IS တို့ မျှော်မှန်းတဲ့ အစ္စလာမ္မစ် လွတ်မြောက်နယ်မြေနဲ့ အနာဂတ်မြန်မာနိုင်ငံ (၂)

IS တို့ မျှော်မှန်းတဲ့ အစ္စလာမ္မစ် လွတ်မြောက်နယ်မြေနဲ့ အနာဂတ်မြန်မာနိုင်ငံ (၂)
Published 11 September 2017

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့၏ ၂၀၁၇ ခုနှစ် ကာကွယ်ရေးအသုံးစရိတ်နှင့် ဂျီဒီပီအချိုးပြဇယားကို တွေ့ရစဉ်

၂၀၁၂ ခုနှစ်က အခြေတည်ခဲ့တဲ့ ရခိုင်အရေးဟာ IS စစ်သွေးကြွတွေ နောက်ကွယ်က ပါဝင်ပတ်သက်နေတယ်လို့ ရုပ်လုံးအတိအကျ ပေါ်လာပြီလို့ ယူဆနိုင်တဲ့ အခြေအနေမှာ မြန်မာနိုင်ငံကတော့ သူတစ်လူ ငါတစ်မင်းနဲ့ ပြည်တွင်းစစ် ဖြစ်နေဆဲပါ။

သူတစ်လူ ငါတစ်မင်းသွေးကွဲ ခြင်းပဋိပက္ခနဲ့ ပြည်တွင်းစစ်ဆင်နွှဲနေတဲ့ မြန်မာနိုင်ငံဟာ ဆီးရီးယားလို အဖြစ်ခံမလားဆိုတဲ့ မေးခွန်းကိုလည်း တာဝန်ရှိသူတွေအနေနဲ့ ဖြေဆိုဖို့ လိုအပ်လာပါတယ်။

ဆီးရီးယားကို အကြမ်းဖျင်း ကြည့်မယ်ဆိုရင် လက်နက်ကိုင်အဖွဲ့ ပေါင်း ၁၀၀ ကျော်ရှိတယ်။ လယ်ယာစိုက်ပျိုးရေးနိုင်ငံ ဖြစ်တယ်။ အစိုးရကိုတွန်းလှန်ဖို့ ပြည်တွင်းစစ် ဆင်နွှဲနေချိန်မှာ IS စစ်သွေးကြွတွေက နိုင်ငံတစ်ဝက်ကျော် ပတ်သိမ်းသွားခဲ့ပြီး လူဦးရေ သုံးသိန်းလောက်သေ ဆုံးခဲ့ပြီး လူဦးရေ ၁၁ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။

ပြည်တွင်းစစ် ခုနစ်နှစ်အကြာမှာတော့ IS စစ်သွေးကြွတွေရဲ့ အစ္စလာမ္မစ်နိုင်ငံအဖွဲ့ ကျဆုံးနေပြီဆိုပေမယ့် နိုင်ငံကို ပြန်လည်ထူထောင်ရေးနဲ့ ငြိမ်းချမ်းရေးကတော့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေးနိုင်ငံ၊ လက်နက်ကိုင်အဖွဲ့ပေါင်း ရာနဲ့ချီရှိတဲ့ နိုင်ငံမှာ တိုင်းသူပြည်သားအချင်းချင်း မတည့်ဖြစ်နေတုန်း IS စစ်သွေးကြွတွေက အခွင့်အရေး ရသွားခဲ့သလိုမျိုး ထပ်တူပြုခံနေရတာက မြန်မာနိုင်ငံပါ။

ဆီးရီးယားမှာလို လက်နက်ကိုင်တွေက အစိုးရကိုတော်လှန်၊ IS စစ်သွေးကြွတွေက နိုင်ငံကိုပတ်သိမ်းဆိုတဲ့ အဖြစ်မျိုးကို ဆီးရီးယားလို လက်နက်ကိုင်ရာနဲ့ချီရှိတဲ့ နိုင်ငံ၊ ပြည်တွင်းစစ်ရှိနေပြီး မညီညွတ်တဲ့ မြန်မာနိုင်ငံဟာ IS စစ်သွေးကြွတွေရဲ့ ဘေးရန်အပြင် နိုင်ငံတကာ မျက်နှာစာကိုပါ စစ်မျက်နှာဖွင့်ရမယ့် အခြေအနေမှာ ဘာဆက်လုပ်ကြမလဲဆိုတဲ့မေးခွန်းကို အကောင်းဆုံး အဖြေထုတ်နိုင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

အဓိကအခြေပြုစဉ်းစားရမှာက မြန်မာနိုင်ငံဟာ အာရှရဲ့ဆီးရီးယား မဖြစ်ဖို့ကိုပါ။ အာဆီယံမှာ အဆင်းရဲဆုံးနိုင်ငံ၊ စစ်စရိတ်သုံးစွဲနိုင်မှု အနိမ့်ဆုံးနိုင်ငံ၊ လက်နက်ကိုင်တပ်ဖွဲ့ အများဆုံးနိုင်ငံဆိုတဲ့ စိတ်ပျက်စရာ ဂုဏ်ပုဒ်တွေနဲ့ ဖွတ်ကျောပြာစု နိုင်ငံဟာ ပြည်တွင်းစစ်စရိတ်အပြင် IS စစ်သွေးကြွတွေရဲ့ ထောက်ပံ့မှုနဲ့ အစွန်းရောက် အကြမ်းဖက်ဘင်္ဂါလီတွေရဲ့ ရန်စွယ်အပြင် ဘင်္ဂါလီတွေကို လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ ယုံကြည်နေတဲ့ ပြည်ပနိုင်ငံတွေရဲ့ဖိအား၊ ဘင်္ဂါလီတွေဟာ ရိုဟန်ဂျာဖြစ်တယ်လို့ လက်ခံထားပြီး ဒီလူတွေဟာ လူမျိုးသုဉ်း အသတ်ခံနေရတယ်ဆိုတဲ့ မှားယွင်းတဲ့သတင်း အချက်အလက်တွေကို အခြေခံပြီး မြန်မာနိုင်ငံကို စစ်ရေးအရ ဖိအားပေးချင်တဲ့ အစ္စလာမ္မစ်နိုင်ငံအချို့၊ ငြိမ်းချမ်းရေးရဖို့ မလွယ်ကူသေးတဲ့ ပြည်တွင်းစစ်၊ အရေးတကြီး ကာကွယ်ရမယ့် အချုပ်အခြာအာဏာနဲ့ IS တို့မျှော်မှန်းတဲ့ အစ္စလာမ္မစ် လွတ်မြောက်နယ်မြေဟာ မြန်မာနိုင်ငံမှာ ဖြစ်မလာရေးအတွက် အစွမ်းကုန် ကာကွယ်ရေးဟာ မြန်မာနိုင်ငံသား အချင်းချင်း တိုက်ခိုက်နေမှုထက် ပိုမိုအရေးကြီးတဲ့ဖြစ်ရပ် ဖြစ်လာခဲ့ပါပြီ။

ပြည်တွင်းမှာ ပြည်တွင်းစစ်အပြင် နိုင်ငံတကာမျက်နှာစာမှာလည်း ရခိုင်အရေးအတွက် ဖွဲ့စည်းပေးခဲ့တဲ့ ကိုဖီအာနန်ရဲ့ ကော်မရှင်နဲ့အတူ အစွန်းရောက်အကြမ်းဖက်ဘင်္ဂါလီတွေကို လျှော့တွက်ခဲ့မှု အကျိုးဆက်အဖြစ် မြန်မာနိုင်ငံဟာ နိုင်ငံတကာ မျက်နှာစာမှာ အရှုံးတွေနဲ့ပဲ ရင်ဆိုင်နေရတဲ့ အခြေအနေကို ဖြစ်စေခဲ့ပါတယ်။

မငြင်းပယ်နိုင်တဲ့ အကျိုးဆက်တွေအဖြစ် အာနန်ကော်မရှင် ဖွဲ့စည်းအပြီး ပြည်သူတွေနဲ့ အစွန်းရောက် အကြမ်းဖက်ဘင်္ဂါလီတွေ သေဆုံးခဲ့မှုကလည်း များပြားခဲ့ပါတယ်။ နိုင်ငံတကာမျက်နှာစာမှာ စစ်အာဏာရှင်လက်ထက်ကထက်တောင် ပြင်းထန်တဲ့ဝေဖန်သံတွေ ထွက်ခဲ့သလို စစ်ရေးအရ ဖိအားပေးတာ၊ အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့  R2P( The Responsibility to protect ကာကွယ်စောင့်ရှောက်ရန် တာဝန်ယူမှုကို R2P ဒါမှမဟုတ် R to P လို့ခေါ်ပါတယ်) ဝင်ဖို့ ဖိအားပေးခံရတာ၊ ရခိုင်ပြည်နယ်ကို လူ့အခွင့်အရေး ကောင်စီအနေနဲ့ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေ ဖော်ထုတ်ရေးအဖွဲ့ (Facts Finding Mission) စေလွှတ်ဖို့ ဆုံးဖြတ်ခံရတာ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဗယ်လ်ဆုကို ပြန်ရုပ်သိမ်းဖို့ တောင်းဆိုသံတွေ ဆူညံလာတာ၊ နိုဗယ်လ်ဆုရှင်တွေဖြစ်တဲ့ ယူဇွတ်ဖ် ဇိုင်မာလာလာရဲ့ ဝေဖန်သံ၊ ဒက်စမွန်တူးတူးရဲ့ ဝေဖန်သံတွေ၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တို့ရဲ့ ဝေဖန်သံတွေနဲ့ လက်ရှိဖြစ်နေတဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုအပေါ် နိုင်ငံတကာက သိရှိမှုလွဲပြီး ဖိအားပေးနေတာကြောင့် ရခိုင်ပြည်နယ်အရေးကို လုံခြုံရေးကောင်စီ မတက်နိုင်အောင် မိတ်ဆွေနိုင်ငံတွေနဲ့ ညှိနှိုင်းနေရတာဟာ အာနန်ကော်မရှင်ဖွဲ့အပြီးမှာ ရခိုင်အရေးဟာ ပြည်တွင်းရေးဆိုတာထက် နိုင်ငံတကာ အရေးအသွင်ဆောင်လာတာကို  ပေါ်လွင်လာစေတဲ့ အသွင်ဆောင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ အရေးအသွင် ဆောင်လာတာနဲ့ နိုင်ငံတကာ ဖိအားပေးမှုက ကင်းလွတ်ဖို့ဆိုရင် အာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေထဲက တိုင်းပြည်အတွက် နစ်နာစေနိုင်တဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပြင်ဆင်မှုနဲ့ ဘင်္ဂါလီတွေကို ပြည်သူ့စစ်အသွင်ဖွဲ့ဖို့ဆိုတဲ့ အချက်တွေကလွဲရင် ပဋိပက္ခဆက်လက် မဖြစ်ပွားရေးအတွက် အမြန်ဆုံး လုပ်ဆောင်သင့်တဲ့အကြံပြုချက်တွေကို လက်ရှိဝေဖန်နေကြတဲ့ နိုင်ငံတကာအကူအညီနဲ့ အမြန်ဆုံးအကောင်အထည်ဖော်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

အခြားတစ်ဖက်မှာကြည့်မယ် ဆိုရင်လည်း ယူကရိန်းရဲ့ ခရိုင်းမီးယား ပြဿနာလိုမျိုး ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီတွေက မြန်မာနိုင်ငံမှာ နယ်မြေသစ်ရအောင် မောင်တောဒေသကို လွှမ်းမိုးပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းဖို့ ကြံရွယ်နေတယ်ဆိုတဲ့ ယူဆချက်ကလည်း ရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ Great Bengal အိပ်မက်အတွက် မြန်မာနိုင်ငံထဲက ဘင်္ဂါလီတွေက မောင်တောဒေသကိုရအောင် ကြံဆောင်ပြီး ခရိုင်းမီးယားအရေးလို ယူကရိန်းပိုင်မြေကနေ ရုရှားပိုင်မြေအဖြစ် ပူးပေါင်းသွားနိုင်တဲ့ အခြေအနေမျိုးဖြစ်နေတာကို ကုလသမဂ္ဂနဲ့ ဖိအားပေးနေတဲ့ နိုင်ငံတွေက ဘယ်လိုရပ်တည်မလဲဆိုတာ မေးခွန်းထုတ်ရမှာဖြစ်ပြီး ရခိုင်ပြည်နယ်၊ မောင်တောဒေသကို မြန်မာအချုပ်အခြာ အာဏာကနေ ခွဲထွက်သွားပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းသွားအောင် ကုလသမဂ္ဂအနေနဲ့ သိသိကြီးနဲ့ ဖိအားပေးနေတာလားလို့ မေးခွန်းထုတ်ရမှာပါ။

“ဘူးသီးတောင်၊ မောင်တောဒေသမှာ ARSA ဘင်္ဂါလီအကြမ်းဖက်အဖွဲ့က ရဲစခန်းတွေကို တစ်ပြိုင်တည်းတိုက်တာ၊ ရခိုင်၊ မြို၊ ဒိုင်းနက် တိုင်းရင်းသားရွာတွေကို တိုက်ခိုက်တာဟာ နယ်မြေသိမ်းပိုက်ဖို့ မဟုတ်ဘူး။ သူတို့က (၁) ဘူးသီးတောင်၊ မောင်တောဒေသကို အုပ်ချုပ်လို့မရတော့တဲ့ ဥပဒေစိုးမိုးမှုလုံးဝမရှိတော့တဲ့ ဒေသဖြစ်စေချင်တယ်။ ဒါ့ကြောင့် ရဲစခန်းတွေကိုတိုက်၊ အုပ်ချုပ်ရေးမှူးတွေကို သတ်၊ လမ်းတွေမှာ မိုင်းထောင်၊ တိုင်းရင်းသားတွေ ထွက်ပြေးအောင် လုပ်နေတာဖြစ်တယ်။ (၂) ဘူးသီးတောင်၊ မောင်တောဒေသကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးဒုက္ခရောက်တဲ့ ဒေသဖြစ်စေချင်တယ်။ ဒါ့ကြောင့် မူဆလင်ရွာတွေကိုအခြေပြုပြီး လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်တာလုပ်တယ်။ ရွာထဲမှာ တိုက်ပွဲဖြစ်တော့ အကြမ်းဖက်မှုထဲမပါတဲ့ ရွာသားတွေတောင်လန့်ပြီး ရွာမှာမနေရဲတော့ဘူး။ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးရတယ်။ တချို့ရွာတွေမှာ ရွာသားတွေ ပြန်မလာနိုင်အောင် အကြမ်းဖက်သမားတွေကပဲ မီးရှို့ပစ်လိုက်တယ်။ ဒီလိုနဲ့ ဘင်္ဂလားဒေ့ရ်ှ ဘက်ကိုရောက်လာတဲ့ ထောင်သောင်းချီတဲ့ ဒုက္ခသည်တွေဟာ နိုင်ငံတကာ အာရုံစိုက်ဖို့ အကောင်းဆုံးပစ်မှတ် ဖြစ်လာတယ်။ ARSA ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ရဲ့ နောက်ဆုံးရည်မှန်းချက်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးဆိုက်နေပြီဆိုတဲ့ အခြေအနေကနေ နိုင်ငံတကာ ဖိအားတွေကြောင့် ဘင်္ဂါလီတွေကို ရိုဟင်ဂျာတိုင်းရင်းသားအဖြစ် မြန်မာအစိုးရက အသိအမှတ် ပြုလိုက်ရတဲ့ အခြေအနေအထိ ရောက်အောင်လုပ်ဖို့ပဲ။ တိုင်းရင်းသားအဖြစ်ရပြီဆိုတာနဲ့ နောက်တစ်ဆင့်မှာ  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြဋ္ဌာန်းပေးတဲ့အထိ ဆက်လုပ်မှာပဲ။ အဲဒီရည်မှန်းချက်ရဖို့အတွက် သူတို့မှာ အမြောက်တွေ၊ လေယာဉ်တွေမလိုဘူး။ ကုလသမဂ္ဂတပ်တွေ ဝင်ပါဖို့ လည်းမလိုဘူး။ လက်နက်ငယ်၊ ဗုံး၊ ဓားနဲ့မီးလောင်ဗုံးတွေက သူတို့ လိုချင်တဲ့ ပဋိပက္ခအဆင့်ကို ရောက်အောင် လုပ်ပေးနိုင်တယ်။ အခုဆိုရင် ရခိုင်ပြည်နယ်အကြောင်းဘာမှ မသိဘဲနဲ့ မီဒီယာမှာပါတဲ့ ဓာတ်ပုံတွေကိုကြည့်ပြီး နိုင်ငံတကာ ခေါင်းဆောင်တွေ၊ ထင်ပေါ်ကျော်ကြားသူတွေ အတော်များများက ဘင်္ဂါလီတွေ နှပ်ကြောင်းပေးတဲ့လမ်းကြောင်းအတိုင်း လိုက်လာပြီး ကြေညာချက်တွေထုတ်တာ၊ တောင်းဆိုတာကို တွေ့လာရပြီ။ တပ်မတော်အစိုးရ လက်ထက်၊ ဦးသိန်းစိန်အစိုးရ လက်ထက်မှာတောင် ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီး ဒီလောက်ပြင်းထန်တဲ့ ဖိအားမရှိခဲ့ဖူးဘူး။ ဒါကြောင့် ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ရင် မြေပြင်မှာတိုက်သလို နိုင်ငံတကာ မျက်နှာစာမှာလည်း တိုက်ရမှာပဲ။ အခု အချိန်ထိတော့ အစိုးရရော၊ နိုင်ငံရေးသမားတွေရော၊ ပြည်တွင်းမီဒီယာတွေရော၊ နိုင်ငံသားတွေကရော နိုင်ငံတကာ မျက်နှာစာမှာ ကိုယ်လုပ်နိုင်သလောက် တုံ့ပြန်ဆောင်ရွက်နေပေမယ့် ကျွန်တော်တို့ ဆောင်ရွက်ချက်တွေက ပြန့်ကြဲနေတယ်။ သီပေါမင်းပါသွားတော့မှ ရရာတုတ် ဓားဆွဲပြီး အင်္ဂလိပ်စစ်တပ်ကို ထွက်တိုက်တဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ စုစည်းတဲ့မဟာဗျုဟာမရှိဘူး။ ဟိုဘက်က ဟဲဗီးဝိတ်တွေ တက်ထိုးနေချိန်မှာ ဒီဘက်က အပျော်တမ်းသမားက တက်ထိုးနေရသလို ဖြစ်တယ်။ အခုအချိန်မှာ အစိုးရက ဦးဆောင်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပြန်ကြားရေး ကဏ္ဍအသီးသီးက လူတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့၊ ငါနဲ့တူတာ၊ မတူတာ၊ ကြိုက်တာ၊ မကြိုက်တာတွေ မေ့ထားပြီး အားလုံးပါဝင် အကောင်အထည်ဖော်နိုင်တဲ့ မဟာဗျုဟာတစ်ခု ချမှတ်ဖို့အရေးတကြီး လိုလာပါပြီ။ ရန်သူဘက်က မဟာဗျူဟာကျကျ လုပ်လာချိန်မှာ ကိုယ့်ဘက်က ဆန်စင်ရာ ကျည်ပွေ့လိုက်တဲ့ နည်းဗျုဟာနဲ့ ပြန်တိုက်နေဖို့ မဖြစ်နိုင်တော့ပါဘူး” လို့ ပြန်ကြား ရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ရခိုင်ဒေသရဲ့ လက်ရှိအခြေအနေအပေါ် သုံးသပ်ချက်ကို သူ့ရဲ့လူမှု ကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

သေချာတာကတော့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်နယ်မြေတစ်ခုဟာ ယူကရိန်းရဲ့ ခရိုင်းမီးယားလို ခွဲထွက်သွားတာမျိုး၊ ဆီးရီးယားလို့ IS စစ်သွေးကြွတွေ ခြေကုပ်ယူသွားနိုင်တာမျိုးနဲ့ မြန်မာနိုင်ငံရဲ့ လူဦးရေရာခိုင်နှုန်း ၉၀ ကျော်က လက်မခံတဲ့ ခိုးဝင်ဘင်္ဂါလီတွေကို တိုင်းရင်းသားအဖြစ် ပေးလိုက်ရတာမျိုး ဘယ်လိုမှလက်သင့်ခံနိုင်မှာ မဟုတ်သလို လိုအပ်တဲ့ မဟာဗျူဟာမှန်သမျှ အရေးပေါ်ချမှတ်ဖို့လည်း လိုအပ်မှာပါ။

 

GFP က ထုတ်ပြန်တဲ့ မြန်မာ့စစ်အင်အား

မြန်မာနိုင်ငံမှာ စစ်အသုံးစရိတ်ဟာ အများဆုံးဖြစ်နေတယ်လို့ အပြောခံရတဲ့ခေတ်ဟာ NLD အစိုးရ လက်ထက်မှာ မရှိတော့ပါဘူး။  NLD အစိုးရလက်ထက်မှာ စစ်အသုံးစရိတ်ဟာ တတိယအဆင့်ကို ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

နောက်တစ်ချက်က မြန်မာနိုင်ငံရဲ့ စစ်အသုံးစရိတ်ဟာ အာဆီယံမှာ အနိမ့်ဆုံးနိုင်ငံထဲက တစ်ခုဖြစ်ပြီး  Global Fire Power က ထုတ်ပြန်တဲ့ မြန်မာ့စစ်အင်အားအရဆိုရင် မြန်မာနိုင်ငံဟာ အဆင့် ၃၁ မှာ ရပ်တည်နေနိုင်တယ်ဆိုပေမယ့် လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ ပြည်တွင်းစစ်၊ နယ်မြေလုချင်တဲ့ အစွန်းရောက် ဘင်္ဂါလီတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ နိုင်ငံတကာက စွက်ဖက်လာရင်ဆိုတဲ့ အခြေအနေတွေကို စဉ်းစားဖို့ လိုအပ်မှာပါ။

Global Fire Power က ဖော်ပြမှုတွေအရဆိုရင် ၂၀၁၇ ခုနှစ်အတွက် နိုင်ငံပေါင်း ၁၃၃ နိုင်ငံမှာ မြန်မာနိုင်ငံဟာ အဆင့် ၃၁ ပါ။ ဒါဟာ ၂၀၁၅ တုန်းက အဆင့် ၄၄ နဲ့ ၂၀၁၆ ခုနှစ်က အဆင့် ၃၃ နဲ့ နှိုင်းယှဉ်မယ်ဆိုရင် တိုးတက်မှုရှိနေတာကို မြင်ရမှာပါ။ ဒါပေမဲ့ အားနည်းမှုတွေလည်း ရှိနေပြီး အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတွေက မြန်မာ့တပ်မတော်ထက် စစ်ဘက်ဆိုင်ရာစွမ်းအင် သာလွန်နေပါတယ်။

လူဦးရေ ၅၆ သန်းကျော်နဲ့ တွက်ဆထားတဲ့ မြန်မာနိုင်ငံရဲ့ စစ်စွမ်းအင်ဆိုင်ရာ တပ်ဆင်မှုတွေကို ကြည့်မယ်ဆိုရင် စစ်သည်အင်အား ၄၀၆၀၀၀၊ အရန်အင်အား ၁၁၀၀၀၀၊ စစ်သည်အဖြစ်သုံးနိုင်တဲ့ နှစ်စဉ်အရွယ်ရောက်သူဦးရေ တစ်သန်းသုံး ထောင်ပြဆိုထားပြီး ရရှိနိုင်တဲ့ လူ့စွမ်းအား သန်း ၃၀ နဲ့ အသင့်ဖြစ်နေတဲ့ အင်အား ၂၁ သန်းကျော်ရှိမယ်လို့ သုံးသပ်ထားတာ တွေ့ရပါတယ်။

ကြည်း၊ ရေ၊ လေ စွမ်းဆောင်မှု အားလုံးကို အကဲဖြတ်ရာမှာ ၃၁ ရ ပေမယ့် မြန်မာနိုင်ငံအနေနဲ့ လေတပ်စွမ်းရည်မှာ အဆင့်  ၃၈ ရှိနေပြီး ရေတပ်မှာတော့ အဆင့် ၁၅ လို့ ပြထားပါတယ်။ ကြည်းတပ်မှာဆိုရင် တင့်ကား (Combat Tanks) ၅၉၂ စီး၊ သံချပ်ကာယာဉ် (Armored Fighting Vehicles) ၁၃၅၈ စီး၊Propelled Atillery ၁၀၈ စီး၊ Towed Atillery ၁၀၈ စီး၊ Rocket Projectors ၁၀၈ စီး ရှိတယ်လို့ ဆိုထားပါတယ်။ လေတပ်မှာဆိုရင် လေယာဉ်၂၄၉ စင်း၊ Fighter Aircraft ၅၆ စင်း၊  Attact Aircraft ၇၇ စင်း၊ ပို့ဆောင်ရေးလေယာဉ် ၉၇ စင်း၊ အမောင်းသင်လေယာဉ် ၅၈ စင်း၊ ရဟတ်ယာဉ် ၈၆ စင်းနဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်ကိုးစင်းရှိနေတယ်လို့ ဖော်ပြထားပါတယ်။

Total Navas Assets ၁၅၅ စင်းနဲ့ ကမ္ဘာ့အဆင့် ၁၅ မှာရှိနေတဲ့ မြန်မာရေတပ်မှာဆိုရင် ရေငုပ်သင်္ဘော၊ ဖျက်သင်္ဘောနဲ့ လေယာဉ်တင် သင်္ဘောလုံးဝမရှိသေးဘဲ Firgates ငါးစင်း၊ Corvettes သုံးစင်း၊ Patrol Craft အစင်း ၄၀ နဲ့  Mine Warfare Vessels တစ်စင်းပဲ ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဘင်္ဂါလီခိုးဝင်ပြဿနာမှာ မြန်မာနိုင်ငံဟာ နယ်စပ်တံခါး ကုန်းလမ်းမလုံခြုံမှုသာမက ရေလမ်းကြောင်း ခိုးဝင်ပြဿနာကိုပါ ရင်ဆိုင်နေရတာမို့ ရေတပ်အင်အား တိုးချဲ့ရေးကလည်း လိုအပ်မယ့်အခြေအနေပါ။ ကမ္ဘာ့နိုင်ငံပေါင်း ၁၃၃ နိုင်ငံမှာ မြန်မာဟာ အဆင့် ၃၁ ရနေပြီး အာဆီယံမှာ အဆင့်လေးနေရာမှာ ရှိနေတယ်ဆိုပေမယ့် မြန်မာအထက်ကို ကြည့်မယ်ဆိုရင် အင်ဒိုနီးရှားနိုင်ငံက GFP မှာ အဆင့် ၁၄ ပါ။ ဗီယက်နမ်နိုင်ငံက အဆင့် ၁၆ ဖြစ်ပြီးတော့ ထိုင်းနိုင်ငံက အဆင့် ၂၀ ပါ။ မလေးရှားဟာ အဆင့် ၃၃ နေရာမှာ ရှိနေပြီးတော့ ဖိလစ်ပိုင်က အဆင့် ၅၀ မှာပါ။ Force Goal ၂၀၃၀ နဲ့ ရေတပ်အင်အားကို အဓိကထားတိုးချဲ့နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဆင့် ၅၇ မှာ ရပ်တည်နေပြီးတော့ စင်ကာပူနိုင်ငံကတော့ အဆင့် ၆၅ နေရာမှာပါ။ နိုင်ငံတိုင်းမှာ လျှို့ဝှက်ထားတဲ့ လက်နက်တွေ ရှိနေနိုင်တယ်ဆိုပေမယ့် ကိုယ့်နိုင်ငံရဲ့ လုံခြုံရေးအင်အားကို ခိုင်မာအောင် ဖြည့်တင်းဖို့ လိုအပ်မှာဖြစ်ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံကို ဖိအားပေးတဲ့အထဲမှာ ပါဝင်နေတဲ့ တူရကီဟာ GFP မှာ အဆင့်ရှစ်ဖြစ်ပြီးတော့ ခိုးဝင်ဘင်္ဂါလီအရေးကို နိုင်ငံတကာအရေးဖြစ်အောင် အမြဲစင်တင်ပေးတဲ့ ဗြိတိန်ဟာ အဆင့်ခြောက်နေရာမှာ ရှိနေပါတယ်။ အီဂျစ်ဟာ အဆင့် ၁၀၊ ဘင်္ဂါလီအစွန်းရောက်အကြမ်းဖက်တွေကို သင်တန်းပေးတဲ့နေရာလို့ ရေးသားနေတဲ့ ပါကစ္စတန်ဟာ GFP မှာ အဆင့် ၁၃ နေရာမှာ ရှိပါတယ်။ အီရန်ဟာ အဆင့် ၂၁၊ ဆော်ဒီအာရေးဗီးယားဟာ အဆင့် ၂၄၊ ဆီးရီးယားဟာ အဆင့် ၄၄ မှာ ရှိနေတယ် လို့ Global Fire Power က ဖော်ပြထားပါတယ်။

“ရေတပ်အင်အားလည်း လိုတာပေါ့။ လိုတဲ့အခါမှာ နိုင်ငံရဲ့ အခြေအနေအပေါ် မူတည်ပြီး တည်ဆောက်ရတယ်။ ရေတပ်အင်အားကို တည်ဆောက်တဲ့အခါမှာ နိုင်ငံရဲ့ အကျိုးစီးပွားပေ့ါ။ နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ မူတည်ပြီးမှ တည်ဆောက်ရမှာ ဖြစ်ပါတယ်။ တည်ဆောက်တဲ့အချိန်မှာ နိုင်ငံကနေရတဲ့ ဘတ်ဂျက်အပေါ်မှာ တစ်ဆင့်ခြင်း တည်ဆောက်ရတာ ဖြစ်ပါတယ်။ တပ်မတော်အရာရှိကြီးတွေကလည်း တရားဝင်ထုတ်ပြောပြီးသား ဖြစ်ပါတယ်။ ရေတပ်အနေနဲ့ နှစ်အလိုက်ကာလ အပိုင်းအခြားနဲ့ တိုးချဲ့တည်ဆောက်နေတာ ဖြစ်ပါတယ်။ ပြည်တွင်းမှာ တည်ဆောက်နေတာတွေလည်း ရှိနေပါတယ်။ ရေငုပ်သင်္ဘောဆိုတာကိုလည်း တစ်ချိန်မှာ ပိုင်ဆိုင်ရမယ်ဆိုပြီး ပြောထားတာ ရှိပါတယ်။ ရေငုပ်သင်္ဘောကြီး ပိုင်ဆိုင်ဖို့ဆိုတာကလည်း အစင်းလိုက်ကြီးဝယ်ပြီး ချက်ချင်းပိုင်ဆိုင်တာ မဟုတ်ပါဘူး။ ရေငုပ်သင်္ဘောအတွက် လူ့စွမ်းအားအရင်းအမြစ်တွေကို လေ့ကျင့်မွေးထုတ်ပေးဖို့ အချိန်ကာလတစ်ခုလိုတယ်။ နောက်ပြီးတော့ ရေငုပ်သင်္ဘောအတွက် နေရာ၊ ဆိပ်ကမ်းတွေထားဖို့လည်း လိုသေးတယ်။ ဒါတွေက တစ်ချိန်တော့ ဖြစ်လာပါလိမ့်မယ်။ ဆက်စပ် ပြီးပြောရရင် ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ရေလမ်းကြောင်းကနေ ခိုးဝင်တာတွေ အများကြီးရှိတာပေါ့။ လိုအပ်တဲ့နေရာတွေမှာတော့ တိုးချဲ့နေတယ်လို့ ထင်ပါတယ်” လို့ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ မူဝါဒတွေလေ့လာသူ ပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ်သုံးစွဲမှုကို ကြည့်မယ်ဆိုရင် နှစ်စဉ်ပျမ်းမျှအားဖြင့် ပြည်ထောင်စု အသုံးစရိတ်ရဲ့ ၁၄ ရာခိုင်နှုန်းခန့် ဖြစ်ပေါ်နေတာကြောင့် ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေနဲ့ နှိုင်းယှဉ်ပြီးတော့ များပြားတယ်လို့ ဝေဖန်ခံနေရတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါပေမဲ့ ကာကွယ်ရေးအသုံးစရိတ်ကို နိုင်ငံတွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးအသုံး စရိတ်ဟာ အာဆီယံမှာ ကမ္ဘောဒီးယားနဲ့ ဘရူနိုင်းထက်ပဲများနေပြီးတော့ ကျန်တဲ့နိုင်ငံတွေထက် နည်းနေတာကို တွေ့ရပါတယ်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် နိုင်ငံအလိုက် ကာကွယ်ရေး ဘတ်ဂျက်သုံးစွဲမှုမှာ စင်ကာပူနိုင်ငံက ကာကွယ်ရေးဘတ်ဂျက် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံနဲ့ အများဆုံး အသုံးပြုထားပြီး အင်ဒိုနီးရှားနိုင်ငံက ဒေါ်လာ ၈ ဒသမ ၃ ဘီလျံ၊ ထိုင်းနိုင်ငံက ဒေါ်လာခြောက်ဘီလျံ၊ ဗီယက်နမ်နိုင်ငံက ဒေါ်လာငါးဘီလျံ၊ မလေးရှားနိုင်ငံက ဒေါ်လာ ၃ ဒသမ ၆ ဘီလျံနဲ့ ဖိလစ်ပိုင်နိုင်ငံက ဒေါ်လာ ၂ ဒသမ ၇၆ ဘီလျံလျာထားပြီး  ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၂ ဒသမ ၈ ဘီလျံနဲ့ မြန်မာနိုင်ငံက ဒေါ်လာ ၂ ဒသမ ၁၄ ဘီလျံ အသုံးပြုမယ်လို့ ဆိုပါတယ်။ အိမ်နီးချင်းနိုင်ငံကြီးတွေမှာ တရုတ်နိုင်ငံက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကထက် ကာကွယ်ရေးအသုံး စရိတ်ကို ခုနစ်ရာခိုင်နှုန်းကျော် တိုးမြှင့်ဖို့ ရည်ရွယ်ထားတာကြောင့် ဒေါ်လာ ၁၄၇ ဘီလျံအထိ အသုံးပြုဖွယ် ရှိနေပြီးတော့ အိန္ဒိယနိုင်ငံက ၄၀ ဒသမ ၄ ဘီလျံအထိ အသုံးပြုမှာပါ။ မြန်မာနိုင်ငံဟာ ကာကွယ်ရေး အသုံးစရိတ်ကို အနည်းဆုံးသုံးတဲ့ အထဲမှာပါနေပေမယ့် ဆင်းရဲတဲ့ နိုင်ငံတစ်ခုဖြစ်တာကြောင့် ဂျီဒီပီမှာ ကာကွယ်ရေးအသုံးစရိတ်ပါဝင်မှုကတော့ မြင့်မားတဲ့အဆင့်ထဲမှာ ပါဝင်နေတာကိုလည်း တကောင်းနိုင်ငံရေး လေ့လာမှုအဖွဲ့နဲ့ မြန်မာ့မဟာဗျူဟာ လေ့လာရေးစင်တာတို့ ပူးပေါင်းထုတ်ဝေတဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ်ကို လေ့လာတဲ့စာတမ်းငယ်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ မျက်မှောက်ကာလမှာ နိုင်ငံတော်လုံခြုံရေးဆိုတာက လက်နက်ကိုင် တပ်မတော်တစ်ခုနဲ့တင် မလုံလောက်တော့ဘဲ Economic Warfare တွေ Cyberwarfare တွေကိုပါ ထည့်သွင်းဆင်နွှဲတာမို့ အမျိုးသားလုံခြုံရေး၊ အမိမြေလုံခြုံရေးလို့ပါ သုံးနှုန်းလာတာဖြစ်လို့ အချုပ်အခြာအာဏာကို တည်တံ့စေချင်တယ်ဆိုရင် အမိမြေလုံခြုံရေး လိုအပ်ချက်တွေအတွက် ကြိုတင်ပြင်ဆင်နိုင်ဖို့ လိုအပ်မှာပါ။

“နိုင်ငံသားဖြစ်ချင်တယ်ဆိုရင် ၁၉၈၂ ခုနှစ် ဥပဒေအရ အကျုံးဝင်တဲ့သူတွေဖြစ်ဖို့ လိုသလို နောက်တစ်ခုက မြန်မာနိုင်ငံရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာဥပဒေတွေကို လေးစားလိုက်နာတဲ့ သူတွေဖြစ်ရမယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံအပေါ် သစ္စာရှိတဲ့သူတွေ ဖြစ်ရမယ်။ သစ္စာခံနိုင်သူတွေ ဖြစ်ရမယ်။ ၈၂ ဥပဒေကတော့ ပြင်လို့မရဘူး။ ၈၂ ဥပဒေအတိုင်းသွားရမယ်။ သွားသင့်တယ်။ ဘယ်နိုင်ငံမဆို နိုင်ငံသားဖြစ်ချင်တယ်ဆိုရင် လူမျိုးဘာသာ ကွဲပြားသော်ငြားလည်း အဲဒီနိုင်ငံသားခံယူချင်  တဲ့နိုင်ငံရဲ့ဥပဒေကို လေးစားလိုက် နာနိုင်တဲ့သူဖြစ်ဖို့ လိုတယ်။ အဲဒီလိုမှ မလိုက်နာနိုင်ရင် နိုင်ငံသားဖြစ်ဖို့ မသင့်ဘူး။ နိုင်ငံသားဖြစ်ခွင့် မပေးသင့်ဘူး။ အဲဒီအချက်က နိုင်ငံတကာမှာ တော်တော်လေးကို တစ်ဖက်စောင်းနင်း ဖြစ်နေတယ်။ ဒီဟာက နောင်တစ်ချိန်မှာ တိုင်းပြည်ရဲ့ အမျိုးသားလုံခြုံရေးရော အကျိုးစီးပွားကိုပါ ထိခိုက်သွားနိုင်တယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ ကျန်းမာကြံ့ခိုင်တဲ့ လူသားအရင်းအမြစ်အင်အား၊ နည်းပညာအင်အား၊ စီးပွားရေးနဲ့ဓနအင်အား၊ ယဉ်ကျေးမှုအင်အားနဲ့ ကာကွယ်ရေးအင်အား (National Security & Homeland Security) ငါးခုနဲ့ ပြည့်စုံနေဖို့လိုတယ်။ အဲဒီအင်အားငါးခုနဲ့သာ ပြည့်စုံနေမယ်ဆိုရင် ဘယ်လို ခြိမ်းခြောက်မှုမျိုးကိုမဆို ရင်ဆိုင်နိုင်တယ်။  အခုကျတော့ ဒီကိုလာပြီး အနိုင်ကျင့်တဲ့သဘော ဖြစ်နေတယ်။ တိုင်းပြည်ရဲ့ သွားနေတဲ့ တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုကို အနှောင့်အယှက် ဖြစ်လာစေနိုင်တယ်။ မလိုလားအပ်တဲ့ ပဋိပက္ခတွေ ဖြစ်လာတာလဲ မကောင်းဘူး။ အေးအေးချမ်းချမ်းနေချင်တဲ့ သူတွေကလည်း သူ့ဘာသာနေလို့မရ ဖြစ်သွားမယ်။ နိုင်ငံသားဖြစ်ချင်ရင်တော့  နိုင်ငံ့အပေါ် သစ္စာရှိတဲ့သူ ဖြစ်ဖို့လိုတယ်။ သစ္စာမရှိတဲ့သူကိုတော့ ဘယ်နိုင်ငံမှ လက်မခံပါဘူး။ အမေရိကန်လည်း လက်မခံဘူး။ Refugee တိုင်းကိုလည်း နိုင်ငံသားမပေးဘူး။ အချိန်စောင့်ရတယ်။ အင်တာဗျူး ဖြေရတယ်။ သူ့နိုင်ငံဘာသာစကားကို အတန်အသင့် ပြောနိုင်ရတယ်။ ဒီဗီဇာပေါက်လို့သွားတဲ့ သူတွေကိုတောင် နိုင်ငံသားချက်ချင်း မပေးဘူး။ အဲဒီလိုလူတွေတောင် ချက်ချင်းနိုင်ငံသား မပေးပါဘူး။ တစ်ဖက်သတ်ကြီးပြောနေပြီး နိုင်ငံ့အချုပ်အခြာအာဏာ ထိပါးလာရင်တော့ လက်မခံနိုင်စရာပါ” လို့ မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ဆိုပါတယ်။

ပြည်တွင်းစစ်အတွက် တိုင်းပြည်ရဲ့ ဘတ်ဂျက်ကို ရာခိုင်နှုန်းအများဆုံး အသုံးပြုနေရတဲ့ အခြေအနေမှာ မြန်မာနိုင်ငံအနေနဲ့ ခိုးဝင်ဘင်္ဂါလီတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ရခိုင်ဒေသလုံခြုံရေးနဲ့ ပြန်လည်ထူထောင်ရေး အသုံးစရိတ်တွေဟာ များစွာမြင့်တက်လာတော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာဆိုရင်ကိုပဲ ရခိုင်ပြည်နယ် နယ်စပ်လုံခြုံရေးအတွက် နယ်စပ်ခြံစည်းရိုးအမြန်ဆုံး ပြုပြင်တာနဲ့ ခြံစည်းရိုးကာဖို့ ကျန်ရှိနေတဲ့နေရာတွေကို အဆင့်မီ လုံခြုံစွာကာရံရေးအတွက် ကျပ်ဘီလျံနဲ့ချီပြီး အကုန်အကျခံလုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်။

ခိုးဝင်ဘင်္ဂါလီ ပြဿနာဟာ ရခိုင်ပြည်နယ်ဘက်က အဓိကဝင်တယ်ဆိုပေမယ့် ချင်းပြည်နယ်ဘက်ကလည်း ဝင်တယ်။ ဧရာဝတီတိုင်းဒေသကြီးဘက်ကလည်း ဝင်နေပါတယ်။ ဒီလို ခိုးဝင်ပြဿနာကို ထိရောက်စွာကာကွယ်နိုင်ရေး ဘတ်ဂျက်ဟာ မျှော်မှန်းထားတာထက်များစွာ ကုန်ကျနိုင်တဲ့အခြေအနေမို့ ဒီလိုဘတ်ဂျက်ပမာဏများစွာ ကုန်ကျမယ့်အခြေအနေအတွက် လက်ရှိမှာ အဖြစ်သင့်ဆုံးက မြန်မာနိုင်ငံသား အချင်းချင်းတိုက်ခိုက်နေတာ ရပ်တန့်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ရယူဖို့ဟာ အလွန်အရေးကြီးတဲ့ အခြေအနေကို ရောက်ရှိလာတာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ “The Enemy of my Friend” ဆိုတဲ့ စကားပုံအတိုင်း ငါ့ရန်သူရဲ့ ရန်သူဟာ ငါ့မိတ်ဆွေပဲဆိုပြီး ပြည်ပရန်ကို လမ်းကမ်းကြိုနေမယ်ဆိုရင်တော့ မြန်မာနိုင်ငံဟာ အာရှရဲ့ ဆီးရီးယားဖြစ်သွားပြီး ပိုဆိုးတဲ့ စစ်မြေပြင် ဖြစ်သွားပါလိမ့်မယ်။

မောင်တောဒေသမှ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည့် ဟိန္ဒူဘာသာဝင်များအား စက်တင်ဘာ ၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- လူမော်နိုင်)

ခိုးဝင်ဘင်္ဂါလီ၊ AA, ARSA လက်နက်ကိုင်တွေနဲ့ မူးယစ်ဆေးဝါးပြဿနာ

ခိုးဝင်ဘင်္ဂါလီတွေနဲ့ လက်နက်ကိုင်တွေအတွက် အဓိကဝင်ငွေရလမ်းဟာ မူးယစ်ဆေးဝါးကရတဲ့ငွေနဲ့ အစိုးရကိုပုန်ကန်ပြီး အကြမ်းဖက် တိုက်ခိုက်တဲ့ဖြစ်စဉ်တွေ ဖြစ်လာနေတယ်လို့ ကောက်ချက်ချရပါမယ်။ ၂၀၁၆ ခုနှစ် အောက်တိုဘာ မတိုင်ခင်မှာလည်း မူးယစ်ဆေးဝါးတွေ အများအပြားဖမ်းမိတာက ရခိုင်ပြည်နယ်ဘက်ကဖြစ်ပြီးတော့ အာနန် ကော်မရှင်ဖွဲ့စည်းအပြီးမှာလည်း မူးယစ်ဆေးဝါးအများအပြားကို ရခိုင်ပြည်နယ်ဘက်ကပဲ အများအပြား ဆက်လက်ဖမ်းမိနေတာ ဖြစ်ပါတယ်။ အာနန်ကော်မရှင်ရဲ့ အစီရင်ခံစာမှာ AA, ARSA လက်နက်ကိုင်တွေနဲ့ မူးယစ်ဆေးဝါးပြဿနာကို ပဋိပက္ခဖြစ်ပွားရခြင်းရဲ့ အကြောင်းတစ်ချက်အနေနဲ့ ဖော်ပြထားပါတယ်။ ဒီလို ဖော်ပြထားပေမယ့် လက်ရှိအချိန်မှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး အသံတိတ်နေတာကို အံ့သြစရာ တွေ့မြင်ရပါတယ်။ လက်နက်ကိုင်တွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ဖြတ်တောက်ချင်တယ်။ ထပ်ပြီးတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေမဖြစ်အောင် တားဆီးမယ်ဆိုရင် လက်နက်ကိုင်တွေရဲ့ မူးယစ်ဆေးဝါးကရတဲ့ ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်နိုင်ဖို့ ပြင်းပြင်းထန်ထန်ကြိုးစားဖို့ လိုပါမယ်။

အာနန်ကော်မရှင် အစီရင်ခံစာမှာဆိုရင် မြန်မာနိုင်ငံအရှေ့ပိုင်းကနေ ရခိုင်ပြည်နယ်အတွင်းက မောင်တောနဲ့ဘူးသီးတောင်မြို့ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားကို မူးယစ်ဆေးဝါးတွေ တရားမဝင် မှောင်ခိုကူးမှုတွေ ဒီဘက်နှစ်ပိုင်းအတွင်းမှာ သိသိသာသာ တိုးမြင့်လာတာကို တွေ့ခဲ့ရပြီး အစိုးရအနေနဲ့လည်း ၂၀၁၆ ခုနှစ်အတွင်းမှာ မူးယစ်ဆေးဝါး (ရာဘ) အမြောက်အမြားကို ဖမ်းမိခဲ့တယ်လို့ ဆိုထားပါတယ်။ ကော်မရှင်ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်မှာ ဆိုရင်လည်း လူ့အဖွဲ့အစည်းအားလုံးက တစ်နေ့တစ်ခြားကြီးမားနေတဲ့ မူးယစ်ဆေးဝါးပြဿနာကို အလွန်အမင်းစိုးရိမ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ မှောင်ခိုမှုတွေဟာ မြန်မာနိုင်ငံအတွင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဖြစ်စေတဲ့ အကြောင်းရင်း တစ်ခုအဖြစ် နှစ်ပေါင်းများစွာ တည်ရှိခဲ့ပြီး ရခိုင်ပြည်နယ်မှာဆိုရင်လည်း  AA (Arakan Army) နဲ့  အစိုးရက အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့ ARSA (Arakan Rohingya Salvation) ဟာ သူတို့ရဲ့ လှုပ်ရှားမှုတွေကို မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းတွေက ရရှိတဲ့ဝင်ငွေတွေ အသုံးပြုပြီးတော့ လုပ်ဆောင်နေတယ်လို့ သတင်းတွေ ဖြစ်ပေါ်နေတယ်လို့ ကော်မရှင်ရဲ့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။

AA, ARSA လက်နက်ကိုင်တွေနဲ့ ခိုးဝင်ဘင်္ဂါလီတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ မူးယစ်ဆေးဝါး ပြဿနာတွေနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး နည်းလမ်းတစ်ခုကို ချမှတ်ဖို့ လိုအပ်နေတဲ့ အခြေအနေပါ။ ဒီလိုမူးယစ်ဆေးဝါးတွေကို နှိမ်နင်းဖို့ အကြံပြုရာမှာဆိုရင်လည်း ဘင်္ဂလားနယ်စပ်တစ်လျှောက်က လုံခြုံရေးအဖွဲ့ အစည်းတွေအတွင်းက အကျင့်ပျက်ခြစားမှုတွေ တိုက်ဖျက်ရေးကို တိုးမြှင့်ဆောင်ရွက်သင့်တယ်လို့ အကြံပြုခဲ့ပါတယ်။ မြန်မာနိုင်ငံ အရှေ့ပိုင်းကနေ အနောက်ပိုင်းဆီစီးဆင်းနေတဲ့ မူးယစ်ဆေးဝါးလမ်းကြောင်းကို ဖြတ်တောက်နိုင်ဖို့ ငွေလွှဲပြောင်းမှုတွေကိ ထိထိရောက်ရောက် တားဆီးနိုင်ဖို့ အရေးပေါ်လိုအပ်နေတဲ့ အခြေအနေ ဖြစ်နေပါပြီ။ “ဘူးသီးတောင်၊ မောင်တောဒေသမှာ မူးယစ်ဆေးဝါး၊ အထူးသဖြင့် ဆေးပြားတွေ ပျံ့နှံ့မှုနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ဖြတ်သန်းစီးဆင်းရာ လမ်းကြောင်းဖြစ်နေခဲ့တယ်။ ဒါ့အပြင် တခြားနိုင်ငံတွေကို ဆက်ပြီးစီးဆင်းတယ်။ ဒီလုပ်ငန်းဟာ “ဝ” ဘက်နဲ့လည်းဆက်စပ်မှု ရှိခဲ့တယ်။ ပဋိပက္ခဖြစ်ပြီး ဆက်စပ်သတင်းတွေမှာ ဒီအကြောင်းသတင်းတွေ မထွက်တာ အံ့သြတယ်။ ပဋိပက္ခပဲဖြစ်ဖြစ် အကြမ်းဖက်တာပဲဖြစ်ဖြစ် ဒီမူးယစ်ဆေးကိစ္စက တားဆီးဖို့လိုတယ်” လို့  သတင်းမီဒီယာဖွံ့ဖြိုးရေး လုပ်ကိုင်တဲ့ အမှီအခိုကင်းတဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခုက ညွှန်ကြားရေးမှူး ဦးစိန်ဝင်းက သုံးသပ်ပါတယ်။

တကယ်ဆိုရင် ရခိုင်ဒေသမှာ မူးယစ်ဆေးဝါးတွေဟာ မြန်မာနိုင်ငံအရှေ့ပိုင်းကနေ ရခိုင်ပြည်နယ်၊ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေဆီအထိ စီးဆင်းပါတယ်။ ဒီလိုစီးဆင်းမှုတွေကို တားဆီးနိုင်ဖို့နဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို တားမြစ်ဖို့ဆိုရင် ငွေကြေးစီးဆင်းရာ လွှဲပြောင်းရာ လမ်းကြောင်းတွေကို ဖြတ်တောက်နိုင်ဖို့၊ အကျင့်ပျက်ခြစားမှုတွေကို တိုက်ဖျက်နိုင်ဖို့အပြင် ကော်မရှင်အကြံပြုချက်အတိုင်း မူးယစ်ဆေးဝါးအကြီးစား ထုတ်လုပ်သူတွေနဲ့ မူးယစ်ရာဇာတွေကို အရေးယူနိုင်ရေးမဟာဗျုဟာ ချမှတ်ဖို့ အလွန်လိုအပ်နေပြီ ဖြစ်ပါတယ် ။

 

BCIM နဲ့ အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက ရခိုင်ပြည်နယ်မီးပွား ငြှိမ်းပေးနိုင်မလား

 

ပဋိပက္ခဖြစ်ပွားနေတဲ့ ရခိုင်ဒေသဟာ မြန်မာနိုင်ငံရဲ့ မဟာဗျုဟာမြောက် နယ်မြေတစ်ခုဖြစ်သလို ဘင်္ဂလားဒေ့ရှ်၊ တရုတ်နဲ့ အိန္ဒိယတို့အတွက် အကျိုးစီးပွားမြောက်မြားစွာ ရှိတဲ့နေရာပါ။ ရခိုင်ပြည်နယ်ဟာ မြန်မာ့အချုပ်အခြာ အာဏာအောက်မှာပဲရှိဖို့နဲ့ ရခိုင်ဒေသမှာ IS တို့ မျှော်မှန်းတဲ့ အစ္စလာမ္မစ် နိုင်ငံသစ်ထွက်ပေါ်မလာဖို့ဆိုရင် ဘင်္ဂလားဒေ့ရှ်၊ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ အကျိုးစီးပွားတွေနဲ့ဆက်နွှယ်ပြီး ကာကွယ်မလားဆိုတာကို အကြောင်းအချက်တစ်ခုအနေနဲ့ စဉ်းစားဖို့ လိုအပ်မှာ ဖြစ်ပါတယ် ။

 

ရခိုင်ဒေသက စီမံကိန်းတွေကို ပြန်ကြည့်မယ်ဆိုရင် အိန္ဒိယနိုင်ငံဟာ ကုလားတန်ဘက် စုံဖွံ့ဖြိုးရေးစီ မံကိန်းတစ်ခုပဲ ရှိတယ်ဆိုပေမယ့် ဒီစီမံကိန်းဟာ အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားနဲ့ စစ်တွေမြို့ကို ချိတ်ဆက်ပေးမယ့်အပြင် ဘင်္ဂါလီအရေးဖြေရှင်းနေတဲ့ တပ်မတော်ကို AA က ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုထားတဲ့ ချင်းပြည်နယ် ပလက်ဝ၊ ကလေး၀ ဘက်တွေကနေပြီးတော့ အိန္ဒိယနိုင်ငံ မီဇိုရမ်ကို ဖြတ်သန်းသွားမယ့် ကုန်းလမ်းရေလမ်း လမ်းနှစ်သွယ် စီမံကိန်းပါ။ ဒါ့အပြင် တရုတ်နိုင်ငံရဲ့ OBOR စီမံကိန်းကို Power Balance လုပ်ဖို့အတွက် ချိန်ညှိနိုင်တဲ့ လိုအပ်ချက်လည်း အိန္ဒိယနိုင်ငံမှာ ရှိနေပါတယ်။

 

တရုတ်နိုင်ငံကို ကြည့်မယ်ဆိုရင် ရခိုင်ပြည်နယ်ဟာ တရုတ်ရဲ့ အကြီးကျယ်ဆုံးမဟာဗျုဟာ သမုဒ္ဒရာ နှစ်စင်းပိုင်ဆိုင်ရေး အိပ်မက်နေရာပါ။ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းနေရာရှိတယ်။ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း နေရာရှိတယ်။ တရုတ်ရဲ့ကြီးကျယ်တဲ့ မဟာဗျုဟာ OBOR ရဲ့ အဓိကအကျဆုံးနေရာ ဖြစ်သလို တရုတ်ရင်းနှီးမြှုပ်နှံမှုတွေရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီကိုလည်း ကျောက်ဖြူ-ကူမင်းရထားလမ်းနဲ့ ချိတ်ဆက်နိုင်မယ့် အခြေအနေ ဖြစ်ပါတယ်။

 

သေးကွေးတဲ့နယ်မြေနဲ့ လူဦးရေပေါက်ကွဲမှုကို ကြုံနေရလို့ Great Bengal အိပ်မက်နဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်မြေကိုချဲ့ထွင်ဖို့ ကြိုးစားနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကုန်သွယ်ရေးကဏ္ဍအတွက် မြန်မာနိုင်ငံကို မှီခိုနေရသလို၊ တရုတ်ပြည်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ အခြေခံအဆောက်အအုံ ပြုပြင်ပြောင်းလဲရေး စီမံကိန်းတွေမှာ မြှုပ်နှံလာသလို နည်းပညာ အကူအညီတွေလည်း ထောက်ပံ့ပေးလာခဲ့ပါတယ်။ အိန္ဒိယကို ပြန်လည်ထိန်းချုပ်ဖို့ လုပ်ဆောင်တဲ့ ဒီစီမံကိန်းမှာ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ကုန်စည်ကူး သန်းရောင်းဝယ်မှုအတွက် ဆက်သွယ်ရေးလမ်းတွေ ဖောက်လုပ်ဖို့ လိုအပ်လာပါတယ်။ ဒီလို လိုအပ်နေတဲ့ လမ်းတွေက မြန်မာနိုင်ငံကို ဖြတ်သန်းပြီးတော့မှ ဖောက်လုပ်ရမှာပါ။ ဒီအတွက်တော့ BCIM စြင်္ကံကတော့ ရှိနေပြီးသားပါ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ လက်ရှိကြုံနေရတဲ့ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ IS စစ်သွေးကြွတွေ ထောက်ပံ့ပေးထားတဲ့ ARSA အဖွဲ့သာနယ်စပ်မျဉ်းမှာ ခြေကုပ်ရသွားပြီး IS တို့ မျှော်မှန်းတဲ့ အစ္စလာမ္မစ်လွတ်မြောက်နယ်မြေသာ မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းမှာ ဖြစ်လာခဲ့ရင် ဘင်္ဂလားဒေ့ရှ်ရဲ့ တရုတ်နဲ့ချောမွေ့စွာ ကုန်သွယ်ရေးအိပ်မက်ဟာ လန့်နိုးရပါလိမ့်မယ်။

 

တရုတ်-ဘင်္ဂလားဒေ့ရှ် ကူးသန်းရောင်းဝယ်ရေး အဆင်ပြေဖို့ဆိုရင် ဘင်္ဂလားဒေ့ရှ်အနေနဲ့ မြန်မာဘက်က ရိုဟင်ဂျာဆိုသူတွေဟာ ငါတို့နဲ့အသွေးရော၊ အသားရော၊ ဗီဇပါတူတဲ့ ဘင်္ဂါလီတွေဆိုတာကို လက်ခံဖို့ လိုအပ်မှာဖြစ်သလို  မြန်မာပြည်ဘက်က ဒုက္ခသည်တွေဆိုပြီး လွှဲချနေတာကို ရပ်တန့်ပြီး ဘင်္ဂါလီပြဿနာကို မြန်မာနိုင်ငံနဲ့အတူ လေးလေးနက်နက် ကူညီစဉ်းစားဖို့ ပူးပေါင်းဖြေရှင်းဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

 

“တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်စတဲ့ နိုင်ငံတွေနဲ့ အကျိုးစီးပွားဆိုင်ရာ ပေါင်းစပ်ပြီးတော့ ကာကွယ်ဖို့ဆိုတာကိုလည်း Option တစ်ခုအနေနဲ့ စဉ်းစားဖို့လိုမယ်။ အရင်တုန်းက ဖြစ်ခဲ့တဲ့အကြမ်းဖက် အခြေအနေက ဒီအတိုင်းထားရင်လည်း လျော့ပါးသွားစရာ အကြောင်းမရှိဘူး။ တစ်ဖက်ကလည်း ရည်ရွယ်ချက်ရှိရှိ လုပ်လာတယ်လို့ မြင်နေရတယ်။ သူတို့မှာ ရည်ရွယ်ချက်ရှိနေတာမြင်ရတော့ ဒီဒေသမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာဖို့ လိုအပ်လာမယ်။ ဘင်္ဂလားဒေ့ရှ်ကိုကြည့်ရင်လည်း လူဦးရေ ပေါက်ကွဲမှုက အရမ်းများလာတယ်။ များလာတော့ နေဖို့ထိုင်ဖို့တောင်သူတို့မှာ မလွယ်တော့ဘူး။ သူတို့က ပင်လယ်ရေ မျက်နှာပြင်အောက်လည်း တဖြည်းဖြည်းနိမ့်နိမ့်လာတယ်။ နိမ့်လာတဲ့အခါ သူတို့လူဦးရေကနေ စရာမရှိတဲ့အခါမှာ တစ်နည်းပြော ရရင်တော့ Migrate လုပ်လာတာပေါ့။ Migrate လုပ်ပေမယ်လို့ သူတို့က တခြားလူမျိုးတွေလို ဒေသခံ တွေနဲ့အဆင်ပြေအောင် မနေနိုင်ဘဲနဲ့ သူတို့က အဲဒီဒေသကိုပါ အပိုင်စီးလိုချင်တဲ့သဘော ဖြစ်လာတယ်။ တရုတ်လူမျိုးတွေ၊ အိန္ဒိယဘက်က လူတွေဝင်လာတယ်။ ဒါပေမဲ့ ဒီလိုပြဿနာမျိုး မရှိဘူး။ အခုက ဥရောပတိုက်တွေမှာလည်း အဲဒီလိုဖြစ်နေတယ်။ နိုင်ငံတော်တော်များများမှာပေါ့။ ဂျာမနီဆိုရင် Refugee အနေနဲ့ လက်ခံလိုက်တယ်။ ဝင်လာတဲ့သူတွေကပဲ အကြမ်းဖက်မှုတွေ လုပ်လာကြတယ်။ ဗြိတိန်မှာဆိုလည်း ဒီအတိုင်းပဲ။ စပိန်နိုင်ငံ ဘာစီလိုနာမှာဆိုရင်လည်း အဲဒီအတိုင်းပဲ ဖြစ်လာတယ်။ သူတို့ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုထက် လူဦးရေပေါက်ဖွားမှုက မြင့်နေတော့ ဒီပြဿနာတွေ ဖြစ်လာတယ်။ ဥပမာ တရုတ်ဆိုရင် သူ့နိုင်ငံဆင်းရဲတုန်းကဆို ကလေးကို တစ်မိသားစုတစ်ယောက်ပဲ မွေးခွင့်ပေးမယ်ဆိုတာမျိုးလုပ်တယ်။ သူတို့မှာ အဲဒါမျိုး မရှိဘူး။ မွေးတဲ့လူဦးရေက များလာတဲ့အခါကျတော့ ဒေသဆိုင်ရာ ပြဿနာဖြစ်လာတယ်။ ဒီလိုဖြစ်လာတော့ နယ်မြေချဲ့ရင်းနဲ့ ဒေသတစ်ခုထဲ ဝင်လာတယ်။ ဒေသမှာနေတဲ့သူတွေကို မောင်းထုတ်သလိုမျိုး ဖြစ်လာတော့ ပဋိပက္ခတွေကြီးလာတယ်။ ပြီးတော့ အဲဒီချင်းတို့ ရခိုင်တို့ ဖွံ့ဖြိုးမှုက နည်းတယ်။ ဖွံ့ဖြိုးမှုကွာဟချက်တွေကလည်းနည်းအောင် လုပ်ဖို့လိုလာတယ်။ နောက်တစ်ခုက ဒီပြဿနာက လူမျိုးရေးပြဿနာ မဟုတ်ဘူး။ နယ်မြေချဲ့ထွင်လာလို့ သာပြဿနာဖြစ်တာ။ အဲဒါကြောင့်မို့လို့ အဲဒီပြဿနာကို နိုင်နိုင်နင်းနင်း ဖြေရှင်းနိုင်မယ်ဆိုရင်တော့ ပြဿနာငြိမ်းသွားမယ်လို့ ထင်တယ်။ ဒါပေမယ့် ဒီအတိုင်းကြီး ငြိမ်းသွားမှာမျိုးမဟုတ်ဘဲ အနည်းနဲ့အများတော့ ဆက်ရှိနေလိမ့်မယ်”  လို့ NLD ပါတီရဲ့ စီးပွားရေး ကော်မတီဝင် တစ်ဦးက သုံးသပ်ပါတယ်။

 

ရခိုင်ပြည်နယ်ကို ARSA က အကြမ်းဖက်တိုက်ခိုက်နေမှု ဖြစ်စဉ်အတွင်းမှာ မြန်မာနိုင်ငံကို လာခဲ့တဲ့ အိန္ဒိယဝန်ကြီးချုပ်ဟာ သူ့နိုင်ငံရဲ့ အရှေ့မျှော်မူဝါဒအတွက် အကောင်းဆုံးစွမ်းဆောင်ပြီး တရုတ်နိုင်ငံကို အားပြိုင်နိုင်ခဲ့သလို မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းကောင်းပီသစွာ ရခိုင်ပြည်နယ်အရေးအပေါ်မှာ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်ကို ရာနှုန်းပြည့် နားလည်မှုပေးခဲ့ပါတယ်။

 

ဒီအချိန်မှာ တရုတ်နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ အကျိုးစီးပွားတွေ မဟာဗျုဟာအတွက် ဘာလုပ်မလဲဆိုတာ မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ မြန်မာဘက်မှာ ပြဿနာတစ်ခုဖြစ်တိုင်း သူ့နိုင်ငံဘက်ကို မြန်မာဘက်က ဒုက္ခသည်တွေ ပြေးလာပါပြီဆိုပြီး အမှန်တကယ် ဝင်ရောက်လာတဲ့ ဦးရေထက် ဘယ်လိုပဲပိုပြောပြော မြန်မာနိုင်ငံအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတယ်ဆိုတဲ့ ဘင်္ဂါလီတွေကို မြန်မာဘက်က စာရင်းဇယား၊ မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထား၊ မြန်မာနိုင်ငံဘက်မှာ နေထိုင်တယ်ဆိုတဲ့ဒေသ ပြောနိုင်ခြင်း ရှိ မရှိ၊ ဘင်္ဂလားဒေ့ရှ်ဘက်ကို တရားဝင်ခိုလှုံလာပါတယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ကောက်ခံထားတဲ့ စာရင်းဇယားတွေနဲ့ ကိုက်ညီမှုရှိမရှိ အတိအကျ စစ်ဆေးပြီးတော့ အရင်တုန်းက စာချုပ်အဟောင်းတွေမှာလို လိုအပ်တဲ့ အချက်အလက်တွေ အားလုံးကိုက်ညီမှ ပြန်ပြီးတော့ လက်ခံမယ့် အခြေအနေဆိုတာ သိလျက်နဲ့ဘင်္ဂါလီတွေကို မြန်မာနိုင်ငံဘက်ဆီ အတင်းထိုးထည့်တဲ့ သဘောမျိုးသက်ရောက်တဲ့ စကားတွေ နိုင်ငံတကာ ဆီဖြန့်တာကို ဆင်ခြင်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်က ထွက်ပြေးတဲ့ ဘင်္ဂါလီ ၂၇၀၀၀၀ ကျော်ရှိနေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်နေတာတွေဟာ လုံးဝယုတ္တိမရှိပါဘူး။  မြန်မာနိုင်ငံဘက်က တရားဝင်စာရင်းတွေမှာ ၂၆၀၀၀ ကျော်ပဲရှိတာဖြစ်ပြီး ပိုများနေတဲ့ ပမာဏဟာ နိုင်ငံရေးခိုလှုံခွင့်ရအောင်၊ ရိုဟင်ဂျာအမည်ခံပြီး ဖွံ့ဖြိုးတဲ့နိုင်ငံတစ်ခုခုမှာ နိုင်ငံသားခံယူ ခွင့်ရအောင် ကြံဆောင်တဲ့ ဘင်္ဂါလီတွေပဲ ဖြစ်မှာပါ။

 

“ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေးမူဝါဒကလည်း ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရတဲ့ မူဝါဒဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ ငြိမ်းချမ်းစွာ ဆက်ဆံရမယ်ပေါ့။ ဒီလို ဘင်္ဂလားဒေ့ရှ် နိုင်ငံကလည်း အိမ်နီးချင်းနိုင်ငံပေါ့။ အိမ်နီးချင်း နိုင်ငံတစ်ခုက လူဦးရေ ပေါက်ကွဲမှု အရမ်းကို မြင့်ပြီးတော့ ဘင်္ဂလားဒေ့ရှ်ကနေ ဒီဘက်ကို ကူးလာတဲ့အတွက် ဒီမှာပြဿနာတက်တာ အများကြီးဖြစ်နေတယ်။ ကျွန်တော်အမြင် သံတမန်နည်းအရတော့ တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ရမယ်။ သူတို့နဲ့ညှိညှိနှိုင်းနှိုင်း လုပ်ရမယ်။ နယ်စပ်လုံခြုံရေးရော သူတို့ဘက်ကနေ ခိုးဝင်လာတဲ့ ဘင်္ဂါလီပြန်ပို့ဖို့ရော အတတ်နိုင်ဆုံးလုပ်ရမယ်။ ကျွန်တော်တို့ဘက်မှာ ပဋိပက္ခ ဖြစ်နေတဲ့အချိန်မှာ သူတို့ဘက်က သတင်းလွှင့်နေတာတွေအများကြီး ရှိတယ်။ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ထွက်ပြေးလာ တယ်ဆိုတာရော အရပ်သားတွေကို ပစ်ခတ်နေတယ်ဆိုတာတွေရော သတင်းတချို့ အမှားတွေများတယ်။ လက်ရှိအချိန်မှာတော့ ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံနဲ့ ဆက်ဆံရာမှာ ပျော့ပျောင်းတဲ့ အပိုင်းတွေရှိတယ်လို့ သုံးသပ်ကြတာလည်းရှိတယ်။ ကျွန်တော့်အမြင်တော့ တတ်နိုင်သမျှတော့ ပူးပေါင်းဆောင်ရွက်သင့်တယ် ထင်တယ်” လို့ သေနင်္ဂမဟာဗျုဟာ လေ့လာရေး အဖွဲ့တည်ထောင်သူ အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးက သုံးသပ်ပါတယ်။

 

ဘင်္ဂလားဒေ့ရှ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ မြန်မာနိုင်ငံထက် သာလွန်နေတာမှန်ပေမယ့် လှေစီးဒုက္ခသည်တွေမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အများစုလည်း ပါဝင်ပြီးတော့ သူတို့ဟာ နိုင်ငံရေးအရ ခိုလှုံ့ခွင့်ရဖို့ ရိုဟင်ဂျာအမည်ခံပြီး မြန်မာနိုင်ငံကို ဒုက္ခပေးကြတာပါ။

 

“ယခင်ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတာ တွေရှိပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ မိမိတို့နိုင်ငံသား ဖြစ်တယ်လို့ အထောက်အထား ပြနိုင်ရင်သော်လည်းကောင်း၊ ဒီဘက်နိုင်ငံမှာ ဘယ်နှစ်နှစ်နေခဲ့ဖူးတယ်လို့ အထောက်အထား ပြနိုင်ရင်သော်လည်းကောင်း အဲဒါတွေကို စိစစ်ပါတယ်။ အဲဒီစိစစ်မှုပြီးတော့မှ တစ်ဦးချင်း စိစစ်ပြီးတော့မှ မှန်ကန်တယ်ဆိုရင် ပြန်ခေါ်တဲ့ သာဓကတွေ ရှိပါတယ်။ အဲဒီအတိုင်းလုပ်ဖို့ ရှိပါတယ်။ သူတို့အနေနဲ့ သာဓကပြနိုင်ရင် မြန်မာနိုင်ငံသားလား၊ မြန်မာနိုင်ငံသားမဟုတ်ဘူး ဆိုရင်တော့လည်း ပြန်ခေါ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးပေါ့” လို့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ဆိုပါတယ်။

 

ရခိုင်ပြည်နယ်အတွက် အကြမ်းဖက်နှိမ်နင်းရေး မဟာဗျုဟာ အမြန်ဆုံးချမှတ်ပါ နယ်မြေကျုးကျော်ခံရမှုနဲ့ အကြမ်းဖက်ခံရမှုကို လူမျိုးရေးဘာသာရေး အသွင်ပြောင်းပြီး ထောက်ပြနေတဲ့သူတွေ သိဖို့ဆိုရင် မြန်မာနိုင်ငံက ဘင်္ဂါလီတွေကို လုံးဝလက်မခံတာ မဟုတ်ဘဲ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေနဲ့အညီ စိစစ်လက်ခံနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဥပမာပြောရရင် ယန်ဟီးလီရဲ့ မိခင်နိုင်ငံ တောင်ကိုရီးယားမှာ ဗလီဆယ်ဂဏန်းပဲ ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ မောင်တောဒေသတစ်ခုတည်းတင် ဗလီ ၁၂၇၈ လုံး၊ အာရ်ဗီကျောင်း ၁၁၄၃ ကျောင်း၊ မော်လဝီဆရာ ၁၆၅၉ ဦးအထိ ရှိနေပါတယ်။ ဒါ့အပြင် ဘာသာရေးလွတ်လပ်ခွင့် ပြယုဂ်အဖြစ် မောင်တောဒေသမှာပဲ ဟိန္ဒူဘုရားကျောင်း ၁၇ ကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်းခုနစ် ကျောင်းကိုလည်း ခွင့်ပြုပေးထားပါသေးတယ်လို့ မောင်တောဒေသစုံ စမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာအကျဉ်းချုပ်မှာ ဖော်ပြထားပါတယ်။

 

လက်ရှိမှာဆိုရင် ရခိုင်ဒေသမှာ ဘင်္ဂါလီတွေကို လူမျိုးသုဉ်းအသတ်ခံနေရပြီဆိုတဲ့ အော်သံပြန်ထွက်လာပါတယ်။ မြန်မာနိုင်ငံမှာ ဘင်္ဂါလီတွေကို လူမျိုးသုဉ်းသတ်ဖြတ်နေတာ မရှိဘူးဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က တရားဝင်ပြောကြားထားသလို အမေရိကန် လွှတ်တော်မှာလည်း မြန်မာနိုင်ငံဟာဘင်္ဂါလီတွေကို လူမျိုးသုဉ်းသတ်ဖြတ်နေတာ မရှိဘူးလို့ အစီရင်ခံစာတင်ပြထားပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဘင်္ဂါလီတွေကို လူမျိုးသုဉ်းသတ်ဖြတ် မှုမရှိဘူးဆိုတဲ့ အကောင်းဆုံးသက်သေအဖြစ် ရခိုင်ပြည်နယ်မှာ မွတ်စလင်ဦးရေဟာ ၁၉၇၃ ခုနှစ်မှာ ၅၁၅၄၈၄ ဦးရေကနေ ၂၀၁၆ ခုနှစ် မှာ ၁၀၅၄၇၉၀ ဦးအထိ နှစ်ဆမြင့်တက်လာတယ်ဆိုတာကို မောင်တော ဒေသစုံစမ်းစစ်ဆေးရေး ကော်မ ရှင်ရဲ့ အစီရင်ခံစာအကျဉ်းချုပ်မှာ ဖော်ပြထားပါတယ်။

 

ရခိုင်ပြည်နယ်မှာ လူမျိုးသုဉ်းသတ်ဖြတ်မှုဖြစ်စဉ် ရှိနေပါတယ်လို့ ဇွတ်အတင်း ငြင်းချင်တယ်ဆိုရင်တော့ ၁၉၄၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရခိုင်-ဘင်္ဂါလီ အလယ်သံကျော် အဓိကရုဏ်းကိုပဲ ပြသရမှာဖြစ်ပြီး အဲဒီအဓိကရုဏ်းမှာ ဒေသခံရခိုင်လူမျိုး နှစ်သောင်းကျော်သတ်ဖြတ်ခံရပြီး ရခိုင်ကျေးရွာ ၂၀၀ ကျော် ပျက်စီးခဲ့သလို မူလရခိုင်တိုင်းရင်းသားတွေ နေထိုင်တဲ့ ရခိုင်ကျေးရွာတွေကို ဘင်္ဂါလီတွေကပဲ ဝင်ရောက်နေထိုင်ခဲ့တဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှု ဖြစ်စဉ်ပဲ ရှိပါတယ်။

 

“၁၉၄၂ ခုနှစ်ကဖြစ်ခဲ့တဲ့ အခြေအနေမျိုး ထပ်မံဖြစ်ပွားဖို့အတွက်တော့ ဘယ်လိုနည်းနဲ့မှ လက်ခံမှာ မဟုတ်ပါဘူး။ လက်ခံမှာလည်း မဟုတ်ဘူး။ နယ်မြေဆုံးရှုံးမှုလည်း ဘယ်လိုမှ အဖြစ်ခံမှာ မဟုတ်ပါဘူး။ သူတို့အနေနဲ့ကတော့ ဒီနယ်မြေကို သူတို့ရပြီးလို့ရှိရင် သူတို့သတ်မှတ်ထားတဲ့ နယ်မြေတစ်ခုကြေညာပြီးတော့မှ နောင်တဖြည်းဖြည်း သူတို့မျိုးတူတွေနဲ့ ပေါင်းစပ်ဖို့ကြိုးစားဖို့ ဖြစ်ရင်ဖြစ်ပါလိမ့်မယ်။ သူတို့ရည်ရွယ်ချက်ကို အတိအကျမသိပါဘူး။ သို့သော်ဒီလိုပဲ မှန်းဆရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်နယ်မြေတစ်ခုပဲ့ထွက် ဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော်ပြောလိုပါတယ်”  လို့  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားပါတယ်။

 

မောင်တောဒေသမှာ မွတ်စလင်တွေ များပြားနေမှုကို ပြန်ကြည့်မယ်ဆိုရင် မောင်တောခရိုင်မှာ လူဦးရေ ၈၃၄၆၃၇ ဦးရှိပြီးတော့ မွတ်စလင် အရေအတွက်က ၇၅၅၃၇၁ ဦးနဲ့ ၉၀ ဒသမ ၅၀ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။

 

“ရခိုင်ဖြစ်စဉ်က ထိုင်းနိုင်ငံ တောင်ပိုင်းနဲ့တောင်မတူဘဲ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးလာတဲ့သဘော ဖြစ်နေတယ်။ နောက်တစ်ခုက သူတို့က အေးအေးချမ်းချမ်း နေမယ်ဆိုရင်လည်း ပြဿနာ မရှိနိုင်ဘူး။ အခုလို တစ်ချိန်တည်း တစ်ပြိုင်တည်း စခန်းပေါင်း ၃၀ ကို တိုက်တယ်ဆိုတာ သူတို့ဘက်က ဘောင်ကျော်သွားပြီ။ အဲဒီတော့ နိုင်ငံတိုင်းမှာရှိတဲ့ အမျိုးသားလုံခြုံရေး ရှုထောင့်ကနေပဲ ကိုင်တွယ်ရမှာပေါ့။ တစ်ဖက်မှာလည်း အဲဒီလို ဖြစ်နေချိန်မှာတိုင်းပြည်ရဲ့ စီးပွားရေး နိမ့်ဆင်းမသွားအောင်၊ တည်ငြိမ်မှုပျက်ပြားမသွားအောင်လုပ်ဖို့ လိုအပ်တယ်။ နောက်ဆုံးမှာ ဘဏ္ဍာရေးအရ ခွဲဝေမှုတွေပါ ပြန်သုံးသပ်ရတာမျိုး ရှိနိုင်တယ်။ အမျိုးသားလုံခြုံရေး ရှုထောင့်ကနေပြီးတော့ ဒါကိုတည်တည်ငြိမ်ငြိမ်နဲ့ အေးချမ်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာတွေကလည်း အရေးကြီးလာတယ်။ ဒီပြဿနာက ကျွန်တော်တို့ တိုင်းပြည်တည်ငြိမ်မှုအတွက် တော်တော်အရေးကြီးတယ်။ အေးအေးချမ်းချမ်း နေချင်တဲ့သူတွေပါ ထိသွားမယ်။ နောက်တစ်ခုပေါ့။ ဘာလို့ မြန်မာနိုင်ငံသား ဖြစ်ခွင့်ဥပဒေကို  လက်မခံချင်ကြတာလဲ စဉ်းစားလို့မရဘူး။ သူတို့က ရိုဟင်ဂျာဆိုတာကိုပဲ တစိုက်မတ်မတ် တောင်းနေကြတယ်။ ရိုဟင်ဂျာအနေနဲ့ သတ်မှတ်ပေးရင်တောင် တိုင်းရင်းသားမဖြစ်ဘူး။ တိုင်းရင်းသား မဖြစ်ရင် တိုင်းရင်းသား အခွင့်အရေးမရဘူး။ ဥပမာပြောရရင် ပအို့ဝ်၊ ပလောင်က တိုင်းရင်းသားဖြစ်လို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတယ်။ ဒါပေမဲ့ ရိုဟင်ဂျာကိုယ်ပိုင် အုပ်ချုပ်ခွင့်မရဘူး။ သူတို့ တိုင်းရင်းသားမဟုတ်လို့။ နောက်တစ်ခုက ရိုဟင်ဂျာဆိုတာမရှိဘူးလို့ ပြောထားတယ်။ သူတို့က စကား၊ ကိုးကွယ်မှု၊ ယဉ်ကျေးမှုတွေ အကုန်လုံး တစ်ဖက်နိုင်ငံကလူတွေနဲ့ အတူတူတွေ။ ဒါဆိုရင် ဘာလို့ ဟိုဘက်မှာကျတော့ ဘင်္ဂါလီခေါ်ပြီး ဒီဘက်မှာကျ ဘာလို့ ရိုဟင်ဂျာ ဖြစ်ရတာလဲ။ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုရုပ်ချင်းဆင်တယ်။ ဒါပေမဲ့ သူ့ဘာသာစကားနဲ့သူ ရှိကြတယ်။ တရုတ်၊ ဂျပန်၊ ကိုရီးယားဆိုရင် အသားဖြူတယ်။ ဒါပေမဲ့ အားလုံး သူ့ဘာသာစကားနဲ့ သူ့နိုင်ငံနဲ့သူ ရှိတယ်။ ဥရောပတိုက်ဆိုရင် အကုန်တူကြတယ်။  လူဖြူတွေပဲ။ ဒါပေမဲ့ နိုင်ငံတစ်ခုနဲ့တစ်ခု ဘာသာစကား မတူဘူး။ အခုကျတော့ ဒီဘက်မှာကျတော့ ရိုဟင်ဂျာ၊ ဟိုဘက်မှာကျတော့ ဘင်္ဂါလီဆိုတော့  ထူးဆန်းမနေဘူးလား။ သူတို့က ဘာလို့ ရိုဟင်ဂျာကို အတင်းအကျပ် တောင်းဆိုနေကြတာလဲ။ အတင်းအကျပ်တောင်းဆိုခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။ စဉ်းစားစရာတွေ ဖြစ်လာတယ်။ မြန်မာနဲ့ထိုင်းနယ်စပ်မှာ ကရင်တွေ ပဒေါင်တွေနေကြတယ်။ ဒါပေမဲ့ သူတို့သည် ကရင်လူမျိုး၊ ပဒေါင်လူမျိုးလို့ ပြောတဲ့အတွက် သူတို့ရဲ့ မိခင်ဘာသာစကားနဲ့ပဲ ပြောကြတယ်။ လူမျိုးတစ်စုလို့ ပြောရင် Identity ရှိရတယ်။ Identity မရှိဘဲနဲ့ သူတို့ကိုဘာနဲ့ သွားမှတ်သားမလဲ။ အခု ရိုဟင်ဂျာဆိုသူတွေက ဘင်္ဂလားဒေ့ရှ်စကား ပြောတယ်။ ကိုးကွယ်မှုလည်း အတူတူပဲ။ အားလုံးအတူတူပဲကို ဘာလို့ရိုဟင်ဂျာဆို တာကိုပဲ တစိုက်မတ်မတ် တောင်းနေတာလဲ။ နိုင်ငံသားဖြစ်ချင်တယ်ဆို နိုင်ငံသားဖြစ်ခွင့် ဥပဒေနဲ့အညီ လျှောက်ပေါ့။ နိုင်ငံသားဖြစ်ချင်တယ်ဆိုရင် အမေရိကန်နိုင်ငံ အပါအဝင် ဘယ်နိုင်ငံမှာမဆို နံပါတ် (၁) အနေနဲ့ သူ့နိုင်ငံရဲ့ ဓလေ့ထုံး တမ်းဥပဒေကို လေးစားလိုက်နာရမယ်။ နံပါတ် (၂) က အဲဒီနိုင်ငံအပေါ် သစ္စာရှိရမယ်။ အခုဟာက သစ္စာမရှိတဲ့အပြင် လက်နက်ကိုင်ပြီး တော်လှန်တယ်ဆိုတော့ နိုင်ငံသားဖြစ်ခွင့်တောင် ပြန်စဉ်းစားရမယ်။ မြန်မာတွေ အမေရိကန်နိုင်ငံသား ခံယူသွားတာ အများကြီးရှိတယ်။ ဒီအတိုင်းဖြစ်တာ မဟုတ်ဘဲ အဲဒီနိုင်ငံအပေါ်မှာ သစ္စာခံရတယ်။ ချက်ချင်းဖြစ်ခွင့်ရတာလည်း မဟုတ်ဘဲ သတ်မှတ်ထားတဲ့ ကာလနေရတယ်။ စာမေးပွဲဖြေရတယ်။ ပြီးပြီဆိုမှ ကျမ်းကျိန်ပြီးတော့ သစ္စာခံရတယ်။ ဘယ်နိုင်ငံဘယ်လူမျိုးပဲဖြစ်ဖြစ် ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် လိုက်နာရတယ်။ ဥပမာ အစ္စလာမ်နိုင်ငံတစ်ခုကို အမျိုးသမီးတွေရောက်သွားရင် ခေါင်းဆောင်းဆောင်းရတယ်။ ယန်ဟီးလီလာရင်တောင် ခေါင်းဆောင်းပြီး သွားရတယ်။ ဘယ်နိုင်ငံမှာမဆို သူတို့ရဲ့ ဓလေ့ထုံးတမ်း ဥပဒေကို လေးစားလိုက်နာရတယ်။ သူတို့အနေနဲ့ မြန်မာနိုင်ငံမှာ နေချင်ပြီဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံသားဥပဒေအတိုင်း ဖြစ်ခွင့်ရှိသူနဲ့ ဖြစ်ခွင့်မရှိသူ ခွဲခြားရမယ်။ ဖြစ်ခွင့်ရှိသူတွေ ဖြစ်ရမယ်။ ထိုင်းမှာ၊ မလေးရှားမှာဆိုရင် နေခွင့်မရှိသူတွေ ဗီဇာမရှိသူတွေ အလုံးအရင်းနဲ့ ပြန်ပို့တယ်။ နေခွင့်မရှိသူ ပြန်ပို့ရမှာပဲလေ။ နိုင်ငံတစ်ခုကို အလကားသွားလို့ မရဘူး။ Transit သွားရင်တောင် ဗီဇာယူရတယ်။ အဲဒီလိုမဟုတ်ဘဲ နေရာတစ်ခုကို ဒီအတိုင်းဝင်နေတယ်။ လူဦးရေများလာလို့ နေရာပေးရမယ်ဆိုတာ အဓိပ္ပာယ်မှ မရှိတာ” လို့ ရခိုင်အရေး လေ့လာသူတစ်ဦးက သုံးသပ်ပါတယ်။

 

၂၀၁၆ အောက်တိုဘာအပြီး ပြန်ဖြစ်လာတဲ့ ရခိုင်အရေးအခင်းမှာ တကယ်တမ်းခံရတဲ့ ရခိုင်ဒေသခံတွေဟာ နိုင်ငံတကာမျက်နှာစာထက်မှာ မပျံ့နှံ့နိုင်ခဲ့ပါဘူး။ လူသတ်၊ အကြမ်းဖက်၊ မီးရှို့ပြီး နိုင်ငံတကာမျက်နှာစာမှာ INGO တွေ ပြည်ပမီဒီယာတွေ အကူအညီနဲ့ ရိုဟင်ဂျာတွေကို ဖိနှိပ်သတ်ဖြတ်ခံနေရပြီလို့ ဦးအောင်အော်နေတဲ့ ဘင်္ဂါလီအသံတွေကိုပဲ ကမ္ဘာက ကြားသိခဲ့တာပါ။ ACHR က ဒါ့အပြင် ပြန်ကြားရေးဝန်ကြီးဌာနဆိုတာ အစိုးရတစ်ရပ်ရဲ့ ဝါဒဖြန့်ချိရေး ယန္တရားလို့ပဲအမြင်ခံနေရတဲ့ အခြေအနေမှာ မြန်မာနိုင်ငံမှာ ပိုဆိုးရွားနေတာက ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အရည်အသွေး ညံ့ဖျင်းမှုကိုပါ ကြုံခဲ့ရပြီး အချိန်နဲ့ တစ်ပြေးညီ ဖြေရှင်းတုံ့ပြန်နိုင် စွမ်းနိမ့်ပါးမှုကိုပါ မြင်ခဲ့ရပါတယ်။

 

သြဂုတ် ၁၂ ရက်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ Transitional Forum မှာ မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီဒုတိယဥက္ကဋ္ဌ ဦးအောင်လှထွန်းက “မျက်မှောက်ကာလမှာ မြန်မာသတင်းမီဒီယာရဲ့ အကြီးလေးဆုံးသော တာဝန်တစ်ရပ်က တော့ကျင့်ဝတ်နဲ့ မလျော်ညီတဲ့ နိုင်ငံတကာ သတင်းတင်ပြမှု တချို့မှာ ဆိုးဆိုးရွားရွား ဖျက်ဆီးခြင်းခံခဲ့ရတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ပုံရိပ်ကို ကာကွယ်စောင့်ရှောက်ရေးပဲ ဖြစ်ပါတယ်။ တချို့သော သြဇာရှိတဲ့ နိုင်ငံတကာ သတင်းမီဒီယာတွေဟာ အမျိုးမျိုးသော အကြောင်းပြချက်များနဲ့ သူတို့ရဲ့ သတင်းဖော်ပြချက်တွေမှာ စိတ်ခံစားမှုကို နှိုးဆွလှုံ့ဆော် စကားလုံးတွေသုံးပြီး ရေးသားချက်မျိုးတွေကို မကြာခဏ လုပ်လေ့လုပ်ထ ရှိတတ်ကြသလို ကျွန်တော်တို့ နိုင်ငံတွင်းမှာရှိတဲ့ ထိရှလွယ်တဲ့ ကိစ္စရပ်တချို့ကို သတင်းဖော်ပြရာမှာ Agenda - Setting လိုရာဆွဲသွင်း ပုံကြီးချဲ့ပြီး ရေးသားတတ်ကြပါတယ်။ Agenda - Setting ဆိုတာဟာ ကိစ္စရပ်တစ်ခုကို သာမန်ထက် ပိုမိုအသားပေးပြီး ကြိမ်ဖန်များစွာ သတင်းဖော်ပြခြင်းအားဖြင့် ကိစ္စရပ်တစ်ခုဟာ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှု တဖြည်းဖြည်းနဲ့ ကျယ်ကျယ်ပြန့်ပြန့် ရရှိလာပြီး အဲဒီကိစ္စရပ်ကို နိုင်ငံတကာကိစ္စရပ်ကြီး တစ်ခုဖြစ်လာအောင် ပုံဖော်ရေးသားခြင်းကို ဆိုလိုပါတယ်။ သြဇာညောင်းတဲ့ ပြည်တွင်းသတင်းမီဒီယာမရှိတဲ့ အတွက်ကြောင့် နိုင်ငံတကာအလယ်မှာ ကျွန်တော်တို့ရဲ့ နိုင်ငံပုံရိပ်ဟာ ပြင်ပသတင်းမီဒီယာတွေရဲ့ လက်ထဲမှာ သူတို့စိတ်ကြိုက် ပုံသွင်းခံနေရတဲ့ အနေအထား ဖြစ်နေပါတယ်။ အခုချိန်မှာတော့ ကျွန်တော်တို့ရဲ့ နိုင်ငံတကာပုံရိပ်ဟာ သြဇာရှိတဲ့ ပြင်ပသတင်းမီဒီယာ လက်တစ်ဆုပ်စာပြုသမျှ နုနေရတဲ့ အနေအထားမျိုးနဲ့ ကြုံတွေ့နေရပါတယ်။ သူတို့တွေကတော့ နိုင်ငံတကာ အသိုင်းအဝိုင်း အလယ်မှာ ကျွန်တော်တို့ရဲ့ပုံရိပ်ကို သူတို့ စိတ်သဘောကျ ပုံသွင်းနေကြတော့တာပါပဲ” လို့ ဆွေးနွေးခဲ့ပါတယ်။

 

ရခိုင်ပြည်နယ်အရေးဟာ နိုင်ငံတကာ ကစားကွက်ဖြစ်လာပြီး ပြည်ပမီဒီယာတွေနဲ့ INGO တွေရဲ့ ကိုယ်ကျိုးရှာရာ နေရာဖြစ်လာအောင် Agenda - Setting နဲ့  ဗြိတိန်မီဒီယာ BBC က ၂၀၁၂ ခုနှစ်ကစပြီး ရိုဟင်ဂျာတွေကို နေရာပေးပြီး အစဉ်တ စိုက်ရေးသားခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ လက်ရှိအစိုးရအနေနဲ့ နိုင်ငံတကာရဲ့ အထင်အမြင်လွဲမှားနေမှုတွေကို ချေဖျက်နိုင်ဖို့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီအရေးလှုပ်ရှားသူတွေ၊ ရခိုင်အရေး ကျွမ်းကျင်သူတွေနဲ့ ပြင်သစ်နိုင်ငံ အရှေ့တိုင်း ပညာရပ်များသုတေသန (EFEO) ဒေါက်တာဂျော့ပီလိုက်ဒါ၊Asia Society က Senior Advisor Priscilla Clapp ၊ ကိုဖီအာနန်တို့လို  လူတွေနဲ့ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မှာ ရခိုင်တိုင်းရင်းသာတွေက လူအနည်းစုဖြစ်ပြီး လူမျိုးသုဉ်း သတ်ဖြတ်ခံနေရတာကလည်း ရခိုင်တိုင်းရင်းသားတွေ ဖြစ်နေတယ်ဆိုတာကို နိုင်ငံတကာကသိအောင် အမြန်ဆုံးလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

 

ရိုဟင်ဂျာတွေကို ဖိနှိပ်နေတယ်ဆိုပြီး ကမ္ဘာကသိနေတဲ့ အခြေအနေမှာနိုင်ငံတကာက အာရုံစိုက်မှုရအောင် အစွန်းရောက် အကြမ်းဖက်ဘင်္ဂါလီတွေက ထပ်ဆင့်တိုက်ခိုက်မှု ဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ ဒီအတွက် အမြန်ဆုံးလုပ်သင့်တာက အာနန်ကော်မရှင်ရဲ့ အကြံပြချက်တွေမှန်သမျှကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ပါ။

 

အကြမ်းဖက်မှုတွေကို အားပေးရင်၊ ထောက်ခံရင် အရေးယူမယ်လို့ ထုတ်ပြန်ထားပြီးတဲ့နောက်မှာ ရခိုင်အရေးအခင်းမှာ INGO တွေပါဝင်တယ်လို့ပြောခဲ့သလို အရင်ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်ကိုလည်း အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ခဲ့ပြီး ဖြစ်ပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာအကူအညီတွေကို လက်ခံရာမှာ စိစစ်ဖို့လို အပ်မှာဖြစ်သလို INGO တွေကိုလည်း အကြမ်းဖက်မှုမှာ ဆက်လက်မ ပါဝင်နိုင်အောင် ရခိုင်ဒေသကို အကြောင်းပြပြီးတော့ လုပ်စားလို့မရအောင် စိစစ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။  ရခိုင်ဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေမဖြစ်ဖို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမဟာ ဗျူဟာချမှတ်ဖို့ လိုအပ်တဲ့အပြင် ရခိုင်ဒေသက ဒေသခံအစ္စလာမ်ဘာသာဝင် ဘင်္ဂါလီတွေအတွက်လည်း အကြမ်းဖက်မှုဆိုးကျိုးတွေကို ပညာပေးဖို့နဲ့ တိုက်ဖျက်ဖို့အတွက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြမ်းဖက်တိုက်ဖျက်ရေးမဟာ ဗျူဟာကိုပါ ချမှတ်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။

 

“၂၀၁၆ ခုနှစ် အောက်တိုဘာမှာ တိုက်ခိုက်ကတည်းက ဒါကတစ်ကြိမ်တည်းတိုက်မှာ မဟုတ်ဘူး။ အသေအချာ Plan နဲ့ လုပ်နေတာ၊ နောက်ကွယ်ကလည်း ငွေကြေးထောက်ပံ့နေတာ၊ နိုင်ငံခြားသားတွေကလည်း သင်တန်းပေး နေတာဖြစ်လို့ တစ်ကြိမ်တည်းနဲ့ ရပ်သွားမှာမဟုတ်ဘူးလို့ ကျွန်တော့်အနေနဲ့ ရေးခဲ့ပြောခဲ့တာတွေ ရှိပါတယ်။ ထင်တဲ့အတိုင်းပဲ သတင်းတော့ရတယ်။ ဒါပေမဲ့ အဲဒီဘက်မှာက မြစ်ချောင်းတွေ တောတောင်တွေ ထူထပ်သလို ရဲကင်းစခန်းတွေကလည်း အလှမ်းဝေးပြီးတော့ အင်အားကလည်း သင့်လျော်သလောက်ပဲ ချထားပေးနိုင်တဲ့ အနေအထားဖြစ်တော့ ဒီစခန်းတွေ အကုန်လုံးကို တစ်ပြိုင်နက်ဝင်အတိုက်ခံရတယ်။ ဒီလိုဝင်တိုက်တဲ့အခါကျတော့ သူတို့က အရင်နည်းဗျူဟာကိုပဲ သုံးတယ်။ မနက်အစောကြီးမှာ ဝင်တိုက်ပြီးတော့ လူအင်အားကိုလည်း အများကြီးသုံးနိုင်တယ်။ စခန်းသုံးခုကနေ စခန်း ၃၀ ကို တိုက်လာတယ်။ ရဲကင်းစခန်းတွေအပြင် တပ်မတော် တပ်ရင်းတစ်ခုကိုပါဝင်ပြီးတော့ တိုက်တာတွေ့ရပြီး စနစ်တကျလုပ် လာတာတွေ့ရတယ်။ အဲဒီမတိုင်ခင် တစ်လကျော်လောက်မှာ မော်လဝီ ဆရာတစ်ယောက်ဆီက ဆက်သွယ်ရေးစက်အလုံး ၄၀ လောက်မိထား တဲ့အခါကျတော့ အဲဒီကတည်းက စစ်ဆင်ရေးတစ်ခုဆင်နွှဲဖို့  Plan လုပ် နေတယ်လို့ မြင်ခဲ့တယ်။ အရင်က ထက်စနစ်ကျလာတာ မြင်ရတယ်။ ခေါင်းဆောင်မှု၊ ကွပ်ကဲမှုစနစ်ကျ လာတာမြင်ရတယ်။ သူတို့က ဒီဟာနဲ့ ရပ်သွားမှာ မဟုတ်ဘူး။ သူတို့အခွင့် အရေးကို ရချင်လာလို့ ပြည်ပကနေ ငွေကြေးအထောက်အပံ့နဲ့ လက်နက်တွေရချင်လာလို့ အထောက်အပံ့ တွေရယူပြီးနောက်ပိုင်းမှာလည်း ဆက်လုပ်လာဦးမယ်လို့  ယူဆတယ်။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တယ်။ သူတို့ကတော့ ဒီမှာပြသွားတာက သူတို့အခွင့်အရေးအတွက် ရရာလက်နက်စွဲကိုင်ပြီး တွန်းလှန်ရပါတယ်ဆိုတဲ့သဘောမျိုး ဂျင်ကလိလောက်၊ ဓားလောက်ပဲ ပြထားတယ်။ ဒါပေမဲ့ ဒီလိုရရာလက်နက်နဲ့ သူတို့အခွင့်အရေးအတွက် တိုက်နေရပါ တယ်ထင်အောင် တမင်လုပ်နေတာရော မဖြစ်နိုင်ဘူးလား။ သူတို့က သူတို့တိုင်းရင်းသားအခွင့်အရေးအတွက် လုပ်တဲ့သဘောမျိုးရရာ လက်နက်စွဲကိုင်တယ်ဆိုပေမယ့် နောက်ကွယ်မှာ ပံ့ပိုးနေတာတွေလည်းရှိတော့ အပြသဘောမျိုးလုပ်တယ်လို့ပဲ ကျွန်တော်မြင်တယ်။ လက်နက်မှောင်ခိုဆိုတာက အများကြီးပဲ။ နောက်ပိုင်းမှာ သိတဲ့အတိုင်း ပိုက်ဆံရှိရင်ဝယ်လို့ရတယ်ဆိုတော့ လက်နက်ကြီးတွေတပ်ဆင်ပြီး တိုက်လာနိုင်တယ်။ အဲဒီအတွက် ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုရင် ပထမအဆင့် နယ်ခြားလုံခြုံရေးကို တင်းကျပ်ရမယ်။ နယ်စပ်ခြံစည်းရိုးဆိုရင်လည်း တစ်ထပ်တည်း ကာထားတာ ဖြစ်နေတယ်။ ပြောရမယ်ဆိုရင် အိန္ဒိယ-ပါကစ္စတန်နယ်စပ်က ခြံစည်းရိုးနဲ့ပဲ ယှဉ်ပြီးပြောကြပါစို့။ သူတို့အနေနဲ့ ခြံစည်းရိုးနှစ်ထပ်ကာထားတဲ့အပြင် အလယ်မှာလည်း သံဆူးလုံးတွေကာ ထားတာမြင်ရတယ်။  ဟိုဘက် ဒီဘက်မှာလည်း ကင်းတွေကားသွားတဲ့ လမ်းတွေနဲ့ အသေအချာလုပ်ထားတာ မြင်ရတယ်။ ကျွန်တော်တို့ဆီမှာတော့ ကျွန်တော်တို့ တတ်နိုင်တဲ့ ဘတ်ဂျက်နဲ့ လုပ်ရတာပေါ့လေ။ နောက်ပြီးတော့ အိန္ဒိယဆိုရင် ရေကြောင်းကနေ ခိုးဝင်တာတွေလည်းရှိတော့ ဆင်ဆာတွေ စီစီတီဗွီ ကင်မရာတွေ တပ်ထားတယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ တတ်နိုင်တဲ့ နည်းပညာနဲ့ ရတဲ့ဘတ်ဂျက်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ လုပ်ရမယ်မြင်တယ်။ ညဘက်မှာလည်း ခိုးဝင်တာတွေရှိတော့ လက်လှမ်းမီတဲ့ နည်းပညာနဲ့ နေ့ညစောင့်ကြည့်တာ မျိုးလုပ်ရမယ်လို့ မြင်တယ်။ နောက်တစ်ခုက ဒီမှာရှိနေတဲ့ ဘင်္ဂါလီရွာတွေကို ၈၂ နိုင်ငံသားဥပဒေနဲ့ စိစစ်မယ်။ ပြီးရင် သူတို့ကို အကြမ်းဖက်ဝါဒရဲ့ ဆိုးကျိုးတွေ၊ ဘာသာရေး အစွန်းရောက်မှုတွေရဲ့ ဆိုးကျိုးကို တတ်နိုင်သမျှ ပညာပေးဖို့ လိုတယ်။ သူတို့ဟာ အကြမ်းဖက်အဖွဲ့ထဲဝင် ရောက်မသွားအောင် တတ်နိုင်သမျှ ကြိုးပမ်းဖို့လိုတယ်” လို့ ဒေါက်တာ နိုင်ဆွေဦးက သုံးသပ်ပါတယ်။

 

ရခိုင်ပြည်နယ်ဟာ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးသလို ဆင်းရဲတဲ့ ပြည်နယ်ဖြစ်တာကြောင့် ၁၉၈၂ ဥပဒေနဲ့အညီ စိစစ်ပြီးလို့ နိုင်ငံသားဖြစ်ခွင့် ရသွားသူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိနိုင်ဖို့အတွက်လည်း ပြည်ပနိုင်ငံတွေဆီ အကူအညီတောင်းခံဖို့ လိုအပ်မှာဖြစ်ပါတယ်။  ပြည်တွင်းစစ်အခြေအနေကြောင့် မြန်မာနိုင်ငံသားစစ်စစ် တိုင်းရင်းသားတွေကိုတောင် ပြန်လက်ခံနိုင်ဖို့နေရာ အလုပ်အကိုင်ဖန်တီးပေးဖို့ ခက်ခဲနေတဲ့ မြန်မာနိုင်ငံအတွက် မြန်မာနိုင်ငံသား မဟုတ်ပါဘူးလို့  ငြင်းဆိုထားတဲ့ ဘင်္ဂါလီတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးဖို့  အလုပ်အကိုင်ရရှိအောင် လုပ်ပေးဖို့က ခဲယဉ်းမှာပါ။ ဒါ့ကြောင့် မြန်မာအစိုးရအနေနဲ့ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေနဲ့အညီ ဘင်္ဂါလီတွေကို စိစစ်ပြီးရင် မြန်မာနိုင်ငံသားဖြစ်ခွင့်ရသူ ဘင်္ဂါလီတွေကို တရားဝင်ပြည်ပထွက်ခွာခွင့် ပေးအပ်ပြီး တူရကီ၊ ဗြိတိန်၊ မလေးရှား၊ ပါကစ္စတန်နိုင်ငံ တွေအနေနဲ့ မြန်မာနိုင်ငံသား ပြုခွင့်ရသူ ဘင်္ဂါလီအများအပြားကို သူတို့ နိုင်ငံတွေမှာ တရားဝင်လုပ်သားအဖြစ် လက်ခံပေးဖို့ ကူညီမှုကို ကနဦးတောင်းဆိုဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံသား ပြုခွင့်ရသူ ဘင်္ဂါလီတွေထဲက အလုပ်လုပ်နိုင်စွမ်းရှိသူတွေကို ဗြိတိန်၊ တူရကီ၊ မလေးရှား၊ ပါကစ္စတန်စတဲ့ နိုင်ငံတွေက လက်ခံပြီးရင် မြန်မာနိုင်ငံထဲမှာ ကျန်ခဲ့မယ့် အလုပ်လုပ်နိုင်စွမ်းမရှိတဲ့ မြန်မာနိုင်ငံသားပြုခွင့်ရသူ ဘင်္ဂါလီတွေရဲ့ ဘဝထူထောင်ရေးအတွက်လည်း မြန်မာနိုင်ငံက တတ်နိုင်တဲ့ဘတ်ဂျက် ပမာဏချပြပြီး လိုအပ်တဲ့ငွေကြေးအတွက် ဗြိတိန်၊ တူရကီ၊ မလေးရှားစတဲ့ နိုင်ငံတွေကနေ ထောက်ပံ့ကြေး အကူအညီရယူပြီး ပြန်လည်ထူထောင်ရေး လုပ်ဆောင်နိုင်အောင် အကူအညီ တောင်းခံရမှာ ဖြစ်ပါတယ်။ လူသား ချင်းစာနာမှုဆိုင်ရာ အခွင့်အရေးအရ မြန်မာနိုင်ငံကို ဖိအားပေးနေတဲ့ ဗြိတိန်၊ တူရကီ၊ ပါကစ္စတန်နဲ့ မလေးရှားနိုင်ငံတို့အနေနဲ့လည်း မြန်မာနိုင်ငံသားပြုခွင့်ရသူ ဘင်္ဂါလီတွေကို လုပ်သားအဖြစ် တိုက်ရိုက်ခေါ်ယူ လက်ခံပေးခြင်းနဲ့ မြန်မာနိုင်ငံတွင်းက ဘင်္ဂါလီတွေရဲ့ ဘဝဖွံ့ဖြိုးရေးအတွက် ငွေကြေးထောက်ပံ့ပေးခြင်းအားဖြင့် တစ်ချိန်လုံးရပ်တည်ခဲ့တဲ့ လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားရာရောက်မှာ ဖြစ်ပါတယ်။

 

ရခိုင်အကျပ်အတည်းမှာ ပါကစ္စတန်နဲ့ IS စစ်သွေးကြွတွေ နောက်ကွယ်ကပါဝင်နေတယ်လို့ မီဒီယာတွေက ရေးသားထားတာနဲ့ မြန်မာနိုင်ငံက ဘင်္ဂါလီတွေကို ထောက်ခံသောအားဖြင့် မြန်မာအာဏာပိုင်တွေကို တိုက်ခိုက်ဖို့ ယီမင်နိုင်ငံက အယ်ကေးဒါးအဆင့်မြင့် ခေါင်းဆောင်တစ်ယောက်က ခြိမ်းခြောက်ခဲ့တာကို ကြည့်ခြင်းအားဖြင့် ဒီပြဿနာဟာ နယ်မြေလုပြီး ပြည်နယ်ခွဲထွက် နိုင်ငံသစ်ထူထောင်ချင်တဲ့ ARSA အကြမ်းဖက်သမားတွေရဲ့ လက်ချက်ဖြစ်တယ်ဆိုတာကို မြင်ရမှာဖြစ်ပြီး အကြမ်းဖက်မှုကို အကြမ်းဖက်မှုလို့ပဲ အမြင်မှန်နဲ့ ကြည့်ဖို့လိုအပ်မှာပါ။ နောက်ကွယ်က လက်မည်း၊ နောက်ကြောင်းပြန် မယ်ဆိုတဲ့ အမြင်တွေက မှားယွင်းနေပြီး လက်ရှိကာလအခြေအနေဟာ ၁၉၈၈ နဲ့ ပုံစံမတူသလို နိုင်ငံ့တည်ငြိမ်မှု ပျက်ပြားအောင် အာဏာသိမ်းတော့မယ်ဆိုတဲ့ စကားစုတွေနဲ့ ခြောက်လှန့်နေတဲ့ စကားတွေကို ပြည်သူတွေအနေနဲ့ မယုံစားမိဖို့ လိုအပ်တယ်လို့  NLD ပါတီရဲ့ကော်မတီဝင်တစ်ဦးက သုံးသပ်ပါတယ်။ သေချာတာကတော့ IS စစ်သွေးကြွတွေ ထောက်ပံ့ပေးထားတဲ့ ARSA အစွန်းရောက် အကြမ်းဖက်ဘင်္ဂါလီတွေကို လျှော့တွက်မယ်ဆိုရင် မကြာတော့တဲ့ကာလမှာ IS တို့မျှော်လင့်တဲ့ အစ္စလာမ္မစ် လွတ်မြောက်နယ်မြေတစ်ခုဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပေါ်လာပါလိမ့်မယ်။

Most Read

Most Recent