မန်စီးတီးအသင်း အင်္ဂလန်အဆင့်မြင့်ဆုံးလိဂ်ပြိုင်ပွဲ၏ ရမှတ်(၁၀၀)ပြည့်သည့် ပထမဆုံးချန်ပီယံဖြစ်လာပြီး ချန်ပီယံလိဂ်ဝင်ခွင့်နှင့် ချယ်လ်ဆီးအသင်း လွဲချော်

မန်စီးတီးအသင်း အင်္ဂလန်အဆင့်မြင့်ဆုံးလိဂ်ပြိုင်ပွဲ၏ ရမှတ်(၁၀၀)ပြည့်သည့် ပထမဆုံးချန်ပီယံဖြစ်လာပြီး ချန်ပီယံလိဂ်ဝင်ခွင့်နှင့် ချယ်လ်ဆီးအသင်း လွဲချော်
Published 14 May 2018

မန်စီးတီးအသင်းသည် ရာသီပိတ်ပွဲစဉ်(၃၈)တွင် ဆောက်သမ်တန်အသင်းအား (၁-ဝ)ဂိုးဖြင့် အနိုင်ကစားပြီး တစ်ရာသီအတွင်း အင်္ဂလန်အဆင့်မြင့်ဆုံးလိဂ်ပြိုင်ပွဲ၏ ရမှတ်(၁၀၀)ပြည့်သည့် ပထမဆုံးချန်ပီယံအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။

ဆောက်သမ်တန်နှင့်ပွဲတွင် မန်စီးတီးအသင်းမှာ ပွဲချိန်(၉၄)မိနစ်ရောက်မှ ဂျေးဆူသွင်းယူသည့်ဂိုးဖြင့် အနိုင်ရခဲ့ပြီး တစ်ရာသီအတွင်း နိုင်ပွဲအများဆုံးစံချိန်ကိုလည်း (၃၂)ပွဲအထိ တိုးမြှင့်နိုင်ခဲ့သည်။

မန်စီးတီးအသင်းသည် ယခုရာသီအတွင်း ယင်းစံချိန်များအပြင် အဝေးကွင်းနိုင်ပွဲအများဆုံး(၁၆ ပွဲ)၊ နိုင်ပွဲဆက်အများဆုံး(၁၈ ပွဲ)၊ သွင်းဂိုးအများဆုံး(၁၀၆ ဂိုး)၊ ဂိုးကွာခြားချက်အများဆုံး(+၇၉ ဂိုး)၊ ဒုတိယရအသင်းနှင့် ရမှတ်ကွာဟချက်အများဆုံး(၁၉ မှတ်)စံချိန်များကိုလည်း ရရှိခဲ့ခြင်းဖြစ်သည်။

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာမှာလည်း နည်းပြသက်တမ်းတစ်လျှောက် တစ်ရာသီအတွင်း ပထမဆုံးအကြိမ် ရမှတ်(၁၀၀)ပြည့်ခဲ့ကြောင်း သိရသည်။

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်အနည်းငယ်သာရှိသည့် ချယ်လ်ဆီးအသင်းမှာမူ နယူးကာဆယ်ကွင်းတွင် ဂိုးပြတ်အရေးနိမ့်သွားခဲ့ပြီး (၃)ရာသီအတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲကို ဒုတိယအကြိမ်မြောက် လွဲချော်ခဲ့ရသည်။

လီဗာပူးလ်အသင်းမှာမူ အိမ်ကွင်းတွင် ဆာလာ၊ လိုဗရန်၊ ဆိုလန်ကီ၊ ရောဘတ်ဆန်တို့၏သွင်းဂိုးများဖြင့် ဘရိုက်တန်ကို ဂိုးပြတ်အနိုင်ယူနိုင်ခဲ့သည်။

မန်ယူအသင်းက ကာရစ်၏နှုတ်ဆက်ပွဲတွင် ဝက်ဖို့ဒ်ကို ရပ်ရှ်ဖို့ဒ်၏ဂိုးဖြင့် အနိုင်ရခဲ့ပြီး အာဆင်နယ်မှာလည်း နည်းပြ အာစင်ဝင်းဂါး၏နောက်ဆုံးပွဲတွင် အူဘာမီယန်းသွင်းယူသည့်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ပရီးမီးယားလိဂ်ပွဲစဉ်(၃၈)ရလဒ်များ

ဘန်လေ ၁-၂ ဘုန်းမောက်
ခရစ္စတယ်ပဲလေ့စ် ၂-၀ ဝက်စ်ဘရွန်း
ဟတ်ဒါဖီးလ် ဝ-၁ အာဆင်နယ်
လီဗာပူးလ် ၄-၀ ဘရိုက်တန်
မန်ယူ ၁-၀ ဝက်ဖို့ဒ်
နယူးကာဆယ် ၃-၀ ချယ်လ်ဆီး
ဆောက်သမ်တန် ဝ-၁ မန်စီးတီး
ဆွမ်ဆီး ၁-၂ စတုတ်စီးတီး
စပါး ၅-၄ လက်စတာ
ဝက်စ်ဟမ်း ၃-၁ အဲဗာတန်

ချန်ပီယံလိဂ်ဝင်ခွင့်ရ (၄)သင်း - မန်စီးတီး၊ မန်ယူ၊ စပါး၊ လီဗာပူးလ်
ယူရိုပါလိဂ်ဝင်ခွင့်ရ (၃)သင်း - ချယ်လ်ဆီး၊ အာဆင်နယ်၊ ဘန်လေ
တန်းဆင်း (၃)သင်း - ဆွမ်ဆီး၊ စတုတ်စီးတီး၊ ဝက်စ်ဘရွန်း

Most Read

Most Recent