သတိပြုသင့်သော ရခိုင်အရေးအတွက် ဖိအားများ

သတိပြုသင့်သော ရခိုင်အရေးအတွက် ဖိအားများ
Published 23 November 2017

ရခိုင်ပြည်နယ် မောင်တောတွင် သြဂုတ် ၂၅ ရက် အကြမ်းဖက်မှုမှ အစပြုခဲ့သည့် ဘင်္ဂါလီမွတ်စလင်အရေးမှာ ယနေ့ နိုင်ငံတကာ၌ အရေးကြီးသော အကြောင်းအရာ တစ်ခုအဖြစ် ရှေ့တန်းတင်ခံနေရပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ရုန်းကန်နေရသည့် မြန်မာနိုင်ငံအပေါ် အကျပ်အတည်းပေါင်းများစွာ ဆိုက်ရောက်လာစေခဲ့သည်။  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်သည့် မြန်မာအစိုးရမှာ နိုင်ငံတကာ၏ လက်ညှိုးထိုးဝေဖန်မှုများ၊ ပြစ်တင်ရှုတ်ချမှုများ၊ ဖိအားပေးမှုများ၊ တိုက်ခိုက်ထိုးနှက်လာမှုများကို တဖြည်းဖြည်းချင်း ရှင်းလင်းချေပနိုင်ရန် ကြိုးစားနေသည်ကို တွေ့ရသည်။

နိုင်ငံတကာတွင် ရခိုင်အရေးနှင့်ပတ်သက်ပြီး တရုတ်၊ အိန္ဒိယတို့၏ ထောက်ခံမှုရရှိခဲ့သော်လည်း အနောက်နိုင်ငံများ အထူးသဖြင့် ဗြိတိန်ဖိအားပေးမှုမှာ မြန်မာအစိုးရအတွက် အတော်ပင် အခက်အခဲ ဖြစ်စေခဲ့သည်။ ကုလသမဂ္ဂအစည်းအဝေးသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခြင်း မရှိသော်လည်း ပြီးခဲ့သည့်အာဆီယံ ထိပ်သီးအစည်းအဝေး၊ အေဆမ်အစည်းအဝေးတို့တွင် ရခိုင်အရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာ၏ဖိအားများ လျော့ကျစေရန် ရှင်းလင်းပြောကြားမှုများ ပြုလုပ်နိုင်ခဲ့သည်ကို တွေ့ရသည်။ တရုတ်နိုင်ငံအနေဖြင့်လည်း မြန်မာအစိုးရအပေါ် ကျရောက်နေသော ဖိအားများ လျော့ကျစေရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကြားဝင် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။

သို့သော်လည်း တရုတ်၏ ဘင်္ဂါလီမွတ်စလင်အရေး သိသိသာသာ ကြားဝင်ဆောင်ရွက်မှုနှင့် တစ်ပြိုင်နက် ဆိုသလိုပင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က မြန်မာနိုင်ငံတွင် ဘင်္ဂါလီမွတ်စလင်တို့အား လူမျိုးသုဉ်းသတ်ဖြတ်မှု ဆောင်ရွက်နေခြင်း ရှိ၊ မရှိ သုံးသပ်ရန်အတွက် အလွန်ခိုင်မာသည့် အထောက်အထားများ ဗြိတိန်တွင်ရှိနေကြောင်း အောက်လွှတ်တော်အမတ်များကို ပြောကြားလိုက်သည်။ ဘင်္ဂါလီမွတ်စလင်တို့ကို ဆက်ဆံမှုသည် လူမျိုးစုလိုက် သုတ်သင်မှု အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ညီညွတ်နေသည်ဟုလည်း  ၎င်းက ပြောဆိုလိုက်ခြင်းမှာ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မြန်မာနိုင်ငံ အနေဖြင့် ဘင်္ဂါလီများအပေါ် ထိန်းချုပ်မှုများဖြင့် တင်းကျပ်ထားခြင်းသည် လူမျိုးရေးခွဲခြားမှုမြောက်ကြောင်း အစီရင်ခံစာ ထုတ်ပြန်သည့်အချိန်နှင့် အချိန်ကိုက်ပင် ဖြစ်နေပြန်သည်။ ၎င်း၏ ပြောဆိုမှုမတိုင်မီကလည်း လူ့အခွင့်အရေးအဖွဲ့များက မြန်မာလုံခြုံရေးတပ်များသည် ဘင်္ဂါလီမွတ်စလင်များအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အထောက်အထားများ မြင့်တက်လာမှုအသေးစိတ်ကို သီးခြားအစီရင်ခံစာနှစ်စောင်ဖြင့် ဖော်ပြခဲ့ကြသည်။ လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ (HRW) ကလည်း ဘင်္ဂါလီမွတ်စလင်များအပေါ် စစ်ဆင်ရေးဆောင်ရွက်ခဲ့မှုဆိုင်ရာ အစီရင်ခံရာတွင် လူသားဆန်မှုဆိုင်ရာ ရာဇဝတ်မှုမြောက်သည်ဆိုသော ကောက်ချက်ချမှုများကို ထည့်သွင်းဖော်ပြထားသည်။

မောင်တောအကြမ်းဖက် တိုက်ခိုက်ခံရမှု သုံးလခန့် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း လူ့အခွင့်အရေး အယောင်ပြကာ ဘင်္ဂါလီမွတ်စလင်အရေး ရှေ့တန်းတင်ထားသော UN နှင့် အနောက်နိုင်ငံအချို့၏ ဖိအားပေးမှုများမှာ လျော့ပါးသွားခြင်း မရှိသည်ကို တွေ့ရသည်။ ထို့ပြင် ရခိုင်အရေးကို အခြေပြုကာ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအပေါ် သက်ရောက်စေသည့် ဖိအားပေးမှုများနှင့် ကြုံတွေ့နေရမှုများမှာလည်း လျော့နည်းမှု မရှိသည်ကို တွေ့မြင်နေရဆဲဖြစ်သည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအနေဖြင့် ရခိုင်အရေးနှင့်ပတ်သက်၍ ဖြစ်ခဲ့၊ ဖြစ်ဆဲ၊ ဖြစ်လတ္တံ့သော အခြေအနေအရပ်ရပ်တို့အတွက် မိမိတို့နိုင်ငံသည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်သည်နှင့်အညီ ဖိအားအမျိုးမျိုးနှင့် ဖြေရှင်းရမည့် ကိစ္စရပ်များကို ညီညွတ်စွာဖြင့် သတိချပ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းအပ်ပါသည်။

(နိုဝင်ဘာ ၂၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အာဒီတာ အာဘော်)