မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူများ

မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူများ
Published 3 September 2017

ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများက မောင်တောဒေသတွင် တိုက်ခိုက်မှုများကြောင့် မြို့အားစွန့်ခွာသည့် ဒေသခံတိုင်းရင်းသား ပိုများလာပြီး မြို့ပေါ်တွင် အသွားအလာ မရှိသလောက် နည်းပါးနေကာ မောင်တောမြို့မှထွက်ခွာ၍ ဘူးသီးတောင်မှတစ်ဆင့် စစ်တွေမြို့သို့ တိမ်းရှောင်ထွက်ခွာသွားကြပြီဖြစ်သည်။ မောင်တောမြို့ပေါ်တွင် အစိုးရဌာနအချို့မှာ ဖွင့်လှစ်ထားသော်လည်း ဝန်ထမ်း အနည်းငယ်သာရှိပြီး ပုဂ္ဂလိကဘဏ်များမှာ ပိတ်ထားပြီး ဈေးဆိုင်အချို့မှာ ခေတ္တသာဖွင့်လှစ်ကြသည့် အနေအထားဖြစ်သည်။ စစ်တွေမြို့သို့ ထွက်ခွာသွားသူများတွင် ရခိုင်၊ ဒိုင်းနက်၊ သက်၊ မာရမာကြီး၊ ဟိန္ဒူ အစရှိသော တိုင်းရင်းသားများပါဝင်ပြီး ဘူးသီးတောင်မြို့သို့ ရောက်ရှိသွားသူများတွင်လည်း စားရေးသောက်ရေး အခက်အခဲတွေ့သူများ ရှိနေသည်။ ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင်တို့အပြင် ရသေ့တောင်မြို့နယ်များတွင်လည်း နေရပ်စွန့်ခွာထွက်ပြေးလာသူများအနေဖြင့် သုံးရွာတစ်စု၊ လေးရွာတစ်စု၊ ငါးရွာတစ်စု စသဖြင့် ခိုလှုံနေကြရ ကြောင်းသိရပြီး လူမှုအဖွဲ့များအနေဖြင့်လည်း ကျေးရွာများအထိ သွားရောက်ကူညီထောက်ပံ့ရန် လမ်းခရီးအတွင်း အကြမ်းဖက်သမားများ၏အန္တရာယ်ကြောင့် မသွားရောက်နိုင်ခြင်းများလည်း ရှိနေသည်။

ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၄ ရွာမှ ဒေသခံတိုင်းရင်းသား ၂၃၂၆ ဦး နှင့် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၄၃ ရွာမှ ဒေသခံတိုင်းရင်းသား ၉၄၀၂ ဦး စုစုပေါင်း ၁၁၇၂၈ ဦးတို့သည် လုံခြုံရေးတပ်ဖွဲ့ဝင်များရှိပြီး လုံခြုံရေးစိတ်ချရသည့် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့၌ နယ်မြေခံတပ်ဌာနချုပ်များ အပါအဝင် ကျေး ရွာ ၃၃ ရွာတို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ရကြောင်း၊ ၎င်းဒေသခံတိုင်းရင်းသားများ ရွှေ့ပြောင်းမှုများတွင် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက လမ်းခုလတ်၌ အင်အားသုံး အကြမ်းဖက်တိုက်ခိုက်ခဲ့ရာ ဟိန္ဒူ ဘာသာဝင် ခုနစ်ဦး၊ ဒိုင်းနက်တိုင်းရင်းသား သုံးဦး၊ ရခိုင်တိုင်းရင်းသား လေးဦး စုစုပေါင်း အပြစ်မဲ့တိုင်းရင်းသားပြည်သူ ၁၄ ဦးသေဆုံးခဲ့ပြီး ဒိုင်းနက်တိုင်းရင်းသား နှစ်ဦး ဒဏ်ရာရရှိခဲ့ကာ နှစ်ဦး ပျောက်ဆုံးလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။

မောင်တောဒေသ အကြမ်းဖက်ဖြစ်စဉ်များကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား တိုးချဲ့ချထားပေးရန် ဒေသခံများ တောင်းဆိုမှုများရှိနေပြီး စက်တင်ဘာ ၂ ရက်က ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် အဆိုပါဒေသသို့ သွားရောက်ခဲ့သည်။ မောင်တောဒေသ အကြမ်းဖက်ဖြစ်ရပ်များကြောင့် နေရပ်စွန့်ခွာသူ များပြားနေပြီး မောင်တောတောင်ပိုင်း ကျေးရွာအများစုတွင် ရခိုင်တိုင်းရင်းသားများ မရှိတော့ကြောင်း၊ မောင်တော မြောက်ပိုင်း ကျေးရွာများအနေဖြင့် အနီးအနားကျေးရွာများသို့ ရွှေ့ပြောင်းကာ စုပေါင်း ခိုလှုံနေကြရကြောင်း၊ အချို့ကျေးရွာများတွင် ဒေသခံ တိုင်းရင်းသားများ မရှိသလောက် နည်းပါးသွားကြောင်း သတင်းများအရ သိရသည်။ ယခုကဲ့သို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် မိမိတို့အိုးအိမ်များတွင် နေထိုင်နိုင်ခြင်းမရှိဘဲ လုံခြုံမှုပေးနိုင်သည့်နေရာများသို့ စိုးရိမ်စိတ်များဖြင့် ရွှေ့ပြောင်းနေကြရပြီဖြစ်ရာ စားသောက်နေထိုင်ရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအပါအဝင် လူမှုဒုက္ခအခက်အခဲများစွာ  ကြုံတွေ့နေကြရပြီ ဖြစ်သည်။ သို့ပါ၍ အကြမ်းဖက်မှုပြဿနာကြောင့် နေရပ်စွန့်ခွာကြသူများအတွက် လိုအပ်သော အထောက်အပံ့အကူအညီများ ထိထိရောက်ရောက် လျင်လျင်မြန်မြန် ရရှိနိုင်ရေး ဝိုင်းဝန်း လုပ်ဆောင်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(စက်တင်ဘာ ၃ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)