ပြည်သူ့ရေးရာ မူဝါဒများ

ပြည်သူ့ရေးရာ မူဝါဒများ
Published 6 May 2018

ဥပဒေများ၊ အင်စတီကျူးရှင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကြောင်းကိစ္စများ သို့မဟုတ် အကြောင်းကိစ္စ အမျိုးအစားများနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ အုပ်ချုပ်ရေးအဖွဲ့များက အရေးတယူဆောင်ရွက်ရန် စည်းမျဉ်းချထားသော လမ်းညွှန်ချက်အမျိုးမျိုးကို ပြည်သူ့ရေးရာမူဝါဒများဟု ခေါ်ဆိုသည်။ ပြည်သူ့ရေးရာမူဝါဒများ၏ အခြေခံအုတ်မြစ်ကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ စာရင်းဇယားများတို့ဖြင့် ဖွဲ့စည်းထားသည်။ နောက်ထပ်အခြေခံများထဲတွင် တရားရေးဆိုင်ရာ ဖွင့်ဆိုချက်များနှင့် ဥပဒေထိန်းသိမ်းရေးက အာဏာပိုင်သော စည်းမျဉ်းစည်းကမ်းများ နှစ်ရပ်စလုံး ပါဝင်သည်။ ပြည်သူ့ရေးရာ မူဝါဒများသည် ပြဿနာရပ်များကို လုံလောက်စွာနှင့် ထိရောက်စွာ ဖြေရှင်းနိုင်ခြင်း၊ တရားမျှတမှုကို ပေးနိုင်ခြင်း၊ အစိုးရ၏ အင်စတီကျူးရှင်းများနှင့် မူဝါဒများကို အထောက်အပံ့ပြုနိုင်ခြင်း၊ နိုးကြားသော နိုင်ငံသားများဖြစ်စေရေးကို အားပေးခြင်းတို့ရှိပါက ယင်းမူဝါဒများကို ခိုင်မာအားကောင်းသည်ဟု သတ်မှတ်သည်။ အခြားသောပညာရှင်များက ပြည်သူ့ရေးရာ မူဝါဒကိုလုပ်ဆောင်ရန် လမ်းကြောင်းများ၊ ထိန်းချုပ်ကြီးကြပ်သော နည်းလမ်းများ၊ ဥပဒေများနှင့် အစိုးရအဖွဲ့ သို့မဟုတ် ယင်း၏ ကိုယ်စားလှယ်များက ပြဋ္ဌာန်းထားသော သက်ဆိုင်ရာ အကြောင်းအရာတစ်ရပ်နှင့် ပတ်သက်၍ ငွေကြေးထောက်ပံ့ရန် ဦးစားပေးအစီအစဉ်များ ပါဝင်သည့် စနစ်တစ်ရပ်ဟု သတ်မှတ်သည်။ ပြည်သူ့ရေးရာမူဝါဒများကို များသောအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေများ၊ ဥပဒေရေးရာ လုပ်ဆောင်ချက်များနှင့် တရားရေးဆိုင်ရာ ဆုံးဖြတ်ချက်များအတွင်း မြှုပ်နှံထားသည်။

ပြည်သူ့ရေးရာ မူဝါဒများချမှတ်ခြင်းကို ပြောင်းလဲနိုင်သော ရှုပ်ထွေးသော ပြန်လှန်ဆက်နွှယ်မှုရှိသော စနစ်တစ်ရပ်အဖြစ် သတ်မှတ်နိုင်သည်။ ယင်းမှတစ်ဆင့် ပြည်သူ့ရေးရာပြဿနာများကို အမျိုးအမည်သတ်မှတ်ခြင်း၊ ပြည်သူ့ရေးရာ မူဝါဒအသစ် ဖန်တီးခြင်း သို့မဟုတ် ရှိနှင့်ပြီးသားမူဝါဒကို ပြုပြင်မွမ်းမံခြင်းအားဖြင့် တုံ့ပြန်ခြင်းတို့ ပြုလုပ်သည်။ ပြည်သူ့ရေးရာ ပြဿနာများသည် အဆုံးမရှိနည်းလမ်းများအားဖြင့် မြစ်ဖျားခံလာနိုင်ပြီး ဒေသဆိုင်ရာအဆင့်၊ နိုင်ငံတော်အဆင့် သို့မဟုတ် နိုင်ငံတကာအဆင့်တို့၌ (စည်းမျဉ်းစည်းကမ်းများ၊ အစိုးရက ထောက်ပံ့ရမှုများ၊ သွင်းကုန်ဝေစုများ၊ ဥပဒေများကဲ့သို့သော) မူဝါဒရေးရာ တုံ့ပြန်မှုအမျိုးမျိုး လိုအပ်သည်။ ပြည်သူ့ရေးရာ မူဝါဒများ ချမှတ်ခြင်းသည် တုံ့ပြန်မှုများစွာတို့ကို အကြိမ်ကြိမ်နှင့် အပြန်ပြန်အလှန်လှန်ပြုရသည့် စဉ်ဆက်မပြတ် လုပ်ငန်းစဉ်တစ်ရပ်လည်း ဖြစ်သည်။ ယင်းစနစ် အလုပ်ဖြစ်စေရန်အတွက် ဆန်းစစ်ခြင်းနှင့် အစီအမံကို အကဲဖြတ်ခြင်းတို့သည် မရှိမဖြစ်အရေးပါသည်။ ပြည်သူ့ရေးရာ မူဝါဒချမှတ်ခြင်းအပေါ် သြဇာလွှမ်းမိုးသော ပြည်သူ့ရေးရာ ပြဿနာများသည် စီးပွားရေးနှင့်ဆိုင်သော သို့မဟုတ် လူမှုရေးနှင့်ဆိုင်သော သို့မဟုတ် နိုင်ငံရေးနှင့်ဆိုင်သော သဘောသဘာ၀ အသီးသီးရှိကြသည်။ စနစ်အသီးသီးကို ကွဲပြားခြားနားသော ပြည်သူ့ရေးရာ ပြဿနာအမျိုးမျိုးနှင့် အကြောင်းအရာအမျိုးမျိုးတို့က သြဇာသက်ရောက်ပြီး ပါဝင်ပတ်သက်မှု အမျိုးမျိုးရှိကာ ၎င်းတို့အသီးသီးသည် ကွဲပြားခြားနားသော ပြည်သူ့ရေးရာမူဝါဒ ကိုယ်စီလိုအပ်သည်။

ပြည်သူ့ရေးရာ မူဝါဒချမှတ်ရာတွင် များပြားလှစွာသော လူပုဂ္ဂိုလ်များ၊ ကော်ပိုရေးရှင်းများ၊ အကျိုးအမြတ် ရယူခြင်းမရှိသော အဖွဲ့အစည်းများနှင့် စိတ်ပါဝင်စားမှုကို အခြေခံသည့် သက်ဆိုင်ရာအဖွဲ့အသီးသီးတို့က မူဝါဒချမှတ်သူများအပေါ် သြဇာလွှမ်းမိုးနိုင်ရန် နည်းလမ်းအသီးသီးဖြင့် ယှဉ်ပြိုင်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ ပြုလုပ်ကြသည်။ ပြည်သူ့ရေးရာ မူဝါဒချမှတ်ခြင်းလုပ်ငန်းစဉ်တွင် နိုင်ငံရေးသမားများ၊ အစိုးရအမှုထမ်း အရာထမ်းများ၊ လော်ဘီများ၊ သက်ဆိုင်ရာ ကျွမ်းကျင်သူများ၊ လုပ်ငန်း သို့မဟုတ် ကဏ္ဍအသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်လေ့ရှိပြီး ၎င်းတို့ရည်ရွယ်ချက် ပေါက်မြောက်စေရန် နည်းဗျူဟာအမျိုးမျိုး၊ ကျင့်သုံးမှုအမျိုးမျိုးကို လုပ်ဆောင်လေ့ရှိကြသည်။ ယင်းတွင် သက်ဆိုင်ရာတာဝန်ရှိသူများကို လူသိရှင်ကြား အကြံပြုခြင်း၊ ထောက်ခံသူများနှင့် ကန့်ကွက်သူများကို ပညာပေးရန် ကြိုးပမ်းခြင်း၊ သက်ဆိုင်ရာကိစ္စရပ်တစ်ခုနှင့် ပတ်သက်၍ မဟာမိတ်များ ရှာဖွေခြင်းတို့ ပါဝင်သည်။ ပြည်သူ့ရေးရာ မူဝါဒများ ချမှတ်ခြင်းလုပ်ငန်းစဉ်တွင် ပါဝင်သူအားလုံး အရေးကြီးနိုင်သော်လည်း နောက်ဆုံးတွင် အစိုးရအဖွဲ့မှ သက်ဆိုင်ရာတာဝန်ရှိသူများကသာ ပြည်သူ့ရေးရာ အကြောင်းအရာ သို့မဟုတ် ပြဿနာကို တုံ့ပြန်ရန် ပြည်သူ့ရေးရာ မူဝါဒများကို ရွေးချယ်ချမှတ်ရသည်။ ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် အစိုးရအဖွဲ့ တာဝန်ရှိသူများအနေဖြင့် ပြည်သူ့ရေးရာကဏ္ဍနှင့် ပတ်သက်သော ကျင့်ဝတ်များနှင့် ကိုက်ညီရပြီး စီမံချက်နှင့် သက်ဆိုင်သူအားလုံးကို ထည့်သွင်းစဉ်းစားရန်လည်း လိုအပ်သည်။

မည်သို့ပင်ဆိုစေကာမူ ပြည်သူ့ရေးရာမူဝါဒများ ချမှတ်ခြင်းသည် အများပြည်သူတို့၏ အကျိုးစီးပွားကိုသာ အခြေခံရမည်ဖြစ်ပြီး ပြည်သူ့ရေးရာ ပြဿနာများကို လုံလောက်စွာနှင့် ထိရောက်စွာ ဖြေရှင်းပေးနိုင်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

မေ (၆) ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်