ကျွန်တော် သူခိုး

ကျွန်တော် သူခိုး
Published 17 October 2017

သူခိုးဖမ်းပါ

လမ်းကြားမှာလား

ပန်ကာအောက်မှာ ထိုင်နေသည်။

(မောင်ယဉ်မွန်)

ကျွန်တော့်မှတ်ဉာဏ်က တစ်မျိုးပဲလို့ ကျွန်တော် ထင်တယ်။ လူတိုင်းမှာ ငယ်စဉ်ကလေးဘဝက အဖြစ်အပျက်တွေမှာ ပျော်ရတာ၊ ငိုရတာ ရှိကြတာချည်းပဲ။ ဒီနှစ်မျိုးကိုပဲ အချိုးကျ မှတ်မိနေကြမှာပေါ့။ ပျော်ရရွှင်ရတာဆို လူတိုင်း ပိုပြီး မှတ်မိကြလိမ့်မယ်လို့လည်း ကျွန်တော်ထင်တယ်။ မှန်ချင်မှလည်း မှန်မယ်ပေါ့။ ဒါပေမဲ့ ကျွန်တော့်မှတ်ဉာဏ်ကတော့ ငယ်တုန်းက ပျော်ရွှင်ရတာ၊ ဝမ်းသာရတာမျိုးနဲ့ ပတ်သက်ရင် ပျော်ရတယ် ဆိုတာလောက်ပဲ မှတ်မိတယ်။ မကောင်းတဲ့ အဖြစ်အပျက် ဝမ်းနည်းစရာကိစ္စမျိုးကိုဆိုရင် အသေးစိတ်ကို မှတ်မိနေတာပဲ။ ကံဆိုးတဲ့ မှတ်ဉာဏ်ပဲ။

ကျွန်တော့်ရဲ့ ငယ်ဘဝအမှတ်ရမှုတွေထဲမှာ ကိုယ့်လုပ်ရပ် ကိုယ် ပြန်ရှက်ဖို့ကောင်းတဲ့ အရာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အဲဒီလိုတွေးမိတိုင်း ကျွန်တော်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်ဖြေသိမ့်ပါတယ်။ ငါဟာ အဲဒီတုန်းက ကလေးပဲရှိသေးတာပဲ။ ဘယ်ဟာ လုပ်တာ မကောင်းဘူး။ ဘယ်ဟာလုပ်တာ ကောင်းတယ် ကောင်းကောင်း ဘယ်ဆုံး ဖြတ်နိုင်ဦးမှာလဲပေါ့။ ဒီလို ကိုယ့်ကိုယ်ကိုယ် ပြန်ဖြေသိမ့်ပေမယ့်လည်း လိပ်ပြာမလုံတော့ ဖြစ်ရတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သေ ချာစဉ်းစားကြည့်ရင် အဲဒီလို ရှက်သင့်တဲ့ ကိစ္စတွေ လုပ်တဲ့အချိန်တုန်းက ကျွန်တော်ဟာ ကလေးပဲဆိုပေမယ့် အဲဒီအချိန်ကတည်းက မလုပ်ကောင်းဘူးဆိုတာ စိတ်ထဲမှာ သိနေလို့ပါ။

ကျွန်တော် ငယ်ငယ်က အမေက မုန့် မျိုးစုံ၊ ကုန်မျိုးစုံနဲ့ ကွမ်းယာရောင်းတဲ့ ဆိုင်ကလေးတစ်ဆိုင် ဖွင့်ထားတယ်။ ကျွန်တော် မိသားစု စားဝတ်နေရေးဟာ အဖေ့လစာ ဆိုတာထက် အဲဒီဆိုင်ကလေးကို အမှီပြုခဲ့ရတာပါ။ နောက်ပိုင်း အဖေ ဝန်ထမ်းဘဝက အနားယူတော့ နယ်မှာ ဝိုင်းကျဉ်းကျဉ်း ကလေးတစ်ဝိုင်းနဲ့ အိမ်ကလေးတစ်လုံးဆောက်ပြီး နေနိုင်ခဲ့တာဟာ အဲဒီဆိုင် ကလေးရတဲ့ ဝင်ငွေနဲ့ စုဆောင်းထားတာ တွေနဲ့ပါ။ အဲဒီဆိုင်ကလေးကို အများဆုံးထိုင်ပြီး ရောင်းခဲ့တာက အမေနဲ့ ကျွန်တော်ပါပဲ။ နောက်ပြီး ဆိုင်အတွက် လိုအပ်တဲ့ ပစ္စည်းပစ္စယ အတော်များများကို ပင်တိုင် အဝယ်တော်က ကျွန်တော်ပဲ။ ကျွန်တော် မှတ်မိသလောက် အဲဒီတုန်းက ကျွန်တော့် အသက်ဟာ ၁၀ နှစ်၊ ၁၁ နှစ်သာ ရှိပါဦးမယ်။ အဲဒီအရွယ်ကလေးနဲ့ပဲ ကျွန်တော်ဟာ ကလေးစားတဲ့ မုန့်မျိုးစုံတွေအပြင် ကွမ်းရွက်၊ ကွမ်းသီး၊ ဆေးရွက်ကြီး အစရှိသဖြင့်ကို တော်ရုံအမျိုး ၁၀ မျိုး၊ ၁၅ မျိုးကိုတော့ ဈေးစာရင်းမပါဘဲ ဝယ်နိုင်ခဲ့ပါတယ်။

ရပ်ကွက်ဈေးမှာ ဝယ်တယ်ဆိုရာမှာလည်း ဆိုင်အတွက် ပစ္စည်းတွေဟာ အမည်စုံလွန်းလို့ တစ်ဆိုင်တင်၊ တစ်နေရာတည်း တင်ပြီးတာမျိုးမဟုတ်တော့ ဈေးလှည့်ဝယ်ရတာမျိုးကိုး။ ဒါပေမဲ့ အများဆုံးဝယ်ရတာကတော့ ကွမ်းယာပစ္စည်းရောင်းတဲ့ဆိုင်နဲ့ ကလေးမုန့်ရောင်းတဲ့ဆိုင်ပေါ့။ ကျွန်တော်က ကလေးလည်းကလေး တစ်ပတ်မှာ လေးငါးရက်လောက် ဈေးဝယ်ရတာဆိုတော့ အဲဒီဆိုင်နှစ်ဆိုင်ဟာ ကျွန်တော့်နဲ့ ခင်နေရုံမက ဆိုင်ရှင်အဒေါ်ကြီးတွေဟာ ကျွန် တော့်ကို သိပ်ချစ်ကြတယ်။

ကျောင်းပိတ်ရက် အေးအေးဆေးဆေး ဈေးဝယ်ရတဲ့ နေ့တွေမှာဆိုရင် သူတို့ဆိုင်မှာ ဈေးတောင် ကူရောင်းပေးရပါသေးတယ်။ အဲဒီလိုကူညီတာမျိုးကို ဆိုင်ရှင်အဒေါ်ကြီးတွေက သိပ်သဘောကျတာပေါ့။ မုန့်ဖိုးတွေပေး မုန့်တွေ ကျွေးနဲ့ သိပ်ကျေနပ်ရတယ်။ နွေရာသီကျောင်းပိတ်ရက်တွေမှာ သူတို့ ဆိုင်ကို လာကူဖို့လည်း အမြဲခေါ်လေ့ရှိတယ်။ ဒါပေမဲ့ ကျွန်တော်က သိပ်မသွားပါဘူး။ ကလေးဆိုတာက နွေရာသီကျောင်းပိတ်ရက်မှာသာ လွတ်လွတ်လပ်လပ် ဆော့ရ၊ ကစားရတာမျိုးဆိုတော့ သူတို့ပေးတဲ့ မုန့်ဖိုးဟာ သိပ်များပေမယ့်လည်း ဘယ်သွားချင်ပါ့မလဲ။ တစ်ခါတလေ ကစားစရာ ဝယ်ဖို့၊ အဝတ်အစားဝယ်ချင်လို့ ပိုက်ဆံလိုတဲ့ အခါမျိုးလောက်မှာသာ သွားကူရင်း မုန့်ဖိုး ယူတာလောက်ရှိတယ်။ အိမ်မှာ အမေ့ဆိုင်ကလည်း ကူထိုင်ပေးရသေးတာကိုး။ သူတို့ကလည်း အလုပ်ရှုပ်ရင် ရှုပ်သလို မုန့်ဖိုးပိုပေးတယ်။ အဲဒီလို ဝင်ကူရောင်းပေးနေ ရင်ကို သဘောကျနေတာပဲ။ လာဝယ်တဲ့ လူတွေရှေ့ဆိုရင်လည်း ကျွန်တော့်ကို အမြဲ ချီးကျူးလေ့လည်းရှိတယ်။ “ကြည့်စမ်းပါဦး၊ ဒီကလေးလေး ငယ်ငယ်လေးရှိသေးတာ အမယ်လေး တော်ရုံ ဈေးဝယ်လောက်ကတော့ သူနဲ့ လွှတ်ထားလို့ရတယ် ပိုက်ဆံတွက်တာလည်း  ကျွမ်းသလား  မမေးနဲ့။ အဖေ၊ အမေကိုလည်း ကျောင်းတက်ရင်း ကူသေးတာ ကျွန်မဖြင့် ဒီလို ကလေးမျိုးဆို သိပ်ချစ်တာပဲ”စသဖြင့်ပေါ့ဗျာ။

ဒီလိုနဲ့ ကျောင်းပိတ်ရက်တစ်ရက်မှာပေါ့ဗျာ။ ကျွန်တော်လည်း အိမ်ဆိုင်အတွက် မုန့်ဝယ်ရင်း ပုံမှန်အတိုင်း ကိုယ်ဝယ်ရမယ့် ပစ္စည်း အရင်ရွေးထုတ်ထားပြီး သူတို့ဆိုင် အလုပ် ကူလုပ် ကူရောင်းပေးနေတာပေါ့။ အဲဒီနေ့က အဲဒီမုန့်ဆိုင်ကလည်း လူသိပ်ကျတော့ ရှိတဲ့ အလုပ်သမားနဲ့ကို လက်မလည်ဖြစ်နေတဲ့အချိန်။ ကူရောင်းပေးနေကျဆိုတော့ ဘယ်နေရာ ဘယ်မုန့်ရှိတယ် ဆိုတာလည်း သိပြီးသား။ ပြီးရင် ပိုက်ဆံတောင်း အံဆွဲထဲ ထည့်။ အမ်းစရာရှိတော့လည်း အံဆွဲထဲက ယူအမ်း။ ဟိုးအရင် စကူပေးကာစကသာ  ပိုက်ဆံဆိုရင်  ဆိုင်ရှင်အဒေါ် ကြီးကိုပေး ဒါမှမဟုတ်လည်း ဆိုင်က လုပ်နေကျ အလုပ်သမားတစ်ယောက်ကိုပေး သူ့ဆီကမှ အအမ်းပြန်တောင်း ကျွန်တော်က တစ်ဆင့် ပြန်အမ်း စသဖြင့် လုပ်ပေးရပေမယ့် ကြာတော့ အံဆွဲထဲ ငွေအသွင်းအထုတ်ကိုပါ ကိုယ့်လက်ကိုယ်ခြေ လုပ်ခွင့်ပေးထားတယ်။ အရင်ကလည်း ဒီလို အလုပ်ရှုပ်ရက်မျိုး ငွေတွေအများကြီး ကိုင်၊ ငွေတွေအများကြီးအမ်း လုပ်ပေးနေကျဆိုပေမယ့် အဲဒီနေ့က ကျွန်တော်ဟာ ကိုင်နေရတဲ့ ပိုက်ဆံတွေကို ကြည့်ပြီး လိုချင်စိတ် ဖြစ်လာမိတယ်။

လိုချင်စိတ်က ဖြစ်လာပြီဆိုရင် စိတ်က ဘယ်လောက်ထိန်းထိန်း မရပါ။ လုပ်ရင်းကိုင်ရင်း ပိုက်ဆံတွေ ကြည့်ရင်းနဲ့ စိတ်က မရိုးမရွ မရိုးမသားဖြစ်လာ၊ မိသွားရင် ရှက်စရာဆိုတာကိုလည်း သိတော့ ကျွန်တော်  ပြန်ဖို့လုပ်တယ်။ အိမ်ဆိုင်အတွက် ထုပ်ထားတဲ့ ကျွန်တော့်အထုပ်ကလေးကို ငွေတွက်ပေးဖို့ ပြောပြီး ငွေရှင်းဖို့လုပ်ပေမယ့် ဆိုင်ရှင် အဒေါ်ကြီးရော အလုပ်သမားတွေကပါ သူတို့အလုပ်နဲ့ သူတို့ရှုပ်ပြီး ကျွန်တော့်ကို အရေးမလုပ်ကြ။ ကျွန်တော်လည်းပဲ ဆက် ကူပေးနေရတော့တာပဲ။ ဆက်ကူပေးနေရတော့ သိတဲ့အတိုင်း  ပိုက်ဆံတွေကို ပြန်မြင်ရတော့ လိုချင်စိတ်က ငယ်ထိပ်တက်လာ ပြန်ရော။ ကျွန်တော်လည်း ဖြစ်ချင်ရာဖြစ်ဆိုပြီး ဈေးဝယ်သူပေးတဲ့ အစိမ်းရောင် ၁၅ ကျပ်တန်ကလေး ငါးရွက်ကို  အံဆွဲထဲ မထည့်ဘဲ မသိမသာ ဘောင်းဘီအိတ်ထဲ ကောက်ထည့်လိုက်တယ်။ ပြီးတော့ အနောက်ထဲ သေးပေါက်ဖို့လိုလို၊ မုန့်ယူဖို့လိုလိုနဲ့ ဝင်ဖို့လုပ်တာပေါ့။

ဒါပေမဲ့ဗျာ ကံဆိုးချင်တော့ အလုပ်သမား အစ်မကြီးတစ်ယောက်က အဲဒါကို မြင်သွားတယ်ဗျ။ သူက ရုတ်တရက် ကျွန်တော့်ကို အင်္ကျီကုပ်က ဆွဲဆိုင်ရှင် အဒေါ်ကြီးရှေ့ တွန်းပို့ပြီး စွဲချက်တွေ တင်ပါတော့တယ်။ “ဒီကလေး ပိုက်ဆံခိုးတယ်။ သူ့ အိတ်ထဲ ပိုက်ဆံတစ်ထပ်ကြီး ထည့်လိုက်တာ ကျွန်မ မြင်တယ် အဒေါ်” ဆိုပြီး အော် တော့ အဒေါ်ကြီးလည်း ပါးစပ်အဟောင်းသားနဲ့ ကျွန်တော့်ကို တစ်လှည့် အလုပ်သမား အစ်မကြီးကို တစ်လှည့်၊ ကြည့်နေ တာကို အခုအချိန်အထိ ကျွန်တော့် မျက်စိထဲက မထွက်ဘူး။

ဆိုင်က လူရှုပ်ချိန်ဆိုတော့ လူတွေလည်း ရုတ်တရက် တိတ်ဆိတ်ပြီး ကျွန်တော့်ကို ဝိုင်းကြည့်ကြတာပေါ့။ အဲဒီတုန်းကများ ကျွန်တော် ရှက်လိုက်တာဆိုတာဗျာ။ ကျွန်တော့် ခန္ဓာကိုယ်ကလေး သေးသွားပြီး တဖြည်းဖြည်း လူမြင်ကွင်းကနေ ပျောက်ကွယ်သွားချင်လိုက်တာ။ အဒေါ်ကြီးက ကျွန်တော့်ကို ကြည့်တော့ ကျွန်တော်က ငြင်းတာပေါ့။ ကျွန်တော့်အိတ်ထဲက ပိုက်ဆံတွေဟာ ဈေးဝယ်ဖို့ အမေ ပေးလိုက်တဲ့ ပိုက်ဆံတွေဖြစ်ကြောင်း အဲဒီအစ်မကြီး ပြောတာ မဟုတ်ကြောင်းတွေပေါ့။ တကယ်လည်း ကျွန်တော့်ဘောင်းဘီအိတ်ထဲ ဈေးဝယ်ဖို့ အမေ ပေးလိုက်တဲ့ ပိုက်ဆံတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ကျွန်တော့်မျက်နှာ ဘယ်လိုရှိနေသလဲဆိုတာ ကျွန်တော် သိနေတယ်လေ။ မဟုတ်တာ လုပ်ထားတော့ မလုံမလဲ ရှက်ကိုးရှက်ကန်း ဖြစ်နေတဲ့ ရုပ်ပေါ့။ ကလေးဆိုတော့ အဲဒီမျက်နှာကိုလည်း ဘယ်မှာ ဖုံးကွယ်ပြီးတော့လည်း ထားတတ်ပါ့မလဲဗျာ။ အဲဒီမျက်နှာ တစ်ခုတည်းနဲ့တင် ဆိုင်ရှင်အဒေါ်ကြီးဟာ ကျွန်တော် ပြောတာကို မယုံကြည်မှန်း အဲဒီအချိန်ကတည်းက ကျွန်တော် သိပါတယ်။

အလုပ်သမားအစ်မကြီးကလည်း မနေဘူးဗျာ။ ဇွဲသိပ်ကောင်းတယ်။ ကျွန်တော့် ဘောင်းဘီအိတ်ထဲက ကျွန်တော် ခိုးထားတဲ့ ၁၅ ကျပ်တန်လေးတွေကို သေချာဆွဲထုတ်ပြီး ဒါတွေဟာ ကျွန်တော် ခိုးထားတာတွေ ဖြစ်ကြောင်း ထပ်ပြောတယ်။ ကျွန်တော့် မျက်နှာကလည်း ငိုမဲ့မဲ့ဖြစ်နေပါပြီ။ အဲဒီအချိန်ကလေးကို တစ်ခါတလေမှာ သတိရလို့ ပြန်တွေးမိရင် ကျွန်တော့်မျက်နှာဟာ အဲဒီတုန်းက ခံစားရတဲ့အတိုင်း မျက်နှာအတိုင်း ဖြစ်ဖြစ်သွားတတ်ပါတယ်။ မိတာကလည်း လက်ပူးလက်ကြပ်ဆိုတော့ သူခိုး လူမိ မွှန်ထူနေတဲ့ မျက်နှာပေါ့။ ဒါပေမဲ့ အဲဒီတုန်းက ကျွန်တော် ကလေးတစ်ယောက်ပါ။

အံ့သြစရာ ကောင်းလောက်အောင်ပဲ ဆိုင်ရှင်အဒေါ်ကြီးက အလုပ်သမားအစ်မကြီးကို ငေါက်ပါတယ်။ “ကိုယ့်ဆိုင်လာကူတဲ့ ကလေးကို မဟုတ်တမ်းတရား လျှောက်မစွပ်စွဲဖို့ ဒီပိုက်ဆံဟာလည်း သူ့ပိုက်ဆံပဲ နေမှာပါ” စသဖြင့် ပြောတယ်။ ကျွန်တော်ဖြင့် အဒေါ်ကြီးပါးစပ်က အဲဒီလို ထွက်လာတာကို ကြားလိုက်ရတာများ ဝမ်းသာလိုက်တာဆိုတာ ပြောမပြတတ်အောင်ပါပဲဗျာ။ နောက်ပြီး အမေ ဝယ်ခိုင်းလိုက်တဲ့ မုန့်ထုပ်တွေတောင် မယူတော့ဘဲ ကျွန်တော်ဟာ အိမ်ကို တန်းနေအောင် ပြန်ပြေးခဲ့ တယ်။ လူကြားထဲ အရှက်ကွဲခဲ့တာဆိုတော့ မျက်ရည်တွေနဲ့ပေါ့။ အဲဒီအချိန်ကစလို့ အဲဒီ မုန့်ဆိုင်ကိုလည်း နောက် ဘယ်တော့မှ မသွားတော့ပါ။ ကျွန်တော် ခိုးယူခဲ့တဲ့ ၁၅ ကျပ်တန်ကလေး ငါးရွက်ကိုတော့ ဘာလုပ် ပစ်လိုက်တယ်ဆိုတာ ကျွန်တော် မမှတ်မိတော့ပါဘူး။ ယနေ့အချိန်အထိ အဲဒီ ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ အစိမ်းရောင် ၁၅ ကျပ် တန်ကလေးတွေ တွေ့တိုင်း အဲဒီနေ့အကြောင်းကို ပြန်ပြန်သတိရ ပြန်ပြန်ရှက်မိနေတုန်းပဲ။ ဒါပေမဲ့ ဗိုလ်ချုပ်ပုံပါတဲ့ အစိမ်းရောင် ၁၅ ကျပ်တန်လေးတွေဟာ အခုတော့ သိပ်လည်း မတွေ့ရတော့ပါဘူး။ သုံးလည်း မသုံးကြတော့ဘူးကိုး။ ဒါဟာ ငယ်ဘဝတုန်းက ကျွန်တော် မဟုတ်တာလုပ်ခဲ့တာတွေ အများကြီးထဲက အမြဲအမှတ်ရနေတဲ့ ဇာတ်လမ်းတစ်ခုပါ။

ပြီးခဲ့တဲ့ သုံးနှစ်လောက်က ကလေးတစ်ယောက်ကို Facebook ပေါ်မှာ မြင်လိုက်ရတယ်။ လည်ပင်းမှာ ဂျပ်စက္ကူတစ်ခုကို ကြိုးနဲ့ ဆွဲပေးထားသေး။ ဂျပ်စက္ကူမှာ ရေးထားတာက “ကျွန်တော် သူခိုးပါ” တဲ့။ အော် ကံဆိုးလှတဲ့ ကလေး။

နောက်တစ်ခါ ဟိုတစ်လောကမှ ကလေးသုံးယောက်ကို အလှူခံပုံးကနေ ငွေကလေး ၃၀၀ ခိုးတယ်ဆိုပြီး ဂေါပကဆိုတဲ့ လူတွေက အမှုဖွင့်ထားကြတယ်တဲ့။ ဘယ်လို လူတွေ ဘယ်လိုနှလုံးသားနဲ့များ ကလေးတွေ ကို ဒီလို ရက်ရက်စက်စက် လုပ်ရက်ပါလိမ့်လို့ ကျွန်တော် တွေးရင်း စိတ်မကောင်း ဖြစ်မိတယ်။ အဲဒါတွေကို မြင်ရတော့ ကျွန်တော် ငယ်ငယ်က သူများပိုက်ဆံ ခိုးမိတဲ့ အဖြစ်ကိုလည်း တွေးမိပြီး ကျွန်တော့်တုန်းကသာ ဒီလိုလူကြီးတွေနဲ့ တွေ့ကြုံ ဆုံခဲ့ရရင်ဖြင့် လွယ်မှာမဟုတ်ဘူး။ ထောင်တွေ၊ ဘာတွေတောင် ကျခဲ့ဦးမယ်လို့ စဉ်းစားမိပြီး လန့် တောင် လန့်မိပါတယ်။ ကျွန်တော့်အဖြစ်က ဒီကလေးတွေထက်တောင် ဆိုးခဲ့သေးတာပေါ့။ ရည်ရွယ်ချက်ရှိရှိကို ခိုးယူခဲ့တာကိုး။

ခက်တာကဗျာ၊ ဒီခေတ်ကြီးဟာ ငွေကို သိန်းပေါင်းသောင်းနဲ့ချီအောင် ခိုးတဲ့ သူခိုးကြီးတွေကိုတောင် ငုတ်တုတ်ထိုင်ကြည့်နေရတဲ့ ခေတ်ပါ။ မဖြစ်စလောက်ငွေလေးအတွက်နဲ့ ကလေးတွေကို အမှုဖွင့်၊ ရင်ဘတ်မှာ စာတန်းချိတ်တဲ့ လူတွေဟာ ဘယ်လိုနှလုံးသား ဘယ်လိုခံယူချက်တွေနဲ့များ ဒီလိုရက်စက်နိုင်ကြပါလိမ့် အညွန့်ချိုးရက်ကြပါလိမ့်လို့ တွေးမရနိုင်အောင်ပါပဲ။

Most Read

Most Recent