အနှောင့်အယှက်ကင်းစွာ သီးသန့်တည်ရှိမှု

အနှောင့်အယှက်ကင်းစွာ သီးသန့်တည်ရှိမှု
Published 4 April 2018

အနှောင့်အယှက်ကင်းစွာ သီးသန့်တည်ရှိမှု (Privacy) ဟူသည် ပုဂ္ဂိုလ်တစ်ဦးချင်း သို့မဟုတ် အုပ်စုတစ်စု၏ ၎င်းတို့ဘာသာ သို့မဟုတ် ၎င်းတို့၏ အချက်အလက်များနှင့် ပတ်သက်၍ တစ်သီးတခြား အနှောင့်အယှက်ကင်းစွာ နေနိုင်စွမ်းဖြစ်သည်။ တစ်နည်းအားဖြင့် ၎င်းတို့နှစ်သက်သလို ထုတ်ဖော်ပြနိုင်သည်။ မည်သည်ကို Privacy ဟု သတ်မှတ်သနည်းဟူသည်နှင့် ပတ်သက်၍ နယ်နိမိတ်အပိုင်းအခြားများနှင့် ပါဝင်သည့် အရာများသည် လူပုဂ္ဂိုလ်အလိုက် ယဉ်ကျေးမှုများအလိုက် ကွဲပြားခြားနားကြသည်။ သို့သော်  ပင်မအကြောင်းအရာများမှာ အတူတူပင်ဖြစ်သည်။ တစ်စုံတစ်ရာသည် လူပုဂ္ဂိုလ်တစ်ဦးအတွက် Privacy ဖြစ်သည့်အခါ ယင်းတစ်စုံတစ်ရာသည် ထိုသူအတွက် မွေးရာပါအထူးကိစ္စ သို့မဟုတ် ထိရှမခံနိုင်သော ကိစ္စဖြစ်သည်။ Privacy ၏ နယ်မြေသည် လုံခြုံမှု (အတွင်းရေး) နှင့် တစ်စိတ်တစ်ပိုင်းအရ ဆက်နွှယ်လျက်ရှိသည်။ ယင်းတွင် လျော်ကန်သော အသုံးပြုမှုအပြင် အချက်အလက်က ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ သဘောတရားများ ပါဝင်သည်။ Privacy သည် ကိုယ်ခန္ဓာနှင့်ဆိုင်သော ဂုဏ်သိက္ခာပုံစံ တစ်မျိုးလည်း ဖြစ်နိုင်သည်။

အစိုးရ၊ ကော်ပိုရေးရှင်းများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းတို့က Privacy ကို ခွင့်မပြုဘဲ ဝင်ရောက်နှောင့်ယှက်ခြင်း မပြုရန် လူ့အခွင့်အရေး တစ်ရပ်သည် နိုင်ငံများစွာတို့၏ Privacy ဆိုင်ရာဥပဒေတွင် တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်သည်။ အချို့နိုင်ငံများတွင် Privacy ကိစ္စကို ဖွဲ့စည်းပုံ အခြေခံဥပဒေအတွင်း၌ပင် ထည့်သွင်းရေးဆွဲ ထားသည်။ နိုင်ငံအားလုံးနီးပါး၌ Privacy ကို တစ်နည်းနည်းဖြင့် ကန့်သတ်ထားသော ဥပဒေများလည်း ရှိသည်။ ဥပမာအားဖြင့် အခွန်ကောက်ခံခြင်းနှင့် ပတ်သက်သော ဥပဒေဖြစ်သည်။ ပုံမှန်သဘောအရ လူပုဂ္ဂိုလ်တစ်ဦး၏ ဝင်ငွေ သို့မဟုတ် ရရှိသော အကျိုးအမြတ်နှင့် ပတ်သက်သော အချက်အလက်များကို အခွန်ဥပဒေအရ မျှဝေရန် လိုအပ်သည်။ နိုင်ငံအချို့တွင် တစ်သီးပုဂ္ဂလဆိုင်ရာ Privacy သည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဥပဒေများနှင့် ပဋိပက္ခ ဖြစ်နေတတ်သည်။ နိုင်ငံအချို့၏ ဥပဒေများတွင် အခြားနိုင်ငံများနှင့် အခြားယဉ်ကျေးမှုများ၌ Privacy ဟု သတ်မှတ်ထားသည့် အချက်အလက်များကို လူသိရှင်ကြား ထုတ်ဖော်ပြရန် လိုအပ်သည်။

Privacy ဟူသည် လူသားတို့၏ ဆက်ဆံရေးနှင့် ပတ်သက်၍ မဟာဗျူဟာမြောက်  အမြင်တစ်ရပ် ဖြစ်သော်လည်း အကျိုးကျေးဇူးများ ဖြစ်ထွန်းနိုင်သည့် ကိစ္စများအတွက် တစ်ခါတစ်ရံတွင် အန္တရာယ်များ၊ ဆုံးရှုံးမှုများနှင့်အတူ Privacy ကို မိမိသဘောဆန္ဒအလျောက် စတေးပစ်လိုက်ကြရသည်။ ဥပမာအားဖြင့် အခြားသူများ၏ ယုံကြည်မှုကို မြှင့်တင်ပြီး အဓိပ္ပာယ်ရှိသော လူမှုဆက်ဆံရေး တည်ဆောက်ရန်အတွက် လူတို့သည် မိမိ၏ အမည်နာမကို ထုတ်ဖော်ပြောကြားရန် အဆင်သင့် ဖြစ်နေတတ်ကြသည်။ မည်သည့် အချက်အလက်များကို စုဆောင်းပြီး မည်သို့မည်ပုံ အသုံးပြုမည်ကို ပွင့်လင်းမြင်သာရှိသည်ဟု အချက်အလက် စုဆောင်းသူများအပေါ် ရှုမြင်ပါက လူတို့သည် မိမိတို့ သဘောဆန္ဒအလျောက် Privacy ကို စတေးပစ်ရန် ပို၍ဆန္ဒရှိကြောင်း သုတေသနများက ပြသခဲ့ကြသည်။ စီးပွားရေးလောကတွင် ဆုလာဘ်တစ်ခုကို ရရှိရန် လောင်းကြေးထပ်ရာ၌ (တစ်ခါတစ်ရံ ကြော်ငြာရန် ရည်ရွယ်ချက်ဖြင့်) လူတစ်ဦးအနေဖြင့် ၎င်း၏စိတ်ဆန္ဒအလျောက် ပုဂ္ဂိုလ်ရေး အသေးစိတ် အချက်အလက်များကို ပေးတတ်ကြသည်။ မိမိတို့ သဘောဆန္ဒအလျောက် ပုဂ္ဂိုလ်ရေး အချက်အလက်များကို ဖြန့်ဝေလိုက်သည့်အခါ ယင်းအချက်အလက်များကို ခိုးယူခြင်း သို့မဟုတ် မလျော်မကန် သုံးစွဲခြင်း ပြုလုပ်ခံရတတ်ကာ အခြားသူများက မိမိ၏ အယောင်ဆောင်မှုများ ဆီသို့လည်း ဦးတည်သွားနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ လူသားတစ်ဦး၏ မွေးရာပါ လူ့အခွင့်အရေးများထဲတွင် Privacy လည်း ပါဝင်ပြီး ဒီမိုကရေစီနိုင်ငံများတွင် Privacy ဆိုင်ရာ ဥပဒေသည် အရေးကြီးသည့် ဥပဒေတစ်ရပ် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဧပြီလ ၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်