၂၀၂၂ ခုနှစ် စက်တင်ဘာလ မှ ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလဆန်းပိုင်းအတွင်း မွန်ပြည်နယ်၌ ခွေးရူးအကိုက်ခံရသူပေါင်း (၆၈) ဦးအထိရှိခဲ့ပြီး ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ခွေးရူးအကိုက်ခံရသည့်အခြေအနေများမှာ (၂၀၂၂) ခုနှစ် စက်တင်ဘာလ (၉) ရက်က ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ပန်းကုန်းကျေးရွာ နှင့် ဖလပ်ကျေးရွာများတွင် (၂၀) ဦး၊ နိုဝင်ဘာလ (၁၁) ရက် ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဝတ်ကြီးကျေးရွာတွင် (၁၂) ဦး၊ ဒီဇင်ဘာလ (၅) ရက်က ပေါင်မြို့နယ် ကော့ကရင်ကျေးရွာတွင် (၆) ဦး၊ (၂၀၂၃) ခုနှစ် ဖေဖေါ်ဝါရီလ (၁၀) ရက်က ပေါင်မြို့နယ် နတ်ကြီးချောင်းကျေးရွာတွင် (၆) ဦး အကိုက်ခံခဲ့ရကြောင်း သိရသည်။
ထို့အပြင် (၂၀၂၂) ခုနှစ် ဒီဇင်ဘာလ (၅) ရက်က ချောင်းဆုံမြို့နယ် မုရစ်ကလေးကျေးရွာအုပ်စု၊ ကုလားဘီကျေးရွာတွင် (၃) ဦး၊ (၂၀၂၃) ခုနှစ် ဇန်နဝါရီလ (၂၄) ရက်က ချောင်းဆုံမြို့နယ် ကမာကေးကျေးရွာအုပ်စု၊ ကွမ်လှာကျေးရွာတွင် (၄) ဦး၊ (၂၀၂၃) ခုနှစ် ဇန်နဝါရီလ (၂၁) ရက် နှင့် (၂၂) ရက်နေ့များတွင် မော်လမြိုင်မြို့နယ်၊ ဖားအောက်ကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာတွင် (၁၀) ဦး၊ (၂၀၂၃) ခုနှစ် ဖေဖေါ်ဝါရီလ (၇) ရက်တွင် မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာအုပ်စု၊ ကွေ့ဝမ်းကျေးရွာတွင် (၄) ဦး နှင့် (၂၀၂၂) ခုနှစ် ဒီဇင်ဘာလအတွင်း ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာအုပ်စု၊ မုသင်ကျေးရွာတွင် (၂) ဦးခွေးရူးအကိုက်ခံခဲ့ရပြီး မုသင်ကျေးရွာမှ ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“ခွေးရူးအကိုက်ခံခဲ့ရသူတွေကို ခွေးရူးပြန်ကာကွယ်ဆေး (RV) ရော၊ ခွေးရူးပြန်ကာကွယ်ဆေး ပဋိပစ္စည်း (RIG) ရော အချိန်မှီထိုးနိုင်ခဲ့တဲ့အတွက် (၆၇) ဦးကတော့ အသက်ရှင်ခဲ့ပေမယ့် ဘီးလင်းမြို့နယ်က ကလေးက ကာကွယ်ဆေးကိုအချိန်မီထိုးရကောင်းမှန်းမသိခဲ့တဲ့အတွက် သေဆုံးခဲ့ရတယ်လို့ သိရတယ်။ ဒီကိန်းဂဏန်းတွေက မွန်ပြည်နယ်အတွင်းမှာ ခွေးရူးရောဂါသည် ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်နေပြီးဆိုတာကို ဖေါ်ပြနေတယ်လို့ ဆိုလို့ရပါတယ်” ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိအခြေအနေရ ခွေးများ၏ (၇၀) ရာခိုင်နှုန်းအား ကာကွယ်ဆေးမဖြစ်မနေထိုးရန်လိုအပ်ကြောင်း၊ နေအိမ်များတွင် မွေးမြူထားသည့် ခွေးများကိုလည်း ပိုင်ရှင်များမှ တာဝန်ယူကာ၊ ကာကွယ်ဆေးထိုးနှံကြရမည်ဖြစ်ကြောင်း နှင့် လမ်းပေါ်ရှိ ပိုင်ရှင်မဲ့ခွေးများကို သုတ်သင်ရှင်းလင်းရန် လိုအပ်ကြောင်း၊ သို့သော်လည်း ထိုပိုင်ရှင်မဲ့ခွေးများအား သုတ်သင်ရှင်းလင်းမှုမပြုလုပ်စေချင်ပါက တရိစ္ဆာန်ချစ်သူများ စုပေါင်း၍ ကာကွယ်ဆေးများအား စနစ်တကျထိုးပေးစေလိုပါကြောင်း ၎င်းက ဆိုသည်။
ခွေးရူးအကိုက်ခံရမှုများ ဖြစ်ပွားခဲ့သည့် ပေါင်မြို့နယ် ဇင်းကျိုက်မြို့အတွင်းရှိ နေအိမ်များတွင် မွေးမြူထားသည့် ခွေးများအား ပြီးခဲ့သည့် (၂၀၂၂) ခုနှစ် နိုဝင်ဘာလ (၂၉) ရက်၊ မနက်ပိုင်းက သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကွင်းဆင်းကာ ခွေးရူးပြန်ကာကွယ်ဆေးများထိုးနှံပေးနေကြောင်း မြို့ခံပြည်သူများထံမှ သိရသည်။















