အဂတိလိုက်စားမှုနှင့် ဆင်းရဲသော ပြည်သူများ

အဂတိလိုက်စားမှုနှင့် ဆင်းရဲသော ပြည်သူများ
Published 6 October 2018

အများပြည်သူနှင့်ဆိုင်သော ရင်းမြစ်များနှင့် အများပြည်သူနှင့်ဆိုင်သော အာဏာကို ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်ခြင်းအား အဂတိလိုက်စားမှုဟု အစဉ်အလာအရ အဓိပ္ပာယ်သတ်မှတ်ကြသည်။ ယင်းအဓိပ္ပာယ်သတ်မှတ်ချက်၌ ပြည်သူ့ကဏ္ဍ သို့မဟုတ် ပုဂ္ဂလိကကဏ္ဍဟု တစ်စုံတစ်ရာ သုံးနှုန်းထားခြင်းမရှိဘဲ အများပြည်သူနှင့်ဆိုင်သော ရင်းမြစ်များနှင့် အများပြည်သူနှင့်ဆိုင်သော အာဏာဟုသာ ဖော်ပြထားသည်။ မည်သူမဆို ယင်းကို အလွဲသုံးစားလုပ်ပါက အဂတိလိုက်စားမှုကျူးလွန်ခြင်းကြောင့် အပြစ်ရှိသည်ဟု သတ်မှတ်သည်။

ထို့ကြောင့် ပြည်သူ့ရင်းမြစ်များကို ထိန်းသိမ်းစောင့်ရှောက်ထားရသူတစ်ဦးအဖြစ် ပြည်သူ့ဝန်ထမ်းတစ်ဦးသည် ၎င်းအနေဖြင့် တာဝန်ရှိသော အများပြည်သူနှင့်ဆိုင်သည့် ရင်းမြစ်များကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက အလွဲသုံးစားပြုလုပ်ခြင်းအား မသိကျိုးကျွန်ပြုထားသည်ဆိုပါက ယင်းဝန်ထမ်းရော အဆိုပါကုမ္ပဏီပါ အဂတိလိုက်စားမှုအတွက် အပြစ်ရှိသည်ဟု ဆိုနိုင်သည်။ အများပြည်သူနှင့်ဆိုင်သော ကန်ထရိုက်တစ်ခု ရရှိရန်အတွက် အပေးအယူအနေဖြင့် လာဘ်ထိုးခြင်း သို့မဟုတ် ကြားမှဖြတ်စားခြင်းတို့သည် အကောင်းဆုံး ဥပမာများဖြစ်သည်။ ထို့ကြောင့် အများပြည်သူကဏ္ဍ၌ရှိသော အဖွဲ့များနှင့် လူပုဂ္ဂိုလ်များအား ဂရုတစိုက်စောင့်ကြည့်ရန် လိုအပ်သကဲ့သို့ ပုဂ္ဂလိကကဏ္ဍရှိ ကုမ္ပဏီများ နှင့် လူများကိုလည်း ဂရုတစိုက် စောင့်ကြည့်ရန်လိုသည်။ ပုဂ္ဂလိက ကဏ္ဍမှ ကုမ္ပဏီများ နှင့် လူပုဂ္ဂိုလ်များသည်လည်း အများပြည်သူနှင့်ဆိုင်သော ရင်းမြစ်များနှင့် အများပြည်သူနှင့်ဆိုင်သော အာဏာကို အလွဲသုံးစား လုပ်နိုင်သောကြောင့် ဖြစ်သည်။

အများပြည်သူနှင့်ဆိုင်သော အာဏာအား အလွဲသုံးစားပြုလုပ်ခြင်းဟူသည်မှာ အလွန်ရှင်းလင်းသည့် ကိစ္စဖြစ်သည်။ ဥပမာအားဖြင့် ယာဉ်ထိန်းရဲတစ်ဦး ယူနီဖောင်း ဝတ်ဆင်လိုက်ခြင်းသည် သူ့အား ကြီးစွာသောအာဏာ ပေးလိုက်ခြင်းပင်ဖြစ်သည်။ သူ့အနေဖြင့် ဖမ်းဆီးနိုင်သည်၊ ဒဏ်ရိုက်နိုင်သည်၊ သတ်မှတ်ဖော်ပြထားသည့် အခြေအနေရပ်များ၌ လက်နက်ကိုပင် အသုံးပြုနိုင်သည်။ သူ့အား ယင်းကဲ့သို့သော အာဏာမျိုး ပေးအပ်လိုက်ခြင်းသည် တရားဥပဒေကို ထိန်းသိမ်းပေးရန်သာ ဖြစ်သည်။ တရားဥပဒေ ထိန်းသိမ်းပေးရမည့်သူများက တရားဥပဒေကို ချိုးဖောက်ပါက ပြည်သူတို့၏ ဘဝသည် မတွေးရဲ လောက်အောင်ပင် ဒုက္ခများနိုင်သည်။

လာဘ်ပေး လာဘ်ယူကိစ္စအား အဂတိလိုက်စားမှုအဖြစ် သတ်မှတ်ရန်လွယ်ကူသော်လည်း အခြားလုပ်ဆောင်ချက်များမှာ ယင်းကဲ့သို့ ရိုးရှင်းခြင်းမရှိပေ။ ဥပမာအားဖြင့် Nepotism ဟုခေါ်သော ဆွေမျိုးကောင်းစားရေးဝါဒကို ကြည့်နိုင်သည်။ ယင်းကို Favouritism (မျက်နှာသာပေးသည့်ဝါဒ) ဟုလည်း ခေါ်ကြသည်။ ဆုံးဖြတ်ချက် ချမှတ်သူသည် တစ်စုံတစ်ဦးအား မျက်နှာသာပေးလိုက်ခြင်းဖြင့် တစ်စုံတစ်ရာပြန်လည်ရရှိရန် မျှော်လင့်ထားသောကြောင့် ယင်းသည် အဂတိလိုက်စားမှုဖြစ်သည်။

လက်ဆောင်တစ်ခုကိုပေးခြင်း သို့မဟုတ် လက်ခံခြင်းအား ကျေးဇူးတင်သောကြောင့် စေတနာစစ်စစ်ဖြင့် ပေးခြင်းဟု ယူဆနိုင်ပါမည်လား။ တစ်စိတ်တစ်ပိုင်းအားဖြင်ဆိုလျှင် ယင်းသည် လက်ဆောင်၏ တန်ဖိုးပမာဏအပေါ် မူတည်နေသည်။ ထို့ကြောင့် အဂတိလိုက်စားမှုများနှင့် ပတ်သက်၍ တန်ဖိုးပမာဏ သတ်မှတ်ထားလေ့ရှိကြသော်လည်း ယင်းသည်ပင်လျှင် ရှင်းရှင်းလင်းလင်းမရှိသည့် ေ၀ဝါးဝါးကိစ္စတစ်ရပ် ဖြစ်နေသည်။

မည်သို့ပင်ဆိုစေကာမူ ဆင်းရဲသော ပြည်သူများနှင့် ဖယ်ကြဉ်ခံထားရသော ပြည်သူများသည် များသောအားဖြင့် အစိုးရက ထောက်ပံ့သည့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအပေါ်၌သာ မှီခိုနေရသည်။ အဂတိလိုက်စားမှုမှန်သမျှအတွက် အဆိုးရွားဆုံး ထိခိုက်ခံစားရသူများမှာလည်း ၎င်းတို့ပင် ဖြစ်ကြသည်။ ထို့ကြောင့် အဂတိလိုက်စားမှုကို တိုက်ဖျက်ခြင်းသည် ဆင်းရဲသောပြည်သူများကို ကာကွယ်စောင့်ရှောက်ပေးခြင်းပင် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(အောက်တိုဘာ ၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)