အိန္ဒိယ၏ ပဲတင်သွင်းခွင့် ကန့်သတ်မှုကြောင့် ဟန်ချက်ပျက်ခဲ့ရသည့် မြန်မာ့ပဲဈေးကွက်

အိန္ဒိယ၏ ပဲတင်သွင်းခွင့် ကန့်သတ်မှုကြောင့် ဟန်ချက်ပျက်ခဲ့ရသည့် မြန်မာ့ပဲဈေးကွက်
Published 25 December 2017

ပခုက္ကူမြို့နယ်အတွင်း ပဲစင်းငုံခြွေလှေ့နေသည်ကို ပဲသိမ်းရာသီက တွေ့ရစဉ် (ဓာတ်ပုံ-သက်ထိန်ဝင်း)

မြန်မာနိုင်ငံ၏ အဓိကပြည်ပ ပဲဈေးကွက်ဖြစ်သည့် အထူးသဖြင့် မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းတို့၏ အဓိကပို့ကုန်ဈေးကွက်ဖြစ်သည့် အိန္ဒိယနိုင်ငံက မြန်မာအပါအဝင် ပြည်ပမှ ပဲတင်သွင်းမှုများကို ကန့်သတ်လိုက်ခြင်းကြောင့် အိန္ဒိယဈေးကွက်ကို အားထားတင်ပို့နေရသည့် မြန်မာနိုင်ငံ၏ ပဲဈေးကွက်ကို ကြီးကြီးမားမား ထိခိုက်နစ်နာစေခဲ့သည်။ ကန့်သတ်ခံလိုက်ရသော ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်းပဲ အမျိုးအစားများသည် အိန္ဒိယဈေးကွက်နှင့် နိုင်ငံတကာသို့ တင်ပို့ရန် မျှော်ကိုးစိုက်ပျိုးခြင်းဖြစ်ပြီး ယင်းပဲအမျိုးအစားများက ပြည်တွင်း စားသုံးမှုနည်းပါးခြင်းကြောင့် ဈေးနှုန်းများထိုးဆင်းခဲ့ပြီး ပြည်ပပို့ကုန်ဝင်ငွေလည်း လျော့ကျခဲ့သည့်အတွက် ၂၀၁၇ ခုနှစ်၏ ထင်ရှားသည့်စီးပွားရေးဆိုင်ရာ ဖြစ်ရပ်တစ်ခုအဖြစ် ရွေးချယ်ဖော်ပြအပ်ပါသည်။

အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးဌာနက ၂၀၁၇ ခုနှစ် သြဂုတ် ၅ ရက်မှ ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်အထိ ပဲစင်းငုံတင်သွင်းမှုကို ကန့်သတ်ကုန်စည်အဖြစ် တစ်နှစ်ကို တန်ချိန် နှစ်သိန်း၊ ၂၀၁၇ ခုနှစ် သြဂုတ် ၂၁ ရက်မှ ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်အထိ မတ်ပဲနှင့် ပဲတီစိမ်းတင်သွင်းမှုကို ကန့်သတ်ကုန်စည်အဖြစ် တစ်နှစ်ကို တန်ချိန်သုံးသိန်း သတ်မှတ်လိုက်ခြင်း ဖြစ်သည်။ ယင်းကန့်သတ်မှုမှာ အစိုးရချင်း G to G တင်သွင်းရန် ကတိပြုထားသည့် ပမာဏအပေါ်တွင် သက်ရောက်မှု မရှိဟုဆိုသော်လည်း မြန်မာနှင့် အိန္ဒိယကြား ပဲတင်ပို့မှုတွင် G to G သဘော တူညီမှုမရှိခြင်းကြောင့် မြန်မာ့ပဲဈေးကွက်၏ အဓိကဝယ်လက် ပျောက်သွားမည့် အခြေအနေဖြစ်သည်။

ယင်းကန့်သတ်မှုများ ထွက်ပေါ်ပြီးချိန်တွင်  ပြည်တွင်း၌ ပဲစင်းငုံလက်ကျန်တန်ချိန် ၁၀၀၀၀၀ ခန့်နှင့် မတ်ပဲလက်ကျန် တန်ချိန် ၃၀၀၀၀၀ ခန့်ကျန်ရှိနိုင်သည်ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းက ခန့်မှန်းခဲ့ပြီး ကြေညာချက်မထွက်ပေါ်မီ ပဲစင်းငုံတစ်တန် ကျပ်ခြောက်သိန်းခွဲဝန်းကျင်နှင့် မတ်ပဲတစ်တန် ကျပ်ရှစ်သိန်းဝန်းကျင် အရောင်းအဝယ်ဖြစ်နေရာမှ ကြေညာချက် ထွက်ပေါ်ပြီးချိန်နောက်ပိုင်း ရက်ပိုင်းအတွင်း ပဲစင်းငုံတစ်တန်လျှင် ကျပ်ငါးသိန်းအောက်နှင့် မတ်ပဲတစ်တန်လျှင် ကျပ်ခြောက်သိန်းခွဲ အောက်ထိုးဆင်းခဲ့သည်။

ဈေးကွက်အတွင်း ပဲဈေးနှုန်းများ ထိုးဆင်းမှုကြောင့် အစိုးရအဖွဲ့၊ သက်ဆိုင်ရာ အသင်းအဖွဲ့များ ပူးပေါင်းပြီး ပဲများပြန်လည် ဝယ်ယူရန် အိန္ဒိယအစိုးရတာဝန်ရှိသူများနှင့် ညှိနှိုင်းမှုများပြုလုပ်ခဲ့သော်လည်း အိန္ဒိယဘက်မှ ပြန်လည်ဝယ်ယူချိန်တွင် G to G အစီအစဉ်ဖြင့်သာ ဝယ်ယူမည်ဟု အကြောင်းပြန်ခဲ့သည်။

အိန္ဒိယ၏ ကန့်သတ်မှုစတင်ချိန်တွင် ကုန်စည်ဒိုင်များတွင် အရောင်းအဝယ်ပါ ခေတ္တပိတ်သိမ်းခဲ့ပြီး နှစ်ဖက်အစိုးရ တာဝန်ရှိသူများတွေ့ဆုံဆွေးနွေးမှု၊ ကုန်စည်ဒိုင်များ၊ သက်ဆိုင်ရာအသင်းအဖွဲ့များနှင့် အစိုးရ တာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး အိန္ဒိယအစိုးရ၏ ကန့်သတ်ချက်ကို မပယ်ဖျက်နိုင်သော်လည်း ဈေးနှုန်းအလွန်အကျွံ ကျဆင်းမှုမဖြစ်ပေါ်ရန် သတ်မှတ်ဈေးတစ်ခု ထားရှိကာ ကျပ်ဘီလျံ ၁၀၀ မတည်၍ ဈေးကွက်အတွင်းရှိပဲများကို ဝယ်ယူရန် စီစဉ်ခဲ့သည်။

အိန္ဒိယနိုင်ငံမှ တင်သွင်းခွင့် ပိတ်ပင်ထားမှုကြောင့် ပြည်တွင်းရှိကုန်သည်များ ငွေကြေးလည်ပတ်မှု အားလျော့သွား၍ မတ်ပဲ၊ ပဲစင်းငုံဈေးများ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းအောက်များစွာ ကျဆင်းနေချိန်တွင် ပဲဈေးနှုန်း မပျက်ပြားစေရေးအတွက် မတ်ပဲတစ်တန် ကျပ်ငါးသိန်းနှုန်းဖြင့် တန်ချိန် နှစ်သောင်း၊ ပဲစင်းငုံတစ်တန် ကျပ်လေးသိန်းနှုန်းဖြင့် တန်ချိန်တစ်သောင်း စတင်ဝယ်ယူပေးမည်ဖြစ်ကြောင်း ပဲစင်းငုံနှင့် မတ်ပဲဈေးနှုန်း တည်ငြိမ်ရေးနှင့် ဝယ်ယူတင်ပို့ရောင်းချရေးအဖွဲ့၊ စီမံခန့်ခွဲရေးကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ခဲ့သော်လည်း ဈေးကွက်အတွင်း ပဲဈေးများ ဆက်လက်ကျဆင်းခဲ့ရာ နိုဝင်ဘာလအတွင်း မတ်ပဲတစ်တန်လျှင် ကျပ် ၄၇၀၀၀၀  ဝန်းကျင်၊ ပဲစင်းငုံနီ တစ်တန်လျှင် ကျပ် ၃၃၀၀၀၀ ဝန်းကျင်အထိ ရောက်ရှိခဲ့သည်။  မြန်မာနိုင်ငံ၏ ပဲဈေးကွက် ရွှေထီးဆောင်းခဲ့ချိန်မှာ ယခုဆိုလျှင် ကျော်လွန်ခဲ့ပြီဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် မတ်ပဲတစ်တန် ကျပ် ၂၅ သိန်း၊ ပဲစင်းငုံတစ်တန် ကျပ်သိန်း ၂၀ ဈေးနှုန်းများမှာ အတိတ်တွင် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။  ၂၀၁၇ နှစ်စတွင် မတ်ပဲတစ်တန် ကျပ် ၁၂ သိန်းဝန်းကျင်၊ ပဲစင်းငုံအနီတစ်တန် ကျပ်ရှစ်သိန်းခွဲဝန်းကျင်ရှိခဲ့ပြီး တစ်နှစ်အတွင်း ထက်ဝက်ကျော်ဆက်လက်ကျဆင်းခဲ့ခြင်း ဖြစ်သည်။ ထို့အတူ ပို့ကုန်တင်ပို့မှုအနေဖြင့်လည်း လက်ရှိ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တင်ပို့မှုထက်ဝက်ကျော်လျော့ကျခဲ့ပြီး နိုဝင်ဘာ ၂၄ ရက်အထိ ကာလတူတင်ပို့မှုတွင် ယခင်နှစ်ထက် ဒေါ်လာ ၃၄၃ သန်းလျော့ နည်းခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပဲစိုက်ပျိုးမှုနှင့် ပို့ကုန်တင်ပို့မှုသည် အိန္ဒိယဈေးကွက်ကိုသာ အဓိက ရည်မှန်းဆောင်ရွက်နေခြင်းကြောင့် ယခုကဲ့သို့ ကန့်သတ်မှုနှင့်ကြုံတွေ့ချိန်တွင် ထိ      ခိုက်ဆုံးရှုံးမှု များပြားစေခဲ့သည်။ ယခုဖြစ် ပေါ်ခဲ့သည့်ကိစ္စသည် ဈေးကွက်တစ်ခုတည်း အပေါ်မှီခိုအားထားမှုနှင့် သမားရိုးကျ ဈေးကွက်ရှာဖွေမှုပုံစံသာရှိသည့် မြန်မာ့ပဲဈေးကွက်အတွက် သင်ခန်းစာတစ်ခုဖြစ်ခဲ့ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေအတွက် သတိပေးခေါင်းလောင်းသံတစ်ခုလည်း ဖြစ်ခဲ့သည်။

Most Read

Most Recent