ခရီးသွားခြင်း

ခရီးသွားခြင်း
Published 9 November 2017

ပုဂံဒေသသို့ လာရောက်ကြသည့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးယာဉ်များအား ရွှေစည်းခုံစေတီတော်အနီး တွေ့ရစဉ် (ဓာတ်ပုံ-ကိုနော်)

ဒီတစ်ခေါက် သွားရမယ့်ခရီးအတွက် ကျွန်တော့်မှာ အတော်လေး ရင်ခုန်စိတ်လှုပ်ရှားနေမိပါတယ်။ တစ်ခါမှ မရောက်ဖူးတဲ့ နေရာဖြစ်သလို အခုသွားရမယ့် နေရာကိုလည်း ဒီတစ်သက် ရောက်နိုင်လိမ့်မယ်လို့ တောင်ထင်မထားခဲ့ဖူးတဲ့ နေရာပါ။ ဟိုးအရင်ကတည်းက သွားချင်နေတဲ့နေရာပါ။ သွားရမယ်ဆိုပြီး အစစအရာရာ သေချာတဲ့အချိန်မှာ အိပ်မက်လိုလို ဘာလိုလိုနဲ့ ကိုယ့်ကိုယ်ကိုယ်တောင် မယုံနိုင်အောင်ပါပဲ။ သွားရဖို့ ရက်တဖြည်းဖြည်း နီးကပ်လာချိန်မှာ အမှားအယွင်းမဖြစ်စေဖို့၊ လိုအပ်ချက်မရှိစေဖို့နဲ့ တစ်ခုခု မလွဲချော်စေဖို့အတွက် အရာအားလုံး ကြိုတင်ပြင်ဆင်ရပါတယ်။ ဟိုရောက်ရင် ဘယ်လိုနေမလဲ၊ အချိန်ဘယ်လောက်ကြာကြာနေမလဲ၊ ဘာတွေလုပ်မလဲ၊ ဘယ်သူတွေနဲ့ တွေ့မလဲဆိုတာတွေကအစ အကုန်လုံးကို လိုက်ပြီးစဉ်းစားရပါတယ်။

ခရီးသွားရတာကိုကြိုက်တဲ့ ကျွန်တော့်အတွက် ခရီးရှည်တစ်ခုသွားရတေ့ာမယ်ဆိုတဲ့စိတ်က ပျော်ရွှင်မှုကို ဖြစ်ပေါ်စေပါတယ်။ ဆောင်းရာသီကလည်း ရောက်တော့မယ်ဆိုတော့ အနွေးထည်လိုနေမလား၊ ဖိနပ်ကဘယ် လိုပုံစံမျိုးနဲ့ ပိုသင့်တော်မလဲ၊ အင်္ကျီလက်တို လက်ရှည်နဲ့ ကိုယ်ကျပ်ဘောင်းဘီ စတာတွေ လိုနေမလားဆိုတာတွေကို ကိုယ့်ထက်အရင် ကြိုရောက်နှင့်နေတဲ့ သူငယ်ချင်းတွေကို လှမ်းမေးပြီး ကြိုတင်ပြင်ဆင်ရပါတယ်။ လူကြုံပါးတဲ့ ပစ္စည်းတွေ လက်ခံလိုက်၊ ကိုယ့်ပစ္စည်းတွေ ပြန်စစ်လိုက်၊ အိတ်ထဲထည့်လိုက် ပြန်ထုတ်လိုက်နဲ့ပဲ သွားဖို့ရက် နီးကပ်လာလေ အလုပ်များလေပါပဲ။ ခရီးတစ်ခုသွားရတာဟာ အနုပညာဆန်နေပါလားလို့တောင် စိတ်ထဲထင်မိလာပါတယ်။ စဉ်းစားလိုက်၊ ရင်ခုန်စိတ်လှုပ်ရှားလိုက်၊ ကြိုတင်ပြင်ဆင်လိုက်နဲ့ပဲ နေ့တွေ အချိန်တွေဟာ စိတ်ဝင်စားစရာတွေနဲ့ စိတ်လှုပ်ရှားစရာတွေ ဖြစ်လာနေပါတယ်။

ငယ်ငယ်လေးကတည်းက အဝတ်အစားတွေကို သိပ်မမက်မောခဲ့ဖူးတဲ့ ကျွန်တော့်အတွက် အဝတ်အထည်တွေကို လိုအပ်သလောက် အနည်းအကျဉ်းလောက်ပဲ ဝယ်ဖြစ်ခဲ့ပါတယ်။ အခြားအစားအသောက်၊ အသုံးအဆောင် စတာတွေလည်းအဲဒီလိုပါပဲ၊ သိပ်မယူဖြစ်ပါဘူး။ ကျွန်တော့်စိတ်ထဲရှိတာက စာအုပ်တွေပါပဲ။ ရန်ကုန်မှာရှိနေတဲ့အချိန်မှာတော့ စာအုပ်တွေဝယ်ယူဖို့နဲ့ ဖတ်ဖို့အတွက် သိပ်မပူပင်ခဲ့ရပါဘူး။ မိတ်ဆွေ ကဗျာဆရာ၊ စာရေးဆရာများနဲ့ စာအုပ်ထုတ်ဝေသူများက သူတို့နဲ့ ကြုံဆုံတဲ့အခါ သူတို့ရဲ့ စာအုပ်တွေ ပေးတတ်ကြသလို ကိုယ်တိုင်ကလည်း စာအုပ်ဆိုင်တွေကို မကြာခဏရောက်ပြီး ဝယ်ယူဖြစ်တာများပါတယ်။

အွန်လိုင်းပေါ်က ကြော်ငြာ၊ သတင်းစာ၊ ဂျာနယ်နဲ့ မဂ္ဂဇင်းစာမျက်နှာတွေပေါ်က စာအုပ်အသစ်ထွက်တဲ့ သတင်းတွေ တွေ့ပြီဆိုရင်လည်း ကိုယ်ကြိုက်တဲ့ စာရေးဆရာတွေရဲ့ စာအုပ်တွေဆိုရင် ရှာဖွေဝယ်ယူထားလေ့ ရှိပါတယ်။ အချို့စာအုပ်တွေကျ ကိုယ်ဖတ်ပြီးပေမဲ့ လက်ထဲမရှိတော့လို့၊ အချို့ကျတော့ လက်ထဲရှိထားသင့်တယ်ထင်လို့၊ နောင်တစ်ချိန် ကိုယ်အသက်ကြီးသွားတဲ့အချိန်မှာ ကိုယ့်စာအုပ်စင်ပေါ်မှာရှိပြီး အမြဲဖတ်နေသင့်တဲ့ စာအုပ်ရယ်လို့ထင်လို့ စသဖြင့်အမျိုးမျိုးစဉ်းစားပြီး ဝယ်ထားတဲ့စာအုပ်တွေဟာ မနည်းမနောပါပဲ။ စာအုပ်စင်မှာ စာအုပ်တွေများနေပေမဲ့ အခုအချိန်အထိ ကိုယ်တိုင်မဖတ်ရသေးတဲ့ စာအုပ်တွေဟာလည်း အများအပြား ရှိနေပါသေးတယ်။ အခုတော့ အချိန်အတော်ကြာကြာနေရမယ့် ဒေသဖြစ်နေတော့ ကိုယ့်အကြိုက်ဆုံးလည်းဖြစ်၊ အချိန်မရွေး ပြန်ဖတ်လို့ရမယ့် စာအုပ်များကိုပဲ ဦးစားပေး ရွေးချယ်ရပါတယ်။

လက်ထဲမရှိသေးတဲ့ စာအုပ်ဆိုရင် မြို့ထဲမှာပြေးဝယ်၊ စာအုပ်ဆိုင်မှာမရှိတော့တဲ့ စာအုပ်တွေဆိုရင် ရင်းနှီးတဲ့သူငယ်ချင်းတွေ ဆီကနေ လက်ဆောင်အဖြစ် တောင်းယူရပါတယ်။ စာအုပ်တွေ ပြည့်စုံသွားပြီဆိုတော့ ကျန်တဲ့ကိစ္စတွေအတွက်က သိပ်ပြီးပူပင်စရာ မရှိပါဘူး။ ကျန်တာတွေအတွက်က လိုအပ်တာကို ဟိုရောက်မှ အဆင်ပြေသလိုဖြေရှင်း လိုက်ဖို့ပဲ စိတ်ကူးမိပါတယ်။ ခရီးသွားရတော့ မယ်ဆိုတော့ လူရောစိတ်ပါ လန်းဆန်းတက်ကြွနေပါတယ်။ ဘဝတစ်လျှောက်လုံး ခရီးတို၊ ခရီးရှည် အမျိုးမျိုးသွားခဲ့ဖူးပေမဲ့ ဒီတစ်ခေါက်သွားရမယ့် ခရီးကိုတော့ စိတ်ထဲလှုပ်ရှားနေမိပါတယ်။ အရင်က တစ်ခါမှမရောက် ခဲ့ဖူးသေးတဲ့ နေရာဒေသ၊ မထိတွေ့ မဆက်ဆံဖူးတဲ့လူများ၊ မကြုံဆုံဖူးသေးတဲ့ အေးလွန်းတဲ့ရာသီဥတု၊ အစားအသောက်၊ အဝတ်အစား၊ အသုံးအဆောင် စတာတွေအားလုံးဟာ မသွားရသေးခင်ကတည်းက စိတ်ကူးအိပ်မက်ထဲမှာ အမြဲနေရာယူနေတတ်တဲ့ အကြောင်းအရာများ ဖြစ်နေပါတယ်။

ကျောင်းသားတစ်ယောက်ရဲ့ အောင်စာရင်းထွက်မယ့်နေ့လို၊ မိဘတွေ အလုပ်ကပြန် လာတာကိုမြင်ရဖို့ စောင့်မျှော်နေတဲ့ကလေးငယ်လို မသွားရသေးတဲ့ခရီးရှည်ဟာ ကျွန်တော့်စိတ်အတွေးထဲ တွန်းထိုးလှုပ်ရှားနေပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကတော့ ခရီးသွားပုံချင်း တူချင်မှတူမှာပါ။ ခရီးသွားရတဲ့ ရည်ရွယ်ချက်ချင်းလည်း မတူနိုင်သလိုသွားတဲ့ နေရာဒေသချင်းလည်း မတူညီနိုင်ပါဘူး။ အချိန်ကြာမြင့်ပုံချင်းလည်း မတူညီနိုင်သလို သက်ဆိုင်ရာဒေသရဲ့ ရာသီဥတု၊ အစားအစာ၊ အနေအထိုင် စတာတွေလည်း မတူညီကြဖို့ များပါတယ်။ တမင်သက်သက် အပန်းဖြေဖို့နဲ့ ပျော်ချင်လို့ သွားကြတဲ့ခရီးတွေလည်းရှိသလို မဖြစ်မနေ အလုပ်ကိစ္စကြောင့် သွားကြရတဲ့ ခရီးသည်တွေလည်း ရှိနေနိုင်ပါတယ်။ တစ်ယောက်တည်း လွတ်လွတ်လပ်လပ်သွားရတာကို ကြိုက်နှစ်သက်တဲ့ လူတွေရှိသလို အပေါင်းအသင်း အစုအဖဲွဲ့နဲ့ သွားရတာကို ပိုကြိုက်တဲ့သူတွေလည်း အများအပြား ရှိနေနိုင်ပါတယ်။ မိသားစု၊ မိတ်ဆွေ သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံး သွားလာလည်ပတ်ရတာကို သဘောကျတဲ့လူတွေလည်း အမြောက်အမြား ရှိနေကြပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံးဟာ တစ်ချိန်မဟုတ်တစ်ချိန်၊ တစ်နှစ်မဟုတ် တစ်နှစ်တော့ နေရာဒေသတစ်ခုခုဆီကို ခရီးသွားနေကြရပါတယ်။ ကျွန်တော့်မှာ ခရီးထွက်ရတာ ဝါသနာကြီးတဲ့ သူငယ်ချင်းတစ်ယောက်နဲ့လည်း ခင်မင်ခဲ့ဖူးပါတယ်။ သူက ဘယ်မြို့ရောက်ရောက် အဲဒီနေရာမှာ အချိန်အကြာကြီး နေထိုင်လေ့မရှိဘဲ အခြားနောက်ထပ် တစ်နေရာဆီ အရေးတကြီး ထွက်သွားတတ်ပါတယ်။ ဘာလုပ်စရာကိစ္စရယ်လို့ အထွေအထူးမရှိပါပဲ ဒီလိုပဲ တစ်နေရာပြီးတစ်နေရာ လျှောက်သွားနေလေ့ ရှိပါတယ်။ သူ့ကြည့် လိုက်ရင်လည်း အမြဲတမ်း အရေးတကြီး လုပ်စရာ ကိစ္စတစ်ခုခု ရှိနေတဲ့အတိုင်းပါပဲ။ အပေါင်းအသင်းလည်းများပြီး လူချစ်လူခင်လည်းများတော့ သူရောက်လာတဲ့အခါတိုင်း မိတ်ဆွေ သူငယ်ချင်းများက ကောင်းကောင်းမွန်မွန် ဆက်ဆံလေ့ရှိပါတယ်။ မြန်မာပြည်တစ်နံတလျား သူမရောက်ဖူးတဲ့မြို့က ခပ်ရှားရှားပါပဲ။ သူ့နောက်လိုက်ရင်းနဲ့ အချို့သူငယ်ချင်းတွေတောင် ခရီးသွားရတာ ဝါသနာပါကုန် ကြပါတော့တယ်။

ခရီးသွားခြင်းဟာ ဗဟုသုတများစွာကို ရရှိစေသလို စိတ်ကို ရွှင်လန်းစေတယ်လို့ ထင်ပါတယ်။ အချို့အကြောင်းအရာတွေက တစ်စုံတစ်ယောက် ပြန်ပြောပြတာပဲဖြစ်ဖြစ် စာအုပ်တွေထဲမှာ ဖတ်မှတ်ခဲ့ရတာပဲဖြစ်ဖြစ် အပြင်မှာ ကိုယ်တိုင်တွေ့မြင်ခဲ့ရတာလောက်တော့ မပြည့်စုံဘူးလို့ ထင်ပါတယ်။ ကိုယ်လေ့လာရင် လေ့လာနိုင်သလောက်၊ ကိုယ်ဗဟုသုတ ရှိရင်ရှိသလောက်၊ ကိုယ်ယူနိုင်ရင် မှတ်သားယူနိုင်သလောက် သက်ဆိုင်ရာနေရာ ဒေသနဲ့ပတ်သက်တဲ့ သိသင့်သိထိုက်တာတွေကို သိရှိစေနိုင်တယ်လို့ မြင်မိပါတယ်။ ကိုယ့်အခန်းထဲမှာ၊ ကိုယ့်အိမ်မှာ၊ အလုပ်ထဲမှာ၊ စာသင်ခန်းထဲမှာ အမြဲနေထိုင်နေရတာနဲ့စာရင် အချိန်ရတဲ့အခါနဲ့ အားလပ်တဲ့အခါမျိုးတွေမှာ ဒီလိုခရီးသွားပေးခြင်းဟာ လူရဲ့စိတ်ကို လန်းဆန်းတက်ကြွမှုကို ဖြစ်စေတယ်လို့ ထင်မြင်မိပါတယ်။

ဆရာမြသန်းတင့်ကတော့ သူခရီးထွက်တဲ့အခါ ဘယ်နေရာ၊ ဘယ်ဒေသရောက်ရောက် အငြိမ်နေလေ့မရှိဘဲ လမ်းလျှောက်ရင်းဖြင့် လိုက်လံလေ့လာလေ့ရှိတဲ့အကြောင်း သူ့စာအုပ်တစ်အုပ်ထဲမှာ ဖတ်ခဲ့ရဖူးပါတယ်။ မြို့တစ်မြို့ဆီရောက်သွားတဲ့အခါမျိုးမှာ သူအဓိကသွားတတ်တဲ့နေရာက လူအများစု ရောက်တတ်တဲ့ ဈေးလို့ဆိုပါတယ်။ ဈေးဆိုတာ ငွေကြေးလည်ပတ်မှု၊ ကုန်ရောင်းကုန်ဝယ်၊ ဆင်းရဲချမ်းသာမရွေး လာရောက်ဆုံတွေ့ကြတဲ့ နေရာဖြစ်လေတော့ အဲဒီမြို့ရဲ့ လူနေမှုအဆင့်အတန်းနဲ့ စီးပွားရေးအနေအထားကို အကြမ်းဖျင်း ခန့်မှန်းလို့ရတယ်လို့ ဆိုခဲ့ဖူးပါတယ်။ ဆရာက သူရောက်တဲ့နေရာတိုင်းမှာ မှတ်စုစာအုပ် အမြဲဆောင်သွားတတ်ပြီး သူကြားသိမြင်ခဲ့ရသမျှကို မှတ်စုစာအုပ်ထဲမှာ အတိုကောက် ရေးမှတ်ထားလေ့ရှိကာ အိမ်ပြန်ရောက်မှ သူရေးချင်တာကို အကျယ်ချဲ့ ရေးလေ့ရှိတာကို သူ့ရဲ့စာအုပ်တစ်အုပ်ထဲမှာ ပြန်လည်ဖောက်သည်ချခဲ့ပါတယ်။ ခရီးသွားခြင်းကြောင့် အခြားအကျိုးကျေးဇူးတွေ မရရှိဘူးဆိုရင်တောင်မှ သက်ဆိုင်ရာနယ်မြေနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကတော့ ကျိန်းသေရရှိနိုင်ပါတယ်။ ခရီးသွားကြသူတွေနဲ့ ခရီးကနေ အိမ်ပြန်လာနေကြသူများကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မကြာခဏ မြင်တွေ့ရလေ့ရှိပါတယ်။

အချို့ဆိုရင် ခရီးမသွားရသေးခင်မှာ ကိုယ်သွားရမယ့်ခရီး၊ နယ်မြေဒေသနဲ့ ပတ်သက်ပြီး ကြိုတင်စိတ်ကူးယဉ်ကာ ပျော်ရွှင်တက်ကြွနေသူများလည်း ရှိကြပါသေးတယ်။ ခရီးတစ်ခုသွားပြီဆိုရင် ငွေကြေး အနည်းနဲ့အများ ရင်းနှီးရသော်လည်း ကျွန်တော်တို့ ပြန်ရတဲ့အရာတွေလည်း ရှိပါတယ်။ ခရီးသွား ဆောင်းပါးများနဲ့ စာအုပ်စာတမ်းတွေကို ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အလွယ်တကူ ရှာဖွေဖတ်ရှုနိုင်ပါတယ်။ တီဗွီအစီအစဉ်တွေမှာ ခရီးသွားအတွေ့အကြုံအကြောင်း ရိုက်ကူးပြသနေကြတာတွေကို ဒီနေ့ခေတ်မှာ အလွယ်တကူ ကြည့်ရှုနိုင်ပါတယ်။ အရင်ခေတ်တုန်းကနဲ့စာရင် ခရီးတစ်ခုထွက်ဖို့အတွက် ကား၊ ရထား၊ လေယာဉ် စတာတွေနဲ့အတူ တစ်နေရာမှ တစ်နေရာဆီ အလွယ်တကူ သွားလာကူးသန်းလို့ရနေပါပြီ။ လူတစ်ယောက်အတွက် ဘဝတစ်ခုလုံး တစ်နေရာတည်းမှာ ဘယ်မှမသွားဘဲ အမြဲနေထိုင်လို့ မဖြစ်နိုင်လေတော့ ခရီးသွားမှုဆိုတာဟာလည်း အခြားသော စားဝတ်နေရေးတွေလို လိုအပ်တဲ့အရာလို့ မြင်ပါတယ်။ ဒီဘဝမှာ နေရာဒေသတစ်ခုခုဆီ ခရီးသွားနေကြသလိုပင် သံသရာမှာလည်း တစ်ဘဝမှနေ နောက်ထပ်ဘဝတစ်ခုဆီ ကျွန်တော်တို့အားလုံး သွားနေကြရပါတယ်။

ကျွန်တော်တို့ဟာ သံသရာခရီးသွားတွေလည်း ဖြစ်နေကြပါသေးတယ်။ သံသရာအနေနဲ့ပြောရင် ကျွန်တော်တို့ဟာ နာရီစက္ကန့်မလပ် ရပ်နားခြင်းမရှိတဲ့ ခရီးသွားတွေလည်း ဖြစ်နေပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ခရီးသွားရတာကို သဘောကျတဲ့သူ ဖြစ်ပါတယ်။ အလုပ်အခြေအနေနဲ့ အားလပ်ချိန်တွေသာ ထပ်ရဦးမယ်ဆိုရင် အရင်က မရောက်ဖူးသေးတဲ့ နေရာတွေ၊ စိတ်ကူးထဲမှာ သွားချင်ခဲ့ဖူးတဲ့နေရာတွေ၊ သမိုင်းဝင် အမှတ်တရနေရာတွေ၊ လူသိများပြီး နာမည်ကျော်နေရာ ဒေသတွေဆီ သွားချင်ပါသေးတယ်။

အခုရက်ပိုင်းမှာလည်း ကျွန်တော် ခရီးရှည်တစ်ခု သွားဖို့အတွက် ပြင်ဆင်နေရပါတယ်။ အဲဒီအတွက်လည်း ကြိုတင်ရင်ခုန်နေရပြီး စိတ်လှုပ်ရှားနေမိပါတယ်။ တကယ်လက်တွေ့ မသွားရသေးခင်မှာ စိတ်ကူးနဲ့ အရင်ခရီးသွားနေရသလိုလည်း ခံစားနေရပါတယ်။ ဘဝရဲ့ ပျော်ရွှင်ကြည်နူးစရာတွေနဲ့ စိတ်ကျေနပ်မှုရစေတဲ့ အရာတွေထဲမှာ ခရီးသွားခြင်းဟာလည်း တစ်ခုအပါအဝင်ဖြစ်တယ်လို့ ထင်ပါတယ်။

Most Read

Most Recent