ဆင်းရဲမွဲတေမှုလျော့ပါးစေရန်

ဆင်းရဲမွဲတေမှုလျော့ပါးစေရန်
Published 2 November 2017

ဆင်းရဲမွဲတေမှုပြဿနာအား လျော့ပါးစေရေးနှင့် လူတန်းစားကွာဟမှုနည်းပါးစေရန် လုပ်ဆောင်နိုင်မှသာလျှင် အဆင်းရဲဆုံးနိုင်ငံများအဖြစ်မှ လွတ်မြောက်နိုင်မည်ဖြစ်ပါသည်။ ယင်းသို့ လုပ်ဆောင်ရာ၌ စီမံခန့်ခွဲမှုအလွဲများနှင့် အဂတိလိုက်စားမှုပြဿနာများကို နိုင်နင်းစွာကိုင်တွယ်ဖြေရှင်းရန် အရေးပါမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံသည်လည်း ခေတ်အဆက်ဆက် စီမံခန့်ခွဲမှုအလွဲများနှင့် အဂတိလိုက်စားမှု ပြဿနာများကြောင့် အဆင်းရဲဆုံးနိုင်ငံများ စာရင်းဝင်ခဲ့ရသည်။ ထို့ကြောင့် သဘာဝသယံဇာတများနှင့်အတူ ပထဝီနိုင်ငံရေး အခြေအနေများအရ အားသာမှုများ အား စနစ်တကျ မှန်မှန်ကန်ကန် အသုံးပြုနိုင်ခြင်း အပါအဝင် လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်သည်များအား စနစ်တကျ လုပ်ဆောင်နိုင်ရေးမှာ အရေးကြီးမည်ဖြစ်ပါသည်။

ယင်းအပြင် ကုန်ဈေးနှုန်းမြင့်တက်ခြင်းနှင့် ငွေကြေးဖောင်းပွခြင်းကဲ့သို့သော ပြဿနာရပ်များအား စနစ်တကျ ကိုင်တွယ်နိုင်မှသာလျှင် အခြေခံပြည်သူလူထုအတွက် ချောင်လည်နိုင်သော အခြေအနေများ ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် ပတ်သက်သော အခြေခံ အကြောင်းတရားများမှာ ငွေကြေးဖောင်းပွခြင်း၊ ဝယ်လိုအားတက်ခြင်း၊ ရောင်းလိုအား ကျဆင်းခြင်းစသည့် အခြေအနေများ ပါဝင်ပြီး ငွေကြေးတည်ငြိမ်မှု မရှိခြင်း၏ နောက်ဆက်တွဲ သွင်းကုန်ပို့ကုန်လုပ်ငန်းများအပေါ် သက်ရောက်ခြင်းနှင့် ဝင်ငွေထွက်ငွေ မမျှတသည့် အခက်အခဲများ ဆက်လက်ဖြစ်ပေါ်စေနိုင်သည်ကို သတိပြုကြရမည်ဖြစ်သည်။ ဒေါ်လာငွေ လဲလှယ်နှုန်းနှင့် ရွှေဈေးနှုန်းမြင့်တက်ခြင်းကဲ့သို့သော အခြေအနေများနှင့်အတူ အခြေခံစားသောက်ကုန်နှင့် ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကို  အပြင်းထန်ဆုံး ခံစားရသည်မှာ အခြေခံ လူတန်းစားပြည်သူများသာ ဖြစ်သည်ကိုလည်း အလေးထားသင့်ပါသည်။

မြန်မာနိုင်ငံ၏ Per Capital GDP တစ်ဦးချင်း ထုတ်လုပ်မှုတန်ဖိုးသည် ၂၀၁၀ပြည့် နှစ်မတိုင်မီ အာဆီယံနိုင်ငံများအနက် အနိမ့်ကျဆုံးဖြစ်ခဲ့ပြီး နှစ်စဉ်တစ်ဦးလျှင် ဒေါ်လာ ၂၀၀၀ ဝန်းကျင်သာရှိခဲ့သည်ဟု CIA တွင် ဖော်ပြထားသည့် ကိန်းဂဏန်းများတွင် တွေ့ရ သည်။ ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့သော သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ အလုပ်လုပ်နိုင်သော အရွယ် ၁၅ နှစ်မှ ၆၄ နှစ်အထိ ၃၂ ဒသမ ၉၈ သန်းကျော်ရှိပြီး အလုပ်လုပ်နေသူဦးရေမှာ ၂၁ ဒသမ ၈၇ သန်းကျော်ရှိကာ ရာခိုင်နှုန်း ၆၆ ခန့်သာ အလုပ်လုပ်သည့် အနေအထားဖြစ်သည်။ ကျန် ၃၄ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့ သဘောမျိုးဖြစ်နေသည်။  အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်းသည် ဆင်းရဲမွဲတေမှုကို ဆက်လက်မြင့်တက် စေကြောင်းလည်း သုံးသပ်မှုများ ရှိနေသည်။ တစ်နိုင်ငံလုံး အတိုင်းအတာအရ ဆင်းရဲနွမ်းပါးမှု ၈၄ ရာခိုင်နှုန်းဖြစ်နေသည်။ ချင်းပြည်နယ်က ၇၃ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်က ၄၄ ရာခိုင်နှုန်း၊ တနင်္သာရီက ၃၃ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်က ၃၃ ရာခိုင်နှုန်း၊ ဧရာဝတီက ၃၃ ရာခိုင်နှုန်း အသီးသီးရှိနေသည်ဟုလည်း သိရသည်။

ထို့ပြင် ပဋိပက္ခဖြစ်စဉ်များနှင့် ပြည်တွင်းမငြိမ်မသက်မှုများ၊ သဘာဝဘေးအန္တရာယ် များနှင့် ကျေးလက်မြို့ပြ ဖွံ့ဖြိုးမှု ကွာဟခြင်းများစသည့် အကြောင်းတရားများသည်လည်း  ဆင်းရဲနွမ်းပါးမှုပြဿနာများအတွက် ထိုးနှက်ချက်များ အဖြစ်ရှိနေသည်။ သို့ပါ၍ စီမံခန့်ခွဲမှု အလွဲများနှင့် အဂတိလိုက်စားမှုပြဿနာများကဲ့သို့ နိုင်ငံအား ဆင်းရဲတွင်းနက်စေခဲ့သော သာဓကများအား မှန်မှန်ကန်ကန် ဆန်းစစ်၍ ပိုမိုကောင်းမွန်သော အခြေအနေများ ပေါ်ပေါက်စေရန် ပူးပေါင်း ဆောင်ရွက်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(နိုဝင်ဘာ ၂ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)