MMA ကစားသမားဘ၀ ၁၀ နှစ်ကျော်တွင် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဖြစ်လာသူ အောင်လအန်ဆန်

MMA ကစားသမားဘ၀ ၁၀ နှစ်ကျော်တွင် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဖြစ်လာသူ အောင်လအန်ဆန်
Published 26 December 2017

ကမ္ဘာ့ချန်ပီယံဆုရရှိအပြီး အောင်လအန်ဆန် အောင်ပွဲခံနေစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)

အမေရိကန်နိုင်ငံတွင် နေထိုင်ကာ MMA ဘက်စုံကိုယ်ခံပညာသုံး အားကစားနည်းဖြင့် နာမည်ကျော်ကြားလာသည့် ကချင်တိုင်းရင်းသား အောင်လအန်ဆန်အတွက် ၂၀၁၇ ခုနှစ်မှာ ထူးခြားသည့်နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး ကစားသမားဘ၀ ဆယ်နှစ်ကျော်ကာလတွင် ပထမဆုံးအကြိမ် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သည်။

အောင်လအန်ဆန်သည် နှစ်ဆန်းပိုင်းက ထိုးသတ်သည့်ပွဲတွင် ရှုံးပွဲကြုံတွေ့ခဲ့သော်လည်း စိတ်မကျေပွဲ ပြန်လည်ထိုးသတ်သည့်ရာတွင် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်ကို အမှတ်ဖြင့်အနိုင်ယူကာ ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ကစားသမားဘ၀ ပထမဆုံးကမ္ဘာ့ချန်ပီယံဆုကို မိမိနိုင်ငံ၌ ရယူနိုင်ခဲ့သဖြင့် ပြီးပြည့်စုံသည့် အောင်ပွဲတစ်ခုဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ်၏ ထင်ရှားကျော်ကြား ကဏ္ဍတွင် ထည့်သွင်းဖော်ပြရခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ၂၀၁၅ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် ပြိုင်ပွဲများ လာရောက်ထိုးသတ်ခဲ့ပြီး မိခင်နိုင်ငံတွင် ထိုးသတ်တိုင်းအနိုင်ရသည့် အစဉ်အလာကောင်းကို ယခုနှစ်တွင်လည်း ထိန်းသိမ်းနိုင်ခဲ့သည်။ ဇန်နဝါရီဒုတိယပတ်တွင် အင်ဒိုနီးရှားနိုင်ငံ၌ ဗစ်တာလီဘစ်ဒက်ရှ်နှင့် ထိုးသတ်ခဲ့ရသည့် ပထမအကြိမ် ကမ္ဘာ့ချန်ပီယံလုပွဲမှာ အောင်လအန်ဆန်အတွက် တွန်းအားဖြစ်စေမည့် ရှုံးပွဲ ဖြစ်ပြီး ဒုတိယအကြိမ် ပြန်လည်ထိုးသတ်ရာတွင် အနိုင်ရရန် များစွာအထောက်အကူ ဖြစ်စေခဲ့သည်။ ပထမအကြိမ် စိန်ခေါ်ပွဲမှာ အောင်လအန်ဆန် ထိုးသတ်ရမည့်ပြိုင်ပွဲမဟုတ်ဘဲ ဗစ်တာလီဘစ်ဒက်ရှ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရန် စီစဉ်ထားသည့် ပြိုင်ဘက်ကစားသမား ထိုးသတ်နိုင်ခြင်း မရှိသောကြောင့် အစားထိုးယှဉ်ပြိုင်ရခြင်းဖြစ်သည်။ ၎င်းသည် ပြင်ဆင်ချိန်  နည်းပါးသောကြောင့် လက်ရည်ကွာပြီး အလဲအကွဲခံခဲ့ရသော်လည်း အမှတ်ဖြင့် ရှုံးခဲ့သောကြောင့် နောက်တစ်ကြိမ် စိန်ခေါ်ပွဲ ထိုးသတ်ခွင့်ရခဲ့သည်။ ဇွန်လကုန်ပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစား ပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ အောင်လအန်ဆန်နှင့် ဗစ်တာလီဘစ်ဒက်ရှ်တို့၏ ဒုတိယအကြိမ် ကမ္ဘာ့ချန်ပီယံဆုစိန်ခေါ်ပွဲ ကျင်းပခဲ့ပြီး အောင်လအန်ဆန်က အမှတ်ဖြင့် အနိုင်ယူကာ မြန်မာပရိသတ်များရှေ့မှောက်တွင် အောင်ပွဲခံနိုင်ခဲ့သည်။  အောင်လအန်ဆန်သည် ပထမပွဲမှ အမှားများကို အကောင်းဆုံးပြင်ဆင်နိုင်ခဲ့ပြီး ထိုက်ထိုက်တန်တန် အနိုင်ယူကာ မြန်မာနိုင်ငံသား တစ်ဦးအနေဖြင့် MMA ပြိုင်ပွဲတွင် ပထမဆုံး ကမ္ဘာ့ချန်ပီယံဆု ရရှိသူဖြစ်လာခဲ့သည်။ အောင်လအန်ဆန်သည် ကမ္ဘာ့ချန်ပီယံ ဖြစ်ပြီး နိုဝင်ဘာလဆန်းပိုင်းတွင် အထူးစိန်ခေါ်ပွဲတစ်ပွဲကို ရန်ကုန်မြို့၌ ထိုးသတ်ခဲ့ပြီး ဝိတ်တန်းကြီးသည့် ကင်မရွန်းနိုင်ငံဖွား အန်ဂယ်လာနီကို ပထမအချီမှာပင် ၎င်း၏နာမည်ကျော် ချုပ်ကွက်ဖြင့် အနိုင်ယူခဲ့သည်။

အောင်လအန်ဆန်သည် MMA ပြိုင်ပွဲများ တာဝန်ယူကျင်းပနေသည့် ONE Championships အဖွဲ့အစည်းနှင့် သုံးနှစ်စာချုပ် ချုပ်ဆိုထားရာ ၂၀၁၉ ခုနှစ်အထိ ပြိုင်ပွဲများ ထိုးသတ်မည်ဖြစ်သည်။ အောင်လအန်ဆန်သည် လာမည့်နှစ်ဆန်းပိုင်းတွင် ပထမဆုံးအကြိမ် ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲ ထိုးသတ်ရမည်ဖြစ်သည်။

Most Read

Most Recent