စာပေ ဆိုင်ရာ လှုပ်ရှားမှု များပြားခဲ့သည့် ၂၀၁၇ ခုနှစ်

စာပေ ဆိုင်ရာ လှုပ်ရှားမှု များပြားခဲ့သည့် ၂၀၁၇ ခုနှစ်
Published 25 December 2017

ယခု ၂၀၁၇ ခုနှစ်အတွင်းတွင် စာပေလောကအတွင်းရှိ စာရေးသူ၊ ထုတ်ဝေသူ၊ စာအုပ်ဆိုင်များ အစရှိသည့် နယ်ပယ်စုံ အသီးသီးမှ စာပေဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် စာပေလှုပ်ရှားမှု အများအပြားရှိခဲ့သည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီ ၇ ရက် တွင် ရန်ကုန်မြို့ရှိ ပြည်သူလူထုများအတွက် အပတ်စဉ် စာပေရပ်ဝန်းတစ်ခုဖြစ်စေရန်နှင့် လမ်းဘေးတွင် ရောင်းချနေရသည့် စာအုပ် အဟောင်းဆိုင်များအတွက် စာအုပ်ရောင်းချရန် နေရာတစ်နေရာ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ကာ စတင်ဖွင့်လှစ်ခဲ့သည်။ ယင်းစာအုပ်တန်းတွင် စာအုပ်အဟောင်းဆိုင်များ၊ ထုတ်ဝေရေးတိုက်များမှ လာ ရောက် ဖွင့်လှစ်သည့် စာအုပ်အရောင်းဆိုင်များဖြင့် ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ် သည်။ အပတ်စဉ်အားလပ်ရက်တွင် ဖွင့်လှစ်ခြင်း၊ ထုတ်ဝေရေးတိုက်များကိုယ်တိုင် လာရောက်ဖွင့်လှစ်ခြင်းများနှင့် အထူးလျှော့ဈေးနှုန်းများဖြင့် ရောင်းချခြင်းကြောင့် စာဖတ်သူ ပရိသတ်များကြား စနေ၊ တနင်္ဂနွေ သိမ်ဖြူစာအုပ်တန်းမှာ စိတ်ဝင်စားမှုများပြားခဲ့သည်။

ထို့ပြင် ထုတ်ဝေရေးတိုက်များမှ ဖွင့်လှစ်သည့် စာအုပ်ဆိုင်များ၊ စာအုပ်ဖတ်ရှုရန် နေရာများ၊ စာပေဆိုင်ရာပြခန်းများ၊ စာအုပ်မိတ်ဆက်ပွဲများ ပြုလုပ်ရန်နေရာ၊ ကော်ဖီဆိုင်များအစရှိသည့် ဝန်ဆောင်မှုများဖြင့် ရန်ကုန်စာအုပ်ပလာဇာကို ရန်ကုန်မြို့ လမ်းမတော် (သံဈေး)တွင် ဖွင့်လှစ်ခဲ့သည်။ ရန်ကုန် စာအုပ်ပလာဇာတွင်၂၀၁၇ ခုနှစ် တစ်နှစ်တာအတွင်း စာအုပ်မိတ်ဆက်ပွဲ၊ ကဗျာရွတ်ပွဲ၊ စာရေးဆရာ၊ဆရာမကြီးများ၏ အမှတ်တရဂုဏ်ပြုပွဲ အများအပြား ပြုလုပ်ခဲ့သည်။ ယင်းစာအုပ်ပလာဇာတွင် လူထုဒေါ်အမာ၊ ဂျာနယ်ကျော်မမလေး၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ တင်မိုး၊ မောင်ချောနွယ်၊ တက္ကသိုလ်ဘုန်းနိုင်၊ ဟံသာဝတီဦးဝင်းတင်၊ ခင်နှင်းယု၊ မောင်သော်က၊ ဇော်ဇော်အောင်နှင့် မင်းလူတို့၏ အမှတ်တရ အထိမ်းအမှတ်ပြခန်းများဖြင့် သက်ဆိုင်ရာ စာရေးဆရာအလိုက် ကိုယ်ရေးအကျဉ်း၊ လက်ရေးစာမူနှင့် ပုံတူကားချပ်တို့ကိုထားရှိပြီး စာအုပ်အဟောင်းတန်း၏ ရသအတိုင်းခံစားနိုင်စေရန်လည်း စာအုပ်အဟောင်းတန်းများကို ထည့်သွင်း ဖွင့်လှစ်ခဲ့သည်။

၂၀၁၇ခုနှစ်သည် မြန်မာဝတ္ထုတိုပေါ်ပေါက်ခဲ့သည့် နှစ် ၁၀၀ ပြည့်မြောက်သည့် နှစ်တစ်နှစ်လည်းဖြစ်သည်။ ၁၉၁၇ ခုနှစ် တွင်ထွက်ရှိခဲ့ပြီး သူရိယမဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သည့် ဆရာကြီးရွှေဥဒေါင်း ရေးသားသော 'မောင်သိန်းတင် မသိန်းရှင်'ဝတ္ထုတိုကို ပထမဆုံးမြန်မာဝတ္ထုတိုအဖြစ် သတ်မှတ်ထားပြီး ယင်းဝတ္ထုထွက်ရှိခဲ့သည့် မတ်လကို မြန်မာဝတ္ထုတိုနှစ် ၁၀၀ ပြည့်အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ယခုတစ်နှစ်တာအတွင်း မြန်မာဝတ္ထုတိုနှစ်ရာပြည့် အထိမ်းအမှတ်ပွဲတော်များလည်း အများအပြား ပြုလုပ်ခဲ့သည်။ ထို့ပြင်၂၀၁၇ ခုနှစ်အတွင်း စာပေဆိုင်ရာ အဖွဲ့အစည်းအသင်းအဖွဲ့များအဖြစ် မြန်မာစာရေးဆရာကလပ်နှင့် မြန်မာနိုင်ငံ ဘာသာပြန်စာပေကွန်ရက်တို့ စတင်ဖွဲ့စည်းခဲ့ကာ စာပေဆိုင်ရာပွဲတော်များတွင် ပါဝင်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ဘာသာပြန် သင်တန်းများ စသည်တို့ကို ပြုလုပ်ခဲ့သည်။

၂၀၁၇ ခုနှစ်အတွင်း စာရေးဆရာ၊ ဆရာမကြီးတို့၏ အမှတ်တရပွဲများစွာကိုလည်း ပြုလုပ်ခဲ့သည်။ ဟံသာဝတီဦးဝင်းတင်၊ ဂျာနယ်ကျော်မမလေး၊ ဆရာဇော်ဂျီ၊ လင်းယုန်မောင်မောင်၊ ဗန်းမော်တင်အောင်၊  မင်းလူ၊ မောင်ချောနွယ်၊ မောင်သော်က၊ လူထုစိန်ဝင်း၊ ဦးနု စသည့် စာရေးဆရာကြီးများ၏ အထိမ်းအမှတ်ပွဲများ ၂၀၁၇ ခုနှစ်အတွင်း ပြုလုပ်ခဲ့ကာ စာပေလက်ရာများကိုလည်း အမှတ်ရဖွယ် ပြန်လည်ဖော်ထုတ်ခဲ့သည်။

ထို့ကြောင့် ၂၀၁၇ခုနှစ်သည် စာပေဆိုင်ရာ နယ်ပယ်အသီးသီးမှ ပူးပေါင်းလုပ်ဆောင်မှုများဖြင့် စာပေဆိုင်ရာ လှုပ်ရှားမှု  များပြားခဲ့သည်။

 

 

Most Read

Most Recent