ရွာကလာသည်

ရွာကလာသည်
Published 29 September 2017

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် နှစ်စဉ် ကျင်းပမြဲဖြစ်သည့် အာနန္ဒာဘုရားပွဲခေါ် ပြာသိုပွဲတော်တွင် မြန်မာ့လူနေမှုဘဝများကို ယနေ့တိုင် တွေ့နေရစဉ် (ကိုနော်-ပုဂံ)

ငါ့အား ဘယ်အရပ်က လာသနည်းဟု တစ်စုံတစ်ယောက်က မေးလျှင် ငါဖြေမည်။ ရွာက လာသည်။ ဟုတ်သည်။ ငါသည်ရွာက လာသည်။ ငါသည် ငါတို့ရွာကို ဘယ်သောအခါမှ မမေ့။ ငါတို့ရွာသည် ငါနှင့် အကွာအဝေးအားဖြင့် မိုင်ပေါင်းများစွာ ကွာဝေးနေစေကာမူ ငါ့တို့ရွာကို ငါမမေ့။ ငါတို့ရွာသည် ကာလအားဖြင့် နှစ်ပေါင်းများစွာ ကွာဝေးနေစေကာမူ ငါတို့ရွာကို ငါမမေ့။ သို့ရာတွင် ယခုအခါ ငါတို့ရွာသည် ယခင်ကနေရာတွင် ယခင်ကအတိုင်း ရှိမြဲရှိနေမည်လား ငါ မသိ။ ယခုအခါ ငါတို့ရွာသည် ယခင်ကနေရာတွင် ယခင်ကလို မဟုတ်ဘဲ ပျက်စီးတိမ်ကောသွားချေပြီလား ငါ မသေချာ။ မည်သို့ဆိုစေကာမူ ငါတို့ရွာသည် ငါ့စိတ်ထဲ အစဉ်ထာဝရ ဖြစ်တည်နေမည်ကား အမှန်တရားတစ်ခုပင် ဖြစ်သည်။

ငါတို့ရွာဟူသော အသိစိတ်ကောင်းစွာ မဝင်ခင်ကပင် ငါသည် ငါတို့ရွာ၌ နေထိုင်ကြီးပြင်းခဲ့သည်။ ငါတို့ရွာသို့ အဝင်လမ်းမကြီးသည် ရွာ၏မြောက်ဘက်ခြမ်းတွင် အနောက်မှ ဟိုးအရှေ့အထိ သွယ်တန်းဖောက်လုပ်ထားကာ ကျယ်ပြောလှ၏။ သို့တိုင်အောင် ငါတို့သည် ရွာထဲ၌ ကားများကို မြင်တွေ့ရလေ့ သိပ်မရှိတတ်။ မော်တော်ကားများသည် ငါတို့ရွာလမ်းပေါ်သို့ လာခဲလွန်းပါဘိ။ သို့ရာတွင် ရွာထိပ်ရှိ နိုင်လွန်ကတ္တရာ လမ်းမပေါ်၌မူ မော်တော်ကားများ မကြာခဏ ဖြတ်သန်းသွားလာတတ်ပါသည်။ အထူးသဖြင့် ငါတို့ရွာ၏ မလှမ်းမကမ်း မြောက်ဘက်အရပ်တွင်ရှိသော စစ်တပ်ထဲမှ ကားများဖြစ်လေ၏။

ငါတို့ရွာအဝင် လမ်းမကြီးတစ်လျှောက် ကားများ အလာကျဲပါးသော်လည်း လမ်းမဘေးကပ်လျက်အပြိုင် လှည်းလမ်းကြောင်း၌မူ နွားလှည်းများမှာ နာရီဝက်လျှင် တစ်စီးနှုန်းခန့် တအီအီ သွားလာလေ့ရှိသည်။ နွားများသည် လုပ်လီလုပ်လဲ့ဖြင့် တရွေ့ရွေ့ သွားနေကြပြီး နွားလှည်းမောင်းသမားသည် ကွမ်းလေးတဗျစ်ဗျစ်နှင့် အေးအေးလူလူ ထိုင်ပါလာသည်။ ငါတို့ကလေးတစ်သိုက်သည် နွားလှည်းနောက်မြီးဖျားကို သူ့ထက် ငါ အလုအယက် ယီးလေးတွဲခိုကာ လိုက်ပါဆော့ ကစားခဲ့ကြပုံများကို ငါ ယခုတိုင် ကောင်းစွာ မှတ်မိနေသေးသည်။ ငါတို့သည် နွားလှည်းနောက်မြီးဖျားကို ယီးလေးခိုလိုက်ရင်း လက်မောင်းအားကုန်လျှင် လှည်းလမ်းကြောင်းပေါ် ခုန်ချကာ နွားလှည်းနောက် နောက်တစ်ကြိမ် ပြေးပြီး နောက်မြီးခိုစီးလိုက်နှင့် ပျော်ရွှင်ခဲ့ကြသည်။ ငါတို့ကို နွားလှည်းမောင်းသမား မြင်ပြီး တားမြစ်အော်ငေါက်မှသာ လှည်းလမ်းကြောင်းပေါ် ငါတို့ ကျန်ရစ်ခဲ့ကြရသည်။ မဟုတ်ပါက ငါတို့ ဘယ်အထိ ဆက်လိုက်နေကြဦးမည် မပြောတတ်။ နွားတို့သည် ခြူသံ ခလောက်သံ ခလွမ် ခလွမ်ပေးကာ ငါတို့ကို ချန်ရစ်လျက် ထွက်ခွာသွားလေပြီ။

များသောအားဖြင့် ငါတို့သည် ရွာအဝင် လမ်းမကြီးပေါ်၌ ကစားခုန်စားရသည်ကို နှစ်သက်ကြသည်။ လမ်းမကြီးသည် မြေသားလမ်း အမျိုးအစားဖြစ်ပြီး မော်တော်ကား၊ မြင်းလှည်း၊ မော်တော်ဆိုင်ကယ်၊ ဆိုက်ကား၊ စက်ဘီး စသော ယာဉ်များသွားလာနိုင်ရုံသာမက အပြိုင်တည်ရှိသော လှည်းလမ်းကြောင်းပေါ်၌လည်း နွားလှည်းများ သွားလာနိုင်ပေသေးသည်။ လှည်းလမ်း၏ တစ်ဖက်တွင်မူ ပေ ၃၀ ခန့်ကျယ်သော ရေမြောင်းကြီးတစ်ခုက လမ်းနှင့်အပြိုင် ဆန့်တန်းလျက်ရှိသည်။ ထိုရေမြောင်းကြီး၏ တစ်ဖက်မှာတော့ အနံပေ ၃၀၀ ခန့် ကျယ်ပြန့်သော မြက်ရိုင်းလွင်ပြင်တစ်ခုက ရေမြောင်းဘေးတစ်လျှောက် အလျားလိုက် ထပ်ချပ်မကွာ လိုက်ပါနေပြန်ရာ ငါတို့ရွာ၏ တစ်ခုတည်းသော ဆန်စက်ရုံကြီးဆီရောက်မှ ရပ်တန့်သွားတော့၏။ ထိုဆန်စက်ရုံကြီး၏ နောက်ကျောဘက်တွင် ကြံသကာစက်ရုံကြီးရှိပြီး ဆန်စက်ရုံကြီးသည်လည်းကာင်း၊ ကြံသကာ စက်ရုံကြီးသည်လည်းကောင်း စစ်တပ်က ပိုင်သည်ဟု ဆိုသည်။ ရေမြောင်းကြီးဘေးတစ်လျှောက်ရှိ မြက်ရိုင်းလွင်ပြင်ကြီးကိုလည်း စစ်တပ်ကပင် ပိုင်သည်ဟုဆိုကြသည်။ ထိုမြက်ရိုင်းလွင်ပြင်ကြီးကို ကျော်လွန်သွားလျှင် စစ်တပ်ပိုင် အဆောက်အအုံများနှင့် သေနတ်ကိုင် စစ်သားအစောင့်များကို တွေ့ရပေလိမ့်မည်။

ရွာအဝင်လမ်းမကြီးဘေးရှိ အိမ်များသည် နေရာကောင်းသည်ဟု ဆိုနိုင်သည်။ ငါတို့သည် ကျောင်းသွားလျှင်ဖြစ်စေ၊ ဗီဒီယို ရုံသွားလျှင်ဖြစ်စေ၊ ငါတို့မိဘများနှင့်အတူ နံနက်ခင်းဈေးသို့ လိုက်ပါလျှင်ဖြစ်စေ ရွာအဝင်လမ်းမကြီးကနေသာလျှင် ဖြတ်သန်းသွားရလေသည်။ ရွာအဝင်လမ်းမကြီးဘေးတွင် ငါ့သူငယ်ချင်း မောင်ထူး၏အိမ်ရှိသည်။ မောင်ထူးတို့အိမ်၏ တစ်ဖက်သည် ရွာထဲသို့ဝင်သည့် လမ်းသွယ်ဖြစ်ကာ အခြားတစ်ဖက်ရှိ ခြံကွက်ထဲတွင်မူ ဆံသဆိုင်တစ်ဆိုင် ဖွင့်လှစ်ထားလေသည်။ ဆံသဆိုင်၏ အခြားတစ်ဖက် လေး၊ ငါးအိမ်ကျော်၌မူ ငါတို့ရပ်ကွက်၏ တစ်ဆိုင်တည်းသော ကုန်စုံဆိုင်တစ်ဆိုင်ကို တွေ့ရမည်ဖြစ်ပြီး ထိုကုန်စုံဆိုင်ရှေ့မှ ရွာအဝင်လမ်းမကြီးကို ဖြတ်ကျော်လိုက်လျှင် မျက်နှာချင်းဆိုင်၌ ဆန်စက်ရုံကြီးကို သွားတွေ့ရပေမည်။

မောင်ထူးတို့အိမ်၏ အခြားတစ်ဖက်တွင် ရွာထဲသို့ ဝင်သည့် လမ်းသွယ်ရှိသည်ဟု ငါ ပြောခဲ့ပြီ။ ထိုလမ်းသွယ်နှင့်ကပ်လျက် အိမ်သည် မုန့်ဟင်းခါးဆိုင်ဖွင့်သည်။ ငါတို့ ကလေးများသည် မောင်ထူးတို့အိမ်ရှေ့ လမ်းပေါ်တွင် ကစားကြရင်း ထိုမုန့်ဟင်းခါးဆိုင်ဖွင့်သော အိမ်ရှေ့လမ်းပေါ်သို့တိုင် တစ်ဆက်စပ်တည်း ရောက်ရှိ နယ်ချဲ့ကစားလေ့ရှိကြသည်။ မောင်ထူးတို့အိမ်နှင့် မုန့်ဟင်းခါးဆိုင်အိမ်ကြားရှိ လမ်းသွယ်မှတစ်ဆင့် ဝင်သွားလျှင် ငါတို့ရွာထဲသို့ ရောက်ရှိပေပြီ။ လမ်းသွယ်အဆုံးတွင် မောင်ထူးတို့အိမ်ရှေ့ရှိ ရွာအဝင်လမ်းမကြီးနှင့် မျဉ်းပြိုင်သဘောတည်နေသည့် ရွာလယ် လမ်းမပေါ် ရောက်သွားမည်ဖြစ်သည်။ သို့ရာတွင် ရွာလယ်လမ်းမသည် ရွာအဝင်လမ်းမကြီးလောက် မကျယ်ပြောချေ။ ငါတို့သည် ရွာအဝင် လမ်းမကြီးနှင့် ရွာလယ်လမ်းမတစ်လှည့်စီ ပြေးလွှားကူးသန်း ဆော့ကစားကြမြဲ ဖြစ်၏။

ရွာလယ်တွင်ကား တကူးတက ပြောပလောက်စရာ ဘာမျှမရှိပါချေ။ သဲဆန်သော လမ်းသားပေါ်၌ ငါတို့သည် ကစားနည်းမျိုးစုံကို မပျင်းရိရလေအောင် လှည့်ပတ်ကစားကြခြင်းဖြင့်သာ ငါတို့၏ ကလေးဘဝကို ကုန်ဆုံးစေခဲ့သည်။ ငါတို့ရွာရှိ ခြံကွက်လွတ်မှန်သမျှ ငါတို့ မဝင်ရောက်၊ မပုန်းခို၊ မကစားဖူးသော ခြံလွတ်ဟူ၍မရှိချေ။ ငါတို့ရွာရှိ ငါတို့ မတက်ရောက်၊ မခူးဆွတ်၊ မစားသုံးဖူးသော သစ်ပင်သစ်သီး၍ဟူလည်း မရှိချေ။ ငါတို့ရွာရှိ ငါတို့မသွားလာ၊ မဝင်ရောက်ဖူးသည့် လမ်းအိမ်ဟူ၍လည်း မရှိချေ။ ယုတ်စွအဆုံး ငါတို့သည် ငါတို့ရွာ နောက်ဘက်ပိုင်းရှိ သချုႋင်းကုန်းထဲအထိအောင်ပင် သွားရောက် ကစားကြသူများဖြစ်သည်။ သချုႋင်းကုန်း အလွန်မှာရှိသော အင်းရေပြင်ကြီးထဲသို့လည်း ငါတု့ိမိဘများ မသိအောင် ရေသွားခိုးကူးကြသေး၏။

ကနဦးတုန်းက ငါတို့ရွာတွင် လျှပ်စစ် မီး မရှိချေ။ ငါတို့သည် အလင်းရောင်အတွက် ဆန်စက်ရုံထိပ်က ကုန်စုံဆိုင်တွင် ရေနံဆီများ၊ ဖယောင်းတိုင်များ ဝယ်ယူကာ ထွန်းကြရ၏။ အများစုမှာ ဘက်ထရီကိုသာ အားထားရသည်။ ငါတို့အိမ်တွင်လည်း ဘက်ထရီတစ်လုံးရှိပြီး မနက်ခင်းတိုင်း အားသွင်းဆိုင်သို့ ငါ သွားပို့ရမြဲပင်။ ညနေခင်းတိုင်းလည်း အားသွင်းဆိုင်မှ ငါ သွားပြန်ရွေးယူရစမြဲပင်။ ညဘက် ဟိုနားဒီနား သွားလိုလျှင် လက်နှိပ်ဓာတ်မီး ဖြစ်စေ၊ ရေနံဆီမီးအိမ်ဖြစ်စေ ယူဆောင်သွားကြရသည်။ လျှပ်စစ်မီး မရှိသော်လည်း ငါတို့ ရွာသည် ရေပေါများသော ရွာတစ်ရွာဖြစ်သည်။ အိမ်တိုင်းလိုလိုပင် ရေတွင်းတစ်တွင်းစီ ရှိတတ်ကာ နွေအခါ ရေခန်းခြောက်သည်ဟူ၍ မကြားဖူးပါချေ။ ငါတို့ရွာရှိ လူအများစုသည် ရိုးသားပြီး အနေအေးကြသူများ ဖြစ်သည်။ ငါတို့ရွာတွင် ထူးခြားသော အဖြစ်အပျက်များ ဖြစ်လေ့ဖြစ်ထမရှိ။ သို့ရာတွင် ငါတို့ရွာနှင့် ပတ်သက်လျှင်ကား ငါ့မှာ ယခုထက်ပြောပြစရာများ တစ်ပုံကြီး ကျန်ရှိနေပေသေးသည်။

Most Read

Most Recent