■ တိုင်းဒေသကြီးနှင့် ပြည်နယ် (၉)ခုရှိ မြို့နယ်ပေါင်း ၆၃ မြို့နယ်အား အရေးပေါ်အခြေအနေအဖြစ် ဆက်လက်ကြေညာ

■ တိုင်းဒေသကြီးနှင့် ပြည်နယ် (၉)ခုရှိ မြို့နယ်ပေါင်း ၆၃ မြို့နယ်အား အရေးပေါ်အခြေအနေအဖြစ် ဆက်လက်ကြေညာ
Published 31 October 2025

တိုင်းဒေသကြီးနှင့် ပြည်နယ် (၉)ခုရှိ မြို့နယ်ပေါင်း ၆၃ မြို့နယ်အား အရေးပေါ်အခြေအနေအဖြစ် ဆက်လက်ကြေညာလိုက်ကြာင်း သိရသည်။

ယနေ့(အောက်တိုဘာ ၃၁ ရက်)တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် အရေးပေါ်အခြေအနေ ဆက်လက်ကြေညာခြင်း ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ်၊(၃ /၂၀၂၅)အမှတ်ဖြင့် ထုတ်ပြန်သည်။

အဆိုပါ အမိန့်တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ဥပဒေကဲ့သို့အာဏာတည်သော အမိန့် အမှတ်၊ ၁/၂၀၂၅ ကို ၂၀၂၅ခုနှစ်၊ ဇူလိုင် ၃၁ ရက်စွဲဖြင့် ထုတ်ပြန်၍ ယင်းအမိန့်တွင်ဖော်ပြပါရှိသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ မြို့နယ်များအား အရေးပေါ်အခြေအနေကြေညာခဲ့ကြောင်း၊ ယင်းအမိန့်သည် ယနေ့(အောက်တိုဘာ ၃၁ ရက်)မှစ၍ နောက်ထပ်ရက်ပေါင်း (၉၀) အထိ အတည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ က ထုတ်ပြန်သည်။

ဇူလိုင် ၃၁ ရက်က ထုတ်ပြန်ခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ်၊ ၁/၂၀၂၅ တွင် လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှုများချုပ်ငြိမ်းစေရန်နှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အလို့ငှာ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ  မြို့နယ်( ၆၃)မြို့နယ်အား ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ ပုဒ်မ ၄၁၂(က) အရ အရေးပေါ်အခြေအနေကြေညာလိုက်ခြင်းဖြစ်​ကြောင်း ဖော်ပြထားသည်။

အရေးပေါ်အခြေအနေကြေညာလိုက်သည့် မြို့နယ်များတွင် ကချင်ပြည်နယ်ရှိ ဆွမ်ပရာဘွမ်မြို့နယ်၊ ရွှေကူမြို့နယ်၊ အင်ဂျန်းယန်မြို့နယ်၊ ဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ကယားပြည်နယ်ရှိ ရှားတောမြို့နယ်၊ ဖားဆောင်းမြို့နယ်၊ မယ်စဲ့မြို့နယ်၊ ကရင်ပြည်နယ်ရှိ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ချင်းပြည်နယ်ရှိ ကန်ပက်လက်မြို့နယ်၊ ထန်တလန်မြို့နယ်၊ ပလက်ဝမြို့နယ်၊ တွန်းဇံမြို့နယ်၊ မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်၊  ဖလမ်းမြို့နယ် တို့ ပါဝင်သည်။ 

ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးရှိ ထီးချိုင့်မြို့နယ်၊ ကောလင်းမြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ခင်ဦးမြို့နယ်၊ ဝက်လက်မြို့နယ်၊ ကနီမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ ပုလဲမြို့နယ်၊ အင်းတော်မြို့နယ်၊ မကွေးတိုင်းဒေသကြီးရှိ ပေါက်မြို့နယ်၊ မြိုင်မြို့နယ်၊ ဆောမြို့နယ်၊ ထီးလင်းမြို့နယ်၊ ရေစကြိုမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးရှိ မိုးကုတ်မြို့နယ်၊ စဉ့်ကူးမြို့နယ်၊ ငါန်းဇွန်မြို့နယ် တို့ကိုလည်း အရေးပေါ်အခြေအနေကြေညာထားသည်။

အလားတူ ရခိုင်ပြည်နယ်ရှိ ရမ်းဗြဲမြို့နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဂွမြို့နယ်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်၊ မြောက်ဦးမြို့နယ်၊ သံတွဲမြို့နယ်၊ အမ်းမြို့နယ်၊တောင်ကုတ်မြို့နယ်၊ ရှမ်းပြည်နယ်ရှိ နမ္မတူမြို့နယ်၊ မဘိမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ သိန္နီမြို့နယ်၊ ကွမ်းလုံမြို့နယ်၊ နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်၊ ဟိုပန်မြို့နယ်၊  လောက်ကိုင်မြို့နယ်၊ ကုန်းကြမ်းမြို့နယ်၊ မိုးမိတ်မြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်၊ မိုင်းလားမြို့နယ် တို့ကိုလည်း အရေးပေါ်အခြေအနေကြေညာထားသည်။

အထက်ပါကဲ့သို့ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ( ၁/၂၀၂၅)ဖြင့် အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များတွင် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့သည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေခြင်းငှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ) အရ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်၍ အဆိုပါ မြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး တာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အပ်နှင်းလိုက်ကြောင်းလည်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သည် ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်(၂ /၂၀၂၅) ဖြင့် ဆက်လက်ထုတ်ပြန်ခဲ့သည်။

ယနေ့(အောက်တိုဘာ ၃၁ ရက်) ရက်စွဲ​ဖြင့် ထုတ်ပြန်သည့် စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ အုပ်ချုပ်ရေး ၃ /၂၀၂၅ တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက  ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၁ /၂၀၂၅ နှင့် စစ်အုပ်ချုပ်ရေး အမိန့်အမှတ်၊ ၂ /၂၀၂၅ တို့သည် ဆက်လက်အတည်ဖြစ်ကြောင်း ယင်းအမိန့်တွင် ဖော်ပြထားသည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် (၃/ ၂၀၂၅) ဖြင့် အရေးပေါ်အခြေအနေ ဆက်လက်တည်ရှိကြောင်း ကြေညာထားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ မြို့နယ်များတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ) အရ စစ်အုပ်ချုပ်ရေးအမိန့် ဆက်လက်ထုတ်ပြန်၍ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဆက်လက်အပ်နှင်းလိုက်ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင် ကျင့်သုံးဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင်တစ်ဦးဦးကို ကျင့်သုံး ဆောင်ရွက်စေခြင်းပြုနိုင်ကြောင်း ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊ ၄ /၂၀၂၅ ကို ယနေ့(အောက်တိုဘာလ ၃၁ ရက်)တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ထုတ်ပြန်သည်။

Most Read

Most Recent