Photos: AFP,GiveMeSport
ယခုတစ်ပတ်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ် စပါး-လီဗာပူးလ်ပွဲအား ဒိုင်လူကြီး မိုက်ကယ်အိုလီဗာက ကိုင်တွယ်ကြီးကြပ်မည်ဖြစ်ကြောင်း သိရှိရသည်။ ထူးခြားမှုတစ်ခုမှာ ၎င်းကိုင်တွယ်ခဲ့သည့် စပါးအသင်း၏ နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ်(၈)ပွဲတွင် စပါးအသင်းမှာ ပွဲအားလုံးကို အနိုင်ရရှိခဲ့ကြောင်း သိရှိရသည်။
စပါးအသင်းသည် မိုက်ကယ်အိုလီဗာ ကိုင်တွယ်သောပွဲများတွင် ရလဒ်ကောင်းများရရှိလေ့ရှိပြီး အသင်း၏ပွဲစဉ်များကို သူကိုင်တွယ်ခဲ့သည့် ပွဲစုစုပေါင်းမှာ (၂၉)ပွဲရှိခဲ့ကြောင်း သိရသည်။ ယင်း(၂၉)ပွဲအနက် စပါးအသင်းသည် (၃)ပုံ(၂)ပုံနီးပါးပမာဏဖြစ်သော (၁၈)ပွဲကို နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။
မိုက်ကယ်အိုလီဗာကိုင်တွယ်ခဲ့သော ပွဲစဉ်များတွင် စပါးအသင်း နောက်ဆုံးရှုံးပွဲတွေ့ခဲ့သည်မှာ ၂၀၁၆၊ နိုဝင်ဘာလ(၂၆)ရက်က ကစားခဲ့သော ချယ်လ်ဆီး (၂-၁) စပါး ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်သည်။ ချယ်လ်ဆီးအသင်း၏ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင်ကစားခဲ့သော ယင်းပွဲ၌ စပါးအသင်းမှာ ကွင်းလယ်လူ အဲရစ်ဆင်၏ဂိုးဖြင့် ဦးဆောင် နိုင်ခဲ့သော်လည်း ချယ်လ်ဆီးအသင်းမှ ပတ်ဒရိုနှင့် မိုဆက်စ်တို့က ချေပဂိုးနှင့် အနိုင်ဂိုးများ သွင်းယူခဲ့သဖြင့် ရှုံးပွဲတွေ့ခဲ့ခြင်းဖြစ်သည်။
မိုက်ကယ်အိုလီဗာ၏ ဒိုင်လူကြီးဘဝတွင် ပွဲအများဆုံးကိုင်တွယ်ခဲ့သည့် ကလပ်အသင်းမှာ လီဗာပူးလ်အသင်းဖြစ်ပြီး (၃၃)ပွဲအထိ ကိုင်တွယ်ခဲ့ကြောင်း သိရှိရသည်။ လီဗာပူးလ်အသင်းမှာမူ ၎င်းကိုင်တွယ်သည့်ပွဲများတွင် ရလဒ်ကောင်းများစွာမရခဲ့ကြောင်း သိရှိရသည်။ ယင်း(၃၃)ပွဲတွင် လီဗာပူးလ်အသင်းမှာ နိုင်ပွဲ(၁၄)ပွဲသာရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် လီဗာပူးလ်အသင်းအနေဖြင့် မိုက်ကယ်အိုလီဗာ တာဝန်ယူခဲ့သော နောက်ဆုံးပရီမီးယားလိဂ်ပွဲစဉ်(၆)ပွဲတွင် နိုင်ပွဲတစ်ပွဲသာရှိခဲ့ကြောင်းလည်း သိရှိရသည်။ ယင်းပွဲမှာ ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၂)တွင် ခရစ္စတယ်ပဲလေ့စ်အသင်းအား (၂-ဝ)ဂိုးဖြင့် အနိုင်ရ သောပွဲဖြစ်သည်။