မီဒီယာများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ခြစားမှု တိုက်ဖျက်ရေး

မီဒီယာများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ခြစားမှု တိုက်ဖျက်ရေး
Published 23 February 2018

နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International) က ၂၀၁၇ ခုနှစ်အတွက် အကျင့်ပျက်ခြစားမှု အညွှန်းကိန်းကို ဖေဖော်ဝါရီ ၂၁ ရက်က ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံသည် အမှတ် ၃၀ ရရှိပြီး နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၃၀ ၌ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ၂၀၁၆ ခုနှစ်က အဆင့် ၁၃၆ ၌ ရှိခဲ့သောကြောင့် ယခုနှစ်တွင် အဆင့်ခြောက်ဆင့် မြင့်တက်လာသည်ဟု ဆိုနိုင်သည်။ TI အဖွဲ့၏ ယခုနှစ် ထုတ်ပြန်မှုသည် ၎င်းတို့အဖွဲ့၏ ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်လည်းဖြစ်သည်။ ၎င်းအဖွဲ့၏ ထုတ်ပြန်ချက်အရ ကမ္ဘာတစ်လွှားတွင် ခြစားမှုတိုက်ဖျက်ရေး ကြိုးပမ်းမှုများ ပြုလုပ်နေကြသော်လည်း နိုင်ငံအများစုသည် ကြိုးပမ်းအားထုတ်မှု လွန်စွာနှေးကွေးလျက်ရှိကြောင်း သိရသည်။ လွန်ခဲ့သည့်ခြောက်နှစ်အတွင်း နိုင်ငံပေါင်းများစွာတို့၌ တိုးတက်မှု မရှိသလောက် နည်းပါးခဲ့သည်ဟုဆိုသည်။ TI ၏ လေ့လာသုံးသပ်မှုအရ စာနယ်ဇင်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) များကို ကာကွယ်စောင့်ရှောက်မှု အနိမ့်ဆုံးနိုင်ငံများသည် အကျင့်ပျက်ခြစားမှုနှုန်း အမြင့်မားဆုံးဖြစ်နေသည်ကိုလည်း တွေ့ရှိရသည်။

TI က အစိုးရက မီဒီယာများနှင့် NGOs များကို နှိပ်ကွပ်ခြင်းသည် ခြစားမှုအဆင့် ပိုမိုမြင့်မားခြင်းနှင့် ဆက်နွှယ်နေကြောင်းနှင့် နိုင်ငံအများစုသည် ခြစားမှုကို တိုက်ဖျက်ရန် လှုပ်ရှားမှုများ နှေးကွေးလွန်းနေကြောင်း ပြောကြားခဲ့ခြင်းက စိတ်ဝင်စားဖွယ်ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ ဖိလစ်ပိုင်နိုင်ငံ၌ သိသိသာသာ လေ့လာတွေ့ရှိရသည်ဟုလည်း TI မှ အာရှ-ပစိဖိတ် အကြီးတန်းကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သော အယ်လီဂျန်ဒရိုဆာလက်က ပြောကြားခဲ့သည်။ သူက “မကြာသေးမီနှစ်တွေအတွင်း ကံမကောင်း အကြောင်းမလှစွာပဲ ခင်ဗျားတို့ရဲ့နိုင်ငံမှာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ ဂျာနယ်လစ်တွေရဲ့ နေရာဟာ လျှော့ချခြင်းခံခဲ့ရပါတယ်။ အစိုးရဟာ ဝေဖန်တာကို ခံနိုင်မှုနည်းပါးပြီး ဂျာနယ်လစ်တွေ အဆက်မပြတ် ခြိမ်းခြောက်ခံရမှုနှင့် ရုပ်ပိုင်းဆိုင်ရာ ခိုင်မြဲမှုအပေါ် တိုက်ခိုက်မှု ခံစားခဲ့ရပါတယ်။ အသတ်ခံရတာတွေတောင်မှ ရှိပါတယ်” ဟု ဖိလစ်ပိုင်နိုင်ငံကို ရည်ညွှန်းပြောကြားခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသည် ၂၀၁၇ ခုနှစ် အကျင့်ပျက်ခြစားမှုဆိုင်ရာ အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၁၁ ၌ ရှိနေသည်။ ဆာလက်က “ဒူတာတေးဟာ သူ့ရဲ့ ခြစားမှုတိုက်ဖျက်ရေး လှုပ်ရှားမှုနဲ့ပတ်သက်ပြီး အများကြီး ပြောခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာပဲ ဒါတွေဟာ စကားလုံးတွေပဲ ဖြစ်နေပြီး စစ်မှန်ပြီး ရိုးသားတဲ့ ခြစားမှုတိုက်ဖျက်ရေးလှုပ်ရှားမှု မဖြစ်နိုင်ပါဘူး။ နိုင်ငံသားတွေ၊ အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေဟာ အစိုးရရဲ့ တာဝန်ခံမှုနဲ့ပတ်သက်ပြီး ရှုတ်ချရင် ဒါမှမဟုတ် တောင်းဆိုရင် ခြိမ်းခြောက်ခံရတာနဲ့ အပြစ်ပေးခံရတာတွေ ရှိနေပါတယ်” ဟုဆိုသည်။

ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) မှ အချက်အလက်များကို ကိုးကားလျက် TI က သုံးသပ်ခဲ့ရာတွင် လွန်ခဲ့သည့်ခြောက်နှစ်အတွင်း အသတ်ခံခဲ့ရသော ဂျာနယ်လစ် ၁၀ ဦးလျှင် ကိုးဦးကျော်သည် အကျင့်ပျက်ခြစားမှု အညွှန်းကိန်း၌ အမှတ် ၄၅ နှင့်အောက် လျော့နည်းသော နိုင်ငံများမှဖြစ်ကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။ “ဒါဟာ ပျမ်းမျှသဘောအရ ခြစားမှုမြင့်မားတဲ့ နိုင်ငံတစ်နိုင်ငံမှာ သီတင်းတစ်ပတ်ကို ဂျာနယ်လစ်တစ်ဦး အသတ်ခံနေရတယ်လို့ အဓိပ္ပာယ်ရပါတယ်။ ဒါ့အပြင် အသတ်ခံရတဲ့ ဂျာနယ်လစ်ငါးဦးကို တစ်ဦးနှုန်းဟာ ခြစားမှုအကြောင်း သတင်းတွေ လိုက်နေရင်း သေဆုံးခဲ့ရတာပါ” ဟု TI က ဆိုသည်။ “ဝမ်းနည်းဖို့ကောင်းတာက ဒီအမှုအများစုမှာ တရားမျှတမှုကိုလည်း ဘယ်တော့မှ ဆောင်ကြဉ်းမပေးနိုင်ခဲ့ပါဘူး” ဟုလည်း ဆိုသည်။ “ခြစားမှုကို တိုက်ဖျက်ဖို့ ထုတ်ဖော်ပြောဆိုတဲ့အခါမှာ တက်ကြွလှုပ်ရှားသူ ဒါမှမဟုတ် သတင်းထောက်တွေအနေနဲ့ အသက်အန္တရာယ် ကြောက်လန့်နေရတာမျိုး မဖြစ်သင့်ပါဘူး။ ကမ္ဘာတစ်လွှားမှာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေကို လက်ရှိနှိပ်ကွပ်မှုတွေနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုသူတွေကို ကာကွယ်စောင့်ရှောက်ရေး ပိုမိုလုပ်ဆောင်ဖို့ လိုအပ်ပါတယ်” ဟု TI မှ မန်နေးဂျင်းဒါရိုက်တာ ပက်ထရစ်ရှာမိုရေရာက ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ခြစားမှုတိုက်ဖျက်ရေး၌ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် မီဒီယာများအား ကာကွယ်စောင့်ရှောက်ပေးရေးသည် အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဖေဖော်ဝါရီ ၂၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)