ရိုဟို ပုံဖော်ခဲ့တဲ့ အာဂျင်တီးနားရဲ့ရှင်သန်ခြင်း

ရိုဟို ပုံဖော်ခဲ့တဲ့ အာဂျင်တီးနားရဲ့ရှင်သန်ခြင်း
Published 27 June 2018

Photo:AFP

အုပ်စု(D) နောက်ဆုံးပွဲစဉ်တွေမှာ အာဂျင်တီးနားအသင်းက နိုင်ဂျီးရီးယားအသင်းကို အသည်းအသန်အနိုင်ကစားခဲ့ရပြီး တစ်ဖက်မှာ အိုက်စလန်က ခရိုအေးရှားကို အရေးနိမ့်သွားလို့ ကံကောင်းထောက်မစွာနဲ့ နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့ပါတယ်

ခရိုအေးရှားတစ်သင်းသာ နောက်တစ်ဆင့်တက်ရောက်ထားပြီး အာဂျင်တီးနား၊ နိုင်ဂျီးရီးယား၊ အိုက်စလန်တို့ရဲ့ (၃)သင်းပြိုင်ဆိုင်မှုက အမြင့်ဆုံးအရှိန်ထိ ဆွဲခေါ်ခဲ့တာပါ။

အနိုင်ရလဒ်တစ်ခုကလွဲလို့ ဘာမှမျှော်လင့်လို့မရချိန်၊ ကိုယ့်အသင်းအနိုင်ရထားရင်တောင် တစ်ဖက်က အိုက်စလန်ရဲ့ ရလဒ်ကိုစောင့်ကြည့်ရဦးမယ့် အနေအထားတွေမှာ ရိုဟိုဟာ အာဂျင်တီးနားကို ကယ်တင်သွားခဲ့ပါတယ်။

အုပ်စုပထမ (၂)ပွဲမှာ ပွဲထွက်စာရင်းနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေခံနေရတဲ့ ဆမ်ပါအိုလီ ဒီနေ့ပွဲမှာတော့ အသင်းကိုအပြောင်းအလဲများစွာနဲ့ပွဲထွက်စေခဲ့ပါတယ်။

Photo:AFP

နိုင်ဂျီးရီးယားအတွက်တော့ ပိုပြီးအထိနာစေခဲ့မှာပါ။ သရေကျခဲ့ရင်တောင် နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးများနေချိန်၊ ပွဲချိန် (၈၅)မိနစ်အထိ သရေရလဒ်ကိုရရှိထားချိန်မှာ ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကိုမရခဲ့ဘူးလို့ပဲဆိုရမှာပါ။

ပွဲစကတည်းက အနိုင်ရလဒ်အတွက် အာဂျင်တီးနားတို့ တိုက်စစ်ဆင်ဖို့ကြိုးစားပါတယ်။ ဒါပေမဲ့ စိတ်ဓာတ်တက်နေသလို ကစားပုံအရ ယုံကြည်မှုပြည့်နေတဲ့ နိုင်ဂျီးရီးယားရဲ့ ကစားအားကြောင့် အခက်တွေ့ခဲ့ပါတယ်။

အာဂျင်တီးနားတို့ ဦးဆောင်ဂိုးစောစောစီးစီးရခဲ့ပြီး ပွဲချိန် (၁၄)မိနစ်မှာပဲ ဘာနီဂါရဲ့ ကွင်းလယ်စည်းက တိကျတဲ့ပေးပို့မှုကနေ မက်ဆီလှလှပပထိန်းပြီး ဂိုးသမားရဲ့ညာဘက်ထောင့်ကို အပြင်းကန်သွင်းယူသွားခဲ့ပါတယ်။

Photo:AFP

ဒီဂိုးဟာ မက်ဆီအတွက် ယခုနှစ်ကမ္ဘာ့ဖလားမှာ ပထမဆုံးဂိုးဖြစ်သလို၊ သူ့အတွက် (၆)ဂိုးမြောက် ကမ္ဘာ့ဖလားသွင်းဂိုးလည်းဖြစ်ခဲ့ပါတယ်။

ဦးဆောင်ဂိုးရခဲ့ပေမယ့် အာဂျင်တီးနားရဲ့ ကစားပုံက အားရစရာဖြစ်မလာပါဘူး။ အထူးသဖြင့် အာဂျင်တီးနားရဲ့ ကွင်းလယ်ပိုင်းဟာကွက်တွေက တိုက်စစ်ကိုပါ အခက်တွေ့စေခဲ့ပြီး မက်ဆီ၊ အန်ဇိုပီရက်ဇ်တို့ ကွင်းလယ်ကို ဆင်းကူနေရတဲ့အထိပါပဲ။

ပွဲချိန် (၅၁)မိနစ်မှာ နိုင်ဂျီးရီးယားတို့ ပယ်နယ်တီရသွားခဲ့ပြီး မိုဆက်စ်က ချေပဂိုးအဖြစ်ပြောင်းလဲပေးခဲ့ပါတယ်။

ဒီပွဲမှာလည်း အာဂျင်တီးနားတို့ မက်ဆီရဲ့ တစ်ကိုယ်တော်ထိုးဖောက်မှုတွေကိုသာ အားပြုနေရဆဲဖြစ်ပြီး ဆမ်ပါအိုလီရဲ့လူစားလဲမှုတွေကလည်း ထိရောက်မှုနည်းပါးခဲ့ပါတယ်။

ပွဲချိန် (၇၂)မိနစ်မှာ နိုင်ဂျီးရီးယားရဲ့ တိုက်စစ်ဆင်မှုကိုတားဆီးရင်း နောက်ခံလ ူရိုဟို ပယ်နယ်တီစည်းအတွင်း လက်နဲ့ထိခဲ့ပေမယ့် ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပေမယ့် ပယ်နယ်တီမပေးခဲ့လို့ နိုင်ဂျီးရီးယားအတွက် အလွန်နစ်နာခဲ့ပါတယ်။

အာဂျင်တီးနားအတွက် အဖိုးတန်ဂိုးကတော့ ပွဲချိန် (၈၆)မိနစ်မှာရရှိခဲ့ပါတယ်။

ညာတောင်ပံအခြမ်းက မာကာဒိုရဲ့ ဖြတ်တင်ပေးပို့မှုကို ဂိုးစည်းထဲမှာအသင့်ရှိနေတဲ့ နောက်ခံလူရိုဟိုက မြေမကျကန်သွင်းသွားခဲ့တာပါ။

ထူးခြားတာက ဒီဂိုးဟာ ရိုဟိုအတွက် (၃)ဂိုးမြောက်နိုင်ငံတကာသွင်းဂိုးဖြစ်ပြီး (၂)ဂိုးဟာ နိုင်ဂျီးရီးယားကို သွင်းယူခဲ့တာပါပဲ။

Photo:AFP

ပိုပြီးတိုက်ဆိုင်တာက ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလား အာဂျင်တီးနားရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ နိုင်ဂျီးရီးယားဘက်ကို ရိုဟိုကပဲ အနိုင်ဂိုးသွင်းပေးခဲ့တာဖြစ်ပါတယ်။

ဒါဟာ အာဂျင်တီးနားအသင်းအတွက် (၄)ကြိမ်ဆက် အုပ်စုအဆင့်ကို ကျော်လွန်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

တစ်ချိန်တည်းယှဉ်ပြိုင်တဲ့ အိုက်စလန် - ခရိုအေးရှားပွဲမှာကလည်း စိတ်ဝင်စားစရာပါပဲ။

Photo:AFP

အနိုင်ရခဲ့ရင် နောက်တစ်ဆင့်အတွက် မျှော်လင့်ချက်ကြီးမားတဲ့ အိုက်စလန်တို့ ကြိုးစားကစားခဲ့ပါတယ်။

ခရိုအေးရှားအတွက် အဖွင့်ဂိုးကို ပွဲချိန် (၅၃)မိနစ်မှာ ဘာဒဲလ်ကသွင်းယူပေးခဲ့ပြီး၊ အိုက်စလန်အတွက်ချေပဂိုးကိုတော့ ဆီဂတ်ဒ်ဆန်က ပွဲချိန် (၇၆)မိနစ်မှာ ပယ်နယ်တီကတစ်ဆင့်သွင်းယူခဲ့ပါတယ်။

Photo:AFP

ချေပဂိုးရပြီးချိန်မှာ အနိုင်ရလဒ်အတွက် အိုက်စလန်တို့ ကြိုးစားခဲ့ပေမယ့် ခရိုအေးရှားရဲ့ တည်ငြိမ်တဲ့ကစားကွက်ကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။

ခရိုအေးရှားအသင်းအတွက်အနိုင်ဂိုးကို ပွဲချိန်မိနစ် (၉၀)မှာ ပါရီဆစ်ကသွင်းယူပေးခဲ့ပါတယ်။

အုပ်စု (D) ရလဒ်များ

နိုင်ဂျီးရီးယား ၁-၂ အာဂျင်တီးနား

အိုက်စလန် ၁-၂ ခရိုအေးရှား

Most Read

Most Recent