အများပြည်သူဝန်ဆောင်မှုများ

အများပြည်သူဝန်ဆောင်မှုများ
Published 15 June 2018

အစိုးရက သူ၏ စီရင်ပိုင်ခွင့်အတွင်း ပြည်သူများ နေထိုင်မှုအတွက် တိုက်ရိုက် (ပြည်သူ့ရေးရာ ဌာနများမှတစ်ဆင့်) သော်လည်းကောင်း၊ ဝန်ဆောင်မှုများကို ရန်ပုံငွေထောက်ပံ့ကာ ကြီးကြပ်ခြင်းဖြင့်သော်လည်းကောင်း ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုများကို အများပြည်သူ ဝန်ဆောင်မှုများဟု ခေါ်သည်။ အဆိုပါ စကားရပ်သည် (ဒီမိုကရေစီ ရွေးကောက်ပွဲများမှတစ်ဆင့် ကတိပေးလေ့ရှိသော) လူမှုရေးဆိုင်ရာ အများဆန္ဒနှင့် ပတ်သက်နေပြီး အချို့သော ဝန်ဆောင်မှုများသည် ဝင်ငွေ၊ ရုပ်ပိုင်းဆိုင်ရာစွမ်းရည်၊ စိတ်ပိုင်းဆိုင်ရာအရ ချို့တဲ့မှုတို့နှင့်မဆိုင်ဘဲ အားလုံးအတွက် ရရှိနိုင်ရမည်ဖြစ်သည်။ အများပြည်သူဝန်ဆောင်မှုများအား လူသိရှင်ကြား ထောက်ပံ့ပေးခြင်း သို့မဟုတ် လူသိရှင်ကြား ရန်ပုံငွေထုတ်ပေးခြင်း မရှိသည့်နေရာများ၌ပင်လျှင် လူမှုရေးဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ အကြောင်းတရားများအတွက် စီးပွားရေးကဏ္ဍအများစု၌ ကျင့်သုံးနေမှုများကို ကျော်လွန်လျက် အစိုးရက အများပြည်သူ ဝန်ဆောင်မှုများကို ကြီးကြပ်လေ့ရှိသည်။ ပြည်သူတို့၏ အကျိုးစီးပွားနှင့် ပြည်သူတို့အား စေ့ဆော်မှုပေးရေးတို့အတွက် အများပြည်သူဝန်ဆောင်မှုများကို ထောက်ပံ့ရန် ပြည်သူ့ရေးရာ မူဝါဒများ ချမှတ်နိုင်သည်။ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့နှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့သည် အများပြည်သူဝန်ဆောင်မှုအတွက် နမူနာများ ဖြစ်ကြသည်။

အများပြည်သူ ဝန်ဆောင်မှုပေးရေးသည် အခြေခံ လူ့အခွင့်အရေးနှင့်လည်း ပတ်သက်နေသည်။ စေတနာ့ဝန်ထမ်း မီးသတ်ဌာနနှင့် အရေးပေါ် လူနာတင်ယာဉ်အဖွဲ့ အစရှိသည် တို့သည် လူ့အဖွဲ့အစည်းအတွက် ဝန်ဆောင်မှုပေးသော အင်စတီကျူးရှင်းများ ဖြစ်ကြသည်။ အဆိုပါ ဝန်ဆောင်မှု လုပ်ငန်းများသည် တစ်ခု၏ လိုအပ်ချက် သို့မဟုတ် လိုလားချက်ကို အခြားတစ်ခုက အကူအညီပေးရသည်။ ခေတ်သစ်နိုင်ငံများ၌ အများပြည်သူဝန်ဆောင်မှု လုပ်ငန်းများအဖြစ် တရားရုံးများ၊ လျှပ်စစ်၊ ပညာရေး၊ အရေးပေါ်ဌာနများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဌာနများ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စစ်တပ်၊ စာတိုက်နှင့် ကြေးနန်းလုပ်ငန်း၊ အများပြည်သူသုံးဘဏ်၊ ပြည်သူ့အသံလွှင့်ဌာန၊ ပြည်သူ့စာကြည့်တိုက်၊ ပြည်သူ့လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေး၊ လူမှုရေးဌာနများ၊ တယ်လီဖုန်းဆက်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး အခြေခံ အဆောက်အအုံများ၊ အမှိုက်သိမ်းစနစ် စီမံခန့်ခွဲမှုနှင့် ရေထောက်ပံ့မှုကွန်ရက် အစရှိသည်တို့ ပါဝင်သည်။

ခေတ်သစ်ဒီမိုကရေစီနိုင်ငံများတွင် အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းများကို အစိုးရဝန်ထမ်းဟုခေါ်သည့် ရွေးကောက်တင်မြှောက်ခံ အရာရှိများမှနေ၍ ငှားရမ်းခန့်ထားသူများက ဆောင်ရွက်လေ့ရှိကြသည်။ အစိုးရဌာနများ အနေဖြင့် အမြတ်အစွန်းရရေးကို ဦးတည်ရခြင်းမရှိဘဲ ပြည်သူများအား ဝန်ဆောင်မှုပေးရေးကိုသာ အဓိကထားရသည်။ အစိုးရဝန်ထမ်းများသည် ပြင်ပလုပ်ငန်းများ၌ လုပ်ကိုင်သူများထက်စာလျှင် လစာနည်းလေ့ ရှိသောကြောင့် အလုပ်ချိန်နှင့် အခြားအကျိုးအမြတ်များပေးခြင်းအားဖြင့် ကာမိအောင် ပြုလုပ်ရသည်။ အစိုးရဝန်ထမ်းများအား အလုပ်မဆုံးရှုံးရရေး အာမခံချက် ပိုမိုရှိအောင်လည်း ဆောင်ရွက်ပေးရသည်။

ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ အမှိုက်သိမ်းစနစ်နှင့် ရာဇဝတ်မှု တရားစီရင်ရေးကဲ့သို့သော အများပြည်သူဝန်ဆောင်မှုများကို ထောက်ပံ့စီမံပေးရခြင်းသည် အစိုးရ၏ အဓိကတာဝန်တစ်ရပ်ဖြစ်သည်။ ပြည်သူများသည် အများပြည်သူ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ဂရုပြုကြပြီး ယင်းတို့အပေါ် တည်မှီလျက် ကောင်းစွာနေထိုင် လှုပ်ရှားနေရခြင်းဖြစ်သည်။ အများပြည်သူဝန်ဆောင်မှုများသည် ပြည်သူများနှင့် နိုင်ငံတော်အကြား ပေါင်းကူးဆက်သွယ်ပေးမှုများအနက် အထင်ရှားဆုံးလည်းဖြစ်သည်။ အများပြည်သူဝန်ဆောင်မှုများ၏ လုပ်ငန်းဆောင်ရွက်ပုံများက ပြည်သူများ၏ အစိုးရအပေါ် ယုံကြည်မှု သို့မဟုတ် မျှော်လင့်မှုကို ပုံသွင်းပုံဖော်ပေးသည်။ နိုင်ငံအဆင့်၌ အများပြည်သူဝန်ဆောင်မှုများသည် ပြည်သူတို့၏ လူမှုဖူလုံရေးနှင့် စီးပွားရေးကြီးထွားမှုကို ကျောထောက်နောက်ခံပြုပေးထားခြင်း ဖြစ်သည်။ အစိုးရအဖွဲ့တစ်ရပ်၏ စီမံခန့်ခွဲနိုင်မှု စွမ်းဆောင်ရည်နှင့်ပတ်သက်၍ အမြင်သာဆုံးမှာလည်း အများပြည်သူဝန်ဆောင်မှုများ၏ လုပ်ငန်းဆောင်ရွက်ပုံများ ဖြစ်သည်။

ထို့ကြောင့် အများပြည်သူဝန်ဆောင်မှု လုပ်ငန်းများနှင့်ပတ်သက်၍ အစိုးရတစ်ရပ် အနေဖြင့် ကောင်းမွန်သော တာဝန်ခံမှုနှင့် တာဝန်ယူမှုရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇွန်လ ၁၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်