သုံးတတ်လျှင် ဆေး

သုံးတတ်လျှင် ဆေး
Published 14 October 2017

ဓာတ်ပုံ-ဇော်ဇော်အောင်

“ကတိသစ္စာ တည်သောခါဝယ် နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏” အဲဒီစကားဟာ မြန်မာ့ယဉ်ကျေးမှုသမိုင်းမှာ ထင်ထင်ရှားရှားရှိပါတယ်။ လူတစ်ယောက်ရဲ့ ပါရမီစွမ်းအားကို ဖော်ညွှန်းတဲ့သဘောဖြစ်ပေမဲ့ အရာဝတ္ထု သက်ရှိသက်မဲ့တစ်စုရဲ့ တန်ဖိုးကိုလည်း ညွှန်ပြပါတယ်။ တန်ဖိုးဆိုတာ သုံးတတ်ခြင်းနဲ့ သုံးတဲ့သူရဲ့အပေါ်မှာလည်း မူတည်နေကြောင်း သိစေပါတယ်။

မြေပေါ်မှာ အလေ့ကျပေါက်နေတဲ့ နွယ်ပင်မြက်ပင်တွေကို ဘယ်သူမှ အရေးတယူ တလေးတစားမရှိတတ်ပါဘူး။ သူတို့တွေဆီက လူတွေအတွက် ထင်သာမြင်သာရှိတဲ့ အကျိုးကျေးဇူးမရနိုင်တာရယ်။ သူတို့ရဲ့ တန်ဖိုးအစစ်အမှန်ကို မသိတာရယ်ကြောင့် လူအများက တန်ဖိုးထား အသုံးမချတာဖြစ်ပါတယ်။ လူတွေက သူတို့ရဲ့အာနိသင်အစွမ်းကို မသိသိအောင် မလုပ်နိုင်ကြလို့သာ အစွမ်းမဲ့တန်ဖိုးထားမခံရတဲ့ နွယ်မြက်သစ်ပင်တွေ များစွာရှိမှာပါ။ စာအုပ်တွေ၊ ဆေးကျမ်းတွေမှာ လူမှုကွန်ရက်စာမျက်နှာတွေမှာ လူတွေတန်ဖိုးမထားတဲ့ နွယ်မြက်သစ်ပင်တွေအကြောင်း ရောဂါဝေဒနာတွေ ပျောက်ကင်းတတ်တာမျိုး ဖော်ပြကြတာကို ကြည့်ရင်လည်းပဲ သုံးတတ်ရင်ဆေးဖြစ်တယ်၊ အကျိုးဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။

နွယ်မြင်သစ်ပင်တင်လားဆိုတော့ မဟုတ်ပါဘူး။ သက်ရှိသတ္တဝါတွေလည်း ထိုနည်းတူပါပဲ။ လူတွေအတွက် အကျိုးမပြုအန္တရာယ်ဖြစ်စေတဲ့ သက်ရှိသတ္တဝါတွေကို တစ်နည်းတစ်ဖုံ ပြုပြင်အသုံးချမယ်ဆိုရင် လူတွေအတွက် အကျိုးဖြစ်ထွန်းစေပါတယ်။ မြွေသတ္တဝါဆိုတာ လူတွေကို အန္တရာယ်ပြုပါတယ်။ သူတို့တွေကိုက်ရင် အဆိပ်တက်တယ်။ အဆိပ်ပြင်းတဲ့မြွေပွေး၊ မြွေဟောက် စတာတွေရဲ့အဆိပ်က လူကိုသေစေနိုင်တယ်။ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်ပျက်စီးစေနိုင်တယ်။ လူတွေရဲ့သာမန်အမြင်မှာ ရန်သူလို၊ အကျိုးမဖြစ်စေသလိုဖြစ်တဲ့ သူတို့ရဲ့အဆိပ်ကို မြင်းတွေမှာသုံးပြီး ဖြေဆေးဖော်စပ်နိုင်တဲ့အခါ သူတို့ရဲ့အဆိပ်ဟာ လူတွေအတွက် အကျိုးရှိ၊ အသုံးကျ၊ တန်ဖိုးရှိလာပါတယ်။ အဲဒီလိုပါပဲ၊ အခြားသတ္တဝါတွေဖြစ်တဲ့ ကင်းအဆိပ်၊ သည်းခြေ၊ ဦးချိုစတဲ့ လူတွေကို အန္တရာယ်ပြုနိုင်တဲ့ အရာတွေကို ဆေးဝါးအဖြစ်နဲ့ ဖော်စပ်အသုံးပြုနိုင် သုံးတတ်တဲ့အခါ အကျိုးဖြစ်လာ၊ တန်ဖိုးရှိလာပါတယ်။

ခွေး၊ ကြောင်သတ္တဝါတွေဟာ မြက်ပင်ကို ဆေးအဖြစ် သိမှတ်ထားပြီး စားလေ့ရှိပါတယ်။ သူတို့တွေဟာ အသားအဓိကစားတဲ့ သတ္တဝါဖြစ်ပြီး အသီးအနှံအချို့ကိုလည်း စားတတ်ပေမယ့် မြက်ပင်ကိုတော့ အစာအနေနဲ့မစားပါဘူး။ သူတို့တွေ နေမကောင်းတဲ့အခါ မြက်ပင်တွေစားပြီး အန်ထုတ်လေ့ရှိပါတယ်။ ကျွဲနွားတွေကတော့ နွယ်မြက်ပင်တွေကို စားပြီး အသက်ရှင်ကြီးထွားကြပါတယ်။ သူတို့တွေအတွက် မြက်ပင်နုနုတွေဟာ အကောင်းဆုံး အစာအာဟာရတစ်ခုဖြစ်တယ်။ ကျွန်တော်တို့ လူသားတွေအတွက်တော့ မြက်ပင်ဟာ အစာအဟာရမဟုတ်ပါဘူး။ မြက်စားပြီး ရှင်သန်ကြီးထွားတဲ့ သတ္တဝါတွေကိုကြည့်ပြီး အသိတစ်ခုရနိုင်ပါတယ်။ ကျွန်တော်တို့တွေ နင်းချေကျော်လွှား တန်ဖိုးမထားတဲ့အပြင် အနှောင့်အယှက်တစ်ခုအသွင်လို သဘောထားတဲ့ မြက်ပင်တွေမှာ တန်ဖိုးတစ်ခုရှိနေတယ်ဆိုတာပါ။ သူတို့မှာရှိတဲ့ အစာအဟာရတန်ဖိုးကို ကျွန်တော်တို့ လူသားတွေက အကျိုးရှိ၊ အကျိုးပြုတဲ့အခြေအနေရောက်အောင် အသုံးမချနိုင်၊ မပြောင်းလဲနိုင်တာပဲဖြစ်ပါတယ်။ မြက်ပင်တွေမှာပါတဲ့ ဓာတ်ပစ္စည်း (အရည်အသွေး) ကို အစာအဟာရအဖြစ် ပြောင်းလဲဖန်တီးယူနိုင်တဲ့ ဇီဝကမ္မဖြစ်စဉ်နဲ့ အင်္ဂါရပ်တွေ လူသားမှာမပါမရှိလို့ မြက်ပင်ကို အသုံးမချနိုင်တာပဲဖြစ်ပြီး မြက်တွေဟာ လူတို့အတွက် တန်ဖိုးမဲ့ပစ္စည်းဘ၀ ရောက်ရှိနေခြင်းသာ ဖြစ်ပါတယ်။

လောကမှာ တန်ဖိုးရှိခြင်း မရှိခြင်း၊ တန်ဖိုးထားခြင်း မထားခြင်းဆိုတာမှာ ဝိဝါဒတွေ ကွဲပြားတတ်ပါတယ်။ သက်မဲ့ပစ္စည်းဖြစ်ဖြစ် သက်ရှိလူသတ္တဝါတွေမှာဖြစ်ဖြစ် တန်ဖိုးထားခြင်း၊ တန်ဖိုးဖြတ်ခြင်းမှာ အလွဲတွေ၊ အမှားတွေ ရှိတတ်ပါတယ်။ တန်ဖိုးကို ဆန္ဒတွေခံစားမှုတွေနဲ့ တန်ဖိုးဖြတ်တတ်ပါတယ်။ လူတစ်ယောက်ကို တန်ဖိုးထားခြင်းဟာ သူ့မှာရှိတဲ့ သီလ၊ သမာဓိ၊ သိက္ခာ၊ အသိဉာဏ်ပညာ၊ အတတ်ပညာ၊ အတွေ့အကြုံ ဗဟုသုတတွေသာဖြစ်ပြီး ထိုအရည်အချင်းများကို မိမိအတွက် အများအတွက်၊ နိုင်ငံအတွက် အကျိုးရှိအောင် အသုံးချနိုင်မယ်ဆိုရင် အဲဒီသူဟာ တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်လာနိုင်သလို သူ့မှာရှိတဲ့ အရည်အသွေးတွေ အဟောသိကံဖြစ်သွားခြင်း၊ ဆုံးရှုံးသွားခြင်း ဘေးမှလည်း တားဆီးနိုင်သလိုဖြစ်ပါတယ်။ လူတစ်ယောက်မှာ တန်ဖိုးရှိအရည်အသွေးတွေ ပြည့်ဝဖို့ဆိုတာ ကြိုးစားအားထုတ်မှုတွေ ကြီးစွာစိုက်ထုတ်ခဲ့ရတာမို့ အလဟသဖြစ်သွားမယ်ဆိုရင် ဝမ်းနည်းစရာ၊ နှမြောစရာကောင်းပါတယ်။ ဒါကြောင့် လူတစ်ယောက်မှာရှိတဲ့ အရည်အသွေးကောင်းတွေကို မိမိအတွက် အများအတွက် နိုင်ငံအတွက် အံဝင်ခွင်ကျ အသုံးချနိုင်တဲ့၊ အသုံးချခွင့်ပေးတဲ့ အစဉ်အလာကောင်းတွေ ကျွန်တော်တို့မှာ ရှိသင့်တယ်လို့မြင်ပါတယ်။

လူတို့ရဲ့ သဘာဝအရ လူတစ်ယောက်ကို အကောင်းမြင်တတ်တဲ့ဘက်နဲ့ အဆိုးမြင်တတ်တဲ့ဘက်ဆိုပြီး ရှိပါတယ်။ အထူးသဖြင့် နိုင်ငံနဲ့လူမျိုးဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ၊ အယူအဆရေးဆိုင်ရာတွေမှာ ရန်သူ၊ မိတ်ဆွေဆိုတဲ့ ဘက်နှစ်ဖက် ရှိတတ်ပါတယ်။ မိမိနဲ့အယူအဆမတူ၊ ခံယူချက်မတူတဲ့ တစ်ဖက်လူကို ရန်သူလို သဘောထားရှုမြင်သူရှိသလို ပြိုင်ဘက်အသွင်ထားသူ၊ မယုံကြည်ရသူအဖြစ် ခံယူထားသူတွေ ရှိပါတယ်။ သူတို့ရဲ့အမြင်၊ အယူအဆ၊ အပြုအမူတွေကို စေ့ငသေချာစွာ စိစစ်လေ့လာခြင်း၊ စဉ်းစားဝေဖန်ခြင်း ပြုလေ့ပြုထမရှိသူတွေကများပြီး သံသယအမြင်တွေ၊ အဖျက်အမြင်တွေ၊ အဆိုးအမြင်တွေဘက်က ကြည့်ရှုခံစား တုံ့ပြန်လေ့ရှိပါတယ်။ အဲဒီအခြေအနေ အလေ့အထတွေဟာ ပုဂ္ဂလအတွက် မပြောသာမဆိုသာပေမဲ့ အများအကျိုးနဲ့ နိုင်ငံအတွက် ဖြစ်လာခဲ့ရင်တော့ ဆင်ခြင်စရာတွေများစွာ ဖြစ်စေပါတယ်။ ကိုယ်နဲ့အသွင်မတူ၊ အယူအဆမတူ၊ ရပ်တည်ချက်မတူသော်လည်း တူနိုင်တဲ့ရည်ရွယ်ချက်တစ်ခု ရှိနေနိုင်တာကို သတိပြုဆင်ခြင်ကြည့်သင့်ပါတယ်။ ကိုယ်လည်း နိုင်ငံနဲ့လူမျိုးအတွက် ရည်ရွယ်ချက်ရှိတယ်။ သူ့မှာလည်း နိုင်ငံနဲ့လူမျိုးအကျိုးအတွက် ရည်ရွယ်ချက်၊ ရပ်တည်ချက်ရှိမယ်ဆိုရင် ရည်မှန်းချက် ဆုံမှတ်တူတာဖြစ်တဲ့အတွက် သူ့မှာရှိတဲ့အရည်အသွေးကို ထုတ်ယူသုံးစွဲနိုင်တဲ့ အရည်အချင်း၊ သဘောထားကြီးခြင်းနဲ့ အမြော်အမြင်ရှိခြင်းတို့နဲ့အတူ လက်တွဲခေါ်ဆောင်သင့်ပါတယ်။ လျှောက်တဲ့လမ်းချင်းမတူပေမယ့် မျဉ်းပြိုင်ဖြစ်နေပေမဲ့ ဦးတည်ချက်ပန်းတိုင်ဟာ နိုင်ငံနဲ့ ပြည်သူကောင်းကျိုးဆိုတာ ညီမျှရင် ရန်သူ၊ မိတ်ဆွေ၊ ပြိုင်ဘက်ဆိုတာတွေကို မေ့ထားပြီး သဘောထားကြီးကြီးနဲ့ လက်တွဲလုပ်ဆောင်မှသာ နိုင်ငံအတွက် အကျိုးကျေးဇူးများမယ်လို့ ယူဆပါတယ်။ နိုင်ငံနဲ့လူမျိုးအကျိုးက အဓိကဖြစ်ပြီး အယူအဆ၊ ရန်သူ၊ မိတ်ဆွေ၊ ပြိုင်ဘက်ဆိုတာတွေက သာမညဖြစ်သင့်တယ်လို့ ပြည်သူတစ်ယောက်အနေနဲ့ ရိုးသားစွာမြင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့အားလုံးဟာ မြန်မာပြည်သူတွေ ဖြစ်ကြလို့ပါပဲ။

တစ်ချိန်တစ်ခါက ရန်သူလို၊ ပြိုင်ဘက်လို၊ အယူအဆမတူသလို ဖြစ်ခဲ့ဖူးပေမယ့် သာသနာ့ဝန်ထမ်းဖြစ်ပေမယ့် အချိန်အခါနှင့် လိုအပ်ချက်အရ ကိုယ့်ထီးနန်း၊ ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်သူအကျိုးအတွက် လိုအပ်တဲ့အခါ ထုတ်ယူအသုံးချလို့ အကျိုးများခဲ့တဲ့ အစဉ်အလာနဲ့ သာဓကတွေဟာ ရှေးမြန်မာဘုရင်တွေ လက်ထက်မှာတောင် ရှိခဲ့ပါတယ်။ အာဏာကိုသာ အဓိကထားပါတယ်ဆိုတဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်မှာတောင် အဲဒီအစဉ်အလာကောင်းတွေရှိတာ တွေ့ရပါတယ်။

အမတ်ကြီးရာဇသြင်္ကန်ဟာ ဥဇနာမင်းရဲ့ ပညာရှိစစ်သူကြီးတစ်ယောက် ဖြစ်ပါတယ်။ သားတော်အိမ်ရှေ့မင်းသားနဲ့ ကွမ်းတံတွေးအတွက် မသင့်မတင့် ဖြစ်ခဲ့ဖူးတယ်။ အမတ်ကြီးရဲ့ဝတ်ရုံကို အိမ်ရှေ့မင်းသားသီဟသူက ကွမ်းတံတွေးနဲ့ ထွေးခဲ့တာကို အမတ်ကြီးက မမေ့နိုင်၊ အခဲမကြေနိုင်ခဲ့ပါဘူး။ ဘုရင်ဥဇနာမင်း အနိစ္စရောက်တဲ့အခါ သီဟသူရဲ့ညီတော် မင်းခွေးချေးကို နန်းတင်ဖို့ အမတ်ကြီး ရာဇသြင်္ကန်က ကြံစည်အားထုတ်ခဲ့တယ်။ မင်းခွေးချေးလည်း နရသီဟပတေ့အမည်ခံပြီး နန်းတက်ခဲ့ပါတယ်။ နရသီဟပတေ့ မင်းဖြစ်လာတဲ့အခါ အမတ်ကြီး ရာဇသြင်္ကန်ကိုမေ့ထားပြီး ကျေးဇူးမပြုလို့ မကျေနပ်ဖြစ်တယ်။ ပန်းကန်ပဲ့နဲ့ နန်းတော်ဝင်ခစားခဲ့ပြီး နရသီဟပတေ့ကို သိက္ခာချသလိုဖြစ်တာမို့ အမတ်ကြီးရာထူးကချပြီး ဒလမြို့ကိုပို့လိုက်ပါတယ်။

အမတ်ကြီးရာဇသြင်္ကန်ရှိတာကို လက်အောက်ခံ နယ်စားပယ်စားတွေသိတဲ့အခါ ထကြွပုန်ကန်ကြပါတယ်။ မုတ္တမ၊ မစ္ဆဂီရိ စတဲ့နယ်ပယ်တွေက ပုန်ကန်တဲ့အခါ နရသီဟပတေ့မင်း အခက်ကြုံတယ်။ နှလုံးရည်လက်ရုံးရည်နဲ့ ပြည့်စုံတဲ့ ရာဇသြင်္ကန်လိုအမတ်မျိုးမရှိတာမို့ စိတ်ပျက်နေချိန်မှာ မိဖုရားဖွားစောက ရာဇသြင်္ကန်ကိုပြန်ခေါ်ဖို့ အကြံပေးတဲ့အတွက် ပြန်ခေါ်ပါတယ်။ အမတ်ရာထူးပြန်ပေးပြီး ပုန်ကန်ထကြွသူတွေကို တိုက်ခိုက်နှိမ်နင်းစေခဲ့ရာမှာ အောင်မြင်ပါတယ်။ အဲဒီသာဓကအဖြစ်အပျက်က မိမိနဲ့မသင့်တင့်၊ ဒစ်ခတ်အပြစ်ပေးခဲ့သူပင်ဖြစ်စေကာမူ မိမိနဲ့ပြည်သူအတွက် အကျိုးရှိမယ်ဆိုရင် သဘောထားကြီးကြီး အမြော်အမြင်ရှိရှိနဲ့ အသုံးချနိုင်တယ်ဆိုတဲ့ အသိကိုပေးပါတယ်။

အင်းဝဘုရင်မင်းခေါင်ဟာ သားတော်မင်းရဲကျော်စွာကို ဟံသာဝတီသို့ တိုက်ခိုက်စေပါတယ်။ ဟံသာဝတီဘုရင် ရာဇာဓိရာဇ်ရဲ့ သားမက်တော်တဲ့ သူရဲကောင်း သမိန်ဗရမ်းကလည်း ရဲစွမ်းသတ္တိနဲ့ ပြည့်စုံစေပါတယ်။ ထိုတိုက်ပွဲမှာ မင်းရဲကျော်စွာက သမိန်ဗရမ်းကို အနိုင်ရပေမယ့် အသက်မသေစေအောင် ဖမ်းဆီးတယ်။ ဘာကြောင့်လဲဆိုရင် ဘုရင်မင်းခေါင်ဟာ သူရဲကောင်းကို ချစ်မြတ်နိုးတတ်လို့ပါ။ သမိန်ဗရမ်းက ဘုရင်မင်းခေါင်ရဲ့ သစ္စာမခံတာကြောင့် ထောင်သွင်းအကျဉ်းချထားခဲ့တယ်။ ထိုအချိန် အင်းဝပိုင် မြေဒူးမြို့ကို မော်တုံမော်ကယ်စားတို့ လာရောက်တိုက်ခိုက်ပါတယ်။ မင်းရဲကျော်စွာတို့ ပြန်တိုက်လို့ မော်တံမော်ကယ်စားတို့ စစ်ရှုံးပြီး ထွက်ပြေးတယ်။ သူတို့ရဲ့ သားမယားတွေကို အင်းဝကိုခေါ်ဆောင်သွားခဲ့ပါတယ်။ မော်တုံမော်ကယ်စား ညီအစ်ကိုတွေက တရုတ်မင်းဥတည်ဘွားဆီ ထွက်ပြေးပြီး အကူအညီတောင်းလို့ ဥတည်ဘွားက စစ်သည်တွေလွှတ်ပြီး အင်းဝက သားမယားတွေ ပြန်တောင်းပါတယ်။ အဲဒီအချိန်မှာ မင်းရဲကျော်စွာက အင်းဝမှာမရှိပါဘူး။ ဘုရင်မင်းခေါင် အခက်ကြုံနေချိန်မှာ သူရဲကောင်းတစ်ဦးချင်းတိုက်ပြီး ဖြေရှင်းဖို့တောင်းဆိုလာလို့ ဘုရင်မင်းခေါင်က သူ့ဆီမှာ သူရဲကောင်းရှာပါတယ်။ ဒါပေမဲ့ ထွက်တိုက်ဝံ့တဲ့ သူရဲကောင်းတစ်ယောက်မှ မပေါ်လာပါဘူး။ ဒီအချိန်မှာ ထောင်သွင်းအကျဉ်းချထားတဲ့ သမိန်ဗရမ်းကိုသတိရပြီး မေးခဲ့တယ်။ သမိန်ဗရမ်းကလည်း တရုတ်စစ်သူကြီး ကာမဏိကိုတိုက်ဖို့ သဘောတူခဲ့တယ်။ နောက်ဆုံး သမိန်ဗရမ်းနိုင်ခဲ့တယ်။ ဘုရင်မင်းခေါင်က သမိန်ဗရမ်းကို လယ်ကိုင်းမြို့စားအရာပေးပြီး ချီးမြှောက်တဲ့အပြင် တူမတော်နဲ့လည်း ပေးစားခဲ့ပါတယ်။ ဒါကလည်း မိမိရဲ့ရန်သူဖြစ်ပြီး မိမိထံသစ္စာမခံသူဖြစ်သော်လည်း သူရဲကောင်းတစ်ယောက်ရဲ့ တန်ဖိုးကိုသိသူ၊ ချစ်မြတ်နိုးသူဖြစ်တဲ့အတွက် အခက်အခဲကြုံတဲ့အခါ အကျိုးရှိအောင် အသုံးချနိုင်ခဲ့တာပဲဖြစ်ပါတယ်။

မြန်မာနဲ့မွန်ဂိုတို့ စစ်ဖြစ်နေချိန်မှာ မြန်မာတို့စစ်ရေးမလှတဲ့အတွက် ပုဂံဘုရင် နရသီဟပတေ့မင်းက ငြိမ်းချမ်းရေးစေ့စပ်ဖို့ ဆရာတော်ရှင်ဒိသာပါမောက္ခကို ယူနန်သို့ စေလွှတ်ခဲ့ပါတယ်။ မိုင်ပေါင်း (၂၅၀၀) ကျော်ဝေးသော ခရီးကြမ်းဖြစ်ပြီး အသက်အရွယ်ရင့်နေပေမယ့် တိုင်းသူပြည်သားအရေးအတွက် စွန့်စားသွားရောက်ခဲ့ပါတယ်။ ဆရာတော်နဲ့အဖွဲ့ရဲ့ နှလုံးရည်နဲ့ စွမ်းဆောင်ရည်ကောင်းလို့ ငြိမ်းချမ်းရေး အောင်မြင်ခဲ့ပါတယ်။ မြန်မာမှ မွန်ဂိုတို့ ပြန်လည်ဆုတ်ခွာသွားကြတယ်။ အသားအပြန် မိုင် ၅၀၀၀ ကျော်ခရီးကြမ်းကို တစ်နှစ်လောက် ပင်ပမ်းဆင်းရဲခံကာ တိုင်းသူပြည်သူအကျိုး ရှေးရှုပြီး ဆောင်ရွက်ခဲ့တဲ့ သာသနာအာဇာနည်တစ်ပါးဖြစ်ပါတယ်။ ဘာသာရေး၊ သာသနာရေးဝန်ထမ်းပင်ဖြစ်လင့်ကစား မိမိနိုင်ငံနဲ့ လူမျိုးအရေးနဲ့ အကျိုးစီးပွားထိခိုက်နစ်နာ ဆုံးရှုံးရမယ့်အရေးမှာ အနစ်နာခံစွန်လွှတ် စွန့်စားဆောင်ရွက်ခဲ့တာ ကိုယ့်အရေးထက် နိုင်ငံအရေးကို ဦးစားပေးခဲ့တာကို ကြည့်ရင်လည်းပဲ ယနေ့မြန်မာနိုင်ငံသားတွေအတွက် အသိတစ်ခု၊ အမြင်တစ်ခုကို ရစေနိုင်ပါတယ်။

ယနေ့ပစ္စက္ခ မြန်မာအရေးတွေဖြစ်တဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေး စတာတွေမှာ ပြဿနာတွေ၊ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ အဆင်မပြေမှုတွေ ကြုံနေရတာတော့ ငြင်းမရတဲ့ ပကတိအမှန်ဖြစ်ပါတယ်။ ပြည်တွင်းရောပြည်ပမှာပါ မကြုံဖူးသေးတဲ့ ပြဿာနာတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဒီပြဿနာတွေ အခက်အခဲတွေဟာ နိုင်ငံနဲ့ပြည်သူတစ်ရပ်လုံးအတွက် အလွန်အရေးကြီးလှပါတယ်။ ပြည်သူအားလုံးမှာ တာဝန်ကိုယ်စီရှိကြပါတယ်။

ယနေ့မြန်မာပြည်သူတွေထဲမှာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံတကာရေးတွေမှာ ကျွမ်းကျင်လိမ္မာတဲ့၊ လက်ရုံးရည်နှလုံးရည်ပြည့်စုံတဲ့ ဗလငါးတန်ပြည့်ဝတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်၊ စွမ်းဆောင်ရှင်တွေ၊ ရဟန်းရှင်လူတွေ များစွာရှိမယ်လို့ ယုံကြည်ပါတယ်။ ထိုသူတို့ဟာ မိမိတို့နဲ့ ယုံကြည်ချက်၊ အယူအဆ၊ ရပ်တည်ချက်မတူသော်လည်း နိုင်ငံချစ်စိတ်ရှိပြီး နိုင်ငံနဲ့ ပြည်သူအကျိုးစီးပွားကို ဦးထိပ်ထားတဲ့ စေတနာကောင်းနဲ့ ရည်ရွယ်ချက်တွေတူမျှမယ်ဆိုရင် နိုင်ငံ့အကျိုးအတွက် အသုံးချသင့်၊ စွမ်းဆောင်ရည်ပြခွင့်ပေးသင့်တယ်။ ရသင့်တယ်လို့ ယူဆကြောင်း နိုင်ငံ့အကျိုးကိုရှေးရှုပြီး စေတနာသန့်သန့်နဲ့ ရေးသားလိုက်ရပါတယ်။

Most Read

Most Recent