ကြီးလေးသောတာဝန်နှင့် ကျင့်ဝတ်များ

ကြီးလေးသောတာဝန်နှင့် ကျင့်ဝတ်များ
Published 22 March 2018

မြန်မာနိုင်ငံ၏ နဝမမြောက်သမ္မတဖြစ်သည့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ၎င်း၏ရာထူးတာဝန်မှ ယမန်နေ့က နုတ်ထွက်သွားခဲ့သည်။ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကပင် ကျန်းမာရေးအခြေအနေအရ သမ္မတဦးထင်ကျော်အနေဖြင့် ရာထူးမှ အနားယူတော့မည်ဆိုသည့်သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။ နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက် အမှတ် ၁/၂၀၀၈ အရ သမ္မတဦးထင်ကျော်သည် လက်ရှိအလုပ်တာဝန်များမှ အနားယူလိုသောကြောင့် ၂၀၁၈ ခုနှစ် မတ် ၂၁ ရက်မှစ၍ နိုင်ငံတော်သမ္မတရာထူးက နုတ်ထွက်သွားပါသည်ဟု ဖော်ပြပါရှိသည်။ ထို့ပြင် လွစ်လပ်သွားသည့် နိုင်ငံတော်သမ္မတရာထူးကို အလုပ်လုပ်ရက် ခုနစ်ရက်အတွင်း ဖြည့်စွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ခဲ့သည်။ ကျန်းမာရေးနှင့်ပတ်သက်သည့်သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သော်လည်း သမ္မတနုတ်ထွက်သွားခြင်းကြောင့် လူထုကြားတွင် အမျိုးမျိုးထင်မြင်ယူဆချက်များနှင့် သုံးသပ်ပြောဆိုမှုများ ထွက်ပေါ်ခဲ့သည်။

မည်သို့ပင်ဆိုစေ သမ္မတတာဝန်ကို စတင်ရယူချိန်မှ နှစ်နှစ်ပြည့်ရန် ကိုးရက်အလိုတွင် နုတ်ထွက်သွားခဲ့ပြီဖြစ်သည်။ သို့ဖြစ်ရာ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းပြီး အရပ်သားအစိုးရတစ်ရပ် စတင်ချိန်တွင် သမ္မတအဖြစ် တာဝန်ယူခဲ့သည့် သမ္မတဦးထင်ကျော်၏ နေရာတွင် ဒသမမြောက်သမ္မတတစ်ဦးအဖြစ် အစားထိုးရတော့မည်ဖြစ်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၃၊ ပုဒ်မခွဲ (ခ) နှင့်အညီ နိုင်ငံတော်သမ္မတရာထူးနေရာ လစ်လပ်သွားသည့်အချိန်သည် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေချိန်ဖြစ်လျှင် လစ်လပ်သွားသည့် နိုင်ငံတော်သမ္မတရာထူးကို ခုနစ်ရက်အတွင်း ဖြည့်စွက်နိုင်ရေးအတွက် လုပ်ဆောင်ကြမည်ဖြစ်ကာ မကြာမီတွင် သမ္မတသစ်အမည်စာရင်း ထွက်ပေါ်လာမည်ဖြစ်သည်။ သမ္မတရွေးချယ်မှုကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း လွှတ်တော်က ဆောင်ရွက်ပေးမည်ဖြစ်ပြီး သမ္မတသစ်အနေဖြင့်မူ တိုင်းပြည်၏ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး စသောစိန်ခေါ်မှုများအတွက် ကြီးလေးသည့်တာဝန်များကို နိုင်ငံနှင့်ပြည်သူအတွက် ထမ်းဆောင်ရမည်ဖြစ်သည်။

ထို့ပြင် သမ္မတအဖြစ် တာဝန်ယူရမည့်သူအနေဖြင့် တိုင်းပြည်နိုင်ငံအကြီးအကဲတို့၏ ကျင့်ဝတ်များ Ten Percepts for Rulers (မင်းကျင့်တရား ၁၀ ပါး) ကို နှလုံးသွင်းကာ ပြည်သူ့တာဝန်များကို ဆောင်ရွက်ပေးနိုင်ရန် လိုအပ်မည်မှာ အမှန်ပင်ဖြစ်သည်။ ယင်းကျင့်ဝတ်များအရ (၁) ဒါန-ဆင်းရဲသားပြည်သူများအပေါ် အထူးကူညီစောင့်ရှောက်ပေးသော၊ လူအများကောင်းကျိုးအတွက် ဆောင်ရွက်သော၊ အလုပ်အကိုင်အခွင့်အလမ်းများပေးနိုင်သော ကြိုးစားမှုမျိုးဖြင့် ပြည့်စုံသင့်သည်။ (၂) သီလ-စောင့်ထိန်းအပ်သော ငါးပါးသီလကဲ့သို့ မြင့်မြတ်သောအကျင့်သီလများကို လုံခြုံစွာစောင့်ထိန်းသင့်သည်။ (၃) ပရိစ္စာဂ-ပြည်သူများ၏ ကောင်းကျိုးလိုအင်အတွက် မိမိ၏အသက်ကိုပင် စွန့်လွှတ်အနစ်နာခံနိုင်မှုရှိရမည်။ (၄) အဇ္ဇဝ-ပြည်သူတို့အပေါ် စိုးရိမ်ကြောက်လန့်စေခြင်းမရှိစေရ၊ အများပြည်သူအပေါ်အပြောတစ်မျိုး၊ အလုပ်တစ်မျိုးမဖြစ်စေရ။ ရိုးသားဖြောင့်မတ်ကာ လိမ်လည်လှည့်ဖြားမှု၊ မမှန်မကန်ဆုံးဖြတ်ခြင်းမျိုး မဖြစ်ပေါ်အောင် ဂရုပြုရမည်။ (၅) မဒ္ဒမ-ပြည်သူများအပေါ် သနားကြင်နာစွာဖြင့် နူးညံ့သိမ်မွေ့ကာ မိဘ၊ မောင်နှမသားရင်းများကဲ့သို့ စိတ်နေသဘောထားဖြင့် ဆက်ဆံနိုင်ရမည်။ (၆) တပ-ရိုးသားစွာ ဝတ်စားဆင်ယင်မှု၊ မိမိကိုယ်မိမိ နှိမ်ချမှု ပြည့်စုံရမည့်အပြင် စည်းစိမ်ယစ်မူးခြင်း၊ အာဏာယစ်မူးခြင်းတို့ကို ရှောင်ကြဉ်ရန်လိုမည်ဖြစ်သည်။ (၇) အက္ကောဓ-ပြည်သူ့အရေးကိစ္စများအပေါ် ဆောင်ရွက်ရာတွင် အမျက်ဒေါသဖြင့် ဖြေရှင်းခြင်း၊ ရန်ငြိုးဖွဲ့အကြမ်းဖက်ခြင်းကင်းစေရမည်။ (၈) အဝိဟိံသ-အများပြည်သူကို အန္တရာယ်မဖြစ်စေခြင်း၊ စစ်မက်ဖက်ပြိုင်မှု၊ အကြမ်းဖက်ပဋိပက္ခများ မဖြစ်ပွားစေရန်နှင့် ငြိမ်းချမ်းရေးကို ရှေးရှုဆောင်ရွက်ရမည်။ (၉) ခန္တီ-စိတ်ရှည်ခြင်းသည်းခံခြင်း၊ ကျိုးကြောင်းနားလည်မှုရှိခြင်းနှင့် ပြည့်စုံရမည်။ (၁၀) အဝိရောဓန-အများအကျိုးရှိစေမည့် လုပ်ငန်းဆောင်တာများကို ကန့်ကွက်တားဆီးခြင်း၊ ပြည်သူတို့၏ သဘောထားဆန္ဒအပေါ် ဆန့်ကျင်ခြင်းမရှိစေဘဲ ပြည်သူလူထုသဘောထားအပေါ် ညီညွတ်မျှတစွာ အုပ်ချုပ်နိုင်ရမည် စသည်တို့သည် ခေတ်အဆက်ဆက် အကြီးအကဲတို့၏ နှလုံးသွင်းလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများပင်ဖြစ်သည်။ သို့ဖြစ်ရာ တိုင်းပြည်၏ ကြီးလေးသောတာဝန်များကို ရယူမည့်သူများအနေဖြင့် လိုက်နာသင့်၊ စောင့်ထိန်းသင့်သော ကျင့်ဝတ်များကို စောင့်ထိန်းကာ တိုင်းပြည်နှင့် လူထုအတွက် တာဝန်ကျေကြသူများဖြစ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

မတ် (၂၂) ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်