိန်းအဖြစ် အကောင်အထည်ဖော်မည် ဆိုပါက လုပ်ချင်တိုင်းလုပ်ရန် အခွင့်မရှိကြောင်း၊ လွှတ်တော်၏ တာဝန်မှာ အစိုးရအဖွဲ့ လုပ်ကိုင်ဆောင်ရွက်မည့် စီမံကိန်းများကို အပြုသဘောဆောင်သည့် အကြံပြုချက်များ ပေးရမည့်တာဝန် ရှိကြောင်း ဦးနေဘုန်းလတ်က ပြောကြားသည်။

“စီမံခန့်ခွဲမှုကတော့ အစိုးရက လုပ်လို့ရတယ်။ စီမံကိန်း ဖြစ်သွားရင်တော့ အစိုးရက လုပ်ချင်တိုင်း လုပ်လို့မရဘူး။ တံတားတစ်စင်း ဆောက်ရင်တောင် ကျွန်တော်တို့ဆီမှာ ဘတ်ဂျက်တောင်းရတယ်။ YBS တုန်းကဆိုရင် ဘတ်ဂျက်တော့ တောင်းလိုက်တယ်။ အဲဒါကို ဘယ်မှာသုံးမလဲ ဆိုတာကို သေချာရှင်းပြထားခြင်း မရှိတော့ ကျွန်တော်တို့မှာ လုပ်ရကိုင်ရတာ နည်းနည်းခက်တယ်”ဟု ဦးနေဘုန်းလတ် က ပြောကြားသည်။

စီမံကိန်းများ၊ ရှေ့ဆက်လုပ်ကိုင်မည့် လုပ်ငန်းစဉ်များကို လွှတ်တော်ကိုယ်စားလှယ်များအား ပြောကြားထားခြင်း မရှိခြင်း၊ တိကျ သေချာသော မူဝါဒချမှတ်ထားခြင်း မရှိသောကြောင့် လူထုနှင့်တွေ့ဆုံရာတွင် များစွာအခက်အခဲ ရှိကြောင်း ဘုရင့်နောင်ဈေး ပြောင်းရွှေ့မည့်ကိစ္စကို ဥပမာပေးကာ ဦးကျော်ဇေယျ က ပြောကြားသည်။

“ဘုရင့်နောင်ဈေးကိစ္စဆိုရင် မနေ့က (ဒီဇင်ဘာ ၂၉ ရက်) မှ သွားလေ့လာ မေးမြန်းတာ။ အဲဒီက လွှတ်တော်ကိုယ်စားလှယ်လည်း ပါတယ်။ လုပ်ငန်းရှင်တွေက ဆိုင်ခန်းကို ငှားချင်တယ်။ ပြင်ချင်တယ်။ ဒါပေမဲ့ သေချာတဲ့ ဆုံးဖြတ်ချက်က မကျတော့ လုပ်ငန်းရှင်တွေက မလုပ်ရဲဘူး။ အန်ကယ်တို့ သွားစစ်တော့ မပြတ်မသားပြောထားတော့ သူတို့မှာ ဘာဆက်လုပ်ရမှန်း မသိဘူး။ အဲဒါတွေကို ဝန်ကြီးချုပ်က ပြတ်ပြတ်သားသား ပြောသင့်တယ်။ အဲဒီကိစ္စကို လွှတ်တော်ကလည်း မသိ၊ လုပ်ငန်းရှင်တွေကလည်း ပြတ်ပြတ်သားသား မသိတော့ သူတို့က ဘယ်သူ့ အားကိုးရမလဲ မသိဘူး။ ဒါကလည်း စီမံကိန်းတစ်ခုပဲ။ ပြတ်ပြတ်သားသား ရှိရမယ်။ အကောင်အထည်ဖော်တာကို လုပ်ငန်းရှင်တွေကသိမှ သူတို့ ဘယ်လိုလုပ်ရမလဲ ဆိုတာသိမှာ။ နောက်ပြီးတော့ ကားတွေကိုလည်း ဒီအတိုင်းပဲ။ အဲဒီမှာရှိတဲ့ ကုန်ကားတွေကိုလည်း အာဆီယံပုံစံ လုပ်မယ်ပြောထားတယ်။ အဲဒါမှ မဆုံးသေးဘူး။ ယာဉ်ကြော ကျပ်တည်းလို့ မင်းတို့ကားတွေ မသုံးတော့ဘူး။ တစ်ခါ ရေလမ်းကြောင်းကနေ ကုန်တွေ ပို့ရမယ်ဆိုပြီး လုပ်ပြန်ရော။ ကုန်းလမ်းကြောင်းတောင်မှ မပြီးသေးဘူး။ အကောင်အထည်လည်း မပေါ်သေးဘူး။ ရေလမ်းကြောင်းက လုပ်မယ်ဆိုပြီး ပြောထားသေးတယ်။ ရေလမ်းကြောက လုပ်မယ်ဆိုပြီး ပြောထားတဲ့ စီမံကိန်းကလည်း ဘယ်လိုလုပ်မှာလဲ ဘာလဲဆိုတာလည်း မသိရသေးဘူး။ အဲဒါတွေက ဝန်ကြီးချုပ်က ပြောသွားတော့ ဝန်ကြီးချုပ် ဆိုတာကလည်း ရိုးရိုးကိုယ်စားလှယ်နဲ့ မတူဘူးလေ။ ရိုးရိုးကိုယ်စားလှယ်က ပြောတာနဲ့ ဝန်ကြီးချုပ်ကပြောတဲ့ဟာ ပိုလေးနက်တယ်။ သူပြောတဲ့စကားပေါ်မှာ အခြေပြုပြီး စီးပွားရေးသမားတွေက စောင့်ပြီး နားစွင့်မှာပဲ။ အန်ကယ်လည်း စီးပွားရေးသမားဆို ဝန်ကြီးချုပ်ပြောတဲ့ စကားကို နားစွင့်မှာပဲ။ သူက ပြတ်ပြတ်သားသားပြော။ ခင်ဗျားတို့ ကားတွေ ဘယ်နေ့နောက်ဆုံး သယ်စရာမလိုတော့ဘူး။ ရေလမ်းကြောင်းကနေ အကောင်အထည်ဖော်မယ်။ အဲဒီလိုလည်း မဟုတ်ဘူး။ အလုပ်လုပ်မယ့် သူတွေက ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိဘူးဖြစ်နေတယ်။ အဲဒီတော့ လွှတ်တော် ကိုယ်စားလှယ်တွေဆီကို လာတယ်။ မေးတယ်။ အန်ကယ်တို့မှာလည်း သူတို့ကို ပြန်ဖြေရမယ့် အဖြေမရှိဘူး။ တချို့ဟာတွေက သူတို့ ( အစိုးရအဖွဲ့) ပြောထားပြီး အကောင်အထည် မဖော်တာတွေ ရှိတယ်။အဲဒါတွေဆိုရင် ဘယ်သူမှလည်း မသိလိုက်ဘူး။ ကြည့်မြင်တိုင်မှာဆိုရင် မြို့သစ်စီမံကိန်း လုပ်မယ်ဆိုပြီး ပြောထားတာ ရှိတယ်။ မိုးကုန်ရင် အကောင်အထည်ဖော်မယ်ဆိုပြီး ပြောထားတာ။ အဲဒါက လွှတ်တော်မှာလည်း လိပ်ခဲတည်းလည်း ဖြစ်နေတုန်း။ မြို့သစ်က ဒလဘက်ကို ပြောင်းသွားတယ်။ အဲဒီမှာ တချို့ ဒေသခံတွေကလည်း သဘောကျတာ ရှိသလို သဘောမကျတာလည်း ရှိတယ်။ သို့သော်လည်းပဲ အစိုးရအဖွဲ့က ဝန်ကြီးချုပ်ကိုယ်တိုင် လုပ်ရမယ့်အဆင့် မဟုတ်သေးဘူး။ သူ ဒီစီမံကိန်းတွေ လုပ်ချင်တယ်။ လွှတ်တော်ကိုပြောမယ်။ ဒေသခံ ကိုယ်စားလှယ်ကလည်း ဆွေးနွေးမယ်။ အန်ကယ်တို့ စီမံကိန်းကော်မတီကလည်း ကြည့်မယ်။ အပြန်အလှန် ဆွေးနွေးမယ်ဆိုရင် လုပ်ငန်းတွေ ချောမွေ့တာပေါ့” ဟု ဦးကျော်ဇေယျက ပြောကြားသည်။

■ လွှတ်တော်က အစိုးရကို ထိန်းကျောင်းမှု အားနည်းနေပြီလား

သက်တမ်း နှစ်နှစ်ကျော်လာပြီ ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အနေဖြင့် ထိန်းကျောင်း တည့်မတ်နိုင်ပြီလား ဆိုသည့် မေးမြန်းမှုအပေါ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်က “လွှတ်တော်က အစိုးရကို ထိန်းကျောင်းနိုင်ပြီလို့ မယူဆဘူး။ ကျွန်တော်တို့ လွှတ်တော်က မေးခွန်းတွေ မေးတယ်။ အဆိုတွေ တင်တယ်။ အတိုင်းအတာ တစ်ခုအထိတော့ ဘတ်ဂျက်တွေ စိစစ်ဖြတ်တောက်တာ ရှိတယ်။ လိုအပ်တဲ့ မေးခွန်းတွေလည်း မေးနေတာပဲ။ ဒါပေမဲ့ အဲဒီအပေါ်မှာ အစိုးရအနေနဲ့ တာဝန်ယူ ဆောင်ရွက်မှုပေါ့။ နောက်တစ်ခုကတော့ လေးစားမှုပေါ့။ အဲဒါကတော့ အခုထိတော့ အားရစရာမရှိဘူး။ အထူးသဖြင့် ထောက်ပြချင်တာက လွှတ်တော်က အဆိုတစ်ခုကို အတည်ပြုလိုက်တယ်ပေါ့။ တကယ်တမ်း လွှတ်တော်မှာ အဆိုတစ်ခု အတည်ပြုလိုက်ပြီဆိုရင် အစိုးရအနေနဲ့ တော်တော်လေးကို အလေးအနက်ထားပြီးတော့ လုပ်ငန်းစဉ်တွေ လိုက်ရမှာ။ ဒါပေမဲ့ အခုတော့ အဲဒီလိုလိုက်တာ မရှိဘူး။ အဆိုတင်တယ်။ အတည်ပြုတာပဲ အဖတ်တင်တယ်။ ထိထိရောက်ရောက် မရှိဘူး။ ကျွန်တော်မြင်တာကတော့ လွှတ်တော်က အစိုးရကို ထိန်းကျောင်းနိုင်တယ် ဆိုတာထက် လွှတ် တော်ရဲ့မေးခွန်းတွေ၊ အဆိုတွေကို အစိုးရအနေနဲ့ တာဝန်ယူဆောင်ရွက်မှု အားနည်းတယ်” ဟု ဦးနေဘုန်းလတ်က ပြောကြားသည်။

အချို့သော အခြေအနေများတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်မှုကြောင့် လုပ်ငန်းများ အကောင်အထည် ပေါ်ခဲ့သော်လည်း အဆင်မပြေမှုများလည်း ရှိကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောကြားသည်။

“ညဈေးလို ဟာမျိုးဆိုရင် အစ်မကလည်း အဆိုတင်တယ်။ ဒါပေမဲ့ ညဈေး ဖွင့်ဖို့ လုပ်ဖို့ ပြောတာ မဟုတ်ဘူး။ မြို့ထဲမှာက လမ်းဘေးဈေးသည်ကိစ္စတွေနဲ့ တော်တော်အဆင်မပြေဘူး။ အဲဒါကြောင့် ဒါတွေနဲ့ပတ်သက်ပြီး စီမံပေးပါဆိုပြီး တင်လိုက်တာ။ သူတို့ကလည်း ညဈေးလုပ်ဖို့ အစီအစဉ်ကလည်း ရှိနေတော့ ညဈေးဆိုပြီး ဖြစ်သွားတာ။ အဲဒီအထိက အဆင်ပြေသေးတယ်။ ပြဿနာက ဘာရှိလဲဆိုတော့ ညဈေးလုပ်မယ်ဆိုတော့ အစ်မတို့ ကိုယ်စားလှယ်တွေက လိုက်ကူညီကြတယ်။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် တကယ်စီမံတာက စည်ပင်။ အဲဒီအချိန်မှာ အဆင်မပြေတာလေးတွေ တွေ့လာတယ်။ တကယ်တမ်းပြောရရင်လည်း ညဈေးက မအောင်မြင်ဘူးလို့ ပြောရမယ်” ဟု ဒေါ်ကြည်ပြာက ပြောကြားသည်။

အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များ၊ ဆက်လက် လုပ်ဆောင်ရမည့် အခြေအနေများနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တိုင်းဒေသကြီးအစိုးရ၏ ကတိကဝတ် အာမခံချက်များနှင့် လွှတ်တော် အခွင့်အရေးကော်မတီကို ဖွဲ့စည်းထားပြီး အဆိုပါကော်မတီ၏ ဥက္ကဋ္ဌဖြစ်သူ ပုဇွန်တောင်မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက အစိုးရအနေဖြင့် လွှတ်တော်နှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ယခုထက်ပိုမို လုပ်ကိုင်မည်ဆိုပါက ပြုပြင်ပြောင်းလဲမှုများ လျင်မြန်မည်ဖြစ်ကြောင်း ပြောကြားသည်။

“အခုလည်း ပူးပေါင်း ဆောင်ရွက်နေတယ်။ သူတို့ရဲ့ ကတိကဝတ်တွေ။ အာမခံချက်တွေ၊ လွှတ်တော်က အဆိုတွေကို အကောင်အထည်ဖော်တယ်။ ဒီထက်ပို လက်တွဲလုပ်ကိုင်ရင် ပိုမြန်တာပေါ့။ အခုလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့က လက်တွဲ လုပ်ဆောင်နေပါတယ်” ဟု ပုဇွန်တောင်မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောကြားသည်။

ဒီမိုကရေစီစနစ်တွင် မဏ္ဍိုင်သုံးရပ် အနေဖြင့် အပြန်အလှန် ထိန်းကျောင်းမှု အားကောင်းရန် လိုအပ်ပြီး ယင်းသို့ အားကောင်းမှသာ ဒီမိုကရေစီ အလေ့အကျင့်များ ရှင်သန်နိုင်မည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက တညီတညွတ်တည်း ပြောကြားသည်။

“ဒီမိုကရေစီနိုင်ငံတွေမှာတော့ အုပ်ချုပ်ရေးမဏ္ဍိုင်ရော၊ ဥပဒေပြုရေးမဏ္ဍိုင်ရော အပြန်အလှန် ထိန်းကျောင်းမှု အားကောင်းဖို့ လိုအပ်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကိုယ့်အစိုးရ ကိုယ့်လွှတ်တော် ထိန်းကျောင်းစရာက သိပ်မလိုဘူး။ ဒါပေမဲ့လည်း ပွင့်လင်းမြင်သာမှုရှိစွာ လွှတ်တော်အနေနဲ့လည်း လွှတ်တော်ကိုယ်စားလှယ်တွေက မြေပြင် အခြေအနေတွေကို အနီးစပ်ဆုံးဖြစ်တဲ့ သူတွေဖြစ်တော့ အစိုးရအဖွဲ့ကို တိုက်တွန်းတာတွေ၊ တောင်းဆိုတာတွေ ရှိတယ်ပေါ့။ အဲဒီလိုအခါမျိုးမှာ တစ်ယောက်နဲ့ တစ်ယောက် လွှတ်တော်ကိုယ်စားလှယ်ကလည်း မြေပြင်မှာ တကယ်ထိတွေ့နေရတဲ့ အခြေအနေဆိုတော့ သူတို့တောင်းဆိုတာကိုလည်း အစိုးရက လုပ်ပေးစေချင်တယ်။ သူတို့မှာက လုပ်ဆောင်နိုင်တဲ့ မက်ဂနက်ဇင်ကြီး ရှိတယ်။ လုပ်ပေးနိုင်တာတွေ ရှိတယ်။ အဲဒီလိုမျိုးလေး ဖြစ်စေချင်တာ။ အခုကတော့ နည်းနည်း လိုအပ်နေတယ်။ အခုကကျတော့ အစိုးရအနေနဲ့လည်း လုပ်ဆောင်ရတာတွေ များတာက မှန်ပါတယ်။ အဲဒါကိုလည်း နားလည်ပါတယ်။ ကိုယ်စားလှယ်တွေကလည်း မြေပြင်မှာ တကယ်ထိ တွေ့နေရတဲ့ သူတွေဖြစ်နေတော့ လုပ်ပေးစေချင်တဲ့ အနေအထားလေးတွေကိုလည်း ဂရုစိုက်စေချင်တယ်။ အဆိုတွေ၊ မေးခွန်းတွေကိုပေါ့” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောကြားသည်။

လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်ဘက်မှ ရပ်တည်၍ ပြောနေုခြင်း မဟုတ်ကြောင်း၊ ဒီမိုကရေစီစနစ်၏ မူအရသာ လုပ်ကိုင်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ အပြန်အလှန် လေးစားမှုမရှိပါက ဒီမိုကရေစီ ပုံဖျက်ခံရနိုင်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောကြားသည်။

“ဒီမိုကရေစီစနစ်ကို ခိုင်မာစေချင်တယ် ဆိုရင်တော့ အစိုးရအနေနဲ့ လွှတ်တော်ကို ဒီထက်ပို အလေးထားသင့်တယ်။ အုပ်ချုပ်ရေး အာဏာကို ပေးလိုက်တယ်ဆိုတာ လုပ်ချင်တာလုပ်ဖို့ ပေးလိုက်တာ မဟုတ်ဘူး။ အားလုံးနဲ့ တိုင်ပင်ဆွေးနွေးပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့ လူထုက ပေးအပ်လိုက်တာ။ မဏ္ဍိုင်သုံးရပ်က အပြန်အလှန် လေးစားမှုတစ်ခုနဲ့ ဖြတ်သန်းသင့်တယ်။ နို့မို့ဆိုရင်တော့ ဒီမိုကရေစီကို ပုံဖျက်တဲ့ သဘောပဲ။ လိုတဲ့ ပိုက်ဆံတော့ လွှတ်တော်မှာ လာလာတောင်းတယ်။ ဘာတွေလုပ်မယ် ဆိုတာတော့ ဘာတွေလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရဘူး။ လွှတ်တော်ကိုယ်စားလှယ်မို့လို့ လွှတ်တော်ဘက်က ပြောနေတာလည်း မဟုတ်ဘူး။ ဒီမိုကရေစီစနစ် ရှင်သန်အားကောင်းဖို့ဆိုရင် မဏ္ဍိုင်တစ်ခုနဲ့တစ်ခု လေးစားမှုရှိဖို့ လိုအပ်တယ်။ ဒါတွေက ဒီမိုကရေစီရဲ့ မူပဲ” ဟု ဦးနေဘုန်းလတ်က ပြောကြားသည်။

Most Read

Most Recent