နွေရာသီနှင့် အပူလျှပ်ခြင်းအန္တရာယ်

နွေရာသီနှင့် အပူလျှပ်ခြင်းအန္တရာယ်
Published 14 March 2018

မတ်လနွေ၏ ပူပြင်းလှသော နေရောင်အောက်၌ ကတ္တရာတို့ပင် အရည်ပျော်ကျနေကြသည်။ ဝမ်းရေးအတွက် ရုန်းကန်နေကြရသော ပြည်သူအများစု၏ ဘဝတို့သည်ကား နွေအပူကို ဂရုမပြုနိုင်အား။ သို့သော် ဝမ်းရေးအတွက် ရင်အပူပေါ် ထပ်ဆင့်မည့် အပူလျှပ်ခြင်း အန္တရာယ်ကိုမူ မဖြစ်မနေ သတိပြုသင့်သည်သာ။

အပူလျှပ်ခြင်း (Heat Stroke) ဟူသည် အပူဒဏ်ကြောင့် ထိခိုက်မှု၏ အမြင့်ဆုံးပုံစံဖြစ်ပြီး ဆေးကုသမှုဆိုင်ရာ အရေးပေါ် အခြေအနေတစ်ရပ် ဖြစ်သည်။ ရာသီဥတု ပူပြင်းခြင်းကြောင့် အသက်လေးနှစ်အောက် ကလေးများနှင့် အသက် ၆၀ ကျော် သက်ကြီးရွယ်အိုများမှာ အပူဒဏ်ကြောင့် မေ့လဲခြင်း၊ အပူကြောင့် ခြေလက်ရောင်ရမ်းခြင်း၊ အပူကြောင့် ကြွက်တက်ခြင်း၊ အပူကြောင့် အားအင်ကုန်ခန်း ချည့်နဲ့ခြင်းနှင့် အပူကြောင့် ချွေးမထွက်ဘဲ သတိလစ်မေ့မြောခြင်း စသည်တို့ ဖြစ်ပွားနိုင်သည်။

ဆေးပညာအရ အပူလျှပ်ခြင်း အဓိပ္ပာယ် သတ်မှတ်ချက်မှာ မြင့်မားသော အပူချိန်ကို ထိတွေ့ပြီးနောက် ခန္ဓာကိုယ်အပူချိန် ၁၀၅ ဒီဂရီ ဖာရင်ဟိုက် (၄၀ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်) ကို ကျော်လွန်ပြီး ဗဟိုအာရုံကြော အဖွဲ့ပါဝင်သည့် လက္ခဏာရပ်များနှင့် ယှဉ်တွဲဖြစ်ပေါ်ခြင်းဖြစ်သည်။ ထင်ရှားသည့် လက္ခဏာရပ်များမှာ ပျို့အန်ခြင်း၊ တက်ချက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ နေရာကိုခွဲခြင်း မသိတော့ခြင်းနှင့် တစ်ခါတစ်ရံ သတိလစ်မေ့မြောခြင်းတို့ ဖြစ်သည်။

အခြားလက္ခဏာရပ်များမှာ ခေါင်းထိုးကိုက်ခြင်း၊ မူးဝေပြီး အလင်းရောင်ကြောင့် ခေါင်းကိုက်ခြင်း၊ ပူပြင်းသော်လည်း ချွေးမထွက်ခြင်း၊ အရေပြားနီကာ ပူလောင်ခြောက်သွေ့ခြင်း၊ ကြွက်သားချည့်နဲ့လာခြင်း သို့မဟုတ် ကြွက်တက်ခြင်း၊ နှလုံးခုန်မြန်လာခြင်းနှင့် အသက်ရှူ မြန်လာခြင်းတို့ ဖြစ်သည်။

တစ်စုံတစ်ဦးသည် အပူလျှပ်ခြင်း ဖြစ်ပေါ်သည်ဟု ယူဆပါက အရေးပေါ် ဖုန်းနံပါတ်သို့ ဆက်သွယ်ရန် သို့မဟုတ် နီးရာဆေးရုံသို့ အမြန်ဆုံး ပို့ရန်လိုအပ်သည်။ ဆေးကုသမှု အကူအညီရယူရန် နှောင့်နှေးကြန့်ကြာနေပါက လူနာသေဆုံး သွားနိုင်သည်။ ဆေးဝါးအကူအညီ ရရှိရန် စောင့်ဆိုင်းနေစဉ် ရှေးဦးသူနာပြုစုနည်းကို စတင်လုပ်ဆောင်ရမည်။ လူနာကို လေအေးပေးစက်ရှိသော နေရာသို့ ရွှေ့ရမည်။ အနည်းဆုံး အေးမြ၍ အရိပ်ရသောနေရာ ဖြစ်ရမည်။ မလိုအပ်သော အဝတ်များအားလုံးကို ချွတ်ပစ်ရမည်။ ဖြစ်နိုင်ပါက ခန္ဓာကိုယ် အပူချိန်ကို ၁၀၁ သို့မဟုတ် ၁၀၂ ဒီဂရီ ဖာရင်ဟိုက်သို့ လျှော့ချနိုင်အောင် ကြိုးပမ်းရမည်။ မျက်နှာသုတ်ပဝါ ရေစွတ်လျက် လူနာ၏ အရေပြားကို စိုစွတ်အောင် ပြုလုပ်ထားစဉ်အတွင်း အပေါ်မှ ပန်ကာဖွင့်ပေးခြင်း သို့မဟုတ် ယပ်ခတ်ပေးခြင်းတို့ ပြုလုပ်ရမည်။ လူနာ၏ ချိုင်းကြား၊ ပေါင်ကြား၊ လည်ပင်းနှင့် ကျောတို့ကို ရေခဲအိတ်ကပ်ပေးရမည်။ ယင်းနေရာတို့၌ အရေပြားနှင့် နီးကပ်သော သွေးကြောများ များပြားသောကြောင့် ယင်းနေရာတို့ကို အအေးခံခြင်းဖြင့် ခန္ဓာကိုယ်အပူချိန်ကို ကျဆင်းစေနိုင်သည်။ လူနာကို ရေအေးဖြင့်လောင်းပေးခြင်း သို့မဟုတ် ရေအေးကန်ထဲစိမ်ခြင်း ပြုလုပ်ပေးရမည်။ လူနာကို ဆေးရုံမပို့ နိုင်သေးပါက ဆေးရုံ၏ အရေးပေါ်ဌာနသို့ ဖုန်းဆက်ကာ အကြံဉာဏ် တောင်းခံသင့်သည်။

ယခုအခါ နွေရာသီ ကျရောက်လာပြီ ဖြစ်သဖြင့် နေ့အပူချိန် မြင့်တက်နေပြီး အပူလျှပ်၍ သတိလစ်ခြင်း ဖြစ်ပေါ်ကာ အသက်အန္တရာယ် ဖြစ်ပေါ်စေနိုင်သောကြောင့် အပူလျှပ်ခြင်းအန္တရာယ် ဖြစ်နိုင်ခြေကို သတိပြုကြပါရန် The Daily Eleven သတင်းစာက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။

မတ်လ ၁၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်