စီးပွားရေးကြီးထွားမှုနှင့် စီးပွားရေးဖွံ့ဖြိုးမှု

စီးပွားရေးကြီးထွားမှုနှင့် စီးပွားရေးဖွံ့ဖြိုးမှု
Published 13 January 2018

စီးပွားရေးကြီးထွားမှုဟူသည် စီးပွားရေးဖွံ့ဖြိုးမှုထက် ပိုမိုကျဉ်းမြောင်းသော သဘောတရားဖြစ်သည်။ စီးပွားရေးကြီးထွားမှုဆိုသည်မှာ (ပညာရေး အစရှိသည်တို့ကြောင့်) ရင်းမြစ်များ အရည်အသွေးမြင့်တက်မှု၊ ရင်းမြစ်များ ပမာဏမြင့်တက်မှု၊ နည်းပညာတွင် တိုး တက်လာမှုများ၊ စီးပွားရေး၏ကဏ္ဍအသီးသီးက ထုတ်လုပ်သော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ တန်ဖိုးမြင့်တက်လာမှုတို့ကြောင့် ဖြစ်စေနိုင်သည့် နိုင်ငံ၏ အမျိုးသားထုတ်လုပ်မှုဆိုင်ရာ အမှန်တကယ်ရှိသည့် အဆင့်တစ်ရပ်၌ မြင့်တက်လာခြင်းဖြစ်သည်။ စီးပွားရေး ကြီးထွားမှုကို နိုင်ငံ၏ ဂျီဒီပီမြင့်တက်လာမှုဖြင့် တိုင်းတာနိုင်သည်။

စီးပွားရေး ဖွံ့ဖြိုးမှုဆိုသည်မှာမူ စံသတ်မှတ်ချက်နှင့် စည်းမျဉ်းများရှိသော သဘောတရားဖြစ်သည်။ အမှန်နှင့်အမှား၊ ကောင်းခြင်းနှင့် ဆိုးခြင်း အစရှိသည့် လူတို့၏ ကိုယ်ကျင့် တရားဆိုင်ရာ အသိတရားနှင့်ဆိုင်သော အဝန်းအဝိုင်းအတွင်း၌ ရှိနေသည်။ လူနေမှုအဆင့် အတန်းများ မြင့်တက်လာမှု၊ မိမိကိုယ်မိမိ ယုံကြည်မှုရှိရန် လိုအပ်သည့်အရာများ တိုးတက်လာမှုနှင့် ဖိနှိပ်ခံရမှုမှ လွတ်ကင်းသည့်အပြင် ရွေးချယ်ခွင့် ပိုမိုရှိလာမှုတို့လည်း စီးပွားရေး ဖွံ့ဖြိုးမှု၌ ပါဝင်နေသည်။ စီးပွားရေးဖွံ့ဖြိုးမှုကိုတိုင်းတာရန် အတိကျဆုံးနည်းလမ်းမှာ လူသားဖွံ့ဖြိုးမှုအညွှန်းကိန်း (Human Development Index) ဖြစ်သည်။ HDI သည် ထုတ်လုပ်နိုင်မှုစွမ်းအားအပေါ်သက်ရောက်ပြီး စီးပွားရေးကြီးထွားမှုဆီသို့ ဦးတည်သွားစေနိုင်သည့် စာတတ်မြောက်မှုနှုန်းနှင့် မျှော်လင့်နိုင်သည့် ဘဝသက်တမ်းတို့အား ထည့်တွက် ထားသည်။ စီးပွားရေးဖွံ့ဖြိုးမှုသည် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ အလုပ်ခန့်ထားမှု ကဏ္ဍနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍတို့၌ အခွင့်အလမ်းများ ပိုမိုဖန်တီးနိုင်မှုဆီသို့ ဦးတည်စေသည်။ စီးပွားရေးဖွံ့ဖြိုးမှုသည် နိုင်ငံသားအသီးသီး၏ တစ်နှစ်ဝင်ငွေ မြင့်တက် ခြင်းကိုလည်း ရည်ညွှန်းသည်။

စီးပွားရေးကြီးထွားမှုသည် တရားမဝင်သော စီးပွားရေးအရွယ်အစားကို ထည့်တွက်ခြင်း မရှိပေ။ တရားမဝင်သော စီးပွားရေးကို မှောင်ခိုစီးပွားရေးဟုခေါ်ကြပြီး ယင်းသည် စီးပွားရေးလုပ်ဆောင်ချက်၌ မှတ်တမ်းတင်ခြင်းမခံရပေ။ စီးပွားရေးဖွံ့ဖြိုးမှုသည် လူနေမှု အဆင့်အတန်းနိမ့်ပါးသည့်လူများကို သင့်တော်သော အကာအကွယ် အမှီအခိုများနှင့်အတူ မှန်ကန်သင့်မြတ်သည့် အလုပ်အကိုင်များဆီသို့ မြှင့်တင်ပေးသည်။ စီးပွားရေးကြီးထွားမှုသည် ညစ်ညမ်းမှု၊ ပြည့်ကျပ်ပိတ်ဆို့မှုနှင့် ရောဂါဖြစ်ပွားမှုများဆီသို့ ဦးတည်သွားစေနိုင် သည့် သဘာဝရင်းမြစ်များ ပျောက်ဆုံးမှုကို ထည့်တွက်ခြင်းမရှိပေ။ သို့သော် စီးပွားရေးဖွံ့ဖြိုးမှုသည် စဉ်ဆက်မပြတ် တိုးတက်ရေးနှင့် ပတ်သက်နေသည်။ ဆိုလိုသည်မှာ လက်ရှိလိုအပ်ချက်များနှင့် ကိုက်ညီအောင် ဆောင်ရွက်စဉ်မှာပင် အနာဂတ်လိုအပ်ချက်များအား မထိ ခိုက်စေဘဲ အာမခံချက်ပေးထားသည်။ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများသည် ယခုအခါ အစိုးရအဖွဲ့များအတွက် ပို၍ပို၍ကြီးမားလာသော ပြဿနာများဖြစ်လာသည်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့်လည်း ဖိအား ပို၍များလာသည်။

မည်သို့ပင်ဆိုစေကာမူ စီးပွားရေးကြီးထွားမှုသည် မရှိမဖြစ် လိုအပ်သော်လည်း စီးပွားရေး ဖွံ့ဖြိုးမှုအတွက် လုံလောက်သည့် အခြေနေရပ် မဟုတ်ပါကြောင်း The Daily Elevenသတင်းစာက ရေးသားအပ်ပါသည်။

(ဇန်နဝါရီ ၁၃ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)