နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ဒုံးဟီးဒေသရှိ ရွာနှစ်ရွာတွင် အမည်မသိ ရောဂါဖြစ်ပွားနေကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ဒုံးဟီးဒေသရှိ ရွာနှစ်ရွာတွင် အမည်မသိ ရောဂါဖြစ်ပွားနေကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 23 August 2018

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ဒုံးဟီးဒေသရှိ ကျေးရွာနှစ်ရွာတွင် အမည်မသိ ရောဂါဖြစ်ပွားနေကြောင်း နန်းယွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ် စားလှယ်ဦးစိမ်းမောင်က ပြောကြားသည်။

အဆိုပါဒေသရှိကျေးရွာနှစ်ရွာတွင် ဖြစ်ပွားနေသည့် ရောဂါလက္ခဏာသိစေရန်အတွက် သက်ဆိုင်ရာ ဆရာဝန်များကရောဂါဖြစ်ပွားနေသည့် ကျေးရွာနှစ်ရွာဆီသို့ ကွင်းဆင်းနေကြောင်း လက်ရှိအခြေအနေအရ ဖြစ်ပွား နေသည့်ရောဂါ၏ အဖြေအား မသိရှိရသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ရောဂါဖြစ်တာက ဟုတ်တယ်။ ကျွန်တော် သိရသလောက်ကတော့ ကျောင်းသူ၊ ကျောင်းသားတွေကော ပြီးတော့ ရွာကလူကြီးတွေကော ဖြစ်နေကြတယ်။ ကျောင်းသူ ကျောင်းသားတွေ ဖြစ်တာကတော့ ဒီလိုပါ။သူတို့ကဒုံဟီးမြို့မှာ ကျောင်းတက်ကြတယ်။ ကျောင်းပိတ်ရက်ကျတော့ ရွာပြန်ပြီးတော့ ရိက္ခာသွားယူတာ။ အပြန်ခါကျတော့ မိုးမိလာကြတယ်တဲ့။ အဲဒီကနေ ချောင်းတွေဆိုးကြတယ်။ မျက်စိတွေ နီလာကြတယ်။ အဲလိုဖြစ်တဲ့ ကျောင်းသူကျောင်းသားတွေကို ကျောင်းမတက်ခိုင်းသေးဘဲ အိမ်မှာပဲ ခဏနေခိုင်းပြီးတော့ ဆေးကုသပေးနေတယ်။ သက်သာလာတဲ့ကျောင်းသူကျောင်းသားတွေရှိနေပြီ။ လက်ရှိ ကျွန်တော့်မြို့မှာ ရှိတဲ့ဆေးနဲ့တော့ လုံလောက်မှုမရှိဘူး။ ရက်ကြာလာရင်တော့ အခြားရောဂါဖြစ်လာမှာကို စိုးရိမ်နေကြတယ်။ ဆေးဝါးလိုအပ်ချက်တွေကလည်း ရှိနေသေးတယ်” ဟုဦးစိမ်းမောင်က ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ဒုံးဟီးဒေသရှိ အမည်မသိရောဂါဖြစ်ပွားနေသည့် ကျေးရွာနှစ်ရွာမှာ ဆိတ်ညိုကျေးရွာနှင့် ဝမ်ရုတ်ကျေးရွာတို့ဖြစ်ကြောင်း ယင်းကျေးရွာများတွင် နေထိုင်ကြသည့် လူကြီးများနှင့်  ကျောင်းသူကျောင်းသားများမှာ အမည်မသိရောဂါ ဖြစ်ပွားနေကြောင်း ဦးစိမ်းမောင်၏ ပြောကြားချက်အရ သိရသည်။

Most Read

Most Recent