ဝံသာနုစိတ်ဓာတ်

ဝံသာနုစိတ်ဓာတ်
Published 7 December 2017

စစ်ကိုင်းတောင်ရိုး ဝိပဿနာချောင် နှစ် ၁၀၀ ပြည့်ပွဲကျင်းပစဉ်

(၁) ‘ဝံသာနုရက္ခိတ’ ဆိုသည့် ပါဠိစကားလုံးကို မြန်မာတို့ အခေါ်လွယ်စေဖို့ အတိုမှတ်ဖြင့် ‘ဝံသာနု’ ဟု သုံးနှုန်းခဲ့ကြဟန်တူသည်။ ‘ဝံသာနုရက္ခိတ’ သည် ‘ဝံသ’ နှင့် ‘အနုရက္ခိတ’ ကို ပေါင်းစပ်ထားသည့် ပါဠိသမာသ်ပုဒ် ဖြစ်သည်။ ‘ဝံသ’ က ‘အမျိုးအနွယ်’ အနက်ဟော၍ ‘အနုရက္ခိတ’ က ‘အစဉ်စောင့်ရှောက်ခြင်း’ အနက်ကိုဟောသည်။ ‘ဝံသာနုရက္ခိတ’ ၏ ပုဒ်လုံးပြည့်အဓိပ္ပာယ်က ‘အမျိုးအနွယ်ကို အစဉ်စောင့်ရှောက်ခြင်း’ ဖြစ်သည်။

‘ဝံသာနု’ ဆိုသည့်စကားကို ကြားမိချိန်၌ အများစုက နိုင်ငံရေးကိစ္စကို ပြေးမြင်မိကြလိမ့်မည်ထင်သည်။ မြင်ရလောက်အောင်လည်း မြန်မာ့နိုင်ငံရေးနယ်ပယ်၌ ‘ဝံသာနု’ ဆိုသည့် အမည်က လွှမ်းမိုးခဲ့သည်လည်းအမှန်။ မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ တိုက်ခိုက်သိမ်းယူပြီးနောက်ပိုင်း နိုင်ငံ၏ သာသနာရေး အခြေအနေက သိသိသာသာ ဆုတ်ယုတ်သွားခဲ့ရသည်။ မြန်မာဘုရင်များလက်ထက်တော်က မန္တလေးတစ်မြို့တည်းမှာပင် သံဃာအရေအတွက် ၆၀,၀၀၀ ဝန်းကျင်ရှိခဲ့ရာမှ အင်္ဂလိပ်တို့လက်ထက်၌ ၁၀,၀၀၀ ခန့်သာ ကြွင်းတော့သည်။ သံဃာတော်တို့၏ ဆွမ်းကွမ်းကိစ္စများလည်း ခက်ခဲလာသည်။ မြန်မာဘုရင်တို့လက်ထက်တော်က မုဆိုးမတစ်ဦးကပင် ဘုန်းကြီး ၁၀ ပါးကို ဆွမ်းဝတ်ပြုဖို့ မခဲယဉ်းသော်လည်း အင်္ဂလိပ်တို့လက်ထက်၌ ဘုန်းကြီးနှစ်ပါး သုံးပါးကိုပင် ဆွမ်းကပ်ဖို့ အနိုင်နိုင်ဖြစ်ခဲ့ရ၏ဟု ဆိုသည်။

ထိုမှတစ်ပါး ရဟန်းသံဃာတို့၏ တန်ခိုးအရှိန်အဝါကလည်း တစ်ဟုန်ထိုး ကျဆင်းသွားသည်။ ‘တိုင်းပြည်လွတ်လပ်လျှင် မြန်မာတို့ ကိုယ့်မင်းကိုယ့်ချင်းဘဝဖြင့် ကိုယ့်သာသနာကို ကိုယ့်စိတ်တိုင်းကျ ဖန်တီးခွင့်ရမည်။ မြန်မာဘုရင်တို့ လက်ထက်တော်ကအတိုင်း တစ်ဖန်ပြန်လည်၍ စည်ပင်လေရာ၏’ ဆိုသည့် အတွေးက လူတိုင်း၏ရင်ကို လှိုင်းနှယ်ရိုက်ပုတ်သည်။ သို့ဖြင့် ၁၂၆၈ (၁၉၀၆) ခုနှစ်တွင် ‘ဗုဒ္ဓဘာသာကလျာဏယုဝ’ အသင်းကို စတင်တည်ထောင်လိုက်သည်။ အတိုမှတ်အနေဖြင့် ‘Y-M-B-A’ အမည်တွင်သည်။ ၁၂၈၂ (၁၉၂၀) ခုနှစ်တွင် ‘ဝိုင်အမ်ဘီအေ’ မှ ‘မြန်မာအသင်းချုပ်ကြီး’ အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းခဲ့သည်။ အတိုမှတ်အနေဖြင့် ‘G-C-B-A’ အမည်တွင်သည်။ ထိုကာလအထိ နိုင်ငံရေးနှင့်ပတ်သက်သည့် သံဃာ့အဖွဲ့အစည်းဟု မည်မည်ရရ မပေါ်ထွန်းသေး။ သို့သော် ‘ဝိုင်အမ်ဘီအေ’ အသင်းကြီးနှင့်တွဲဖက်၍ နိုင်ငံရေးကို စိတ်ဝင်တစား ဆောင်ရွက်နေသည့် ဘုန်းတော်ကြီးတစ်ပါး ဦးဦးဖျားဖျား ပေါ်ထွက်လာခဲ့၏။ ထိုဘုန်းတော်ကြီးက ဆရာတော် ဦးဥတ္တမ ဖြစ်ပါသည်။

(၂) ‘၁၂၈၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံမှ ဒုတိယအကြိမ် ပြန်ကြွလာခဲ့သော’ ဆိုသည့် ဝိသေသနပုဒ်ကိုထောက်ဆ၍ ဆရာတော်ဦးဥတ္တမသည် ကမ္ဘာကြည့်ကြည့်နိုင်စွမ်းသည့် အရည်အချင်းပြည့် ဘုန်းတော်ကြီးတစ်ပါးဖြစ်ကြောင်း ထင်ရှားသည်။ ဆရာတော်ဦးဥတ္တမသည် ထိုခေတ်ကထုတ်ဝေသည့် သူရိယသတင်းစာ၌ မြန်မာတို့ လိုက်နာကျင့်ကြံအပ်သည့် ကိစ္စတို့ကို အကျယ်တဝင့် ရေးသား၍ လှုံ့ဆော်ခဲ့သည်။ ထိုကိစ္စတို့သည်ကား ‘နိုင်ငံခြားဖြစ် အဝတ်အထည်များကို ရှောင်ကြဉ်၍ ပြည်တွင်းဖြစ် အဝတ်အထည်များကိုသာ သုံးစွဲသင့်ကြောင်း၊ ပင်နီ၊ ယောလုံချည်၊ ယောထဘီ စသည်တို့ကိုသာ ဝတ်ဆင်သင့်ကြောင်း’ စသည်တို့ဖြစ်သည်။ ထိုအရေးအသားနှင့် ထိုဟောပြောချက်များကို ‘ဝံသာနုတရား’ ဟု ခေါ်ကြသည်။

စစ်ကိုင်းတောင်ရိုး၌ ဝံသာနုဘုန်းကြီးတစ်ပါးအဖြစ် ထင်ရှားခဲ့သည့် ဘုန်းတော်ကြီး တစ်ပါးရှိသည်။ ထိုဆရာတော်သည် ‘သံဃသာမဂ္ဂီအဖွဲ့ချုပ်ကြီး’ ၏ အတွင်းရေးမှူးချုပ်တာဝန်၊ ‘ငါးပွင့်ဆိုင်အဖွဲ့ကြီး’ ၏ သြဝါဒါစရိယ တာဝန်တို့ကို ထမ်းဆောင်ခဲ့သည့် အထင်ကရ ဆရာတော်တစ်ပါးဖြစ်သည်။ ရဟန်း ၁၂ ဝါအရ၌ နိုင်ငံရေးလောကသို့ ဝင်ခဲ့သည်။ ဆရာတော်၏ နိုင်ငံရေးဘုန်းကြီးဘဝ၌ တစ်ကြိမ်လျှင် လေးလနှုန်းဖြင့် နှစ်ကြိမ်တိုင်တိုင် အချုပ်ခံခဲ့ရဖူးခြင်း၊ ထောင်သုံးနှစ်ကျခဲ့ဖူးခြင်းဆိုသည့် ဘွဲ့တံဆိပ်တော်တို့ကို လက်ခံရရှိခဲ့သည်။ ဆရာတော်၏ ထူးခြားချက်က နိုင်ငံရေးနယ်သို့ ဝင်သည့်ကာလမှစ၍ ပျံလွန်တော်မူသည့်တိုင် ပြည်တွင်းဖြစ် လက်ငင်ချည် ‘ဖျင်’ သင်္ကန်းကြီးကိုသာ စွဲစွဲမြဲမြဲ အသုံးပြုတော်မူခဲ့ခြင်းဖြစ်သည်။ ထိုဆရာတော်ကြီးသည်ကား ‘ရွှေမျက်မှန် ဦးဝိဇယ’ ဟု ထင်ရှားခဲ့သည့် ကျစွာဆရာတော် ဦးဝိဇယ ဖြစ်ပါသည်။

‘ဝံသာနု’ ဆိုသည့် စကားလုံးကို တွေးမိသည့်ခဏ၌ ဝံသာနုခေတ်က ထင်ရှားခဲ့သည့် ရှေးဆရာတော်ကြီးများအကြောင်းကို ပြန်ပြောင်း သတိရမိခြင်းမျှသာဖြစ်ပါ၏။ ‘ဝံသာနု’ ဟူသည် ဤအဓိပ္ပာယ်ကို ဆောင်ပါတကားဟု ဆင်ခြင်မိစေလိုကာမျှသာ ဖြစ်သည်။ အမျိုးကိုချစ်လျှင် မလွဲမသွေ နိုင်ငံရေးလုပ်ရမည်ဟု မဆိုလိုသည့်နည်းတူ အမျိုးချစ်စိတ်ကို ထင်စွာပြသည့်အနေဖြင့် ဖျင်သင်္ကန်းကြီး ဝတ်ထားရမည်ဟုလည်း မဆိုလိုပါ။ သို့သော် မည်သည့်ခေတ်၊ မည်သည့်နယ်မြေ၌မဆို ‘ဝံသာနုစိတ်ဓာတ်’ ကတော့ လိုအပ်နေမည်သာဟု ကိုယ်ကယုံကြည်သည်။

(၃) အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားရောက်နေသည့် မြန်မာတို့ မနည်းမနော ရှိသည်။ နိုင်ငံခြားမှာနေရင်း သားတွေ၊ သမီးတွေ ပွားစီးလာကြသည်။ ထိုသားသမီးတို့သည် မြန်မာကို ကောင်းကောင်းမသိကြ။ အဖေမြန်မာ၊ အမေမြန်မာဖြစ်သော်လည်း သူတို့က နိုင်ငံခြားဖြစ်များဖြစ်ကြသည်။ ထိုထို သားသမီးတို့ကို မိဘများက ကိုယ့်လူမျိုးကို ချစ်တတ်စေဖို့ စွမ်းနိုင်သရွေ့ သင်ပြပေးကြသည်။ မြန်မာစကားကို သင်ပေးသည်။ ‘မင်္ဂလာပါ’ ကို သင်ပေးသည်။ ‘သြကာသ’ ကို သင်ပေးသည်။ ‘ဣတိပိသော’ ကို သင်ပေးသည်။ မြန်မာအဝတ်ကို ဝတ်တတ်အောင် သင်ပေးသည်။ မြန်မာအချင်းချင်းတွေ့လျှင် မြန်မာလိုပဲ ပြောကြဖို့သင်ပေးသည်။ ကိုယ်ကိုယ်တိုင်လည်း မြန်မာလိုပဲပြောသည်။ ကိုယ်က မြန်မာကိုး။ ထိုအရာများအားလုံး ဝံသာနု သဘောကိုဆောင်သည်။

ဘယ်နိုင်ငံပဲ ရောက်ရောက်၊ ဘယ် စကားပဲပြောပြော၊ မြန်မာက မြန်မာပဲဖြစ်သည်။ ထိုအမြင်၊ ထိုအတွေးက မြန်မာတစ်ဦးအတွက် အမှန်ကန်ဆုံး ရွေးချယ်မှုပဲ ဖြစ်ပါလိမ့်မည်။ ထိုအမြင်၊ ထိုအတွေး ချွတ်ယွင်းခဲ့မည်ဆိုပါက ထိုမြန်မာတစ်ယောက်၏ သန္တာန်၌ ဝံသာနုတရား ခေါင်းပါးလေပြီလားဟု သံသယဝင်ခွင့်ရှိသည်။ ငှက်တို့၏ နယ်မြေက ကောင်းကင်ဖြစ်သည်။ လှောင်ချိုင့်မဟုတ်။ အကြောင်းမသင့်၍ လှောင်ချိုင့်စံ ဖြစ်နေရသော်လည်း ငှက်၏စိတ်၌ ကောင်းကင်ရှိနေသည်ဆိုလျှင် လုံလောက်ပြီ။ ဝံသာနုစိတ် မချို့တဲ့သေးဟုဆိုနိုင်သည်။ ဤကား ကိုယ့်အမြင်။

ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်စွမ်း မရှိလျှင် ကိုယ့်မျိုးနွယ်စုကြီးတစ်ခုလုံး ပျက်သုဉ်းသွားနိုင်သည်။ “တစ်ခါက ဤမြေအပြင်၌ ထိုမည်သောသက်ရှိတို့ ပေါ်ပေါက်ခဲ့ဖူး၏” ဆိုသည့်အဖြစ်ကို အရိုးစုကြီးများကိုသာကြည့်၍ ရော်ရမ်းမျှော်တမ်းရသည့်အခြေသို့ ရောက်သွားနိုင်သည်။ ကြီးမားသော မေးရိုးကြီးများနှင့်၊ ကြီးမားသော ကိုယ်ထည်ကြီးများနှင့် တွားသွားသတ္တဝါကြီးများ ဤမြေအပြင်၌ ပေါ်ထွန်းခဲ့ဖူးသည်။ ဒိုင်နိုဆောတဲ့။ စာတွေထဲမှာ ထည့်ရေးကြသည်။ ရုပ်ရှင်တွေဘာတွေ ရိုက်ပြကြသည်။ ဒိုင်နိုင်ဆောတို့က သူတို့၏ဖြစ်တည်မှုကို တာရှည်ခံအောင် သူတို့ကိုယ်သူတို့ မစီမံနိုင်ခဲ့ကြ။ မကာကွယ်နိုင်ခဲ့ကြ။ သူတို့၏ဘဝများကို သူတို့ကိုယ်တိုင်ပဲ ရိတ်သိမ်းခဲ့ကြသည်။ ‘ဝံသာနု’ စိတ်ဓာတ် အနုအရင့်က သတ္တဝါတို့၏ဖြစ်တည်မှုကို တစ်မျိုးတစ်ဖုံ ပြောင်းလဲစေခဲ့ပါသလား။ ဆင်ခြင်ကြရန် ဖြစ်ပါသည်။

(၄) ခုနောက်ပိုင်း ‘ကိုယ်တော်တွေ လျော့လျော့လာတယ်’ ဆိုသည့် စကားတစ်ခွန်းက နေရာအနှံ့အပြားမှာ ကျယ်လောင်ကျယ်လောင်။ မထေရ်မြတ်တို့ စကားဝိုင်းမှာလည်း ထိုစကားကပါသည်။ ဆွမ်းခံအိမ်ရောက်တော့လည်း ‘ထိုင်ကိုယ်တော်တွေ အရင်လောက် မများတော့ဘူး’ ဆိုသည့် ညည်းညူသံကို ကြားကြားနေရသည်။ နောက်ဆုံး လူမှုကွန်ရက်စာမျက်နှာအထိ ထိုအသံက နေရာယူလာသည်။ ထိုကိစ္စက ထိုအသိုက်အဝန်း၌ အတော်လေး ပေါ်ပြူလာဖြစ်နေခဲ့သည်။

တောကျောင်းတွေမှာ ကိုရင်တွေ နည်းသွားပြီ။ ‘နည်းသွားပြီ’ ဆိုသည်ထက် ‘မရှိတော့’ ဆိုသည်က ပိုမှန်ပါလိမ့်မည်။ ရွာကျောင်းအချို့၌ ကိုရင်တွေ တကယ်မရှိတော့ပါ။ ကိုယ်တို့ငယ်စဉ်ကနှင့် အခြားနားကြီးခြားနားခဲ့သည်ကတော့ အမှန်။ ကိုယ်တို့ ခေတ်မိဘများက (ကိုယ်တို့လို) မွေးမေ့မျက်ရှု သားရွှေဥများကို တောအလုပ် မခိုင်းရက်သည်မို့ လေးတန်းအောင်ပြီးသည့်နောက် ကိုရင်ဝတ်ပေးလိုက်ကြသည်။ နောက်တော့ မြို့ပြနေ ရွာသားဦးဇင်းများနှင့်အတူ ထည့်လိုက်သည်။ အဖိတ်အစင် ရှိခဲ့သည်ဆိုစေဦးပါသွားသည့် အရေအတွက်ကများသည်မို့ အတန်အသင့်တော့ အဖတ်တင်ခဲ့သေးသည်။ အဖတ်တင်ဆရာတို့ လူကြီးဖြစ်လာချိန်၌ နောင်တော်ကြီးများ၏ ရှေးမူအတိုင်း နောင်လာနောက်သား ကျေးလက်နေအမျိုးကောင်းသားတို့ကို သူတို့နောက် ခေါ်လာကြပြန်သည်။ ဖိတ်စင်သည်လည်းရှိ၊ အဖတ်တင်သည်လည်းရှိ။ မည်သို့ဖြစ်ခဲ့သည်ဆိုစေဦး ထိုနယ်မြေ၏ ခြေလှမ်းက ထိုပုံအတိုင်း အသားကျနေခဲ့သည်။ သို့သော် ခုတော့ အသားကျနေသည့် ထိုဖြစ်စဉ်က ဖြုတ်ခြည်းရုတ်ခြည်း လမ်းကြောင်းပြောင်းခဲ့ရလေပြီ။

တောကျေးလက်နေ မိဘတို့က လေးတန်းအောင်ပြီးနောက် တောအလုပ် မခိုင်းရက်သည့် သားလူလှကို ကိုရင်ဝတ်မပေးချင်တော့။ လေးတန်းအောင်ပြီဆို မြို့က ဘော်ဒါဆောင်ကို ပို့လိုက်ကြသည်။ စီးပွားရေးကလည်း ရှေးကထက် အတန်အသင့် ပြေလည်လာကြပြီမို့ ရွာခံကိုယ်တော်များက သူတို့သားကို မြို့ခေါ်ဖို့ကြိုးပမ်းသော်လည်း အရာမထင်တော့။ အမျိုးကိုယ်တော်က “ကျောင်းဆောက်ချင်လို့ပါ” ဟု မိန့်တော်မူလျှင် နဝကမ္မလှူဖို့ ဝန်မလေးသော်လည်း သူတို့သားကို သင်္ကန်းဆီးပြီး မြို့ထည့်မည့်ကိစ္စကိုတော့ အင်တင်တင် လုပ်လာကြသည်။ “အသက်ကြီးလာမှ လူထွက်ချင်ပါပြီတဲ့ မလုပ်တတ် မကိုင်တတ်နှင့် ခက်မည်ပ ကိုယ်တော်” ဆိုသည်က တောနေမိဘအများစု၏ လက်သုံးစကားတစ်ခွန်းဖြစ်ခဲ့ပြီ။

ရပ်တိုင်းရွာတိုင်း၌ ထိုနည်းနှင်နှင်ဖြင့်သာ ခေတ်သစ်ဝံသာနုဘုန်းကြီးတို့လည်း ဘာကိုဘယ်လို တရားဟောရမည်မသိ။ အမျိုးကို အစဉ်စောင့်ရှောက်ချင်ပါသော်လည်း အမျိုးတို့ကိုယ်နှိုက်က ခြေရမ်းခေါင်းရမ်း လုပ်နေသည့်အဖြစ်။ ဝံသာနုချင်တိုင်း နု၍မရတော့သည့် အခြေအနေ။ ကိုယ့်မင်းကိုယ့်ချင်း ဘဝရောက်ကာမှ တောတိုင်းမှာ စန္ဒကူးသာ မရှိတော့သည်မဟုတ်။ ကိုရင်တို့လည်း မရှိတော့သည့်ခေတ်။

(၅) ကိုယ့်ကိုယ်ကိုယ် တိုးပွားစေခြင်းသည် ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ခြင်းမည်၍ ကိုယ့်နောက်ပါတို့ကို တိုးပွားစေခြင်းသည် ကိုယ့်အမျိုးကို စောင့်ရှောက်သည်မည်ပါ၏။ ကိုယ့်အမျိုးကို စောင့်ရှောက်ခြင်းသည် ‘ဝံသာနုစိတ်ဓာတ်’ ကို အဖန်ဖန် တည်ဆောက်နေခြင်းပင်ဖြစ်သည်။ ကိုယ့်အမျိုးကို တိုးပွားအောင် ကြံဆောင်နိုင်စွမ်းကင်းမဲ့မည်ဆိုပါက ကိုယ့်မျိုးနွယ်စုကြီးတစ်ခုလုံး ကွယ်ပျောက်သွားနိုင်ပါသည်။

ရှင်သာမဏေငယ်တို့ တစ်စတစ်စ ရှားပါးလာသည့်အဖြစ်ကိုတွေးရင်း ဝံသာနုကိစ္စသို့ စိတ်ရောက်သွားခြင်းဖြစ်ပါ၏။ ခေတ်တိုင်း၊ နေရာတိုင်း၌ ‘ဝံသာနုစိတ်ဓာတ်’ ရှင်သန်ထက်မြက်နေဖို့ လိုပါသည်။

ဖတ်သည့်စာ
- ဝံသာနုရက္ခိတ ရွှေမျက်မှန်ဦးဝိဇယ

Most Read

Most Recent