ငွေစက္ကူများပေါ် ပြန်လည် ရောက်ရှိလာတော့မည့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံလွှာများ

ငွေစက္ကူများပေါ် ပြန်လည် ရောက်ရှိလာတော့မည့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံလွှာများ
Published 26 December 2017

နိုဝင်ဘာ ၁၇ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ငွေစက္ကူများအပေါ်၌ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် ရိုက်နှိပ် ထုတ်ဝေရန် အစိုးရအား တိုက်တွန်းသည့်အဆိုကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်ခိုင်ဖြိုးပါတီဝင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက မတ်တတ်ရပ် ကန့်ကွက်စဉ် (ဓာတ်ပုံ-မျိုးမင်းထက်)

အနာဂတ်တွင် ရိုက်နှိပ်ထုတ်ဝေရန်ရှိ လာမည့် ငွေစက္ကူများအပေါ်၌ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံများဖြင့် ရိုက်နှိပ်ထုတ်ဝေရန် ပြည်သူ့လွှတ်တော်က အစိုးရကို တိုက်တွန်းထားသည့်အတွက် အဆိုပါကိစ္စကို ၂၀၁၇ ခုနှစ် ထင်ရှားကျော်ကြား ဖြစ်ရပ်တစ်ခုအဖြစ် ဖော်ပြအပ်ပါသည်။

အောက်တိုဘာ ၂၇ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ မြိုင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခင်ဝင်းက ရှေ့လာမည့် အနာဂတ်တွင် ရိုက်နှိပ်ထုတ်ဝေရန်ရှိသည့် ငွေစက္ကူများပေါ်၌ ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ထုတ်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတစ်ရပ် တင်သွင်းခဲ့သည်။

အဆိုရှင်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေအရ ဗဟိုဘဏ်က ငွေစက္ကူများနှင့် ဒင်္ဂါးများ၏ တန်ဖိုးအဆင်အပြင် ဖွဲ့စည်းပါဝင်သည့် ဝတ္ထုပစ္စည်း အခြားခွဲခြားနိုင်သော လက္ခဏာများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ရမည်ဟု လည်းကောင်း၊ ဗဟိုဘဏ်သည် မည်သည့် ငွေစက္ကူအမျိုးအစားကိုမဆို ပြောင်းလဲသုံးစွဲရန် လိုအပ်ပါက အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်နိုင်သည်ဟု လည်းကောင်း၊ ယင်းဆောင်ရွက်ချက် အခြေအနေများကို အနီးစပ်ဆုံး ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြအတည်ပြုချက် ရယူရမည်ဟု လည်းကောင်း ပြဋ္ဌာန်းထားသည့်အတွက် အစိုးရအဖွဲ့နှင့် ပြည်ထောင်စုလွှတ်တော်ကသာ အဓိကကျနေသောကြောင့် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ငွေစက္ကူဆိုသည်မှာ လူတိုင်း၏ လက်ထဲတွင် ကိုင်တွယ် သုံးစွဲနေသည်ဖြစ်၍ နှစ်ကြာရှည် သုံးစွဲလာသည့်အခါ ဟောင်းနွမ်းခြင်း၊ စုတ်ပြဲခြင်း၊ ရေနစ်၍ ပျက်စီးခြင်း၊ မီးလောင်၍ ပြာဖြစ်ခြင်းစသည့် ပျက်စီးခြင်းအမျိုးမျိုးကြောင့် လျော့နည်းသွားမှု ရှိလာမည်ဖြစ်ကာ လျော့နည်းသွားမှုများကို အစားထိုးသည့်အခါဖြစ်စေ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဖြေကြားချက်အရ လုံခြုံရေးအဆင့်အတန်း တိုးမြှင့်ထုတ်ဝေသည့်အခါ ဖြစ်စေ၊ အရွယ်အစားအသစ်ဖြင့် ထုတ်ဝေသောအခါ ဖြစ်စေ၊ ရှေ့အနာဂတ်တွင် ထုတ်ဝေမည့်အခါတိုင်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံများဖြင့် ထုတ်ဝေသွားရန်ဖြစ်ကြောင်း အဆိုရှင်က လွှတ်တော်သို့ ဆွေးနွေးတင်ပြခဲ့သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဖြေကြားချက်အရ ၂၀၀၉ ခုနှစ်တွင် ကျပ် ၅၀၀၀ တန် ငွေစက္ကူများ၊ ၂၀၁၂ ခုနှစ်တွင် ကျပ် ၁၀၀၀၀ တန် ငွေစက္ကူများ၊ ၂၀၁၄ ခုနှစ်တွင် အရွယ်အစားသစ်ဖြင့် ကျပ် ၂၀၀ တန်၊ ကျပ် ၅၀၀ တန်၊ ကျပ် ၁၀၀၀ တန် ငွေစက္ကူများ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် လုံခြုံရေးအဆင့်အတန်း တိုးမြှင့်သည့် ကျပ် ၅၀၀၀ တန် ငွေစက္ကူနှင့် ကျပ် ၁၀၀၀၀ တန် ငွေစက္ကူများ ထုတ်ဝေခဲ့ကြောင်း သိရှိရပြီး ထိုသို့ ရှစ်နှစ်ကျော်အတွင်း၌ ငါးကြိမ်ရိုက်နှိပ် ထုတ်ဝေခဲ့ရာ နှစ်နှစ် သုံးနှစ် တစ်ကြိမ်ခန့် ထုတ်ဝေပေးခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ၂၀၁၇ ခုနှစ်မှစ၍ နောက်ပိုင်း ရိုက်နှိပ်ထုတ်ဝေမည့် ငွေစက္ကူများကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံများထဲမှ သင့်လျော်သည့်ပုံများဖြင့် ရိုက်နှိပ်ထုတ်ဝေသွားရန် ဦးအောင်ခင်ဝင်းက တင်ပြခဲ့သည်။

ထို့နောက် ယင်းအဆိုကို ထောက်ခံခဲ့သည့် သရက်မဲဆန္ဒနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ဦးကံမြင့်က ငွေစက္ကူများနှင့် ပတ်သက်၍ မျက်မှောက်ကာလတွင် ကမ္ဘာ့အလယ်၌ နိုင်ငံအတွက် ဂုဏ်ယူဝင့်ကြွားနိုင်မှု မရှိသည့် ဆင်ရုပ်၊ ခြင်္သေ့ရုပ်များဖြင့် သုံးစွဲနေရသည်မှာ တွေးမိတိုင်း ရှက်စရာကောင်းလှသည်ဟု ဆွေးနွေး ပြောကြားခဲ့သည်။

၎င်းအဆိုကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးမည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပြီး နိုဝင်ဘာ ၁၇ ရက်တွင် အဆိုအပေါ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုးဦးက ဆွေးနွေးရာတွင် လွှတ်တော်ကိုယ်စားလှယ် ရှစ်ဦးက အကြံပြုထောက်ခံ ဆွေးနွေးခဲ့ပြီး တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်မင်းလှိုင်က ငွေစက္ကူပုံစံအသစ် ရိုက်နှိပ်ခြင်းကို လတ်တလောအခြေအနေအရ မဆောင်ရွက်သင့်ပါကြောင်း အကြံပြုဆွေးနွေးခဲ့သည်။

၁၉၅၂ ခုနှစ် ငွေကြေးအုပ်ချုပ်မှုအဖွဲ့မှ စတင်ကာ ၂၀၁၂ခုနှစ်အထိ နှစ် ၆၀ ကာလအတွင်း ငွေစက္ကူရိုက်နှိပ်မှု ၁၉ ကြိမ် ရှိခဲ့ပြီး ၁၉၉၀ ပြည့်နှစ်အထိ ထုတ်ဝေခဲ့သည့် ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်းပုံများကို မျက်နှာစာတွင် ဖော်ပြခဲ့သည်ကို တွေ့ရှိရကြောင်း၊ လွတ်လပ်ရေး ရပြီးနောက် ငွေစက္ကူများ စတင်ထုတ်ဝေစဉ်ကပင် လူပုဂ္ဂိုလ်နှင့် စပ်လျဉ်း၍ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံ၊ ဆရာစံနှင့် သခင်ဖိုးလှကြီးတို့၏ ပုံများကို ထည့်သွင်းဖော်ပြပေးခြင်းမှာ အထွတ်အမြတ် တန်ဖိုးထားခြင်း၊ အသိအမှတ်ပြုခြင်း၊ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်စေရေးတို့အတွက် နောင်လာနောက်သားများ အားကျအတုယူစေရန်အတွက် ဖြစ်ကြောင်း၊ ဒေါင်း၊ ခြင်္သေ့နှင့် ဆင်ဖြူတော်များကို ရိုက်နှိပ်ဖော်ပြခြင်းမှာ မြန်မာတိုင်းရင်းသား အားလုံးက မြတ်နိုးတန်ဖိုးထားပြီး နိုင်ငံတော်၏ အမှတ်လက္ခဏာ တစ်ရပ်အနေဖြင့် အသိအမှတ်ပြုထားခြင်းကြောင့် ဖြစ်ကြောင်း၊ မည်သည့်အဖွဲ့အစည်းကိုမှ ကိုယ်စားပြု ဖော်ပြခြင်း မဟုတ်ပါကြောင်း ဒုတိယဗိုလ်မှူးကြီး ကျော်မင်းလှိုင် က ဆွေးနွေးတင်ပြခဲ့သည်။

ထို့ပြင် ငွေစက္ကူများကို ကိုင်တွယ်မှု၊ သယ်ဆောင်မှု၊ ထိန်းသိမ်းမှုပိုင်းတွင် လွန်စွာ အားနည်းသည်ကို တွေ့ရကြောင်း၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံ၊ ရုပ်တုများကို နိုင်ငံသူ၊ နိုင်ငံသားများက အမြတ်တနိုးထား ဂုဏ်ပြုနေမှုကြောင့် သပ်ရပ်တင့်တယ်ပြီး လေးစားကြည်ညိုဖွယ် ဖြစ်နေသော်လည်း ငွေစက္ကူတွင် ရိုက်နှိပ်ဖော်ပြထားသည့် ဗိုလ်ချုပ်ပုံများကတော့ ကိုင်တွယ်ရာတွင် စနစ်ကျမှုမရှိခြင်း၊ ထားသိုမှု၊ သယ်ဆောင်မှုများတွင် အလေးထားမှု မရှိခြင်းများကြောင့် ဟောင်းနွမ်းမှေးမှိန်ပြီး စုတ်ပြဲနေတာကို စိတ်မကောင်းစွာ မြင်တွေ့ကြရမှာဖြစ်ကြောင်း ဒုတိယဗိုလ်မှူးကြီး ကျော်မင်းလှိုင်က ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်၊ စွမ်းဆောင်ရည်တွေကို အောက်မေ့သတိရပြီး နိုင်ငံတော်၏ ငွေစက္ကူတွင် ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ရိုက်နှိပ် ထုတ်ဝေသင့်သည့်အတွက် အဆိုကို ထောက်ခံကြောင်း ဒေါ်ဝင့်ဝါထွန်းက တင်ပြခဲ့သည်။

အဆိုအပေါ် “တကယ်တမ်းကျတော့ ငွေစက္ကူနဲ့ ငွေဒင်္ဂါးများ ထုတ်ဝေခြင်းဟာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ တာဝန်ဖြစ်တဲ့အတွက် အားလုံးတင်ပြသွားသလိုပဲ ကျွန်တော်တို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့လည်း ရှေ့အနာဂတ်မှာ ရိုက်နှိပ်ထုတ်ဝေရန် ရှိလာမည့် ငွေစက္ကူများအပေါ် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံများနဲ့ ရိုက်နှိပ်ထုတ်ဝေရန် ဆိုတာဟာ တကယ်တမ်းတော့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့သဘောထားနဲ့လည်း တစ်ထပ်တည်း ဖြစ်ပါတယ်။ အပြစ်မဲ့အဆိုလည်း ဖြစ်တဲ့အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ ပြည်ထောင်စုအစိုးရရဲ့ လမ်းညွှန်ချက်နဲ့အညီ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း ထောက်ခံတင်ပြပါတယ်”ဟု ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ပြောကြားခဲ့သည်။

ရှေ့အနာဂတ် ကာလတွင် ရိုက်နှိပ်ထုတ်ဝေရန် ရှိလာမည့် ငွေစက္ကူများအပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံများဖြင့် ရိုက်နှိပ်ထုတ်ဝေရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြုပေးရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ထောက်ခံတင်ပြခဲ့ပြီး အဆိုရှင် ဦးအောင်ခင်ဝင်းကလည်း အဆိုကို လွှတ်တော်က အတည်ပြုပေးရန် တင်ပြခဲ့သည်။

ထို့နောက် အဆိုနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်၏ အဆုံးအဖြတ် ရယူရာတွင် လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဆိုကို ကန့်ကွက်ဆန္ဒမဲရှိပါက မတ်တတ်ရပ်ပေးရန် ပြောကြားခဲ့သည့်အတွက် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦး စုစုပေါင်း ၁၀၉ ဦးက မတ်တတ်ရပ် ကန့်ကွက်ခဲ့ကြပြီး အဆိုအပေါ် ကြားနေမဲ မရှိဘဲ ထောက်ခံဆန္ဒမဲ ၂၈၆ မဲဖြင့် ပြည်သူ့လွှတ်တော်က အဆိုကို အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

အနာဂတ် ကာလတွင် ရိုက်နှိပ်ထုတ်ဝေရန် ရှိလာမည့် ငွေစက္ကူများအပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံများဖြင့် ရိုက်နှိပ်ထုတ်ဝေရန် အစိုးရကို တိုက်တွန်းသည့် အဆိုအား ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည့်အတွက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံများဖြင့် ငွေစက္ကူများကို ပြန်လည်မြင်တွေ့ရမည်ဖြစ်ပြီး လွှတ်တော်၏ ဆုံးဖြတ်ချက်ကို အစိုးရအနေဖြင့် လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံဖြင့် ရိုက်နှိပ်ထုတ်ဝေမည့် ငွေစက္ကူများနှင့် ပတ်သက်၍ မည်သည့်နှစ်တွင် ထုတ်ဝေမည်၊ ငွေစက္ကူပုံစံ စသည့် အချက်အလက်များကို လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ခြင်း မရှိပေ။

ထို့အတူ သရက်မဲဆန္ဒနယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကံမြင့်က ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ မြန်မာပြည်တစ်ဝန်းတွင် ကိုင်တွယ် သုံးစွဲနေသော ငွေစက္ကူအမျိုးမျိုးပေါ်ရှိ ဆင်တံဆိပ်နှင့် ခြင်္သေ့တံဆိပ် ရုပ်ပုံများအစား အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံပါသော ငွေစက္ကူများဖြင့် အစားထိုးရိုက်နှိပ် ထုတ်ဝေသုံးစွဲရန် အစီအစဉ်ရှိ မရှိကို မေးမြန်းခဲ့ဖူးသည်။

အဆိုပါ မေးခွန်းအပေါ် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက “ငွေစက္ကူအသစ် ရိုက်နှိပ် ထုတ်ဝေမယ်ဆိုရင် လှည့်လည်သုံးစွဲလေ့ရှိတဲ့ ငွေပမာဏကို လဲလှယ်ပေးနိုင်ဖို့အတွက် လှည့်လည် သုံးစွဲလျက်ရှိတဲ့ ပမာဏနီးပါးကို မှာကြား ရိုက်နှိပ်သိုလှောင်ထားရမှာ ဖြစ်ပါတယ်။ လှည့်လည် သုံးစွဲလျက်ရှိသော ငွေစက္ကူ (Denomination) တစ်ခုကို အပြည့်အ၀ လဲလှယ်ပေးနိုင်ဖို့ ဆိုရင်တော့ ရိုက်နှိပ် သိုလှောင်ရမယ်ဆိုရင် ဘီလျံ ၁၀၀ လောက် ကုန်ကျမှာဖြစ်ပါတယ်။ ဒါ ဟာ Denomination တစ်ခုအတွက်ပဲ ဖြစ်ပါတယ်။ အားလုံးအသုံးများတဲ့ Denomination တွေအတွက် ရိုက်နှိပ်မယ် ဆိုလို့ရှိရင်တော့ ဘီလျံ ၃၀၀ လောက် ကုန်ကျဖွယ်ရှိပါတယ်။ ပုံစံသစ် ငွေစက္ကူတွေ ထုတ်ဝေမယ်ဆိုရင် လက်ရှိ လှည့်လည်သုံးစွဲနေတဲ့ ငွေစက္ကူတွေကိုလည်း ဖျက်ဆီးဖို့ လိုအပ်မှာဖြစ်ပါတယ်” ဟု ဖြေကြားခဲ့သည်။

ထို့ကြောင့် ကုန်ကျစရိတ် ပိုများလာနိုင်ခြင်း၊ ပုံစံအမျိုးမျိုး ရှိနေသည့်အတွက် ပြည်သူများက ငွေစက္ကူအပေါ် ယုံကြည်မှုအားနည်းလာနိုင်သည်ကို ထည့်သွင်းစဉ်းစားပါက ငွေစက္ကူအပေါ်တွင် မရေမရာ၊ ဇဝေဇဝါ ဖြစ်ပေါ်ခြင်းများ ရှိလာနိုင်သည့်အတွက် လက်ရှိ လှည့်လည်သုံးစွဲနေသည့် ငွေများကို လဲလှယ်ရန်အတွက် အခက်အခဲရှိကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ငွေစက္ကူများကို နိုင်ငံစီးပွားရေး တည်ငြိမ်သည့်အချိန်၊ အနှောင့်အယှက် မဖြစ်စေနိုင်သော သင့်လျော်သည့် ကာလ၌ ပုဒ်မ ၆၅ နှင့် ပုဒ်မ ၆၆ ပါပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ငွေစက္ကူ ရိုက်နှိပ်ရာတွင် ငွေစက္ကူဒီဇိုင်း ရေးဆွဲခြင်း၊ ဒီဇိုင်း အတည်ပြုခြင်း၊ မှာကြားခြင်း၊ ရိုက်နှိပ်ခြင်း၊ ကြိုတင်သိုလှောင် ထားရှိခြင်း လုပ်ငန်းစဉ်များ ရှိသည့်အတွက် အချိန်ကာလ တိကျစွာ သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း ဦးစိုးမင်းက ရှင်းလင်းဖြေကြားခဲ့သည်။

သို့သော် ၂၀၁၇ ခုနှစ်၌ ပြည်သူ့လွှတ်တော်က အစိုးရအနေဖြင့် အနာဂတ်တွင် ရိုက်နှိပ်ထုတ်ဝေရန် ရှိလာမည့် ငွေစက္ကူများအပေါ်၌ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံများဖြင့် ရိုက်နှိပ်ထုတ်ဝေရန် အဆိုတင်သွင်းကာ အတည်ပြုဆုံးဖြတ်ခဲ့သည့်အတွက် အစိုးရအနေဖြင့် ဆောင်ရွက်ရတော့မည် ဖြစ်သည်။

ငွေစက္ကူ အမျိုးအစား ပြောင်းလဲသုံးစွဲခြင်းနှင့် ပတ်သက်၍ ပုဒ်မ ၆၆ တွင် “ဗဟိုဘဏ်သည် မည်သည့် ငွေစက္ကူအမျိုးအစားကိုမဆို ပြောင်းလဲသုံးစွဲရန် လိုအပ်ပါက အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်နိုင်သည်။ ယင်းဆောင်ရွက်ချက် အခြေအနေကို အနီးစပ်ဆုံး ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက် ရယူရမည်” ဟု ပြဋ္ဌာန်းထားသည်။

ငွေစက္ကူ ထုတ်ဝေခြင်းနှင့် ပတ်သက်၍ သမိုင်းကိုပြန်ကြည့်ပါက မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ငွေစက္ကူများ ထုတ်ဝေခဲ့ရာ၌ ၁၉၄၈ ခုနှစ်၊ ၁၉၅၂ ခုနှစ်မှာ ဒေါင်းပုံ၊ ခြင်္သေပုံပါသည့် တစ်ကျပ်တန်၊ ငါးကျပ်တန်၊ ၁၀တန်၊ ၁၀၀ တန် ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း ပုံပါသည့် တစ်ကျပ်တန်၊ ငါးကျပ်တန်၊ တစ်ဆယ်တန်၊ တစ်ရာတန် ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေခဲ့ကြောင်း၊ ၁၉၆၅ ခုနှစ်တွင်လည်း တစ်ကျပ်တန်၊ ငါးကျပ်တန်၊ တစ်ဆယ်တန် ငွေစက္ကူများမှာ ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ပုံစံသစ် ငွေစက္ကူများ ထုတ်ဝေခဲ့သည်။

ထို့ပြင် ၁၉၉၄ ခုနှစ်တွင် ၂၀ တန်၊ ၅၀ တန်၊ ၁၀၀ တန် ငွေစက္ကူများကို ခြင်္သေ့ပုံဖြင့် ရိုက်နှိပ် ထုတ်ဝေခဲ့ပြီး ၁၉၉၈ ခုနှစ်မှာ ကေသရာဇာခြင်္သေ့ပုံဖြင့် တစ်ထောင်တန် ငွေစက္ကူ ထုတ်ဝေခဲ့ကာ ၂၀၁၄ ခုနှစ်တွင် ၂၀၀ တန်၊ ၅၀၀ တန်၊ ၁၀၀၀ တန်များကို အရွယ်အစားသစ်ဖြင့် ထုတ်ဝေခဲ့သည်။

၂၀၀၉ ခုနှစ်တွင် ၅၀၀၀ တန် ငွေစက္ကူကို စတင်ထုတ်ဝေခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် တစ်သောင်းတန် ငွေစက္ကူကို ထုတ်ဝေခဲ့ကြောင်း၊ ငါးထောင်တန်နှင့် တစ်သောင်းတန် ငွေစက္ကူများကို လုံခြုံရေးအဆင့်အတန်း တိုးမြှင့်ကာ ၂၀၁၄ ခုနှစ်၊ ၂၀၁၅ ခုနှစ်တို့တွင် ထပ်မံထုတ်ဝေခွဲခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံဖြင့် ငွေစက္ကူများအပေါ်တွင် ရိုက်နှိပ် ထုတ်ဝေမည့်ကိစ္စနှင့် ပတ်သက်၍ အမြင်အမျိုးမျိုး ရှိနေကြပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်နေသည့်အချိန်တွင် တိုင်းရင်းသားများ၏ ပုံရိပ်များကိုလည်း ထည့်သွင်းပေးရန် တောင်းဆိုမှုများ ရှိလာပါက ဆောင်ရွက်ပေးမည်လား ဆိုသည့်မေးခွန်းထုတ်မှုများလည်း ရှိနေသည်။

“ကျွန်တော်တို့ အနေနဲ့ကတော့ ဒီဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ပုံနဲ့ ငွေစက္ကူအပေါ်မှာ ရိုက်နှိပ်ဖို့ကိစ္စက ဘာမှကန့်ကွက်စရာ မရှိပါဘူး။ သို့သော်လည်းပဲ ဒီလိုကိစ္စမျိုးတွေက သူ့အခြေအနေ အချိန်အခါအရ စဉ်းစားသုံးသပ်ပြီးတော့ ဆောင်ရွက်သင့်တဲ့ ကိစ္စမျိုးလို့ တော့ ယူဆတယ်လေ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ပုံတွေကို ထည့်တာတွေကို ကျွန်တော်တို့ လက်မခံတာလည်း မဟုတ်ဘူး။ ဒါပေမဲ့လည်း အခုကျွန်တော်တို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဖော်ဆောင်နေတဲ့ ကာလတွေမှာ အဲဒီတော့ တိုင်းရင်းသားတွေရဲ့ ပုံရိပ်တွေကိုလည်း ထည့်သွင်းပေးပါလို့ တောင်းဆိုလာခဲ့ရင်ရော ဆောင်ရွက်ပေးမှာလား။ ဆိုပါဆို့ဗျာ လွတ်လပ်ရေး ရယူပေးခဲ့တဲ့နေရာမှာ ဗိုလ်ချုပ်အောင်ဆန်း တစ်ယောက်တည်းလို့ပဲ အသိအမှတ်ပြုမှာလား။ အဲလိုမျိုးပေါ့နော်။ ဒီနိုင်ငံကြီးကို ဝိုင်းဝန်း တည်ဆောက်နေကြတဲ့နေရာမှာ တခြားတည်ဆောက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေပေါ့ ပါဝင်ခဲ့တဲ့ပုဂ္ဂိုလ်တွေ၊ တကယ့် အထင်ကရပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ တိုင်းရင်းသားတွေထဲမှာလည်း ရှိပါတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတဆိုရင် ရှမ်းတိုင်းရင်းသားပေါ့ ကျွန်တော်တို့ စော်ဘွားကြီး စပ်ရွှေသိုက် အဲဒီပုဂ္ဂိုလ်တွေရဲ့ ရုပ်ပုံတွေကို ထည့်သွင်းဖော်ပြပါလို့ တောင်းဆိုလာရင်ရော သဘောတူပါ့မလား။ ဒါတွေက ပြောစရာတွေ ဖြစ်လာလိမ့်မယ်”ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြောကြားသည်။

ထို့ပြင် ဦးစိုင်းသီဟကျော်က “အဲဒီတော့ ဘာမဟုတ်တဲ့ တံတားနာမည်လေးတောင်မှ ဗိုလ်ချုပ်အောင်ဆန်း နာမည်တစ်ခုတည်း ထည့်ဖို့ပြောတာတောင်မှ ပဋိပက္ခပုံစံမျိုးပေါ့နော် သဘောမတူတဲ့ ကိစ္စရပ်တွေဖြစ်လာတယ်။ နောက်ပြီးတော့ ဗိုလ်ချုပ်ကြေးရုပ်တွေကို တစ်နိုင်ငံလုံးအနှံ့ လိုက်ပြီးတော့ စိုက်ထူတဲ့ ကိစ္စတွေမှာလည်း ဒါဝေဖန်ချက်တွေ များနေတဲ့ကာလမှာ ဒီလိုမျိုးတွေက စဉ်းစားသုံးသပ်သင့်တဲ့ အနေအထားပါလို့ ပြောချင်ပါတယ်။ မလုပ်ဖို့ မပြောပါဘူး။ သူ့အချိန်နဲ့သူ နောက်ပြီးတော့ လုပ်မယ်ဆိုရင်လည်းပဲ ကျွန်တော်တို့ သွားချင်နေတဲ့ ဖက်ဒရယ်လို့ခေါ်တဲ့ တန်းတူညီမျှမှုဆိုင်ရာ ကိစ္စရပ်တွေ၊ ပုံရိပ်တွေပေါ်အောင် ပါအောင်ပေါ့လေ ဆောင်ရွက်သွားနိုင်ရင် ပိုပြီးတော့မှ တစ်ဦးတစ်ပေါ် တစ်ဦး အမြင်စောင်းစေတဲ့ ကိစ္စရပ်မျိုးတွေ၊ ဝိဝါဒကွဲတဲ့ ကိစ္စရပ်တွေ လျော့နည်းစေနိုင်မှာပေါ့လေ” ဟု သုံးသပ်ပြောကြားသည်။

အမျိုးသားရင်ကြားစေ့ရေး ပြန်လည်တည်ဆောက်နေသည့် ကာလမျိုးတွင် အဆိုပါကိစ္စရပ်များကို သတိထား ဆောင်ရွက်သင့်ကြောင်း ဦးစိုင်းသီဟကျော်က ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူများကို မည်သည့်အချိန်၌ စတင်ထုတ်ဝေမည်လဲ၊ မည်သည့်ပုံစံမျိုးနှင့် ထုတ်ဝေလာမည်လဲ၊ ထုတ်ဝေလိုက်သည့် ငွေစက္ကူများနှင့် ပတ်သက်၍ အကျိုးဆက်က မည်ကဲ့သို့ ရှိမည်လဲ ဆိုတာကို စောင့်ကြည့်သွားရမည် ဖြစ်သည်။

Most Read

Most Recent