တရားမျှတသောပြိုင်ဆိုင်မှုနှင့် စီးပွားရေးဖွံ့ဖြိုးမှု

တရားမျှတသောပြိုင်ဆိုင်မှုနှင့် စီးပွားရေးဖွံ့ဖြိုးမှု
Published 3 January 2018

အသာစီးရရှိရေးအတွက် လူများအပြိုင်ကြိုးပမ်းကြခြင်းကို ပြိုင်ဆိုင်မှုဟုခေါ်သည်။ ဈေးကွက်အတွင်း၌ တရားသောနည်းလမ်းဖြင့်ဖြစ်စေ၊ မတရားသော နည်းလမ်းဖြင့်ဖြစ်စေ မိမိတို့၏ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုအတွက် စားသုံးသူများရရှိရန်အလို့ငှာ ကုမ္ပဏီများ တစ်ခုနှင့်တစ်ခု အပြိုင်ကြိုးပမ်းကြခြင်းလုပ်ငန်းစဉ်ကို ပြိုင်ဆိုင်မှုဟုခေါ်သည်။ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးကြီးထွားမှုဖြစ်ပေါ်စေရန် လွတ်လပ်၍တရားမျှတသော ပြိုင်ဆိုင်မှုဖြစ်စေရေးအတွက် နိုင်ငံအသီးသီးက ပြိုင်ဆိုင်မှုဆိုင်ရာမူဝါဒများကို ဥပဒေများအဖြစ် ပြဋ္ဌာန်းထားတတ်ကြသည်။ ပြိုင်ဆိုင်မှုဆိုင်ရာ ဥပဒေ၏ကြီးကြပ်မှုအောက်တွင် လုပ်ငန်းများ၏ တရားမျှတမှုမရှိသော ပြိုင်ဆိုင်ခြင်း၊ လက်ဝါးကြီးအုပ်ခြင်း၊ လုပ်ငန်းများအကြား၌ ကန့်သတ်ထားသော သဘောတူညီချက်များ သို့မဟုတ် အခင်းအကျင်းများထားရှိခြင်းနှင့် ဈေးကွက်ကိုလွှမ်းမိုးနိုင်သည့် အနေအထားရရှိစေရန် မတရားသောနည်းလမ်းများ အသုံးပြုခြင်းတို့အား ဖယ်ရှားရန်နှင့် ထိန်းချုပ်ရန် ဆောင်ရွက်ကြသည်။ ယင်းကဲ့သို့ပြုလုပ်ခြင်းဖြင့် အများပြည်သူအကျိုးစီးပွားနှင့်ပတ်သက်၍ မကျေနပ်မှုများမဖြစ်ပေါ်စေရန် ကာကွယ်စောင့်ရှောက်ပြီး ပြည်တွင်းနှင့်ပြည်ပ ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများ လွတ်လပ်စွာစီးဆင်းမှု၊ ရင်းနှီးမြှုပ်နှံမှုများ လွတ်လပ်စွာစီးဆင်းမှု၊ ကျွမ်းကျင်လုပ်သားများနှင့် ငွေကြေးများ လွတ်လပ်စွာစီးဆင်းမှုတို့အတွက် လွတ်လပ်သော ပြိုင်ဆိုင်မှုကွန်ရက်အတွင်း ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံ၏စီးပွားရေးကြီးထွားမှုကို မြှင့်တင်ပေးနိုင်သည်။ ထို့အပြင် ဈေးကွက်အတွင်း တီထွင်သူများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ထုတ်လုပ်သူများ၏ အသိဉာဏ်ဆိုင်ရာ မူပိုင်ခွင့်ကို ကာကွယ်စောင့်ရှောက်ခြင်းအားဖြင့် ဆန်းသစ်မွမ်းမံမှုဆိုင်ရာ ကျွမ်းကျင်မှုများကိုလည်း အားပေးသည်။

ထိရောက်ပြီး တရားမျှတသော ဈေးကွက်များသည် စီးပွားရေးကြီးထွားရန်အတွက် မရှိမဖြစ်လိုအပ်သော်လည်း ယင်းတို့သည် အလိုအလျောက် ဖြစ်ပေါ်လာနိုင်သည်မဟုတ်ဘဲ အစိုးရ၏ မှန်ကန်စနစ်ကျမှုမရှိသော မူဝါဒများနှင့်ဥပဒေများ၊ ကုမ္ပဏီများ၏ မလျော်ကန်သောနည်းလမ်းများကို အသုံးပြုမှုများကြောင့် အကြီးအကျယ်ထိခိုက်နိုင်သည်။ ထိရောက်၍တရားမျှတသော ပြိုင်ဆိုင်မှုသည် ကုမ္ပဏီတိုင်းအတွက် အကျိုးရှိစေနိုင်သည်မှာ အငြင်းပွားဖွယ်မရှိသကဲ့သို့ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးမှုအတွက်လည်း အဓိကတွန်းအားတစ်ရပ်ဖြစ်သည်။ ပြိုင်ဆိုင်မှုရှိသော ဈေးကွက်သည် စားသုံးသူတို့အား ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုနှင့်ပတ်သက်၍ ပိုမိုကျယ်ပြန့်သော ရွေးချယ်နိုင်မှု၊ အရည်အသွေး ပိုမိုကောင်းမွန်မှုနှင့် ဈေးနှုန်းပို၍သက်သာစေမှုတို့ကို ပေးနိုင်သည်။ ထုတ်လုပ်သူ သို့မဟုတ် ရောင်းချသူဘက်မှကြည့်လျှင် ၎င်းတို့အား ဆန်းသစ်မွမ်းမံမှုနှင့် အခြားပိုမိုကောင်းမွန်သော ထုတ်လုပ်မှုနည်းလမ်းများ အသုံးပြုခြင်းမှတစ်ဆင့် ထုတ်လုပ်မှုစရိတ်ကို အနည်းဆုံးပြုလုပ်နိုင်သည့် ခိုင်မာသောမက်လုံးများကို ပေးနိုင်သည်။ ယင်းက စားသုံးသူများကိုလည်း ကုန်ကျစရိတ်သက်သာစေပြီး ဈေးသက်သက်သာသာဖြင့် ပိုမိုကောင်းမွန်ပြီး ပိုမိုရွေးချယ်ခွင့်ရှိသော ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုကိုပေးနိုင်သည်။ ဈေးသက်သက်သာသာဖြင့် ပမာဏပိုမိုစွာ သုံးစွဲနိုင်ခြင်းနှင့် ထုတ်လုပ်နိုင်ခြင်းတို့ကြောင့် ထုတ်လုပ်မှုစွမ်းအားနှင့် နိုင်ငံ၏စီးပွားရေးကြီးထွားမှုကို မြင့်တက်စေနိုင်သည်။

ထို့ကြောင့် ထိရောက်၍ တရားမျှတမှုရှိသော ပြိုင်ဆိုင်မှုဖြစ်ပေါ်စေရေးအတွက် စနစ်ကျမှန်ကန်သည့်မူဝါဒများနှင့် ဥပဒေများချမှတ်နိုင်ရေးသည် နိုင်ငံ၏စီးပွားရေး ကြီးထွားမှုအတွက် အလွန်အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇန်နဝါရီ (၃) ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်