စားသုံးသူအခွင့်အရေးနှင့် အစားအသောက်များ၏ အာခံမချက်

စားသုံးသူအခွင့်အရေးနှင့် အစားအသောက်များ၏ အာခံမချက်
Published 7 November 2017

မြန်မာနိုင်ငံတွင် စားသုံးသူအခွင့်အရေးဆိုင်ရာ လိုအပ်ချက်များရှိနေဆဲဖြစ်သည်။ ပြောင်းလဲလာသော လူမှုဝန်းကျင်အနေအထားနှင့်အတူ စားသုံးသူများအတွက် ဝန်ဆောင်မှုပုံသဏ္ဌာန်များလည်း ပြောင်းလဲသွားသည်။ သို့သော် စားသုံးသူအခွင့်အရေးဆိုင်ရာ အာမခံချက်နှင့် ပတ်သက်၍သော်လည်းကောင်း၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းများ ရှိသော်လည်း ဥပဒေပါအချက်အလက်များအတိုင်း စားသုံးသူအခွင့်အရေးရရှိမှုနှင့် ပတ်သက်၍ သော်လည်းကောင်း ဝိဝါဒကွဲပြားစရာ အခြေအနေများရှိနေဆဲဖြစ်သည်။

စားသုံးသူအခွင့်အရေးချိုးဖောက်ခံရခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် နေ့စဉ်စားသုံးနေသော်လည်း ကုန်ကျသလောက် ခံစားရခြင်းမရှိသူများကို မြင်တွေ့နေရပြီး မြန်မာစားသုံးသူများသမဂ္ဂသို့ တိုင်ကြားမှုများတွင် အစားအသောက်ကိစ္စ ပိုမိုများပြားကြောင်း၊ မြန်မာနိုင်ငံ၌ စားသုံးသူအခွင့်အရေး ချိုးဖောက်ခံရမှုများရှိနေပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ဥပဒေရေးဆွဲပြဋ္ဌာန်းသော်လည်း အားနည်းချက်များရှိနေသည့်အပြင် ဝန်ထမ်းယန္တရား အားနည်းချက်များလည်း ရှိနေခြင်းဖြစ်ကြောင်း သုံးသပ်မှုများရှိနေသည်။

စားသုံးသူအခွင့်အရေးနှင့် ပတ်သက်၍ များစွာကျယ်ပြန့်သလို အစားအသောက်များ၏ အာမခံနိုင်မှုမှာလည်း များစွာအရေးပါလျက်ရှိပါသည်။ ယင်းကဲ့သို့ အစားအသောက်များ၏ အာမခံချက်အရေးပါမှုအနက် ကလေးငယ်များနှင့် သက်ဆိုင်သော အရေးမှာလည်း အလေးထားသင့်သည့် ကိစ္စတစ်ခုပင်ဖြစ်ပါသည်။ ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ အမိန့်ကြေညာစာ အမှတ် ၂၂/၂၀၁၄ ခုနှစ် ဇူလိုင် ၂၄ ရက်မှစ၍ နို့စို့ကလေးနှင့် ကလေးငယ်အတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ ဈေးကွက်တင်ခြင်းဆိုင်ရာအမိန့်ကို ထုတ်ပြန်ခဲ့ပြီဖြစ်သော်လည်း လိုက်နာမှုအားနည်းချက်များရှိနေဆဲဖြစ်သည်။ မြန်မာနိုင်ငံ၏ အာဟာရမြှင့်တင်ရေးလှုပ်ရှားမှု အရပ်ဘက်လူမှုအဖွဲ့အစည်းကွန်ရက် (SUN CSA) မှ နို့စို့ကလေးနှင့် ကလေးငယ်အတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ ဈေးကွက်တင်ခြင်းဆိုင်ရာအမိန့်နှင့် ပတ်သက်၍ လေ့လာစောင့်ကြည့်မှုများပြုလုပ်ခဲ့ပြီး လိုက်နာမှုမရှိသည့် ကုန်တိုက်များနှင့် ဈေးကွက်အတွင်းတင်သွင်း ဖြန့်ဖြူးရောင်းချနေမှုများကို သက်ဆိုင်ရာသို့ထံ တင်ပြထားမှုနှင့်ပတ်သက်၍ အရေးယူမှုမရှိသေးသည့်အပေါ် ဝေဖန်မှုများလည်းရှိနေသည်။

သို့သော် နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ ဈေးကွက်တင်ခြင်းဆိုင်ရာ အမိန့်စာပါ စည်းကမ်းချက်များကို လိုက်နာမှုရှိ မရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စူပါမားကက်များ အပါအဝင် လက်လီ/လက်ကား အရောင်းဆိုင်များကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှအခါ အားလျော်စွာစစ်ဆေးလျက်ရှိကြောင်း၊ နို့စို့ကလေးနှင့် ကလေးငယ်များအတွက် အွန်လိုင်းတွင် ရောင်းချနေသည့် အစားအသောက်များကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အာမခံချက်မပေးကြောင်း သိရသည်။

သို့ပါ၍ အစားအသောက်ဆိုင်ရာအပါအဝင် စားသုံးသူအခွင့်အရေးနှင့် အစားအသောက်များ၏ အာခံမချက်မှာ နယ်ပယ်ကဏ္ဍအလိုက် အရေးပါလျက်ရှိသည်ဖြစ်ရာ တင်သွင်းထုတ်လုပ်ရောင်းချသူများအနေဖြင့် သတိပြုသင့်သလို လိုအပ်သော စစ်ဆေးအရေးယူမှုများအတွက်လည်း သက်ဆိုင်ရာအလိုက် ပိုမိုအလေးထားသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာ (၇) ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်