စပါးအသင်း၏ကွင်းသစ်ကို စက်တင်ဘာ(၁၅) လီဗာပူးလ်နှင့်ပွဲတွင် ဖွင့်လှစ်မည်

စပါးအသင်း၏ကွင်းသစ်ကို စက်တင်ဘာ(၁၅) လီဗာပူးလ်နှင့်ပွဲတွင် ဖွင့်လှစ်မည်
Published 14 June 2018

Photo: PA

စပါးအသင်းသည် ၎င်းတို့၏ကွင်းသစ်ကို လာမည့်ရာသီတွင် နိုင်ငံတကာလက်ရွေးစင်အသင်းပွဲစဉ်များပြီးမှသာ ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး ပထမဆုံးကစားမည့်ပွဲမှာ လီဗာပူးလ်နှင့် ပရီးမီးယားလိဂ်ပွဲဖြစ်ကြောင်း သိရှိရသည်။

စပါးအသင်း၏ ကွင်းသစ်တည်ဆောက်မှုမှာ ရာသီသစ်ပရီးမီးယားလိဂ်ပြိုင်ပွဲ စတင်ချိန်တွင် အလုံးစုံအပြီးသတ်နိုင်ဦးမည်မဟုတ်သည့်အတွက် သြဂုတ်(၁၈)တွင် ယှဉ်ပြိုင်ကစားရမည့် ပရီးမီးယားလိဂ်ပွဲစဉ်(၂)ဖြစ်သော ဖူလ်ဟမ်နှင့် အိမ်ကွင်းပွဲကို ဝင်ဘလေကွင်းတွင်သာ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

Photo: SpursOfficial

စပါးအသင်းသည် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွင် နယူးကာဆယ်နှင့် အဝေးကွင်း၊ ပွဲစဉ်(၃)တွင် မန်ယူနှင့် အဝေးကွင်း၊ ပွဲစဉ်(၄)တွင် ဝက်ဖို့ဒ်နှင့် အဝေးကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ပွဲစဉ်(၅)အဖြစ် လီဗာပူးလ်နှင့် စက်တင်ဘာ(၁၅)တွင် ယှဉ်ပြိုင်ရမည့်ပွဲမှသာ အိမ်ကွင်းတွင် ပြန်လည်ကစားရမည်ဖြစ်သည်။

ယင်းအချိန်တွင်မူ ကွင်းသစ်၌ လက်ခံကစားရရန် အဆင်သင့်ဖြစ်ပြီ၍ လီဗာပူးလ်နှင့်ပွဲကို ကွင်းသစ်ဖွင့်ပွဲအဖြစ် အတည်ပြုလိုက်ခြင်းဖြစ်သည်။

စပါးအသင်းဥက္ကဋ္ဌ လီဗိုင်းက ယခုကဲ့သို့ ကြေညာနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ကြောင်းနှင့် ပွဲစဉ်(၄)မှ ဝက်ဖို့ဒ်နှင့်ပွဲကို အိမ်ကွင်း၊ အဝေးကွင်းအပြောင်းအလဲပြုလုပ်ခွင့်ပေးခဲ့ခြင်းအတွက် ဝက်ဖို့ဒ်အသင်းတာဝန်ရှိသူများနှင့်အတူ ပရီးမီးယားလိဂ်တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent