ရှာကီရီ ဂိုးစသွင်းပြီး မန်ယူအသင်းကို ဂိုးပြတ်နိုင်ခဲ့တဲ့ လီဗာပူးလ်

ရှာကီရီ ဂိုးစသွင်းပြီး မန်ယူအသင်းကို ဂိုးပြတ်နိုင်ခဲ့တဲ့ လီဗာပူးလ်
Published 29 July 2018

Photo: Man Utd via Getty Images

အမေရိကန်နိုင်ငံမှာ ကစားခဲ့တဲ့ ICC ပွဲစဉ်မှာတော့ လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ်ပြိုင်ဘက် မန်ယူအသင်းကို ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ ဂိုးပြတ်အနိုင်ရသွားခဲ့ပါတယ်။

ဒီပွဲဟာ မန်ယူအတွက် ဒုတိယမြောက် ICC ပွဲဖြစ်ပြီး လီဗာပူးလ်အတွက် နောက်ဆုံးပွဲစဉ် ဖြစ်ပါတယ်။လီဗာပူးလ်ဟာ ဒီနေ့ပွဲမှာ ဆာလာ၊ မာနေ၊ မီလ်နာ၊ လယ်လာနာ၊ ဗန်ဒိုက်၊ ကလာဗန်စတဲ့ အဓိကကစားသမားတွေကို ပွဲထုတ်ခဲ့ပြီး မန်ယူအသင်းမှာတော့ ဆန်းချက်ဇ်၊ မာတာ၊ ဟာရဲရား၊ ဘာယီနဲ့ ဒါမီယန်တို့လောက် အဓိကကစားသမားတွေ ပါဝင်ခဲ့ပြီး လူငယ်အများစုကို ပွဲထုတ်ခဲ့တာပါ။

ရာသီကြိုခြေစမ်းပွဲဖြစ်ပေမယ့် နှစ်သင်းစလုံး ရလဒ်ကောင်းဖို့ ကြိုးစားခဲ့တာကြောင့် ပွဲဟာ ကြည့်ကောင်းခဲ့ပါတယ်။ ဒါကြောင့် ပွဲအစပိုင်းမှာတင် နှစ်သင်းစလုံးဂိုးသွင်းခွင့်တွေ ရရှိခဲ့ကြပြီး ဆာလာရဲ့ ခေါင်းတိုက်ချက်ကို မန်ယူဂိုးသမား လီဂရန့် ပုတ်ထုတ်ခဲ့သလို မာတာရဲ့ သွင်းဂိုးကလည်း လူကျွံနေခဲ့ပါတယ်။

ပွဲချိန် (၂၈)မိနစ်မှာတော့ ဆာလာကြောင့် လီဗာပူးလ်တို့ ပယ်နယ်တီရခဲ့ပြီး ဒီပယ်နယ်တီကို မာနေက အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ လီဗာပူးလ်ရဲ့ ဦးဆောင်ဂိုးဟာ (၃)မိနစ်သာခံလိုက်ပြီး ပွဲချိန်(၃၃)မိနစ်မှာ ပါရဲရားက မန်ယူအတွက် ချေပဂိုးကို ဖရီးကစ်ကနေ လှလှပပ ကန်သွင်းယူခဲ့သွားခဲ့ပါတယ်။ ပထမပိုင်းမှာ အခွင့်အရေးတွေ ထပ်ရခဲ့ကြပေမယ့် ဂိုးသွင်းနိုင်ခြင်း မရှိလို့ (၁-၁)ဂိုးနဲ့ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ လီဗာပူးလ်ဘက်က ရှာကီရီ၊ စတာရစ်ချ်၊ ဂရူယစ်စတဲ့ ကစားသမားတွေ ဝင်လာခဲ့ပေမယ့် မန်ယူအသင်းကတော့ လူငယ်တွေကိုပဲ ထည့်သွင်းကစားခဲ့ပါတယ်။ ဒါကြောင့် ပွဲချိန်ကြာလာတာနဲ့အမျှ မန်ယူအသင်းဟာ လီဗာပူးလ်တိုက်စစ်ကို မထိန်းနိုင်ဘဲ ဂိုးတွေ ပေးခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန် (၆၆)မိနစ်မှာ ရှာကီရီ ချပေးတာကို စတာရစ်ချ်က ဧရိယာထဲက ကန်သွင်းပြီး လီဗာပူးလ်အတွက် ဦးဆောင်ဂိုးသွင်းခဲ့သလို ပွဲချိန် (၇၄)မိနစ်မှာ ပယ်နယ်တီကနေ အိုဂျိုက တတိယဂိုးကို သွင်းယူခဲ့ပါတယ်။

လီဗာပူးလ်အတွက် နောက်ဆုံးဂိုးကိုတော့ ပွဲချိန် (၈၂)မိနစ်မှာ ဝုဒ်ဘန်းတင်ပေးတာကို ကစားသမားသစ် ရှာကီရီက နောက်ပြန်ကန်ချက်နဲ့ လှလှပပသွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲစဉ်မှာ လီဗာပူးလ်အတွက် စတင်ကစားခဲ့တဲ့ ရှာကီရီဟာ ကိုယ်တိုင်ဂိုးသွင်းနိုင်ခဲ့သလို ဂိုးဖန်တီးမှုလည်း (၁)ကြိမ်ပြုလုပ်နိုင်ခဲ့တာကြောင့် ကလော့ပ်အတွက် ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။

နောက်ပိုင်းပွဲချိန်တွေမှာလည်း လီဗာပူးလ်အသင်းကပဲ ပွဲကို စိုးမိုးကစားသွားခဲ့ပြီး ပွဲအပြီးမှာ မန်ယူအသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ယူကာ ICC ပြိုင်ပွဲကို ဂိုးပြတ်နိုင်ပွဲနဲ့ နှုတ်ဆက်ခဲ့ပါတယ်။

Most Read

Most Recent