ဦးနှောက်ယိုစီးမှုနှင့် လုပ်အားယိုစီးမှုပြဿနာ

ဦးနှောက်ယိုစီးမှုနှင့် လုပ်အားယိုစီးမှုပြဿနာ
Published 1 March 2018

မြန်မာနိုင်ငံတွင် ၁၉၈၈ နောက်ပိုင်းမှစ၍ မျက်မှောက်အချိန်အထိ နှစ်ပေါင်း ၃၀ ခန့်အတွင်း နိုင်ငံပြင်ပသို့ အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာမှုများပြားခဲ့ခြင်းကြောင့် Human Resource လူ့စွမ်းအားအရင်းအမြစ်ပြဿနာနှင့် ကြီးကြီးမားမား ရင်ဆိုင်နေရသည်။ ယင်းကဲ့သို့ နိုင်ငံမှစွန့်ခွာသူများခြင်း၏ အကျိုးဆက်အဖြစ် နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးတွင် အရည်အသွေးပြည့်ဝသော အလုပ်သမားရှားပါးမှုနှင့် ရင်ဆိုင်နေကြရသည်။ အာဏာရှင်စနစ်အောက်တွင် နိုင်ငံတကာမှ ပိတ်ဆို့မှုများနှင့် နိုင်ငံအထီးကျန်ဆန်မှုကြောင့် ပညာတတ်များစွာ ပြည်ပသို့ အလုံးအရင်းဖြင့် ထွက်ခွာသွားခဲ့ကြသည်။ ထိုအခါ ဦးနှောက်ယိုစီးမှု (Brain Drain) ဖြစ်ကာ နိုင်ငံတွင် ပညာရှင်လိုအပ်မှုမြင့်မားခဲ့ပြီး နယ်ပယ်အသီးသီး၌ ဆုတ်ယုတ်ခဲ့ရသည်။

အဘက်ဘက်မှ နိမ့်ကျနေသောနိုင်ငံဖြစ်သည့်အလျောက် အခြေခံအလုပ်သမားများလည်း ပြည်ပသို့ တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ နည်းလမ်းအမျိုးမျိုးဖြင့် ထွက်ခွာသွားကြပြန်ရာ အခြေခံလုပ်သားရှားပါးမှု၊ လုပ်အားယိုစီးမှု ဖြစ်ပေါ်စေခဲ့ပြန်သည်။ အစိုးရမှ ပညာရေးကိုအားမပေး၊ ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမားမလုပ်သည့် အကျိုးဆက်သည် ဦးနှောက်ယိုစီးမှုကိုဖြစ်စေသည်။ ယင်းအပြင် ပြည်ပ၌အခြေချသည့်အခါ ပရော်ဖက်ရှင်နယ်အလိုက် လစာနှင့် ခံစားခွင့်ပိုမိုကောင်းမွန်ခြင်း၊ အသက်မွေးဝမ်းကျောင်းအလိုက် အခွင့်အလမ်းကောင်းများရှိခြင်း၊ လူနေမှုဘဝအဆင့်အတန်း မြင့်မားခြင်းတို့ကြောင့် ပညာရှင်များအနေဖြင့် မိမိနိုင်ငံသို့ ပြန်လည်အခြေချရန် တွန့်ဆုတ်သွားကြခြင်းဖြစ်သည်။ ထို့ပြင် အလုပ်အကိုင်အခွင့်အလမ်းရှားပါးခြင်းနှင့် လူမှုဘဝမညီမျှမှုတို့ကြောင့်လည်း အခြေခံအလုပ်သမားများပါ ပြည်ပသို့ ထွက်ခွာသွားကြခြင်းဖြစ်သည်။ နိုင်ငံကိုစွန့်ခွာသွားသူများ ပြန်လည်အခြေချရေးအတွက် အဆုံးအဖြတ်ဖြစ်စေသော အချက်များတွင် နိုင်ငံရေးတည်ငြိမ်မှုနှင့် နိုင်ငံတကာတွင်ရှိသော နိုင်ငံ၏ပုံရိပ်တို့သည်လည်း အဓိကအရေးပါသည်။

ဦးနှောက်ယိုစီးမှုပြဿနာသည် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် စိန်ခေါ်မှုတစ်အရပ်အဖြစ် ရှိနေသည်ကို တွေ့ရသည်။ အချို့သောနိုင်ငံများတွင် နိုင်ငံကိုစွန့်ခွာသွားသောပညာရှင်များ မွေးရပ်မြေသို့ ပြန်လာနိုင်ရေးအတွက် ရေရှည်စီမံကိန်းများချမှတ်၍ ဂရုတစိုက်ဆောင်ရွက်ကြသည်ကို တွေ့ရသည်။ မလေးရှားအစိုးရက ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် မလေးရှားပညာရှင် တစ်သန်းပြန်လာရေးအတွက် ၂၀၁၁ ခုနှစ်မှစ၍ ကြိုးစားခဲ့ဖူးသည်။ ၎င်းတို့၏ ရည်ရွယ်ချက်အောင်မြင်ရန် TalentCorp ဟုခေါ်သောအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အမေရိကန်ဒေါ်လာသန်း ၃၀ ခန့် သုံးစွဲလုပ်ဆောင်ခဲ့သော်လည်း ၂၀၁၅ ခုနှစ်မတိုင်မီအထိ ပညာရှင်အရေအတွက် ၃၀၀၀ ခန့်သာပြန်လာရန် လုပ်ဆောင်နိုင်ခဲ့သဖြင့် မအောင်မြင်ခဲ့ပေ။

စီးပွားရေးနာလန်ထူရေးအတွက် များစွာရုန်းကန်ရန် လိုအပ်နေသည့် မြန်မာနိုင်ငံတွင် ပညာရှင်များလိုအပ်လျက်ရှိသည်။ ကဏ္ဍအသီးသီးတွင် အပြောင်းအလဲပြုလုပ်ရာ၌ အရည်အချင်းပြည့်ဝသူများ ပရော်ဖက်ရှင်နယ်အလိုက် ပညာရှင်များနည်းပါးနေသည့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်ခန့်က ဗီယက်နမ်နိုင်ငံ ရင်ဆိုင်ရသည့်အခြေအနေနှင့် ဆင်တူနေသည်ကို တွေ့ရသည်။ ပြုပြင်ရမည့်ကဏ္ဍ မြောက်မြားစွာရှိနေသည့် နိုင်ငံတစ်နိုင်ငံတွင် အစိုးရအနေဖြင့် ရေတိုကိစ္စများကိုသာကြည့်ပြီး ရေရှည်ဆောင်ရွက်ရမည့်ကိစ္စများနှင့် အကြောင်းအရာများကို ဥပေက္ခာမပြုသင့်ပေ။ အစိုးရတစ်ရပ်အနေဖြင့် မိမိတို့၏ အစိုးရသက်တမ်း တစ်ခုစာအတွက်သာမဟုတ်ဘဲ မျိုးဆက်များစွာအတွက် ချင့်ချိန်လုပ်ဆောင်ရန် လိုအပ်သည်ဖြစ်ရာ နိုင်ငံတွင်ဖြစ်ပေါ်နေသော ဦးနှောက်ယိုစီးမှုနှင့် လုပ်အားယိုစီးမှုအခြေအနေတို့ကို သုံးသပ်ကာ ရေရှည်စီမံကိန်းတစ်ရပ်ချမှတ်၍ လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းရေးသားအပ်ပါသည်။

မတ် (၁) ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်