ညကိုရှာ ရှာသော်မတွေ့

ညကိုရှာ ရှာသော်မတွေ့
Published 14 September 2017

စစ်တွေမြို့တွင် စက်တင်ဘာ ၁၁ ရက်ညပိုင်းက လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်

(၁)

အသက်အရွယ် အတန်ငယ်ထောက်လာပြီဖြစ်သဖြင့် မိမိနှင့်ခေတ်ပြိုင် အသိမိတ်ဆွေ၊ မသိတသိမိတ်ဆွေ၊ ရပ်နီးရပ်ဝေးမှ အသိအကျွမ်းတို့၏ နာရေးသတင်းများ ဆင့်ကဲဆင့်ကဲ ပျံ့လွင့်လာနေခဲ့သည်။ ထို့ပြင် ခေတ်ပြိုင်မဟုတ်သော မိမိထက်ငယ်ရွယ်သူများ ဤလောကအား အချိန်မတိုင်မီ စွန့်ခွာသွားကြခြင်းလည်း အလှည့်ကျဆိုသလို ရှိနေခဲ့ပြန်သည်။ လူကြီးအများ၏ ဆိုရိုးစကားတစ်ရပ်တွင် ‘သေနေ့စေ့လို့ သေရတာ’ ဟူသောစကားကိုမူ မိမိက အပြည့်အဝလက်ခံရန် ခက်နေသည်။

ထားတော့။ သေနေ့၏ ဆန့်ကျင်ဘက်ဟု ဆိုရမည်ဖြစ်သော ‘မွေးနေ့’ ကိုရော မည်သို့လက်ခံကြပါသနည်း။ သွားလေသူများက တဖြုတ်ဖြုတ်သွားနေကြသည့် တစ်ချိန်တည်းမှာပင် ‘မွေးနေ့’ ကို မှတ်မှတ်ရရ ကျင်းပပြုလုပ်သူများလည်း ရှိနေသည်။ မွေးနေ့ဟုသာဆိုသည် မွေးနေ့ကို တခုတ်တရ အမှတ်ရစွာ ပြုလုပ်ကျင်းပနေကြသော်လည်း အမှန်စင်စစ် ‘သေနေ့နှင့် တစ်နှစ်နီး’ လာသောနေ့ဖြစ်သည်ဟုဆိုလျှင် လက်ခံနိုင်ကြပါမည်လား။ ထို ‘သေနေ့နှင့် တစ်နှစ်နီး’ သောနေ့ကို တရားဓမ္မကျကျ နှလုံးသွင်းလျက် စိတ်ကောင်းစေတနာကောင်း မွေးမြူကာ ဗြဟ္မစိုရ်တရားလေးပါးကို အစဉ်တစိုက် လက်ကိုင်သွားကြရပေမည်။ သို့မှသာ လူ့ဘဝ၏ အဓိပ္ပာယ်ပို၍ လေးနက်ပီပြင်လာမည် မဟုတ်ပါလား။
တစ်နေ့ကပဲ ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာနမှ မိတ်ဆွေ ကထိကဆရာတစ်ဦး၏ မွေးနေ့အတွက် စာရေးသူက ‘အဓိပ္ပာယ်ရှိရှိ ကျော်ဖြတ်သော မွေးနေ့မျိုးဖြစ်ပါစေ’ ဟု စာဖြင့် ဆုမွန်ကောင်းပို့သပေးခဲ့သည်။ မွေးနေ့တစ်နေ့ကို ကျော်ဖြတ်တိုင်း ဘာမှန်းညာမှန်းမသိ၊ မိတ်ဆွေသူငယ်ချင်းများနှင့် စုဝေးစားသောက်လိုက် ပျော်လိုက်ဖြင့် အချိန်ကိုကုန်ဆုံးစေခြင်းသည် အဓိပ္ပာယ်မဲ့သော လုပ်ရပ်ဟုမဆိုသာသော်လည်း အဓိပ္ပာယ်ရှိသော လုပ်ရပ်ဟုဆိုရန် ခဲယဉ်းနေဦးမည်သာဖြစ်သည်။

(၂)

၁၉၈၆ ခုနှစ် ဇန်နဝါရီလ ပေဖူးလွှာမဂ္ဂဇင်း၌ ပုံနှိပ်ဖော်ပြခဲ့သည့် စာရေးသူ၏ ‘ညကိုရှာ ရှာသော်မတွေ့’ ကဗျာတွင် ညဟူသည်မှာ နေ့၏ချုပ်ငြိမ်းခြင်း၊ နေ့အသွင် စိမ်းခြင်းဖြစ်စဉ်အပြီး ချဲ့ထွင်ဝင်ရောက်လာသော အမှောင်ထုဖြစ်သည်ဟု ဖော်ကျူးထားသည်။ ထို့ပြင်နေ့ဘက်တွင် ဝမ်းမီးများအား ငြှိမ်းသတ်ရန် လူ၏သွေးသားကို တရစပ်မရပ်မနား ရုန်းကန်လည်ပတ်စေပြီးသည့်နောက် တဒင်္ဂနားခိုခွင့်ပေးသော အခင်းအကျင်းတစ်မျိုးကို ညဟုခေါ်ဆိုကြသည်ဟု ဆက်ရေးထားသည်။

တိတ်ဆိတ်သောညတွင် အိပ်စက်အနားယူနေစဉ်အတွင်း အိမ်သူသက်ထား၏ မျက်နှာအား ကြည်နူးစွာကြည့်ကာ ည၏အလှကို ခံစားနေမိခြင်းသည် တကယ်တမ်းတော့ ညအလှကို ထင်ယောင်ထင်မှား ဖြစ်နေမိခြင်းသာ။
ဝါတောက်ထိန် လင်းလက်နေသော နီယွန်မီးတို့သည် လေထဲတွဲလဲခိုလျက်ရှိသော မြူနှင်းဇာပါးလွှာကို ဖောက်ထွင်းခြင်းငှာ မစွမ်းသာသည့်ကြားထဲ ညငှက်ပျိုကလေးများသည် သိုသိုသိပ်သိပ် ခိုးကြောင်ခိုးဝှက်တစ်မျိုး၊ ဗြောင်ကျကျတစ်ဖုံ မှောင်ရိပ်ခိုရင်း လှုပ်ရှားနေကြပြီဖြစ်သည်။ အဆိပ်ပြင်းမြွေ တို့သည်လည်း ဖားကောင်ကို အလွယ်တကူ အညှာအတာမဲ့ မျိုချလိုက်ပြီ။ လူလူချင်း ခေါင်းတုံးပေါ်တက်၍ ထိပ်ကွက်နိုင်သူသာလျှင် အောင်နိုင်သူအဖြစ် ပြုံး၍ပျော်လျက် ရှိနေပေပြီ။

ဒုစရိုက်မှု အဖြစ်အပျက်များစွာဖြင့် တင်းကျမ်းပြည့်နှက်နေသော ည၏လျှို့ဝှက်ခြင်း နယ်ပယ်တစ်ခုလုံးတွင် ည၏အဓိပ္ပာယ်ကို ရှာဖွေမရဖြစ်နေသည်။ ည၏အဓိပ္ပာယ်ဆိုသည်မှာလည်း အေးချမ်းသောည၊ ဘေးကင်းလုံခြုံသောည၊ ငြိမ်သက် တိတ်ဆိတ်သောည၊ အနှောင့်အယှက်ကင်း၍ ကောင်းစွာအိပ်စက်နိုင်သောည၊ နောက်တစ်နေ့အတွက် ခွန်အားဖြည့်တင်းပေးသောည စသည့်အဓိပ္ပာယ်တို့ဖြင့် လွှမ်းခြုံသော ညမျိုးသာဖြစ်ရမည်။ ယင်းသို့ အဓိပ္ပာယ်ပြည့်ဝသော ညမျိုးကို ယခုလတ်တလော အကြမ်းဖက်သမားများကြောင့် ရခိုင်ပြည်နယ်ရှိ အပြစ်မဲ့ပြည်သူများ ခံစားရရှိပိုင်ဆိုင်မည်မထင်။ နေရပ်မှ ထွက်ပြေးစွန့်ခွာ သွားရသူတို့အဖို့ အဘယ်မှာလျှင် အဓိပ္ပာယ်ရှိသောညများအား ရှာဖွေတွေ့ရှိနိုင်ပါမည်နည်း။

(၃)

ည၏အဓိပ္ပာယ်ကို ရှာရုံသာမက အခြား အခြားသောလူတို့ နေ့စဉ်ထိတွေ့လျက်ရှိသည့် လောက၏ အဓိပ္ပာယ်ကိုလည်း ရှာရန်လိုသည်။ ဥပမာအားဖြင့် စားမှုနေမှု၊ ပြည့်စုံကုံလုံမှု၊ လူအချင်းချင်းဆက်ဆံမှု၊ စိတ်ထားမြင့်မြတ်မှု၊ ဒုက္ခဆင်းရဲခံစားမှု စသည်တို့၌ ကိုယ်စီအဓိပ္ပာယ်ရှိမှသာ လူ့ဘဝတွင် အသက်ရှင်နေရခြင်းသည် အဓိပ္ပာယ်ရှိမည်ဖြစ်သည်။

လူသားသည် ဘဝအဓိပ္ပာယ်ကို ရှာဖွေတတ်သည့် သတ္တဝါဖြစ်သည်ဟု ပညာရှိစကားတစ်ရပ်က ဆိုသည်။ ဘဝ၏အဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိလျှင် အရာအားလုံးကို ရင်ဆိုင်ရန် အသင့်ဖြစ်နေတတ်သည်။ အဆုံးစွန်ပြောရလျှင် ဘဝအဓိပ္ပာယ်ရှိသည့်အတွက် ဒုက္ခခံရမည်ကို မကြောက်၊ ကိုယ်ကျိုးစွန့်အနစ်နာခံရမည်ကို နောက်မတွန့်၊ ယုတ်စွအဆုံးအသက်ကိုပင် စွန့်လွှတ်ရန် ဝန်လေးမည်မဟုတ်။

ပညာရေးလောက၌ ကျင်လည်နေသော ကျောင်းဆရာနှင့် တပည့်တို့ နှစ်ဦးနှစ်၀ စိတ်ထားမြင့်မားလာအောင် ရည်ရွယ်ချက်ထားကာ ပြုလုပ်ဆောင်ရွက်သော ပညာရေးသည် အဓိပ္ပာယ်ရှိလာမည်။ စီးပွားရေးလောကတွင်လည်း ရောင်းသူ ဝယ်သူ နှစ်ဦးနှစ်ဖက်စလုံး စိတ်ထားကောင်းဖြင့် ရောင်းဝယ်မှ လူ၏မြင့်မြတ်မှုကို နေရာပေးရာရောက်ပြီး အားလုံးစိတ်ချမ်းသာမည်။ သို့မှသာ စီးပွားရေးအလုပ် အဓိပ္ပာယ်ရှိလာမည်။

မည်သည့် အကြောင်းကိစ္စတွင်ပဲဖြစ်စေ လူတို့၏ ထူးခြားသော လက္ခဏာတစ်ရပ်မှာ အဓိပ္ပာယ်ကို ရှာခြင်းပင်ဖြစ်သည်ဟု ပညာရှိများကဆိုသည်။ လူက တိရစ္ဆာန်များနှင့် မတူသောအချက်မှာ ဤအဓိပ္ပာယ်ရှာသည့် အချက်ဖြစ်သည်။ အမှန်စင်စစ် အဓိပ္ပာယ်မရှာလျှင် လူပီသသည်ဟု ဆိုနိုင်မည်မဟုတ်တော့။ အဘယ့်ကြောင့်ဆိုသော် လူသည် အသိဉာဏ် မြင့်မားလာသည်နှင့်အမျှ မည်သည့်အမှုကိစ္စကိုပင် ဆောင်ရွက်ဆောင်ရွက် အဓိပ္ပာယ်ကို ပို၍စဉ်းစားလာသောကြောင့် ဖြစ်သည်။ ပြီးတော့လည်း ဘဝကိုယ်၌ကပင် ဘဝတွင် အဓိပ္ပာယ်ရှိရှိနေရန် တောင်းဆိုနေသည်ဖြစ်ရာ ယင်းတောင်းဆိုချက်အား ပြည့်ဝစေရန် ဖြည့်ဆည်းလုပ်ဆောင်ပေးရမည် မဟုတ်ပါလား။
သိပ္ပံပညာထွန်းကားပြီး ခေတ်မီပစ္စည်း ပစ္စယမျိုးစုံအောင် ပိုင်ဆိုင်ရယူနိုင်သော ယနေ့အချိန်ကာလ၌ အတတ်ပညာရှင်တို့ တီထွင်လိုက်သော ပစ္စည်းများက လူအများ၏ လိုအင်ဆန္ဒအား ဖြည့်ဆည်းနိုင်မည်ဟု အပေါ်ယံအမြင်အားဖြင့် ထင်ရသော်လည်း အဓိပ္ပာယ်ရှိသောဘဝ၊ အဓိပ္ပာယ်ရှိသော ဆက်ဆံရေးနှင့် နှလုံးသား၌ တောင့်တနေတတ်သော အဓိပ္ပာယ်ရရှိရန်ကိုတော့ ဖြည့်ဆည်းစွမ်းဆောင်ပေးနိုင်မည် မထင်ပေ။

ဘဝအဓိပ္ပာယ်ကိုရှာဖွေရင်း ဘဝခရီးတစ်လျှောက် အဓိပ္ပာယ်မဲ့သောဘဝကိုသာ ပိုင်ဆိုင်သူအချို့မှာ စိတ်ရောဂါတစ်မျိုး ဖြစ်သွားရုံမျှမက မိမိကိုယ်ကိုလည်း ဘဝအဆုံးစီရင်လိုက်တတ်ကြသည်ကို တွေ့ရသည်။ အဆင့်မြင့်သော စိတ်ထားနှင့် အသိဉာဏ်မျိုးရရှိစေရန် ရည်မှန်းချက်ထားသူဖြစ်မှသာ အဓိပ္ပါယ်ရှိသည့်ဘဝကို ရရှိထားသူဟု ခေါ်ဆိုနိုင်ပေမည်။

(၄)

စစ်ပွဲများ၊ ပဋိပက္ခများအကြားမှ နေရပ်စွန့်ခွာ ထွက်ပြေးရသူများအဖို့ ည၏အဓိပ္ပာယ်ကို ရှာပါသော်လည်း တွေ့ရှိရန်မဆိုထားဘိ၊ ည၏ဆိတ်ငြိမ်အေးချမ်းမှု၊ ဘေးကင်းလုံခြုံမှုတို့အား လူသားတစ်ယောက်၏ အခွင့်အရေးအဖြစ် ခံစားရန်ဆိုသည်မှာ မဖြစ်နိုင်။ သို့ဖြစ်၍ သူတ့ိုလိုလူသားအတွက်…
ညသည် နတ္ထိ
မတည်ရှိသို့…။
ည-ညကိုရှာ
ရှာသော် မတွေ့၊ အမှောင်သာမွေ့၏။

Most Read

Most Recent