ပညာရေးသည် ရေရှည်ရင်းနှီးမြှုပ်နှံမှု

ပညာရေးသည် ရေရှည်ရင်းနှီးမြှုပ်နှံမှု
Published 25 January 2018

ယခုရက်ပိုင်းအတွင်း ပညာရေးကဏ္ဍနှင့်ပတ်သက်ပြီး ဖြစ်စဉ်နှစ်ခု လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်ကို တွေ့ရသည်။ ပထမတစ်ခုမှာ အဋ္ဌမတန်းမှစတင်၍ အင်္ဂလိပ်ဘာသာ သင်ရိုးညွှန်းတမ်းများနှင့် သင်ကြားပုံနည်းစနည်းများ၊ အကဲဖြတ်စနစ် (စာမေးပွဲ) ကို ခေတ်နှင့်လျော်ညီစွာ စွမ်းရည်လေးမျိုး (4 Skills) ပါဝင်သောစနစ်သို့ ပြုပြင်ပြောင်းလဲသင်ကြားရန်အဆိုအား အမျိုးသားလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်မဲများသည့်အတွက် အတည်မပြုနိုင်ခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။ ယင်းအဆိုကို ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၁၁) မှ ဒေါ်ထုမေက အဆိုတင်သွင်းခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီ ၂၂ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးက ဆွေးနွေးခဲ့ကာ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၉၆ မဲ၊ ကန့်ကွက်မဲ ၁၀၂ မဲ၊ ကြားနေမဲတစ်မဲဖြင့် လွှတ်တော်တွင်အဆိုကို အတည်မပြုနိုင်ခဲ့ခြင်းဖြစ်သည်။ အထက်တန်းအဆင့် ပညာရေးပြီးဆုံးချိန်တွင် ကျောင်းသူ၊ ကျောင်းသားအများစု အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြောဆို ဆက်သွယ်နိုင်စွမ်းမှာ နိမ့်ကျနေဆဲဖြစ်ရာ အထက်တန်းအဆင့်ပြီးဆုံးပါက အင်္ဂလိပ်ဘာသာဖြင့် အတိုင်းအတာတစ်ခုအထိ ထိရောက်စွာ ရေးသားပြောဆို ဆက်သွယ်နိုင်ရန်အတွက် အဋ္ဌမတန်းမှစတင်၍ ခေတ်နှင့်လျော်ညီစွာ 4 Skills ဖြင့် ပြောင်းလဲသင်ကြားရန် အဆိုရှင်က ရည်ရွယ်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ အဆိုအတည်ပြုနိုင်ခြင်းမရှိသည့်အပေါ် လူမှုကွန်ရက်စာမျက်နှာများတွင် အမြင်မတူသည့် သုံးသပ်ချက်များ မြန်မာ့ပညာရေးကဏ္ဍတွင် အခြေခံပညာမှတစ်ဆင့် အရည်အသွေးမြှင့်ရန် အပူတပြင်းလိုအပ်နေသည့် အခြေအနေများကို စိုးရိမ်ပူပန်စွာဖြင့် ထောက်ပြမှုများလည်းရှိခဲ့သည်။

ဒုတိယဖြစ်စဉ်မှာ ဇန်နဝါရီ ၂၂ ရက် နံနက် ၉ နာရီမှစတင်ကာ ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရေးအတွက် ရတနာပုံတက္ကသိုလ်ကျောင်းဝင်းအတွင်း ကျောင်းသား ကျောင်းသူများက ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ ယင်းကဲ့သို့ ဆန္ဒပြတောင်းဆိုမှုမပြုလုပ်မီ ဇန်နဝါရီ ၂၁ ရက်က ဗကသများအဖွဲ့ချုပ် ပညာရေးနှီးနှောဖလှယ်ပွဲ ပြုလုပ်ခဲ့ပြီး ပညာရေးအသုံးစရိတ် တိုးမြှင့်ရေးတိုက်ပွဲကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ပညာရေးအသုံးစရိတ်ကို ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် ကျပ်ဘီလျံ ၁၆၉၀ သာရှိခဲ့ပြီး ဘီလျံ ၁၀၀၀ ခန့်ကို ပညာရေးဝန်ထမ်းများအတွက် အသုံးပြုခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းသားများနှင့် တက္ကသိုလ်ကျောင်းသားဦးရေ ကိုးသန်းခန့်အတွက် ဘီလျံ ၆၉၀ သာ ရရှိခဲ့သည့်အခြေအနေနှင့် ယခု ၂၀၁၈ အတွက် ခြောက်လစာပညာရေး အသုံးစရိတ် ဘီလျံ ၈၀၀ ကျော်ခန့်သာ အသုံးပြုခွင့်ရရှိမည်ဆိုခြင်းကို ကျောင်းသားများအနေဖြင့် ပိုမိုတိုးမြှင့်ကာ ပညာရေးကဏ္ဍမြှင့်တင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးရန် ဆန္ဒပြတောင်းဆိုလာကြခြင်းဖြစ်သည်။ ထိုသို့ ကျောင်းသားများ၏ ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရေးဆိုင်ရာ ဆန္ဒပြတောင်းဆိုမှုနှင့်ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာများတွင် အမြင်အမျိုးမျိုးနှင့် ကွဲလွဲမှုများရှိနေသည်ကို တွေ့ရသည်။ ရတနာပုံတက္ကသိုလ် ဆရာ၊ ဆရာမများ အစည်းအရုံးနှင့် မန္တလေးတက္ကသိုလ် ဆရာ၊ ဆရာမများသမဂ္ဂတို့မှ ရတနာပုံတက္ကသိုလ်ကျောင်းဝင်းအတွင်း ဆန္ဒထုတ်ဖော်နေမှုကို ပြင်းထန်စွာကန့်ကွက်ကြောင်း ဇန်နဝါရီ ၂၃ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ယင်းကဲ့သို့ထုတ်ပြန်မှုကို တက္ကသိုလ် ဆရာ၊ ဆရာမအသင်းများ ကိုယ်စားပြုကော်မတီနှင့် အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂ ဖြစ်မြောက်ရေးဗဟိုလုပ်ငန်းကော်မတီတို့က ဇန်နဝါရီ ၂၄ ရက်တွင် အရေးပေါ်ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး ကန့်ကွက်ခဲ့သည်။ ၎င်းတို့၏ ပူးတွဲကြေညာချက်တွင် အစိုးရမှ ပညာရေးအသုံးစရိတ် မြှင့်တင်သုံးစွဲပေးရေး၊ တက္ကသိုလ်များတွင် သင်ထောက်ကူပစ္စည်း ဖြည့်တင်းပေးရေးတို့အတွက် ဆန္ဒပြတောင်းဆိုခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ၏ တောင်းဆိုမှုကို အပြည့်အဝထောက်ခံခဲ့သည်။

ယင်းဖြစ်စဉ်နှစ်ခုမှာ ပညာရေးနှင့်ပတ်သက်ပြီး လတ်တလောအပြောများသော ဖြစ်စဉ်များဖြစ်ခဲ့သည်။ မည်သို့ပင်ဆိုစေ အစိုးရအနေဖြင့် ပညာရေးအဆင့် တိုးတက်မြင့်မားရေးအတွက် ပြုပြင်ပြောင်းလဲမှုများ လျင်လျင်မြန်မြန်ပြုလုပ်ရန် လိုအပ်နေသည်မှာ အမှန်ပင်ဖြစ်သည်။ ပညာရေးသည် နိုင်ငံတစ်ခုတိုးတက်ဖြစ်တည်ရေးအတွက် များစွာအရေးပါသည်။ ပညာရေးသည် နိုင်ငံအတွက် ရေရှည်ရင်းနှီးမြှုပ်နှံမှုလည်းဖြစ်သည်။ စမ်းသပ်ခံကာလများဖြင့် လုံးချာလိုက်နေသည့် နိုင်ငံ၏ပညာရေးကဏ္ဍကို မှန်ကန်သည့်အပြောင်းအလဲမလုပ်နိုင်ပါက ဒေသတွင်းနိုင်ငံများကို အမီလိုက်ရန် မည်သို့မျှဖြစ်နိုင်မည်မဟုတ်ပါ။ သို့ဖြစ်ရာ အစိုးရအနေဖြင့် ပညာရေးကဏ္ဍကို ရေတိုရေရှည်စီမံကိန်းများဖြင့် မှန်ကန်သော မူဝါဒများချမှတ်လုပ်ဆောင်နိုင်ပါရန် The Daily Eleven သတင်းစာက တိုက်တွန်းရေးသားအပ်ပါသည်။

ဇန်နဝါရီ (၂၅) ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်